စိန့်ဗယ်လင်န်တိုင်းနေ့ သို့မဟုတ် စိန့်ဗယ်လင်န်တိုင်းပွဲတော်နေ့ ဟုခေါ်ကြသော ဗယ်လင်န်တိုင်းနေ့ သည် နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျင်းပသော အားလပ်ရက်တစ်ခုဖြစ်သည်။ အစကနဦးသည် အနောက်တိုင်းခရစ်ယာန်သာသနာ၏ Valentinus ဟုသော အမည်ပါရှိသော သူတော်စင်များ (တစ်ယောက် (သို့) တစ်ယောက်ထက်ပိုသော)ကို ဝတ်ပြုခြင်းဖြစ်ပြီး လူအများသိသော ယဉ်ကျေးမှုတစ်ရပ်နှင့် စီးပွားရေးသဘောတရားအရ ကျင်းပသော အောက်မေ့ဖွယ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ဒေသများတွင် ကျင်းပကြသည်။ သို့သော် မည်သည့်နိုင်ငံမှ တရားဝင် အားလပ်ရက်အဖြစ် သတ်မှတ်မထားချေ။
နှောင်းပိုင်းတွင် ခရစ်ယာန်အာဇာနည်မှတ်တမ်း ၌ ထည့်သွင်းခဲ့သော ဖေဖော်ဝါရီလ ၁၄ ရက်နေ့နှင့်ဆက်နွယ်နေသော ဗယ်လင်တိုင်းအမည်ဖြင့် အခြားအခြားသော သူတော်စင်များ၏ ခရစ်ယာန်အာဇာနည်ဇာတ်လမ်းများထဲတွင် ရောမအင်ပါယာ၌ ခရစ်ယာန်သာသနာဖိနှိပ်ခံရစဉ်က ခရစ်ယာန်များကို စောင့်ရှောက်ပြီး လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ခံရသော စစ်သားတို့ကို ထိမ်းမြားလက်ထက်ပေးခဲ့သဖြင့် ထောင်သွင်းအကျဉ်းချခံရသော ရောမမှ စိန့်ဗယ်လင်န်တိုင်း အမည်ရှိ သူတော်စင်တစ်ပါး၏ ချီးမွမ်းစာလည်းပါဝင်သည်။ ဒဏ္ဍာရီများအလိုအရ အကျဉ်းချခံနေရစဉ်တွင် စိန့်ဗယ်လင်န်တိုင်းသည် ထောင်မှူး Asterius ၏ သမီးအား ကုသပေးခဲ့ပြီးနောက် ကွပ်မျက်ခြင်းမခံရမီတွင် သူမအတွက် ရေးသားခဲ့သော နှုတ်ဆက်စာတွင် "Your Valentine" ဟု လက်မှတ်ရေးထိုးခဲ့သည်ဟု ဆိုသည်။
စိန့်ဗယ်လင်န်တိုင်းနေ့သည် အင်ဂလီကန်ဘုရားကျောင်းတော်နှင့် လူသာရန်ဘုရားကျောင်းတော် (ပရိုတက်စတင့်)တို့အတွက် တရားဝင်ပွဲတော်နေ့ဖြစ်သည်။ အရှေ့ပိုင်း အော်သိုဒေါ့ဘုရားကျောင်းတော်၏ ဒေသအများအပြားတွင်လည်း စိန့်ဗယ်လင်န်တိုင်းနေ့ကို ကျင်းပကြသည်။ သို့သော် ဇူလိုင်လ ၆ ရက်နှင့် ဇူလိုင်လ ၃၀ ရက်နေ့တွင်ဖြစ်ပြီး ပထမနေ့သည် ရောမ ဘုန်းတော်ကြီး စိန့်ဗယ်လင်န်တိုင်းအား ဂုဏ်ပြုသောအားဖြင့် ဖြစ်ပြီး ဒုတိယမြောက်နေ့စွဲသည် သာသနာ့အာဇာနည် ဗယ်လင်န်တိုင်း(the Bishop of Interamna (modern Terni))အား ဂုဏ်ပြုသောအားဖြင့် ဖြစ်သည်။
