လူ့အခွင့်အရေးဆိုသည်မှာ လူသားများ၏ မွေးရာပါ အခြေခံ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ လူ့အခွင့်အရေးအချက်များ ဖြစ်သော အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ ဖြစ်ခွင့်၊ စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ဖြစ်သော မိမိကိုယ်ပိုင် ယဉ်ကျေးမှုတွင် လွတ်လပ်စွာ ပါဝင်ခွင့်၊ အစားအစာ ရရှိခွင့်၊ အလုပ် လုပ်ကိုင်ခွင့်နှင့်ပညာသင်ကြားခွင့် စသည်တို့ ဖြစ်သည်။
လူ့အခွင့်အရေးဆိုသည်မှာ ကြောက်ရွံခြင်းမှကင်းဝေးခြင်း (Freedom from Fear) နှင့် တောင့်တခြင်းမှကင်းဝေးခြင်း (Freedom from Wants) ဟု အဓိပ္ပာယ်ဖွင့်ဆိုသူများရှိသည်။ ကြောက်ရွံခြင်းမှကင်းဝေးခြင်းဆိုသည်မှာ လူသားတစ်ယောက်သည် မိမိ၏ အခြေခံလွတ်လပ်ခွင့်များ ကိုမည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်စော်ကားမည်ကို မကြောက်ရွံရဘဲ လုံခြုံစိတ်ချစွာနေနိုင်သလို တောင့်တခြင်းမှ ကင်းဝေးခြင်းဆိုသည်မှာလည်း မိမိ၏အသက်ရှင်ဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် အခြေခံအထောက်အပံ့များကိုရရှိနိုင်သော အခြေအနေမျိုးဖြင့် မတောင့်မတမကြောင့်မကျဘဲ နေထိုင်နိုင်ခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ ချွင်းချက်အနေဖြင့် လူ့အခွင့်အရေးဆိုသော စကားလုံးကို ပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ယနေ့တိုင်ပြီးပြည့်စုံခြင်းမရှိပေ။ ကမ္ဘာကုလသမဂ္အဖွဲ့ကြီးက လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေသူတို့၏အခြေခံလွတ်လပ်များနှင့် သက်ဆိုင်သည့်တရားရေးဆိုင်ရာအာမခံချက် ဟု လူ့အခွင့်ရေးကို အဓိပ္ပာယ်ဖွင့်ထားသည်ကိုတွေ့ရသည်။ ထိုအဓိပ္ပာယ်အရဆိုလျှင် လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးချင်းခံစားခွင့်ရှိသလို တူရာအုပ်စုဝင်လိုက်လည်း ခံစားခွင့်ရကြောင်းတွေ့ရှိရသည်။ ထိုသို့ခံစားခွင့်ရစေရန် သက်ဆိုင်ရာအစိုးရများကလည်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းညွန်းများအတိုင်း အာမခံချက်ထားပြီး ကာကွယ်ပေးရမည်ဆိုသည့် အစိုးရများ၏ တာဝန်ရှိမှုကိုညွန်းဆိုပြသထားသည်။
လူ့အခွင့်အရေးနှင့် တရားဥပဒေပိုင်းဆိုင်ရာအချက်နှစ်မျိုးစလုံးဖြင့် အကျုံးဝင်လျက်ရှိပြီး တစ်ခါတစ်လေပင်ခွဲခြားခြင်းမပြုနိုင်ပေ။ လူ့အခွင့်အရေးဆိုသည်မှာ ဥပဒေအရ ခံစားခွင့်ရှိသလိုကျင့်ဝတ်အရ လုပ်ဆောင်သင့်သည်ဟူသော အချက်နှစ်ချက်စလုံးနှင့် သက်ဆိုင်သည်။ အချို့အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးထားသည့်အတွက် ထိုအခွင့်အရေးမျိုးကို တရားရေးဆိုင်ရာအခွင့်အရေး (Legal Rights) ဟုခေါ်လေ့ရှိသည်။ ထိုအခွင့်အရေးများကို နိုင်ငံတော်၏ တရားဥပဒေထဲများတွင်ခံစားနိုင်ခွင့်ရှိသည့်အတွက် ထိုဥပဒေကို တရားရေးဆိုင်ရာဥပဒေဟုသတ်မှတ်နိုင်သည်။ ခိုင်လုံသောအကြောင်းအရာမရှိမချင်း အပြစ်မရှိဟု ဥပဒေကဖွင့်ဆိုထားချက်များ၊ သက်သေ၊ အာမခံရရှိခွင့်များသည် တရားဥပဒေဆိုင်ရာ အခွင့်အရေးများဖြစ်သည်။
ဤ ဥပဒေနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article လူ့အခွင့်အရေး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.