ကလာပ်စည်း (ဆဲလ် Cell) ဆိုသည်မှာ သက်ရှိများ ဖွဲ့စည်းရာတွင် အခြေခံအကျဆုံးနှင့် အသေးဆုံး ယူနစ်တစ်ခုဖြစ်သည်။ ဗက်တီးရီးယားကဲ့သို့သော သက်ရှိများသည် ကလာပ်စည်း တစ်ခုတည်းသာရှိသည့် သက်ရှိများ ဖြစ်ကြပြီး လူသားကဲ့သို့သော အခြား သက်ရှိများမှာ ဗဟုကလာပ်စည်း သက်ရှိများ ဖြစ်ကြသည်။ (လူသားများတွင် သာမန်အားဖြင့် ကလာပ်စည်းပေါင်း ၁၀၀ ထရီလီယံ သို့ ၁၀၁၄ ခန့်ပါရှိသည်။ ပုံမှန် ကလာပ်စည်း တစ်ခု၏ အရွယ်အစားမှာ ၁၀ µm ရှိပြီး ၁ ng ခန့် လေးသည်။) အကြီးဆုံး ကလာပ်စည်းမှာ မဖောက်ရသေးသည့် ငှက်ကုလားအုတ်ဥ ဖြစ်သည်။
နောက်ဆုံး ဆဲလ်သီအိုရီ မပေါ်ပေါက် သေးမှီကာလ ၁၈၃၅ ခုနှစ်တွင် ချက်ပညာရှင် Jan Evangelista Purkyně က အဏုကြည့်မှန်ပြောင်းဖြင့် အပင်တစ်ရှူးများအား ကြည့်ရှုရာတွင် အဆံသေးလေးများကို တွေ့ရှိခဲ့သည်။ ၁၈၃၉ ခုနှစ်တွင် ဆဲလ်သီအိုရီကို သိပ္ပံပညာရှင် Matthias Jakob Schleiden နှင့် Theodor Schwann တို့က ထုတ်ပြန်ခဲ့သည်။ ယင်းသီအိုရီတွင် သက်ရှိအားလုံးသည် ဆဲလ် တခု သို့ တခုထက်မနည်းဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်အားလုံးသည် မူလတည်ရှိသည့် ဆဲလ်များမှ ခွဲထွက်လာသည်။ ဆဲလ်အားလုံးတွင် မျိုးဗီဇများပါဝင်သည်ဟု ဖော်ပြထားသည်။
ဆဲလ်သည် သက်ရှိ ရုပ်စု အားလုံးတို့၏ ပုံပန်းသဏ္ဌာန် နှင့် လုပ်ဆောင်ချက်ရှိသော အငယ်ဆုံး သော အရာဖြစ်သည်။ ဆဲလ်သည် အငယ်ဆုံး သက်ရှိဖြစ်သောကြောင့် အသက်၏ အုတ်မြစ် ဟုလဲ ခေါ်ဆိုကြသည်။ ဘက်တီးရီးယား စသည့် အချိုသော သက်ရှိများမှာ ဆဲလ်တစ်ခုတည်းရှိသော သက်ရှိများ ဖြစ်ကြသည်။ လူ အပါအဝင် အခြား သက်ရှိတို့မှာ ဆဲလ်များစွာနှင့် ပေါင်းစုထားသော multicellular များဖြစ်ကြသည်။ လူတွင် ဆဲလ်ပေါင်း ၁၀၁၄ ပါရှိသည်ဟု တွက်ချက်ကြသည်။ ပုံမှန် ဆဲလ်တစ်ခု၏ အလေးချိန်မှာ ၁ နာနိူ ဂရမ်nanogram ရှိသည်။ အကြီးဆုံး ဆဲလ်မှာ မျိုးမပွားမှီ ငှက်ကုလားအုပ်၏ မျိုးဥ ဖြစ်သည်။