များလှစွာသော အစောပိုင်း ခရစ်ယာန်သာသနာ့အာဇာနည်များ၏ အမည်ကို ဗယ်လင်န်တိုင်းဟု ပေးခဲ့ကြသည်။ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဂုဏ်ပြုခေါ်ဆိုကြသော ဗယ်လင်န်တိုင်းမှာ ရောမမြို့မှ ဗယ်လင်န်တိုင်း (Valentinus presb. m. Romae) နှင့် သာနီမြို့မှ ဗယ်လင်န်တိုင်း (Valentinus ep. Interamnensis m. Romae)တို့ဖြစ်သည်။ ခရစ်နှစ် ၂၆၉ တွင် ရောမမြို့မှ ဗယ်လင်န်တိုင်းသည် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ရောမမြို့တွင် ကိုယ်ကျိုးစွန့်၍ သာသနာ့အာဇာနည်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဂလေစီရပ်စ်က ၄၉၆ ခုနှစ်တွင် ဝတ်တက်ရက်စဉ်၌ ထည့်သွင်းခဲ့သည်။ ဗယ်လင်န်တိုင်း၏ ရုပ်ကလာပ်ကို ဗီယာ ဖလာမီနီယားတွင် မြုပ်နှံခဲ့သည်။ သူတော်စင် ဗယ်လင်န်တိုင်း၏ ရုပ်ကလာပ်ကို ရောမမြို့ရှိ Church and Catacombs of San Valentino ဘုရားရှိခိုးကျောင်းတွင် ထိန်းသိမ်းထားခဲ့ပြီး အလယ်ခေတ်တလျှောက်လုံး အရေးကြီးသော ဝတ်ပြုသွားလာရာနေရာ ဖြစ်လာခဲ့သည်မှာ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက် နီကိုလပ်စ်မှ Santa Prassede ဘုရားရှိခိုးကျောင်းသို့ မရွေ့မီကာလအထိ ဖြစ်သည်။ ပန်းသရဖူ ဆင်ယင်ထားသေား စိန့်ဗယ်လင်တိုင်း၏ ဦးခေါင်းခွံသည် ရောမမြို့ရှိ Santa Maria in Cosmedin ဘုရားရှိခိုးကျောင်းတွင် တည်ရှိပြီး အခြားသော ရုပ်ကြွင်းများကို အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့ရှိ Whitefriar Street Carmelite Church တွင် တွေ့ရှိခဲ့သည်။
သာနီမြို့မှ ဗယ်လင်န်တိုင်းသည် အင်တီရမ်နာမြို့(ယနေ့ခေတ် သာနီမြို့)၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်ပြီး ခရစ်နှစ် ၂၇၃ ခု အင်ပါယာပြည့်ရှင် Aurelian လက်ထက်တွင် ကိုယ်ကျိုးစွန့်၍ သာသနာ့အကျိုးကို ဆောင်ရွက်ခဲ့သည်။ သူအား ဗီယာ ဖလာမီနီယားတွင် မြုပ်နှံခဲ့သည်။ (ရောမမြို့မှ ဗယ်လင်န်တိုင်းနှင့် မြုပ်နှံရာနေရာကွဲပြားသည်။) သူ၏ ရုပ်ကြွင်းများသည် Basilica of Saint Valentine in Terni (Basilica di San Valentino) တွင် ထားရှိခဲ့သည်။ Jack B. Oruch က "သူတော်စင်နှစ်ပါး၏ ဖြစ်ရပ်ထုတ်နှုတ်ချက်များသည် ဥရောပရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားကျောင်းတိုင်းနီးပါးတွင် ရှိကြသည်" ဟု ဆိုသည်။ ကတ်သလစ်စွယ်စုံကျမ်း တွင် ဗယ်လင်န်တိုင်းအမည်ဖြင့် တတိယမြောက် သူတော်စင်တစ်ပါးအကြောင်း ပြောဆိုထားပြီး ထိုသူတော်စင်သည် အစောပိုင်း သာသနာအာဇာနည်စာရင်းတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်ပါရှိသည်ဟု ညွှန်းဆိုထားသည်။ သူသည် အာဖရိကဒေသတွင် သာသနာ့အကျိုး ဆောင်ရွက်သော သွေးသောက်များထဲမှ တစ်ယောက်ဆိုသည်ကလွဲ၍ သူအကြောင်းကို ပို၍ မသိခဲ့ရချေ။ သူ၏ ဦးခေါင်းတော်ကို ဝင်ချက်စတာမြို့ရှိ နယူးမင်စတာဘုရားရှိခိုးကျောင်းတွင် ကြည်ညိုလေးမြတ်စွာ ထိန်းသိမ်းထားသည်။
