အဒိုနီရမ် ဂျပ်ဆင် (ယုဒသန်) (Adoniram Judson) သည် ဘိုးတော်ဘုရား လက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ ရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန် ဟူသော အမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသည့် စကားလုံးကို အသံလှယ်၍ခေါ်သော အသံထွက် ဖြစ်လေသည်။ ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းခရစ်ယာန်ဂိုဏ်းကို စတင် တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံ ခရစ်ယာန်သာသနာရေးဘက်၌သာမက စာပေဘက်တွင်လည်းကောင်း၊ နိုင်ငံရေးဘက်၌သော်လည်းကောင်း ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။
Adoniram Judson | |
---|---|
ယုဒသန် ၁၈၄၆ ခုနှစ် | |
မွေးဖွား | ဩဂုတ် ၉၊ ၁၇၈၈ ခုနှစ်။ မာလ်ဒန် မက်ဆက်ချူးဆက် |
ကွယ်လွန် | ဧပြီ ၁၂၊ ၁၈၅၀ ဘင်္ဂလားပင်လယ်အော် | (အသက် ၆၁)
နိုင်ငံလူမျိုး | အမေရိကန် |
မိခင်ကျောင်း | ဘရောင်း တက္ကသိုလ် |
အလုပ်အကိုင် | မြန်မာနိုင်ငံသို့ သာသနာပြုခြင်း |
အိမ်ထောင်ဖက်(များ) | Ann Hasseltine, ၁၈၁၂–၂၆ (သေဆုံး) Sarah Hall Boardman, ၁၈၃၄–၄၅ (ကွယ်လွန်) Emily Chubbuck, ၁၈၄၆–၅၀ (ကွယ်လွန်) |
သားသမီး | Edward Judson, အခြားများ |
လက်မှတ် | |
ယုဒသန်သည် ၁၇၈၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ မက်ဆချူးဆက် ပြည်နယ်၊ မော်လဒင်းမြို့၌ ဖွားမြင်သည်။ ဗရောင်းတက္ကသိုလ်တွင် ပညာသင်ကြားခဲ့၏။ ၁၈၁၂ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်နေ့တွင် အန်ဟေဇယ်တိုင်ဆိုသူ အမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်လေသည်။ နောက်တစ်နေ့တွင် ယုဒသန်သည် အခြားအဖော် လေးဦးနှင့်အတူ အရှေ့အာရှနိုင်ငံများသို့သွား၍ သာသနာပြုရန် စေလွှတ်ခြင်း ခံရ၏။ ယုဒသန် ဇနီးမောင်နှံတို့သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆေလမ်မြို့ ဆိပ်ကမ်းမှ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ ဇွန်လတွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ဆိုက်ရောက်သည်။
ထိုအချိန်က ဗြိတိသျှအစိုးရနှင့် အမေရိကန်အစိုးရတို့ အချင်းချင်း မသင့်မတင့် ဖြစ်လျက်ရှိရကား အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဗြိတိသျှတို့၏ အရှေ့အိန္ဒိယကုမ္ပဏီသည် အမေရိကန် သာသနာပြုပုဂ္ဂိုလ်များကို ထိုတိုင်းပြည်၌ နေထိုင်ရန် မလိုလားချေ။ ထိုကြောင့် အိန္ဒိယနိုင်ငံရှိ ဘုရင်ခံချုပ်က ယုဒသန် နှင့် ဇနီးတို့ကို မိမိတို့ စီးနင်းလိုက်ပါလာခဲ့သော သင်္ဘောဖြင့် အမေရိကန်နိုင်ငံသို့ပြန်ရန် အမိန့်ပေးလေသည်။ ထိုအခါ ယုဒသန်သည် ပြင်သစ်ပိုင် မောရစ်ရှပ်ကျွန်းသို့ ထွက်ခွာခဲ့ရသည်။ အိန္ဒိယနိုင်ငံ၌ ရှိနေစဉ် ယုဒသန်နှင့် သူ၏ ဇနီးတို့သည် နှစ်ခြင်း ခရစ်ယာန်ဂိုဏ်းသို့ ကူးပြောင်းခဲ့ကြသည်။
