နာမ်ဆိုသည်မှာ သက်ရှိသက်မဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့တို့၏ အမည်ဟူသမျှကို နာမ်ဟုခေါ်သည်။
ဥပမာ − လူ၊ ကြောင်၊ ခွေး၊ ဝက်၊ စက်ဘီး၊ မော်တော်ကား၊ လေယာဉ်ပျံ၊ ကွန်ပျူတာ၊ နားဖာကလော်၊ မောင်မောင်၊ မင်းသိန်း၊ အေးကြည်မ
နာမ် (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’
(၁) အနက်အဓိပ္ပာယ်အရ (၄) မျိုး၊
(၂)ဖွဲ့စည်းတည်ဆောက်ပုံအရ (၄) မျိုး တို့ ဖြစ်သည်။
(က) တစ်ဦးဆိုင်နာမ်
(ခ) အများဆိုင်နာမ်
(ဂ) စိတ္တဇနာမ်
(ဃ) အစုပြနာမ်
တစ်ဦး၊ တစ်ယောက်၊ တစ်ခုအတွက် သီးခြားမှည့်ခေါ်ထားသောအမည်ကို တစ်ဦးဆိုင်နာမ် ဟု ခေါ်သည်။
ဥပမာ − ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျောက်ဖြူ၊ မောင်မောင်၊ ဇော်ဇော်၊ တင်တင်၊ ခင်ခင်၊ ဘုတ်ဆုံ။
(၁) ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး တို့သည် မြန်မာပြည်၌ အမြောက်အမြားတည်ရှိနေကြသော ဘုရားစေတီများအနက် ဘုရားအချို့၏ သီးခြားအမည်များ ဖြစ်ကြသည်။
(၂) ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့သည် မြန်မာပြည်၌ အမြောက်အမြားရှိသော မြစ်များအနက် မြစ်အချို့၏ သီးခြားအမည်များ ဖြစ်ကြသည်။
(၃) ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျောက်ဖြူ တို့သည် မြန်မာပြည်၌ အမြောက်အမြား ရှိနေကြသော မြို့များအနက် မြို့အချို့၏ အမည်များ ဖြစ်သည်။
(၄) မောင်မောင်၊ ဇော်ဇော်၊ တင်တင်၊ ခင်ခင်၊ ဘုတ်ဆုံ တို့သည်လည်း လူအမြောက်အမြားအနက် လူအချို့၏ အမည်များ ဖြစ်ကြသည်။
အများနှင့်ဆိုင်သော ပုဂ္ဂိုလ်၊ သတ္တဝါ၊ အရာဝတ္ထုတို့၏ အမည်ကို အများဆိုင်နာမ် ဟု ခေါ်သည်။
ဥပမာ − မြို့၊ ရွာ၊ ကျောင်း၊ မြစ်၊ ချောင်း၊ လူ၊ တိရစ္ဆာန်။
(၁) မြို့ ဟူသောနာမ်သည် မြို့တစ်မြို့တည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊ ရှိရှိသမျှ မြို့အားလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် မြို့ သည် အများဆိုင်နာမ် ဖြစ်သည်။
(၂) ရွာ ဟူသော နာမ်သည် ရွာတစ်ရွာတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊ ရှိရှိသမျှရွာအားလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ရွာ သည် အများဆိုင်နာမ် ဖြစ်သည်။
ဒြပ်မရှိ၊ ကိုင်တွယ်စမ်းသပ်၍မရ၊ မြင်လည်းမမြင်နိုင်၊ စိတ်ဖြင့်သာ တွေးတောသိနိုင်သော နာမ်ကို စိတ္တဇနာမ် ဟု ခေါ်သည်။
ဥပမာ − မေတ္တာ၊ စေတနာ၊ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ သတ္တိ၊ သီလ၊ သမာဓိ၊ ပညာ၊ စည်းလုံးညီညွတ်ရေး၊ အဆိုး၊ အကောင်း၊ အချစ်၊ အမုန်း။
အစုအပေါင်း၊ အသင်းအဖွဲ့ကို ဖော်ပြသော နာမ်ကို အစုပြနာမ် ဟု ခေါ်သည်။
ဥပမာ − လူထု၊ စစ်တပ်၊ အိမ်ထောင်စု၊ ပါတီ၊ အသင်း၊ အစည်းအရုံး၊ ကော်မတီ၊ ကျွဲအုပ်၊ နွားအုပ်။
(၁) လူထု ဟူသော နာမ်သည် လူတစ်ဦးတစ်ယောက်တည်းကို မဆိုလိုပေ။ လူအများ ပါဝင်သော အစုအပေါင်းကို ဆိုလိုသည်။
(၂) စစ်တပ် ဟူသော နာမ်သည် လူတစ်ဦးတစ်ယောက်တည်းကို မဆိုလိုပေ။ စစ်သားအများအပြား ပါဝင်သော အစုအပေါင်းကို ဆိုလိုသည်။
(၃) အိမ်ထောင်စု ဟူသော နာမ်သည် မိခင်တစ်ယောက်တည်းကိုသာ ဆိုလိုသည်မဟုတ်။ မိခင်၊ ဖခင်၊ သားသမီး စသည့် အိမ်သားစု အားလုံးကို ဆိုလိုသည်။
(၄) ထို့ကြောင့် လူထု၊ စစ်တပ်၊ အိမ်ထောင်စု တို့သည် အစုပြနာမ် များ ဖြစ်ကြသည်။
(၅) ထိုနည်းအတူ ပါတီ၊ အသင်း၊ အစည်းအရုံး၊ ကော်မတီ ဟူသော နာမ်တို့သည်လည်း အစုအပေါင်းကို ပြသော အစုပြနာမ်များ ဖြစ်ကြသည်။
(၆) ကျွဲအုပ်၊ နွားအုပ် ဟူသော နာမ်များသည်လည်း ကျွဲတစ်ကောင်တည်း၊ နွားတစ်ကောင်တည်းကို ဆိုလိုသည် မဟုတ်ပေ။ ကျွဲအများ စုပေါင်းပါဝင်သော အစုအပေါင်းကို ကျွဲအုပ် ဟုခေါ်၍ နွားအများ စုပေါင်းပါဝင်သော အစုအပေါင်းကို နွားအုပ် ဟု ခေါ်သည်။ ဤကဲ့သို့ အစုအပေါင်းနှင့် သက်ဆိုင်သောကြောင့် ကျွဲအုပ်၊ နွားအုပ် တို့သည် အစုပြနာမ်များ ဖြစ်ကြသည်။
This article uses material from the Wikipedia မြန်မာဘာသာ article နာမ် (သဒ္ဒါ), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.