ဖေဖော်ဝါရီ ၁၄ ရက်အား စိန့်ဗယ်လင်န်တိုင်းနေ့အဖြစ် ခရစ်ယာန်ဂိုဏ်းခွဲများစွာတွင် ကျင်းပကြသည်။ ဥပမာအားဖြင့် အင်ဂလီကန်ဘုရားကျောင်းတော်ဝင်များ၏ ဝတ်တက်ရက်စဉ်တွင် 'အထိမ်းအမှတ်ပွဲတော်' အဆင့်ရှိသော နေ့တနေ့ဖြစ်သည်။ ထိုတင်မက လူသာရန်ဘုရားကျောင်းတော်၏ ဝတ်တက်ရက်စဉ်တွင်လည်း စိန့်ဗယ်လင်န်တိုင်းပွဲတော်နေ့ကို ထည့်သွင်းထားသည်။ သို့ပေမယ် ၁၉၆၉ ခုနှစ် ရိုမန်ကက်သလစ်ဘုရားကျောင်းတော်၏ ပြန်လည်တည်းဖြတ်ထားသော ဝတ်တက်ရက်စဉ်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ ကျရောက်သော စိန့်ဗယ်လင်န်တိုင်းပွဲတော်နေ့ကို နှုတ်၍ သာမန်ရက်စွဲတစ်ခုအဖြစ် အဆင့်ချခဲ့သည်။ အကြောင်းပြချက်မှာ "စိန့်ဗယ်လင်န်တိုင်းနေ့ အထိမ်းအမှတ်မှာ ရှေးကျသော်ငြားလည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စိန့်ဗယ်လင်န်တိုင်းအား ဗီယာ ဖလာမီနီယားတွင် မြုပ်နှံသည်မှလွဲ၍ သူနှင့်ပတ်သက်၍ အခြားသော အကြောင်းအရာမှ ဆက်ဟပ်မမီသလောက်ဖြစ်နေ၍ သာမန်ရက်တစ်ခုအဖြစ် ထားရှိခဲ့ခြင်း ဖြစ်သည်" ဟုဆိုသည်။
စိန့်ဗယ်လင်န်တိုင်းပွဲတော်နေ့ကို မော်လတာနိုင်ငံ ဘာလ်ဇန်မြို့တွင် ယခုတိုင်ကျင်းပလျက်ရှိပြီး ထိုမြို့တွင် သူတော်စင်၏ ရုပ်ကြွင်းကို တွေ့နိုင်ဖွယ်ရှိသည်ဟု ယုံကြည်ပြောဆိုကြသည်။ ထို့အတူပင် ကမ္ဘာတစ်ဝန်းရှိ မိရိုးဖလာ ကက်သလစ်ဘာသာဝင်များသည် ဒုတိယအကြိမ်မြောက် ဗာတီကန်ကောင်စီ မတိုင်မီ ပြက္ခဒိန်ဟောင်းအတိုင်းသား လိုက်နာနေကြသည်။
အရှေ့ပိုင်း အော်သိုဒေါ့ဘုရားကျောင်းတော်တွင် ရောမမြို့မှ စိန့်ဗယ်လင်န်တိုင်းဘုန်းတော်ကြီးအတွက် ဂုဏ်ပြုအထိမ်းအမှတ်နေ့ကို ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပပြီး တာနီမြို့မှ သာသနာ့အာဇာနည် ဘုန်းတော်ကြီး ဗယ်လင်တိုင်း(Bishop of Interamna)အတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပကြသည်။
ရောမပြည်မှ အချစ်အကြောင်းသည် ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစဖြစ်သည်။ ရောမဘုရင်တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ခဲ့ကြသည်။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ ရောမမြို့တွင် ချစ်သူရည်းစား မထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။
နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း သည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့မဟုတ်) ချစ်သူများနေ့ဟု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။