ယုဒသန်သည် အရှေ့အာရှနိုင်ငံများ၌ သာသနာပြုရန် ဟူသော မူလရည်ရွယ်ချက်ကို စွန့်လွှတ်ရမည်ကဲ့သို့ အခြေအနေတွင် ရောက်ရှိနေခဲ့သော်လည်း ၁၈၁၃ ခုနှစ် ဇွန်လဆန်း၌ အရှေ့ ဘက်သို့ ကြုံရာသင်္ဘောနှင့် သွားမည်ဟူသော အကြံဖြင့် အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ထွက်ခွာခဲ့ကြပြန်သည်။ တစ်ဖန် မဒရပ်မြို့မှ တစ်ဆင့် ဂျောဂျီးယားနား အမည်ရှိ သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ လိုက်ပါလာခဲ့ကြရာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လေသည်။
ထိုအခါက ရန်ကုန်သည် ယခုကာလ ရန်ကုန်နှင့် လုံးဝ မတူချေ။ ဆူးလေစေတီတော်ကို အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှ အင်းကြီးတစ်ခု ကာလျက်ရှိသည်။ မြို့ကို အင်းကြီးနှင့် ချောင်းမြောင်း ထုံးအိုင်တို့ ဝန်းရံလျက်ရှိသဖြင့် ကျွန်းကြီးကဲ့သို့ ဖြစ်လျက်ရှိသည်။ မြို့မြောက်မျက်နှာ ဝန်ကြီး တံခါးမှထွက်၍ ချောင်းကိုကူးပြီးလျှင် ဝန်ကြီးလမ်းအတိုင်း ဆက်သွားပါကမူ မိုင်ဝက်လောက်ခရီးတွင် နှစ်ခြင်းသာသနာပြု အိမ်ကြီးသို့ ရောက်လေသည်။ ယခု ဘားလမ်း၏ မြောက်စွန်း အနီးတွင် ဖြစ်သည်ဟု သမိုင်းဆရာများက ဆိုသည်။ ထို အိမ်ရှင်မှာ အိန္ဒိယနိုင်ငံ ဆရမ်ပူမြို့ရှိ အင်္ဂလိပ်နှစ်ခြင်း ခရစ်ယာန်သာသနာပြု ဝီလျံကာရီ၏သား ဖဲလစ်ကာရီဖြစ်သည်။
ထိုသာသနာပြုအိမ်၌ ယုဒသန်တို့ နေထိုင်ကြလေသည်။ ဟောရန်ပြောရန် ရောက်လာကြသည်ဖြစ်သော်လည်း ယုဒသန်တို့သည် မြန်မာစကားကို တစ်လုံးတပါဒမျှ မတတ် ကြ။ ထိုကြောင့် မြန်မာစကားကို ဦးစွာ ကြိုးစားသင်ယူရသည်။ ထိုနောက် မြန်မာစာပေကို လေ့ကျက်ရသည်။ သို့ဖြင့် သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဒါကျမ်း တစ်စောင်ကို ရေးသားပြုစု ပြီးလေ၏။ မြန်မာတို့အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ အလေ့အလာတို့ကိုလည်း နားလည်ရပေဦးမည်။ ထိုကြောင့် ယုဒသန်သည် လောကုတ္တရာစာပေများကို လေ့လာဆည်းပူးရာ၊ မြန်မာ စကားကဲ့သို့ ဖြစ်နေသော ပါဠိ၊ သက္ကတ စကားလုံးပေါင်း လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာဝလိစဉ်၍ မြန်မာအနက်ပေးကာ ပါဠိ-မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင်ပါသော မြန်မာစကားလုံးများကို တစ်ဖန် အက္ခရာဝလိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပထမ မြန်မာ-အင်္ဂလိပ် အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။
၁၈၁၆ ခုနှစ်တွင် ဘင်္ဂလားပြည်နယ် ဆရမ်ပူ သာသနာပြု ကောလိပ်ကျောင်းက ပုံနှိပ်စက်တစ်လုံးနှင့် မြန်မာခဲစာလုံး များကို လက်ဆောင်ပေးပို့လိုက်သည်။ ပုံနှိပ်စက်နှင့်အတူ ဆရာဟောက်ဆိုသူ ပုံနှိပ်ပညာတတ် အမေရိကန် သာသနာပြု ပုဂ္ဂိုလ်တစ်ဦးလည်း ရောက်လာ၏။ ၁၈၁၇ ခုနှစ်တွင် ယုဒသန် သည် ရှင်မဿဲ ခရစ်ဝင်ကျမ်းကို မြန်မာပြန်ဆို ပြီးစီးသည်။
