ဗိုင်းရပ်သည် အဏုကြည့်မှန်ပြောင်းနှင့်ပင် မြင်ရန်ခက်သော အလွန်သေးသော ကူးစက်ကိုယ်စားလှယ်ဖြစ်ပြီး သက်ရှိတို့၏ ကျန်းမာသောဆဲအတွင်း ဝင်နေကာ ပုံတူပွားသည်။ ဗိုင်းရပ်သည် သက်ရှိအားလုံးကို ကူးနိုင်ပြီး အပင်နှင့် သတ္တဝါများသာမက အဏုဇီဝကောင်ဖြစ်သည့် ဘတ္တြီးယားနှင့် ဆဲတလုံးကောင်တို့ကိုပါ ကူးသည်။ ၁၈၉၂ ခုတွင် ဒမီထြီအိုင်ဗန္နော့စကီး၏ ဆောင်းပါးတွင် ဆေးရွက်ကြီးပင်များကို ဘတ္တြီးယားမဟုတ်သော ဇီဝပြဿနာကောင်တမျိုးက ကူးစက်နိုင်ကြောင်း ဖော်ပြထားသည်။ နောက် ၁၈၉၈ ခုတွင် မာတီးနက်ဘိုင်ဂျာရင့်က ဆေးရွက်ပက်ကြားအက်ဗိုင်းရပ်ကို ရှာတွေ့သည်။ ပတ်ဝန်းကျင်၌တွေ့ရသော ဗိုင်းရပ် သန်းပေါင်းများစွာအနက်မှ ဗိုင်းရပ် ၉၀၀၀ ထောင်ကျော်ကို အသေးစိတ်သိရှိထားပြီးဖြစ်၏။ ကမ္ဘာကြီး၏ဂေဟစနစ်အားလုံးတွင် ဗိုင်းရပ်များရှိပြီး မျိုးကွဲအများဆုံးသောဇီဝအုပ်စုတည်း။
Virus | |
---|---|
SARS-CoV-2, a member of the subfamily en:Coronavirinae | |
ဗိုင်းရပ်စ် ခွဲခြားခြင်း | |
(unranked): | ဗိုင်းရပ်စ် |
Realms | |
ကူးပြီးသော် အိမ်ရှင်ဆဲကို ဝင်လာသောဗိုင်းရပ်၏မိတ္တူများ ထောင်နှင့်ချီ၍ထုတ်အောင် တွန်းအားပေးတော့သည်။ ဆဲအတွင်းမရောက်ခင်၌၎င်း၊ ဆဲထဲဝင်၍ကူးရန်ကြိုးပမ်းနေချိန်၌၎င်း၊ သီးခြားနေနေသေးသော ဗိုင်ရီယွန် (virion) တွင် အဓိကအားဖြင့် ၂ မျိုးပါသည်။ တမျိုးမှာ ဗိုင်းရပ်အား မည်သို့ပြုမူရမည်ကို ပရိုတင်းဖွဲ့စည်းပုံအနေဖြင့် အသိထည့်ပေးလိုက်သော ဒီအန်အေ (DNA) သို့မဟုတ် အာရန္နေ (RNA) မော်လီကျူးရှည်ကြီးဖြစ်သည်။ ကျန်တခုကား ၎င်းကိုကာပေးထားသော ကပ္ပဆစ် (capsid) ခေါ် ပရိုတင်းအခွံ။ တချို့သော ဗိုင်ရီယွန်တို့တွင် လစ်ပစ်အိတ် (envelope of lipids) ပါ ပါတတ်သည်။ ဗိုင်းရပ်တို့၏ကိုယ်မှာလည်း ပုံသဏ္ဌာန်အမျိုးမျိုးပင်။ ရိုးရိုးစင်းစင်း ကြောင်လိမ်ပုံ၊ ထောင့်နှစ်ဆယ်အံစာပုံတို့မှသည် အတော်ရှုပ်ထွေးသောပုံများအထိ ရှိသည်။ ဗိုင်းရပ်တို့မှာ အလွန်သေးရကာ မှန်ဘီလူးသုံးအဏုကြည့်မှန်ပြောင်းနှင့်ဆိုလျှင်မြင်ခဲသည်။ ဘတ္တြီးယားအများစု၏အရွယ်ထက် အဆတရာလောက် ငယ်သောကြောင့်တည်း။
သက်ရှိများဆင့်ကဲဖြစ်လာပုံ၌ ဗိုင်းရပ်တို့အစကို ရှင်းမပြနိုင်။ ဆဲအတွင်း ရွေ့နေသော ပလက်စမစ် (plasmid) ခေါ်သော ဒီအန်အေပြတ်စမှ ဖြစ်နိုင်သလို ဘတ္တြီးယားမှ ဆင်းသက်သည်လည်း ထင်ရ၏။ ဆင့်ကဲပြောင်းလဲခြင်း၌ ဗိုင်းရပ်တို့သည် ဘေးတိုက်ဗီဇပေးနည်း (horizontal gene transfer) ၏ အဓိကဇာတ်ဆောင်ဖြစ်သည်။ ဤနည်းမှာ မိတ်လိုက်မျိုးပွားနည်းထက် ဗီဇပြောင်းမှု ပိုများသည်။ ဗိုင်းရပ်ကို အချို့သောဇီဝဗေဒပညာရှင်တို့က သက်ရှိဟုပင် တွက်သည်။ ယူပုံကား ဗီဇကိုသယ်သည်၊ မျိုးပွားသည်၊ သဘာဝကိုယှဉ်၍ ပြောင်းလဲသည်၊ သို့ကြောင့် သက်ရှိပင် ဟူ၏။ ၎င်းတို့ လပ်သည်မှာ ဘဝ၏အဓိကပစ္စည်းဖြစ်သော ဆဲဖွဲ့စည်းပုံ မရှိ။ ထိုသို့ ရှိသည်လည်းရှိ မရှိသည်လည်းလပ်သောကြောင့် ၎င်းတို့ကို ဘဝကမ်းပါးစွန်မှသက်ရှိများဟုလည်းကောင်း ကိုယ့်ကိုယ်ကိုယ်သာပွားကိုးရာများဟုလည်းကောင်း တင်စားကြသည်။