ဗယ်လင်န်တိုင်းနေ့ ယဉ်ကျေးမှုသည် ယနေ့ခေတ် အင်္ဂလန်နိုင်ငံတွင် အစောဆုံးပေါ်ထွန်းခဲ့ပြီး ၁၉ ရာစုတွင် အင်္ဂလိပ်စကားပြောသော ဒေသများတွင် ပျံ့နှံ့သွားခဲ့သည်။ နောက်ပိုင်း ၂၀ ရာစုနှင့် ၂၁ ရာစုတွင် ထိုဓလေ့သည် အခြားနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့သည်။
ဈေးကွက်စီးပွားရေး အလေးထား ဦးတည်ကြိုးပမ်းဆောင်ရွက်ချက်များကြောင့် ဗယ်လင်န်တိုင်းနေ့ကို ကျင်းပကြသော အရှေ့အာရှနိုင်ငံများဖြစ်သော တရုတ်လူမျိုးနှင့် တောင်ကိုရီးယားလူမျိုးတို့သည် ဗယ်လင်န်တိုင်းနေ့လက်ဆောင်များအတွက် ပိုက်ဆံကို အများဆုံး သုံးစွဲကြသည်။
အချို့သော လက်တင်အမေရိကနိုင်ငံများသည် စိန့်ဗယ်လင်န်တိုင်းနေ့ကို "el día de los enamorados" (ချစ်သူများနေ့) "Día del Amor y la Amistad" (အချစ်နှင့် ခင်မင်မှုနေ့) ဟု သိမှတ်ကြသည်။ ဥပမာအားဖြင့် ကိုလံဘီယာ၊ ကော့စတာရီကာနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ပူအားတိုရီကိုနှင့် အခြားသော နိုင်ငံများဖြစ်ကြသည်။ ထို့နေတွင် သူတို့၏သူငယ်ချင်းများအပေါ် နားလည်တန်ဖိုးထားမှုကို အသိအမှတ်ပြုသောနေ့ဖြစ်သည်။ ဂွါတီမာလာနိုင်ငံတွင်တော့ "Día del Cariño" (ချစ်မေတ္တာနေ့)ဟု ဆိုသည်။ အထူးသဖြင့် ဒိုမီနီကန်သမ္မတနိုင်ငံနှင့် အယ်ဆာဗေဒိုနိုင်ငံ တို့တွင် ဒေသအခေါ်အရ Amigo secreto ("တိတ်တခိုး သူငယ်ချင်း")ဟုခေါ်ပြီး ခရစ္စမတ်ရိုးရာ Secret Santa နှင့် သဘောသဘာဝချင်း ဆင်တူသည်။
ကျောင်းနေအရွယ်ကလေးများ ပေးပို့ကြသော ၁၀၀ မီလီယံလောက်သော ကဒ်များ ထည့်မတွက်ပဲနှင့်ပင် အမေရိကန်ပြည်ထောင်စုတွင် နှစ်တိုင်း ၁၉၀ မီလီယံလောက်သော ဗယ်လင်န်တိုင်းနေ့ကဒ်များ ပေးပို့ကြသည်။ မကြာသေးမီ ဆယ်စုနှစ်များမှစ၍ ချစ်တဲ့သူအတွက် သုံးစွဲချင်စိတ်ဖြစ်ပေါ်စေသော ဗယ်လင်န်တိုင်းအသွင်အပြင် ကြော်ငြာများ၏ ကြော်ငြာအားကောင်းမှုကြောင့် ဗယ်လင်န်တိုင်းနေ့ဈေးကွက်သည် မြှင့်တက်လာခဲ့သည်။ အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ပျမ်းမျှဗယ်လင်န်တိုင်းနေ့အတွက် သုံးစွဲမှုသည် နှစ်တိုင်းနှစ်တိုင်းမြှင့်တက်လာသည်။ ၂၀၁၀ ခုနှစ်တွင် လူတစ်ဦးသည် ၁၀၈ ဒေါ်လာမျှသုံးစွဲပြီး ၂၀၁၃ ခုနှစ်တွင် ၁၃၁ ဒေါ်လာမျှ သုံးစွဲမှုနှုန်း မြှင့်တက်လာခဲ့သည်။