ဆဲသည် သက်ရှိရုပ်၏ အငယ်ဆုံးသော မူလအစိတ်အပိုင်း ဖြစ်သည်ဟု ဆိုရ၏။ အပင်နှင့် တိရစ္ဆာန်တို့တွင် ဆဲများရှိ၏။ အမီးဗား ကဲ့သို့သော တိရစ္ဆာန်နှင့် ဗက်တီးရီးယား ကဲ့သို့သော အပင်တို့တွင် ဆဲတစ်ခုတည်းသာလျှင် ရှိသည်။
အခြားအပင်နှင့် တိရစ္ဆာန်များတွင် ဆဲပေါင်းမြောက်မြားစွာ ဖွဲ့စည်းလျက်ရှိကြသည်။ လူတစ်ဦး၏ ခန္ဓာကိုယ်တွင် ဆဲလ် သန်းပေါင်းမြောက်မြားစွာရှိ၏။ ဆဲအများအပြားရှိသည့် တိရစ္ဆာန်နှင့်အပင်တို့တွင် ဆဲများသည် တစ်ရှုး (အသားမျှင်)ဖြစ်ရန် ပေါင်းစည်းလျက်ရှိကြသည်။
တစ်ဖန် တစ်ရှုးများသည် ဩဂင်(အင်္ဂါ)ဖြစ်ရန် ပေါင်းစည်းကြ ပြန်၏။ ဩဂင်ရှိ ဆဲများသည် တိရစ္ဆာန် သို့မဟုတ် အပင်၏ ခန္ဓာကိုယ်တွင် ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ကြ၏။ ပမာအားဖြင့် အစာအိမ်ရှိဆဲများသည် အစားချေဖို့ ဆောင်ရွက်ကြရ၏။ သက်ရှိတို့၏ ဆဲအားလုံးသည် အစာနှင့် အောက်ဆီဂျင်ကို ယူ၍ အညစ်အကြေးကို ထုတ်ပစ်တတ်၏။ သက်ရှိပစ္စည်း၏ ဆဲတစ်ခုတွင် ဒြဗ်စင်အများအပြားနှင့် ဒြဗ်ပေါင်းအများအပြား ပါရှိသည်ကို သိကြ၏။ သို့ရာတွင် သန်းပေါင်းများစွာသော ထိုဒြဗ်ပေါင်းတို့၏ မော်လီကျူးများသည် မည်ကဲ့သို့ ဖွဲ့စည်း တည်ရှိကြပြီးလျှင် သက်ရှိပစ္စည်းများဖြစ်ကြသည်ကိုကား မသိကြရပေ။
ဆဲသည် အများအားဖြင့် ငယ်လွန်းသဖြင့် ရိုးရိုးမျက်စိဖြင့် မမြင်နိုင်ချေ။ ယင်းတို့ကို မိုက္ကရိုစကုပ်ဖြင့် ကြည့်ရပေသည်။ ပျမ်းမျှခြင်းအရ ဆဲကလေးပေါင်း ၄ဝဝဝ မျှကို ဘေးချင်းထိ၍ ထားလျှင် တစ်လက်မမျှသာ ရှိပေလိမ့်မည်။ အချို့ဆဲများသည် ထိုထက်ပင် ငယ်ကြသေး၏။ ပုံအမျိုးမျိုးလည်းရှိကြသည်။ အခြားဆဲများနှင့် ကင်းနေသည့်ဆဲများသည် အလုံးပုံသဏ္ဌာန်ရှိ ကြသည်။ အခြားဆဲများနှင့် သိပ်သည်းစွာရောနှောသော ဆဲများသည် ပြားလျက်ရှိကြသည်။
ဆဲလ်တိုင်းသည် အနည်းဆုံး မိမိဘာသာ ထိမ်းသိမ်းနိုင်စွမ်း (self-maintaing) နှင့် အလုံးစုံမှု (self-contained) ရှိကြသည်။ ဆဲလ်သည် အဟာရများကို စွမ်းအင် အဖြစ်ပြောင်းလဲနိုင်ပြီး လိုအပ်သော လုပ်ဆောင်ချက်များကို ပြီးမြောက်နိုင်သည်။ ဆဲလ်တိုင်းတွင် အောက်ပါဖော်ပြထားသော လုပ်ငန်းများ လုပ်ဆောင်နိုင်ကြသည်။