ထိုအခါ ယုဒသန်သည် တရားဟောနိုင်လောက်အောင် စကား တတ်ပြီဟု အယူရှိလေသည်။ ထိုကြောင့် သူသည် မြန်မာတို့ တရားနာလေ့ရှိသော ဇရပ်များသို့သွားကာ ဓမ္မကထိကများ ဟောသည်တို့ကို မြန်မာများနှင့်အတူ နာယူ၍ အတုယူ နည်းမှီး လေတော့သည်။ ထိုနောက် သာသနာပြုအိမ်ကြီးနှင့် မလှမ်း မကမ်း လူသွားလူလာများသော ခရီးတွင် ဇရပ်တစ်ဆောင် ဆောက်လုပ်သည်။ ဇရပ် မျက်နှာစာခန်းကို ဝါး ဓနိတို့ဖြင့် ဆောက်လုပ်၍ ယုဒသန်ထိုင်၍ ခရီးသွားများကို တရားနာ လာရန် ဖိတ်ခေါ် လေ့ရှိသည်။ ကလေးသူငယ်များကိုလည်း သစ်သားသင်ပုန်းကြီးများခင်း၍ စာသင်ပေးလေ့ရှိသည်။ ထိုဇရပ် ကြီးတွင် ယုဒသန်သည် တရားစ၍ ဟောသည်။ ကျမ်းစာများ ကိုလည်း ဆက်လက် ရေးသားပြန်ဆိုကာ ပုံနှိပ် ထုတ်ဝေ လေသည်။
သို့ဖြင့် ဘကြီးတော်ဘုရားလက်ထက်သို့ ရောက်လာသော အခါ ဘုရင်မင်းမြတ်ထံမှ တရားဟောပြောခွင့် အမိန့်တော်ကို ခံယူရန်လိုသဖြင့် အခြားသာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဆရာ ကိုးလမင်းနှင့်အတူ နေပြည်တော်သို့ ၁၈၁၉ ခုနှစ် ဒီဇင်ဘာ တွင် ဆန်တက်သွားကြလေသည်။ လမ်းခရီးတွင် တစ်လကျော် ကြာ ပြီးနောက် အမရပူရမြို့တော်၌ ဘကြီးတော်မင်းတရားကြီး ထံ သာသနာပြုခွင့်ရရန် လျှောက်တင်လေသည်။ သို့ရာတွင် မင်းတရား ကြီးက နှစ်သက်တော်မမူသဖြင့် အခွင့်မရဘဲ ရန်ကုန်မြို့သို့ စုန်ဆင်းခဲ့ရသည်။
ထိုအတောအတွင်း ယုဒသန်၏ ဇနီးမှာ ကျန်းမာရေး ချွတ်ယွင်းလျက်ရှိသဖြင့် ၁၈၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြန်လေသည်။ ထိုနောက် မျက်စိရောဂါနှင့် နားရောဂါဘက်၌ အထူးကျွမ်းကျင်သော သာသနာပြု ဆရာဝန် ဒေါက်တာ ပရိုက်(စ)ဆိုသူသည် ၁၈၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၈၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဒေါက်တာ ပရိုက်(စ)သည် အင်းဝမြို့တော်ရှိ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ရန် ဆန်တက် ရာ၌ ယုဒသန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ် လိုက်ပါ သွားပြန်လေသည်။ ထိုအချိန်၌ ဘကြီးတော်မင်းတရားသည် အင်းဝမြို့တော်သို့ ပြောင်းရွှေ့ စံနေတော်မူပြီ ဖြစ်၏။ တစ်ခါ သော် ယုဒသန်သည် ဘကြီးတော်မင်းတရားရှေ့တွင် တရား ဟောပြရလေသည်။ မင်းတရားကြီးက ယုဒသန်အား နေပြည် တော်၌ နေထိုင်ရန် မြေတစ်ကွက်ကို ပေးသနားတော်မူသည်။ ဒေါက်တာ ပရိုက်(စ)ကိုမူ စစ်ကိုင်းဘက်၌ အိမ်ဆောက် နေထိုင်ခွင့် ပေးလေသည်။ ထိုနောက် ယုဒသန်သည် ရန်ကုန်မြို့သို့ စုန်ဆင်းခဲ့သည်။ ၁၈၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အန်ဟေဇယ်တိုင် သည် အမေရိကန်နိုင်ငံမှ ပြန်ရောက်လာသည်။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ယုဒသန် ဇနီးမောင်နှံနှစ်ဦး တို့သည် အင်းဝနေပြည်တော်သို့ ရောက်ရှိပြီးလျှင် အိမ် တစ်ဆောင်ဆောက်၍ နေထိုင်ကြလေသည်။