တရုတ်လူမျိုးများက ဗယ်လင်န်တိုင်းနေ့ကို ချစ်သူ့ပွဲတော် (ရိုးရှင်းတရုတ်: 情人节; ရိုးရာတရုတ်: 情人節; ပင်ယင်: qīng rén jié) ဟုခေါ်သည်။ "တရုတ်ဗယ်လင်န်တိုင်းနေ့(ချစ်သူများနေ့)"သည် Qixi Festival ဖြစ်ပြီး လဗဟိုပြုပြက္ခဒိန်၏ ခုနှစ်လမြောက်၊ ခုနှစ်ရက်နေ့တွင် ကျင်းပသည်။ ထိုနေ့တွင် ဒဏ္ဍာရီလာ နွားကျောင်းသားလေးနှင့် ရက်ကန်းသည်မလေးတို့သည် အတူတကွ နေထိုင်ခွင့်ရကြသည်။ တရုတ်ယဉ်ကျေးမှုအရ ချစ်သူများအတွက် စောင့်ထိန်းသော ထိုနေ့ကို "ခုနှစ်ထွေည" (တရုတ်: 七夕; ပင်ယင်: Qi Xi) ဟုခေါ်သည်။ ဒဏ္ဍာရီအရ နွားကျောင်းသားတာရာ နှင့် ရက်ကန်းသမတာရာ တို့သည် ပုံမှန်အားဖြင့် နဂါးငွေ့တန်း (ငွေရောင်မြစ်)တစ်ခု ခြားနားထားသော်ငြား တရုတ်ပြက္ခဒိန်အရ ၇ လပိုင်း ၇ ရက်မြောက်နေ့တွင် တွေ့ဆုံခွင့်ရကြသည်။[ကိုးကားချက်လိုသည်]
မကြာသေးမီနှစ်များတွင် လူငယ်များအကြားတွင် အဖြူရောင်နေ့ကျင်းပခြင်းသည်လည်း ရေပန်းစားလာခဲ့သည်။[ကိုးကားချက်လိုသည်]
ဂျပန်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ လူကြီးလူငယ်မရွေး၊ ချစ်သူရှိသူ၊ မရှိသူ အားလုံးပါဝင်ဆင်နွှဲကြသော နေ့တစ်နေ့ ဖြစ်သည်။ ထူးခြားသည်မှာ ဗယ်လင်တိုင်းနေ့တွင် မိန်းကလေးဘက်မှ ယောက်ျားလေးဘက်ကို ချောကလက်လက်ဆောင် ပေးလေ့ရှိသော ဓလေ့ ဖြစ်သည်။ သို့သော် ချောကလက်ပေးသည်ဆိုရာတွင် ချစ်ကြိုက်သည့် သဘောမျိုးမဟုတ်ပဲ ခင်မင်သူအမျိုးသား သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များကို ခင်မင်မှုနှင့် ကျေးဇူးတရားကို ဖော်ကျူးသော Giri-choko (Obligation chocoloate) ဖြစ်သည်။ မိန်းကလေးဘက်မှ အချစ်ကို ဖွင့်ဟဝန်ခံသည့်အဓိပ္ပာယ်ဆောင်သော ချောကလက်ကို Honmei-choko (True Love chocolate) ဟု ခေါ်သည်။ ထိုသို့ မိန်းကလေးဘက်မှ ချောကလက်ပေးသည့် ဓလေ့ဖြစ်ပေါ်လာပုံမှာ ဂျပန်ပြည်တွင်းတွင် Valentine's Day ကို စတင်မိတ်ဆက်ပြီး ရောင်းအားမြှင့်တင်ရန် ကြိုးစားသည့်ခေတ်အခါက ဝန်ထမ်းတစ်ယောက်၏ မှားယွင်းဘာသာပြန်ခဲ့မှုကတဆင့် စတင်ခဲ့သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် Gyaku-choko (Reverse chocolate) ဟုခေါ်သော အမျိုးသားဖက်က ချောကလက်ပြန်ပေးခြင်းနှင့် ဂျပန်မိန်ကလေးများကြားတွင် အပေးများသော Tomo-choko (Friendship chocolate) စသည့် ဓလေ့အချို့လည်း အခုနောက်ပိုင်းတွင် ခေတ်စားလာသည်။
