အာတိတ်သမုဒ္ဒရာ သည် မြောက်ကမ္ဘာခြမ်းတွင် တည်ရှိပြီး အာတိတ် မြောက်ဝင်ရိုးစွန်းဒေသ အများဆုံးပါဝင်ကာ ကမ္ဘာပေါ်ရှိ အဓိက သမုဒ္ဒရာ ဒေသကြီး ၅ ခုတွင် အသေးငယ်ဆုံးနှင့် အတိမ်ဆုံး ဖြစ်သည်။ အချို့သော သမုဒ္ဒရာဆိုင်ရာ ပညာရှင်များက ထိုနေရာကို အာတိတ်မြေထဲပင်လယ် သို့မဟုတ် အာတိတ်ပင်လယ်ဟု ခေါ်ဆိုလေ့ ရှိကြပြီး အတ္တလန္တိတ် သမုဒ္ဒရာ၏ မြေထဲပင်လယ်ဒေသ တစ်ခု အဖြစ် သတ်မှတ်ကြသော်လည်း နိုင်ငံတကာ ဟိုက်ဒရိုဂရပ်ဖ်ဖစ် အဖွဲ့အစည်းမှ ထိုနေရာကို သမုဒ္ဒရာ အဖြစ် သတ်မှတ်ထားသည်။ အာတိတ်သမုဒ္ဒရာဒေသ ကို ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများ၏ မြောက်ဘက် အစွန်ဆုံး အပိုင်းအဖြစ်လည်း ရှုမြင်နိုင်သည်။
ယူရေးရှားကုန်းပြင် နှင့် မြောက်အမေရိကတို့က လုံးဝနီးပါး ဝန်းရံထားသော အာတိတ်သမုဒ္ဒရာ၏ အချို့အစိတ်အပိုင်းများမှာ တစ်နှစ်ပတ်လုံး ပင်လယ်ရေခဲများဖြင့် ဖုံးလွှမ်းလျက် ရှိပြီး ဆောင်းရာသီတွင် သမုဒ္ဒရာတစ်ခုလုံးကို ရေခဲများဖြင့် လွှမ်းခြုံထားသည်။ အာတိတ် သမုဒ္ဒရာ၏ အပူချိန်နှင့် ဆားပါဝင်မှုနှုန်းမှာ ရေခဲများ အရည်ပျော်မှု နှင့် အေးခဲမှုတို့ အပေါ်တွင် မူတည်၍ ရာသီအလိုက် ပြောင်းလဲမှု ရှိသည်။ ထိုသမုဒ္ဒရာ၏ ပျမ်းမျှ ဆားပါဝင်မှုနှုန်းမှာ သမုဒ္ဒရာ ၅ ခုစလုံးတွင် အနည်းဆုံး ဖြစ်သည်။ အကြောင်းမှာ ရေငွေ့ပျံ့မှု နည်းပါးခြင်းနှင့် မြစ်များ ချောင်းများမှ ရေချိုစီးဝင်မှု အလွန်များပြားခြင်း နှင့် ပတ်ဝန်းကျင်ရှိ ဆားပါဝင်မှုများသော သမုဒ္ဒရာရေထုများသို့ ဆက်သွယ်မှုနှင့် စီးထွက်မှု နည်းပါးခြင်း တို့ကြောင့် ဖြစ်သည်။ နွေရာသီတွင် ရေခဲထု ကျုံ့ဝင်မှုမှာ ၅၀ ရာခိုင်နှုန်းအထိ ရှိသည်။ အမေရိကန် အမျိုးသား နှင်းနှင့် ရေခဲ အချက်အလက် ဌာန (NSIDC) မှ ဂြိုဟ်တုမှ ရရှိသော အချက်အလက်များပေါ်တွင် မူတည်၍ အာတိတ်ပင်လယ်၏ ရေခဲဖုံးလွှမ်းမှု နှင့် ပျမ်းမျှ အချိန်အပိုင်းအခြားနှင့် ကုန်လွန်ခဲ့ပြီးသော နှစ်များအပေါ် နှိုင်းယှဉ်သော ရေခဲအရည်ပျော်မှုနှုန်း ကို နေ့စဉ် မှတ်တမ်းတင်ထားသည်။
ကမ္ဘာ့မြောက်ဝင်ရိုးစွန်း၏ ပတ်ဝန်းကျင်ရှိ ရေပြင်ကျယ်ကြီးသည် အာတိတ်သမုဒ္ဒရာဟု ခေါ်သည်။ ထိုရေပြင်ကျယ်ကြီးသည် ဥရောပ၊ အာရှနှင့် မြောက်အမေရိက တိုက်တို့၏ မြောက်ဘက်တွင်တည်ရှိ၍ စတုရန်းမိုင်ပေါင်း ၅၅၄၁ဝဝဝ ကျယ်ဝန်းလေသည်။ အနက်ဆုံးနေရာတွင် ပေပေါင်း ၁၇၈၅ဝ နက်၏။ အာတိတ်သမုဒ္ဒရာ၏ ဗဟိုမှ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းအထိ မိုင်ပေါင်း ၅ဝဝ ခန့် ဝေးကွာ သည်။ အာတိတ်သမုဒ္ဒရာသည် ပစိဖိတ်သမုဒ္ဒရာနှင့် ဗဲရင်းရေ လက်ကြားဖြင့်လည်းကောင်း၊ ဗဲရင်းပင်လယ်ဖြင့် လည်းကောင်း ဆက်သွယ်လျက်ရှိသည်။ ဗတ်ဖင်ပင်လယ်အော်၊ ဂရင်းလန်း ပင်လယ်၊ ဒေးဗစ်နှင့် ဒိန်းမတ် ရေလက်ကြားများကမူအာတိတ် သမုဒ္ဒရာကို အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဆက်သွယ်ပေးကြလေ သည။ အာတိတ် သမုဒ္ဒရာကမ်းခြေတွင် ဗိုးဖတ်ပင်လယ် (မြောက်အမေရိကတိုက်ကမ်းလွန်)၊ ဝှိုက်နှင့် ဗဲရင်းပင်လယ်များ (ဥရောပတိုက်ကမ်းလွန်)၊ ကာရာ၊ လက်ပတက်နှင့် အရှေ့ဆိုက် ဗီးရီးယန်းပင်လယ် (အာရှတိုက် ကမ်းလွန်) များရှိသဖြင့် ထိုပင်လယ် များသည်လည်း အာတိတ်သမုဒ္ဒရာတွင် ပါဝင်ကြ လေသည်။ ထိုပင်လယ်များ အတွင်းသို့ စီးဝင်ကြသောအဓိက မြစ်များမှာ မက္ကင်ဇီ၊ အော့၊ လျိနာနှင့် ယင်နီဆေးတို့ဖြစ်သည်။ နယူးဖောင်လန်ကျွန်းကြီးသို့ မြူထူများကို သယ်ဆောင်လာသော အေးသည့်လားဗရာဒေါ ရေစီးကြောင်းသည် အာတိတ်သမုဒ္ဒရာမှ စ၍စီးလာခြင်း ဖြစ်သည်။ ဆိုဗီယက်အစိုးရ အရှေ့မြောက်လမ်းခေါ် ရေလမ်းတစ်ခုကို ၁၈၇၈-၁၈၇၉ ခုနှစ်တွင် တီထွင်ခဲ့သည်။ ထိုလမ်းသည် အာတိတ်သမုဒ္ဒရာကမ်းရှိ မားမန့်မှ ဗဲရင်းရေလက်ကြားသို့ သွားသည်။ ထိုနောက် လမ်းတစ်လမ်းမှာ အနောက်မြောက် ဘက်လမ်းဖြစ်၍ အမေရိကတိုက်၏ မြောက်ဘက်မှသွားသည်။ ထိုနောက် လမ်းကို ၁၉ဝ၅ ခုနှစ်တွင် ရိုအဲအားမန်ဆင်က အဆုံးသတ်သွားခဲ့လေသည်။ ထို့ပြင် အခြားဖြစ်နိုင်သည့် လမ်းလေးလမ်းလည်း ရှိသေးသည်။ သို့သော် ထိုလမ်းများသည် ရေခဲစိုင်မျောများကြောင့် ဘေးအန္တရာယ်နှင့် မကင်းကြချေ။ အာတိတ်သမုဒ္ဒရာ အတွင်း၌ ကျွန်းအမြောက်အမြားရှိရာ အကြီးဆုံးများမှာ ဂရင်းလန်း၊ ဗတ်ဖင်၊ဝိတိုရိယ၊အဲလဇမီးယား၊ ဗန့်နှင့် နိုဗယာ ဇင်လယာတို့ ဖြစ်သည်။ ဆိုမာဆက်၊ ပါရီ၊ မဲလဗီးဗတ်ဟတ်နှင့် ကနေဒါနိုင်ငံ၏ မြောက်ဘက်ရှိ အခြား ကျွန်းများသည် အာတိတ်သမုဒ္ဒရာ၏ ကျွန်းစု ဖြစ်သည်။ အာတိတ် သမုဒ္ဒရာရှိ အပင်နှင့် တိရစ္ဆာန်လောကသည် မြောက်အတ္တလန္တိတ်သမုဒ္ဒရာရှိ အပင်နှင့် တိရစ္ဆာန် လောကနှင့် မခြားနားချေ။ ရေခဲတမျှအေးသော အာတိတ် သမုဒ္ဒရာနှင့် လားဗရာဒေါ ရေစီးကြောင်းတို့တွင် ကော့ဒ၊ ဖလောင်ဒါနှင့် ဟယ်လီဗတ်တို့ကဲ့သို့သော အဖိုးတန် ငါးများနှင့် ပြည့်နှက် လျက်ရှိသည်။ ထို့ပြင် အာတိတ်သမုဒ္ဒရာအတွင်း၌ များသော အားဖြင့် ပင်လယ်ဖျံ၊ လင်းပိုင်ခေါင်းတို၊ ဝါးလရတ်ဖျံနှင့် ဝေလငါး များကိုလည်း တွေ့နိုင်သေးသည်။
This article uses material from the Wikipedia မြန်မာဘာသာ article အာတိတ် သမုဒ္ဒရာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.