ယုဒသန်သည် မြန်မာမှူးမတ်၊ ဆွေတော်မျိုးတော်တို့နှင့် သင့်မြတ်အောင် ပေါင်းသင်း၍ သူ၏ဇနီးက ကျောင်းတစ် ကျောင်းဖွင့်ကာ အပ်ချုပ်အတတ်နှင့် စာရေးစာဖတ်တို့ကို သင် ကြားပေးသည်။ ယုဒသန်သည် စကြာမင်းကလေး (ခေါ် )ညောင်ရမ်းမင်းသားထံ မပြတ်ခစားသည်။ ခဲပေါင် မြို့စားဝန်ကြီး ဦးရွှေလူ၊ မြဝတီ မင်းကြီးဦးစနှင့်မက္ခရာမင်းသားကြီးတို့ ထံသို့လည်း ဝင်ထွက်လေသည်။
ထိုအတောအတွင်း မြန်မာအစိုးရနှင့်အင်္ဂလိပ်အစိုးရတို့သည် ရှင်မဖြူကျွန်း အရေးကြောင့် စစ်ဖြစ်ကြရာ ၁၈၂၄ ခုနှစ် မေလ တွင် အင်္ဂလိပ်တို့က ရန်ကုန်မြို့သို့ သိမ်းယူလေသည်။ ထို အချိန်တွင် နေပြည်တော်၌ နိုင်ငံခြားသားတို့အား ထိန်းသိမ်း စောင့်ကြပ်ထားရန် လိုအပ်သည့်အတိုင်း ယုဒသန်နှင့် ဒေါက်တာပရိုက်(စ်) တို့ကို ဖမ်းဆီး၍ လက်မရွှံ့ထောင်သို့ ပို့ထားလေသည်။ အခြား အင်္ဂလိပ်လူမျိုးများလည်း ထိုနည်း အတူ အဖမ်းခံရသည်။ ၁၈၂၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် နေ့တွင် ယုဒသန်၏ဇနီး၌ သမီး ဖွားမြင်၍ မာရီယာဟု အမည် မှည့်ခေါ်သည်။
ယုဒသန်တို့ လူစုကို ထောင်ထဲ၌ ၁၁ လ အကျဉ်းချထား ပြီးနောက် အောင်ပင်လယ်ထောင်သို့ တဖန် ပြောင်းရွှေ့ချုပ် နှောင် ထားလေသည်။ ယုဒသန်၏ ဇနီးလည်း မိမိ၏ ခင်ပွန်း သွားရာ အရပ်သို့ လိုက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် ယုဒသန်အား ထောင်မှလွှတ်ရန် အမိန့်ရောက်လာသည်။
မလွန်မြို့အနီး ညောင်ပင်ဆိပ်စခန်းတွင် အင်္ဂလိပ်နှင့်မြန်မာတို့ စစ်ပြေငြိမ်းရေးအတွက် နှစ်ဦးနှစ်ဖက် စေ့စပ်ဆွေးနွေးရာ၌ ယုဒသန် ကို စကားပြန်အဖြစ် စေလွှတ်ရန်အတွက် ဖြစ်သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အင်းဝသို့ ပြန်ရောက်လေသည်။ ထိုနောက် ခဲပေါင်မြို့စား ဝန်ကြီး ဦးရွှေလူ၏ ကူညီချက် ဖြင့် ယုဒသန်သည် ၁၈၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထောင်မှ လွတ်သည်။ ထိုအချိန်တွင် ယုဒသန်၏ဇနီး အသည်း အသန် ဖျားနာလျက်ရှိသည်။ ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ် ချုပ်ဆိုသောအခါ ယုဒသန်သည် စကားပြန်အဖြစ် ဆောင်ရွက် ကာ အင်္ဂလိပ်မှ မြန်မာသို့၊ မြန်မာမှ အင်္ဂလိပ်သို့ ပြောသမျှ စကား၊ ရေးသမျှစာတို့ကို ပြန်ဆိုပေးရလေသည်။ စစ်ပြေငြိမ်း သွားသောအခါတွင်ကား ယုဒသန်တို့သည် အောက်ပြည်သို့ စုန်၍ အင်္ဂလိပ်ပိုင်နက်ဖြစ်သော ကျိုက္ကမီမြို့ ၌ နေထိုင်ကြ သည်။
ယုဒသန်၏ ဇနီး အန်ဟေဇယ်တိုင်သည် ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်သည်။ ထိုအချိန် တွင် ယုဒသန်သည် ဗြိတိသျှအစိုးရ ကိုယ်စားလှယ် ဂျွန်ကရော ဖတ်နှင့်အတူ အင်းဝမြို့တော်သို့ အစိုးရကိစ္စဖြင့် ရောက်ရှိနေ ခိုက်ဖြစ်၏။ ၁၈၂၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ယုဒသန်၏ သမီး မာရီယာလည်း ကွယ်လွန်လေသည်။