ထို့အပြင် ဂျပန်များ၏ ကိုယ်ပိုင် သတ်မှတ်ထားသော နေ့ရက်တစ်ရက်ရှိပြီး Valentine's Day အပြီး တစ်လအကြာဖြစ်သော မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သော အဖြူရောင်နေ့ (White Day) ဖြစ်သည်။ White Day တွင် Valentine's Day အခါက ချောကလက်လက်ဆောင်ရထားသော အမျိုးသားများဘက်က ပေးသူအမျိုးသမီးကို ပြန်လည်တုံ့ပြန်တဲ့အနေဖြင့် လက်ဆောင်တစ်ခု ပေးရခြင်းဖြစ်သည်။ Honmei-choko ကို လက်ခံရရှိထားတဲ့ ယောက်ျားလေးများအနေဖြင့် White Day တွင် မိန်ကလေးများကို တုံ့ပြန်အဖြေပေးသည့် သဘောသက်ရောက်သည်။ ထင်ရှားသော ဓလေ့ထုံးတမ်းတစ်ခုမှာ Triple the return ဟုခေါ်သော Valentine's Day တွင် လက်ခံခဲ့သော လက်ဆောင်ထက် သုံးဆ တန်ဖိုးပိုများသောအရာကို လက်ဆောင်ပေးရခြင်း ဖြစ်သည်။ အကယ်၍ မပေးခဲ့ပါက အမျိုးသားဖက်က အထက်စီးနေသည်ဟု ယူဆခံရမည် ဖြစ်သည်။ အကယ်၍ တူညီသောတန်ဖိုးရှိသည့် လက်ဆောင်ကို ပြန်လည်လက်ခံရရှိပါက ဆက်ဆံရေးဖြတ်တောက်ခြင်းကို ပြောလိုသည်ဟု ဆိုလိုသည်။ ယခုအခါတွင် ချောကလက်အပြင် ချိုချဉ်၊ ကွတ်ကီး၊ လက်ဝတ်ရတနာ၊ အသုံးအဆောင်ပစ္စည်း စသဖြင့် လက်ဆောင်အမျိုးမျိုးကို ပေးလေ့ရှိသည်။White Day ၏ official website အဆိုအရ အဖြူရောင်ကို ရွေးချယ်ရသည်မှာ အဖြူရောင်သည် စင်ကြယ်ခြင်းကို ကိုယ်စားပြုပြီး၊ သကြား၏အရောင်မှာလည်း အဖြူရောင်ဖြစ်သည်။ ထိုကြောင့်White Day သည် "ဖြူစင် ချိုမြိန်သော ဆယ်ကျော်သက်အချစ်" ကို ကိုယ်စားပြုသည်။ ကနဦးအစတွင် "Ai ni Kotaeru White Day" (Answer Love on White Day) ဟုခေါ်ခဲ့ကြသည်။
ဂျပန်လူမျိုးများတွင် Valentine's Day ကဲ့သို့သော ရိုးရာချစ်သူများနေ့ဟု ဆိုနိုင်သည့် ဇူလိုင်လ ၇ ရက်နေ့ Tanabata (Evening of the seventh (Star Festival ဟုလည်းခေါ်)) ရှိပြီးသား ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဗယ်လင်တိုင်းနေ့ကို Araw ng mga Puso ဟုခေါ်ကြပြီး အနောက်ဥရောပတွင် ကျင်းပဆောင်ရွက်ကြပုံချင်း အတူတူပင်ဖြစ်ကြသည်။ ထိုကြောင့်ပင် ထိုကာလတွင် ပန်းတို့ အထူးသဖြင့် နှင်းဆီနီတို့ ဈေးတက်သောကာလဟု မှတ်ချက်ပြုကြသည်။ ထို့ပြင် ဒီနေ့သည် လက်ထပ်မင်္ဂလာ အများဆုံးကျင်းပကြသည့် နေ့ထူးနေ့မြတ်လည်းဖြစ်ပြီး အချို့သော ဒေသခံများသည် အခမ်းအနားကြီးများကို အခငွေပေးချရခြင်းမရှိပဲ ကျင်းပပေးကြသေးသည်။
ရှာဖွေတွေ့ရှိချက်များအရ စင်ကာပူနိုင်ငံသားတို့သည် ဗယ်လင်န်တိုင်းနေ့အတွက် ပိုက်ဆံပမာဏအများဆုံး သုံးစွဲသူများ ဖြစ်ကြသည်။ ၆၀ ရာခိုင်နှုန်းသော စင်ကာပူနိုင်ငံသားတို့သည် ပွဲတော်နေ့အစမှ ဒီရာသီလုံး ဒေါ်လာ ၁၀၀ မှ ဒေါ်လာ ၅၀၀ အကြားသုံးစွဲကြသည်ဟု ကိန်းဂဏန်းများမှ ညွှန်ပြနေသည်။
တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများက အမျိုးသားများအား ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ချောကလက်များ ပေးကြပြီး အမျိုးသမီးများ အမျိုးသားများက ချောကလက်မပါသော ချိုချဉ်များကို မတ်လ ၁၄ (အဖြူရောင်နေ့)တွင် ပြန်လည်ပေးကြသည်။ ဧပြီလ ၁၄ ရက်(အနက်ရောင်နေ့)တွင် ဖေဖော်ဝါရီနှင့် မတ်လ ၁၄ ရက်တို့တွင် ဘာလက်ဆောင်မှ မရရှိသောသူများအတွက် တကိုယ်တည်းဖြစ်မှုကို ဝမ်းနည်းသောအားဖြင့် တရုတ်-ကိုရီးယား စားသောက်ဆိုင်များသို့ သွားရောက်ပြီး ပဲခေါက်ဆွဲ (자장면 )ကို သွားရောက်စားကြသည်။ ကိုရီးယားလူမျိုးတို့သည် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပီပီရိုနေ့ကျင်းပကြပြီး လူငယ်စုံတွဲများက အချင်းချင်း ပီပီရိုကွက်ကီးများကို လက်ဆောင်ပေးကြသည်။ '11/11' ဟုသော ရက်စွဲသည် ရှည်လျားသော ကွက်ကီးမုန့်၏ ပုံသဏ္ဌာန်နှင့်တူသည်ဟု ဆိုကြသည်။ နေ့အများစုမှာ မထင်ရှားသော်လည်း ကိုရီးယားတွင် လတိုင်းလတိုင်း၏ ၁၄ ရက်မြောက်သော နေ့များသည် အချစ်နှင့်ဆက်နွယ်နေသောနေ့တွေချည်း ဖြစ်သည်။ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ: ဖယောင်းတိုင်နေ့ (Candle Day)၊ ဗယ်လင်န်တိုင်းနေ့ (Valentine's Day)၊ အဖြူရောင်နေ့ (White Day)၊ အနက်ရောင်နေ့ (Black Day)၊ နှင်းဆီနေ့ (Rose Day)၊ အနမ်းနေ့ (Kiss Day)၊ ငွေရောင်နေ့ (Silver Day)၊ အစိမ်းရောင်နေ့ (Green Day) ဂီတနေ့ (Music Day), ဝိုင်နေ့ (Wine Day)၊ ရုပ်ရှင်နေ့ (Movie Day)နှင့် ပွေ့ဖတ်ခြင်းနေ့ (Hug Day) တို့ဖြစ်ကြသည်။ ကိုရီးယားအမျိုးသမီးများသည် ဂျပန်အမျိုးသမီးထက် ပိုမိုများပြားသော ချောကလက်များကို ပေးကြသည်။
ထိုင်ဝမ်နိုင်ငံတွင် ရိုးရာ Qixi Festival၊ ဗယ်လင်န်တိုင်းနေ့နှင့် အဖြူရောင်နေ့ အားလုံးကို ဆင်နွှဲကြသည်။ သို့ပေမယ့်လည်း ကျင်းပပုံသည် ဂျပန်နိုင်ငံနှင့်ပြောင်းပြန် ဖြစ်သည်။ ဗယ်လင်န်တိုင်းနေ့တွင် ယောက်ျားလေးများက မိန်းကလေးများကို လက်ဆောင်ပေးရပြီး အဖြူရောင်နေ့တွင် မိန်းကလေးများက ယောက်ျားလေးများကို ပြန်လှန်လက်ဆောင်ပေးကြသည်။
ယူနိုက်တက်ကင်းဒမ်းတွင် လူဦးရေ ထက်ဝက်လောက်ထက်နည်းသော လူတို့သည် သူတို့၏ ဗယ်လင်န်တိုင်းနေ့အတွက် ကတ်များ၊ ပန်းများ၊ ချောကလက်များနှင့် လက်ဆောင်ပစ္စည်းများဝယ်ရန်အတွက် နှစ်စဉ် ယူရို ၁.၃ ဘီလီယံလောက် သုံးစွဲကြပြီး ခန့်မှန်း ၂၃ မီလီယံလောက်သော ကတ်များကို ပေးပို့ကြသည်။