ဗိုင်းရပ်များသည် နည်းအမျိုးမျိုးဖြင့် ပျံ့နိုင်သည်။ ၎င်းတို့အနက် တနည်းမှာ ပိုးသယ်ကောင်ခေါ်သော ရောဂါကိုယူသည့် သက်ရှိများဖြစ်သည်။ ဥပမာပေးရလျှင် အပင်မှအပင်သို့ ဗိုင်းရပ်ကူးချင်ပါက ပင်တွင်းရေကို သောက်သော ပျားမှ ကူးသည်။ တိရစ္ဆာန်ချင်းဆိုပါက သွေးစုပ်သော ဆစ်များကောင်တို့မှ သွားသည်။ အဖျားနှင့် ပတ်သက်သော ဗိုင်းရပ်တို့မှာ နှာချေ ချောင်းဆိုးမှ ပျံ့သည်။ သေစေနိုင်သော ဝမ်းလျှောဝမ်းပျက်ရောဂါကို ဖြစ်စေသည့် နိုရိုဗိုင်းရပ်နှင့် ရိုတဗိုင်းရပ်တို့မှာ (ပေသောလက်ဖြင့် အစာ သို့ ရေကိုကိုင်ကာ ပါးစပ်ထဲထည့်ခြင်း စသော ဝမ်းထဲရောက်စေသော နည်းများဖြင့်) အစာဝင်အစာထွက်လမ်းကြောင်းမှ ဖြတ်သည်။ လူ၌ ရောဂါဖြစ်စေရန် နိုရိုဗိုင်းရပ်က လိုသောပမာဏသည် အကောင် ၁၀၀ အောက် နည်းသည်။ လူ့ကိုယ်ခံအားကျဗိုင်းရပ်မှာ ရောဂါရှိသောသွေးက အခြားသူအတွင်းသို့ရောက်လျှင် ကူးတော့သည်။ ဗိုင်းရပ်ကူးနိုင်သော အိမ်ရှင်ဆဲအမျိုးအစားတို့ကို လက်ခံအကျယ်အဝန်းဟု ခေါ်သည်။ အဆိုပါလက်ခံအကျယ်အဝန်း ကျဉ်းလျှင် ဗိုင်းရပ်သည် အခြားမျိုးစိတ်အနည်းငယ်ကိုသာ ကူးနိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ ကျယ်လျှင်မူ အခြားမျိုးစိတ် အများအပြားကို ကူးနိုင်ပေမည်။
တိရစ္ဆာန်တို့၌ ဗိုင်းရပ်ဝင်လာမှုကို ခုခံအားစနစ်ဖြင့် နှိမ်နင်းလေ့ရှိသည်။ ကာကွယ်ဆေးထိုးကာ ခုခံအားစနစ်ကို ဖန်တီးထားနိုင်သည်။ ဗိုင်းရပ်တမျိုးမျိုးဝင်မှုကို ဖန်တီးထားသောခုခံအားစနစ်ဖြင့် တားဆီးလိုက်ခြင်းဖြစ်သည်။ ခုခံအားကျရောဂါ (အေပိုး)၊ တဏှာကြွက်နို့ရောဂါနှင့် အသည်းခြောက်ရောဂါ (ဘီပိုး စီပိုး) ရစေသော ဗိုင်းရပ်တို့မှ ခုခံအားစနစ်ကို ကျော်သွားနိုင်စွမ်းရှိပြီး ကျော်နိုင်ပြီးသည်နှင့် ရောဂါသည်းတော့သည်။
ဗိုင်းရပ်စ် (လက်တင်ဘာသာ virus မှ ဆင်းသက်လာပြီး အဆိပ်ဟု အဓိပ္ပာယ်ရသည်။) သည် ကူးစက်ရောဂါ ဖြစ်ပွားစေသော သာမန်မျက်လုံးဖြင့် မမြင်နိုင်သည့် ပိုးမွှားများဖြစ်သည်။ ၎င်းတို့သည် ကပ်ပါးကောင်များဖြစ်ပြီး လက်ခံကလာပ်စည်း (host cell) ပြင်ပတွင် မျိုးပွားခြင်း၊ ရှင်သန်ခြင်း မပြုနိုင်ပေ။ ၁၈၉၈ ခုနှစ်တွင် Martinus Beijerinckက ပထမဦးဆုံးသော ဗိုင်းရပ်စ်ပိုး tobacco mosaic virus ကိုတွေ့ရှိခဲ့သည်။ ယနေ့အထိ ဗိုင်းရပ်စ်အမျိုးပေါင်း ၅၀၀၀ ကျော်ကို တွေ့ရှိထားပြီးဖြစ်သည်။ ဗိုင်းရပ်စ်ပိုးမွှားအကြောင်း လေ့လာသည့် ပညာရပ်အား ရောဂါပိုးမွှားဗေဒ (Virology) ဟုခေါ်ကာ အဏုဇီဝဗေဒ (microbiology) ၏ ဘာသာခွဲတစ်ရပ်ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဗိုင်းရပ်စ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.