ယုဒသန် ပြန်ဆိုခဲ့သော ဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာပုံနှိပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်း ကိုလည်း ဆက်လက် ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပုံနှိပ်ပြီးစီးလေသည်။ ဦးစွာ၌ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်- မြန်မာအဘိဓာန်နှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တစ်အုပ်တည်း ပုံနှိပ်ချုပ်လုပ်ရန် ဖြစ်သည်။ သို့သော်လည်း ၁၈၂ဝ ပြည့်နှစ်က ပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။
ထိုနောက် မြန်မာအဘိဓာန်ကို ဆက်လက် ပြုစုနေခိုက် မကျန်း မမာ ဖြစ်လာ၏။ ထိုကြောင့် ၁၈၅ဝ ပြည့်နှစ် ဧပြီလ ၈ ရက် နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီး ထွက်သွားရာ ဧပြီလ ၁၂ ရက်နေ့၌ ကွယ်လွန်လေသည်။ ပင်လယ်ပြင်တွင် ရေမြုပ်သင်္ဂြိုဟ်လိုက်ကြ၏။
ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာအဘိဓာန်ကို သာသနာပြု ဆရာ အီး၊ အေး၊ စတီဗင်က ဆက်လက် လုပ်ကိုင်ခဲ့ရာ ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။ ယုဒသန်သည် အဘိဓာန်နှင့် ခရစ်ယန်ကျမ်းများအပြင် ရွှေချိန်ခွင်စာအုပ်ကို လည်းကောင်း၊ မြန်မာအမျိုးသမီး ဝတ်ဆင်ပုံ စာတမ်းကိုလည်းကောင်း၊ ပိဋကတ်အနှစ်စု ကျမ်းကို လည်းကောင်း မြန်မာဘာသာဖြင့် ရေးခဲ့လေသည်။
ယုဒသန်သည် ပထမဇနီး အန်ဟေဇယ်တိုင် ကွယ်လွန် ပြီးနောက် ၁၈၃၄ ခုနှစ်တွင် မစ္စစ်ဗော့ဒမန်ဆိုသူ မုဆိုးမတစ်ဦးနှင့် ဒုတိယအိမ်ထောင်ပြုသည်။ တဖန် ဒုတိယဇနီး ကွယ်လွန်ပြန်၍ ၁၈၄၆ ခုနှစ်တွင် မစ္စအမ်မလီ ချူးဗတ်ဆိုသူနှင့် တတိယ အိမ်ထောင်ပြုလေသည်။ ကျန်ရစ်ခဲ့သော သားသမီး များအနက် သားဖြစ်သူ အက်ဒွပ်ဂျပ်ဆင်သည် ယုဒသန်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့သည်။ ယခင်က ရန်ကုန်တက္ကသိုလ်တွင် အပါအဝင်ဖြစ်သော ဂျပ်ဆင်ကောလိပ်မှာ ယုဒသန် အထိမ်းအမှတ်ကျောင်းပင် ဖြစ်ပေသည်။
ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာ၀ရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း (၁၆၃) ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အထူးသဖြင့် အင်း၀နေပြည်တော်တွင် အကျဉ်းခံရခြင်းနှင့် ဧဝံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်သည်။
၁၇၈၈ ဩဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။ ၁၈၀၄၁၆နှစ်ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။ ၁၈၀၇၁၉နှစ်ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။ ၁၈၀၇၁၉နှစ်အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာ သင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက် မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။ ၁၈၀၈၂၀နှစ်ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ ညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်း ဘာသာမဲ့တဦးဖြစ်သည်ကို အံ့ဩဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်း Andover Seminary တွင်ဆက်လက်တက်ခဲ့သည်။ ၁၈၀၉၂၁နှစ်Plymouth အသင်းတော်တွင် ပါဝင်ပြီး ဧဝံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင်ချီပြီးဆွေးနွေး တိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ၁၈၁၁၂၃နှစ်လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။ ၁၈၁၂၂၄နှစ်အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြိုမှာ သင်္ဘောဖြင့် အိန္ဒိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။ ၁၈၁၃၂၅နှစ် ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။ ၁၈၁၆၂၈နှစ်မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္ဒူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ - အင်္ဂလိပ် အဘိဓာန်၊ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်ဝင် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။ ၁၈၁၉၃၁နှစ်လူထုတရားပွဲများ ရွှေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင့်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။ ၁၈၂၀၃၂နှစ်ထို့နောက် သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်၀ချမ်းသာသော မိတ်ဆွေ၂ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။ ၁၈၂၃၃၅နှစ်ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။ ၁၈၂၄၃၆နှစ်အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်း၀နေပြည်တော်သို့ သူလျှိုအဖြစ် စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၁၈၂၆၃၈နှစ်သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။ ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။ ၁၈၃၄၄၆နှစ်ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။ ၁၈၃၅၄၇နှစ်ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။ (ဒီဇင်ဘာ ၂၉)။ ၁၈၃၅၄၇နှစ်အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅) ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ - ၁၈၃၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။ ၁၉၄၅၅၇နှစ်မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။ ၁၈၄၆၅၈နှစ်အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြီးစီးခဲ့သည်။ ၁၈၅၀၆၂နှစ်ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀)
This article uses material from the Wikipedia မြန်မာဘာသာ article ယုဒသန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.