ဖင်လန်နိုင်ငံတွင် ဗယ်လင်န်တိုင်းနေ့ကို ystävänpäivä ဟုခေါ်ပြီး ဘာသာပြန်ကြည့်မည်ဆိုပါက "သူငယ်ချင်းများနေ့"ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ ဤနေ့တွင် သီခြားတစ်စုံတစ်ယောက်ကို မဟုတ်ပဲ သူငယ်ချင်းများကို ပိုမိုသတိရစေဖို့ ဖြစ်သည်။ အက်စ်တိုးနီးယားနိုင်ငံတွင်လည်း sõbrapäev ဟုခေါ်ကာ ထိုကဲ့သို့ပဲ အဓိပ္ပာယ်ရသည်။
ပြင်သစ်နိုင်ငံတွင် ရိုးရာအလျှောက် ကတ်သလစ်ဘာသာဝင်များ ဖြစ်သည့်အညီ ဗယ်လင်တိုင်းနေ့ကို "Saint Valentin"အဖြစ် သိထားကြပြီး အခြားသော အနောက်နိုင်ငံများနည်းတူ ကျင်းပကြသည်။
စိန့်ဗယ်လင်န်တိုင်းနေ့( Ημέρα του Αγίου Βαλεντίνου) သည် ဂရိရိုးရာအရ ချစ်မှုရေးရာနှင့် မဆက်နွယ်ချေ။ အရှေ့တိုင်း အော်သိုဒေါ့ဘုရားကျောင်းတွင် ချစ်ခင်မြတ်နိုးသော လူသားတို့ကို ကာကွယ်ပေးသော နောက်ထပ်သူတော်ဇင်တစ်ပါးဖြစ်သော Hyacinth of Caesarea (ပွဲတော်နေ့ ဇူလိုင် ၃) ရှိသေးသည်။ သို့သော် ၁၉၉၀ ခုနှစ်များနှောင်းပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့် မကျင်းပကြသေးပေ။ ထိုသို့ အားပြိုင်မှုရှိနေသာ ဂရိတွင် ရိုးရာသည် ကမ္ဘာတဝှမ်းပျံ့နှံ့ကျင်းပသော ဗယ်လင်န်တိုင်းပုံစံဖြင့် အားလုံးနီးပါး ကျင်းပနေကြပြီဖြစ်သည်။
ပေါ်တူဂီနိုင်ငံတွင် "Dia dos Namorados" (ချစ်သူများနေ့ / စွဲမက်ခြင်းနေ့)အဖြစ် ဖော်ညွှန်းကြသည်။ အချို့သောနေရာတို့တွင် ချစ်သူချင်း လက်ဆောင်များလဲလှယ်ကြလေ့ရှိပြီး အချို့သောဒေသတို့တွင် အမျိုးသမီးများမှ အချစ်သင်္ကေတ အပြောက်အမွမ်းတို့ဖြင့် တန်ဆာဆင်ပန်းထိုးထားသော lenço de namorados ("ချစ်သူ့ ပုဝါ") များ လက်ဆောင်ပေးကြသည်။
ဒိန်းမတ်နှင့် နော်ဝေးနိုင်ငံတို့တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ယူနိုက်တက်ကင်းဒမ်းတွင် ကျင်းပသကဲ့သို့ ကျင်းပကြပြီး Valentinsdag ဟုခေါ်ဆိုကြသည်။ ဆွီဒင်နိုင်ငံတွင်တော့ Alla hjärtans dag ("All Hearts' Day") ဟုခေါ်ဆိုကြပြီး သိပ်ပြီးပေါ်ပေါ်လွင်လွင် ကျင်းပကြသော ပွဲတစ်ခုတော့ မဟုတ်ကြပေ။ ၂၀၁၆ ခုနှစ် တိုင်းတာကောတ်ယူချက်များအရ ၅၀ ရာခိုင်နှုန်းထက်နည်းသော အမျိုးသား၊ အမျိုးသမီးတို့သာလျှင် သူတို့ချစ်သောသူများအတွက် လက်ဆောင်ဝယ်ပေးရန် စီစဉ်ထားကြသည်။ ထိုပွဲတော်နေ့သည် ၁၉၆၀ ခုနှစ်များလောက်ကတည်းက ရှိခဲ့သည် ဆိုရပေမည် ဖြစ်သည်။
စပိန်နိုင်ငံတွင် ဗယ်လင်န်တိုင်းနေ့ကို "San Valentín" သိကြပြီး ယူကေမှာ ကျင်းပသကဲ့သို့ပင် ကျင်းပကြသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ချစ်သူများနေ့, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.