အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အမြင့် ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားသည်။
အင်းတော်ကြီးကန် | |
---|---|
ရွှေမဉ္ဇူ ရေလယ်ဘုရားသို့ သွားရန် သဘာဝ လျှောက်လမ်း | |
တည်နေရာ | ကချင်ပြည်နယ် |
ကိုဩဒိနိတ် | 25°8′N 96°20′E / 25.133°N 96.333°E 96°20′E / 25.133°N 96.333°E |
အမျိုးအစား | သဘာဝကန် |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | မြန်မာ |
အကျယ်ဆုံး အလျား | ၂၄ km (၁၅ mi) |
အကျယ်ဆုံး အနံ | ၁၃ km (၈.၁ mi) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၆၆ m (၅၄၅ ft) |
အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။ အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။ အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအစိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။
အင်းတော်ကြီးကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။
မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။ အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင် အတွေ့ရများသည်။ စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင် ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေညာခဲ့သည်။ ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင် အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသေးသည်။
This article uses material from the Wikipedia မြန်မာဘာသာ article အင်းတော်ကြီးကန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.