ဆဲလ်တွင် နျူးကလီးယ ရှိသော Eukaryotic နှင့် နျူးကလီးယ မရှိသော Prokaryotic ဆဲလ် ဟူ၍ နှစ်မျိုး ကွဲသည်။
Prokaryote ဆဲလ်သည် eukaryote ဆဲလ်များထက် သေးငယ်ကြပြီး နျူးကလီးယ နှင့် အခြား အရာများလဲ မပါရှိကြပေ။ ဘက်တီးရီးယား နှင့် အာချီးယား ခေါ် ပုံသဏ္ဌာန်တူ Prokaryote နှစ်မျိုးရှိကြသည်။
အပင်နှင့် တိရစ္ဆာန်တို့တွင် ဆဲမျိုး အမြောက်အမြားရှိ၏။ ဆဲအများတွင်လည်း နျူးကလီးယပ်တစ်ခုရှိသည်။ ထိုနျူးကလီးယပ်ကပင်ဆဲကို အမှုဆောင်ရွက်ရန် ညွှန်ကြားပေး၏။ နျူးကလီးယပ်ထဲ၌ ခရိုမိုဆုမ်းခေါ် တုတ်ချောင်းပုံသဏ္ဌာန် ပစ္စည်းများ ရှိသည်။ ခရိုမိုဆုမ်းတို့သည် မျိုးကူးရာ၌ မျိုးဟောင်းဆဲမှ ဝိသေ သဂုဏ်များကို မျိုးသစ်ဆဲသို့ ဆောင်ကြဉ်းပေး၏။ ဝိသေသု ဂုဏ်များဟူသည်မှာ မျိုးဟောင်း၌ဖြစ်သောအရောင်အရွယ်၊ အဖြစ်သနစ်တို့ကို ဆိုသည်။
ဆဲတစ်ခုတည်းသာရှိသည့် သက်ရှိများပြန့်ပွားရာတွင် ရိုးရိုးနှစ်ခုကွဲသွားခြင်းမျှသာ ဖြစ်၏။ အထက်တန်းကျသည့် အပင်နှင့် တိရစ္ဆာန်တို့ မျိုးပွားရာတွင်မူကား၊ ဆဲတစ်ခုဖြစ်သော အိုဗမ် သို့မဟုတ် ဥနှင့် ဖိုဗီဇ သို့မဟုတ် စပမ်းတို့ စပ်ယှက်ခြင်းဖြင့် ပွားသွားသည်။ စပ်ယှက်ပြီး ဆဲသည် နျူးကလီးယပ်နှင့် ခရိုမိုဆုမ်း တို့နှင့်တကွ ဆဲနှစ်ခုအဖြစ်သို့ ကွဲသွားသည်။ ထို့နောက် ဆဲ ၄ ခု၊ ထို့နောက် ၁၆ ခုစသည်ဖြင့် ကွဲသွားသည်။ ယင်းသို့ အဆင့်ဆင့်ကွဲရာ၌ ဆဲတို့သည် မူလအရေ အတွက်၏ နှစ်ဆတိုးလာခြင်းမဟုတ်၊ မူလအရေအတွက်၏ နှစ်ထပ်ကိန်း တိုးလာခြင်းဖြစ်သည်။
အထက်တန်းကျသည့် သက်ရှိတို့၏ ဆဲများသည် အမျိုးမျိုးသောတာဝန်များကို ဆောင်ရွက်ကြ၏။ အပင်တွင် အချို့ဆဲများသည် အရွက်ကိုဖြစ်စေ၏။ အချို့သည် ပင်စည်ကိုဖြစ်စေ၏။ အချို့သည် ပန်းပွင့်ကို ဖြစ်စေ၏။ သားလောင်းတို့တွင်မူ၊ ဆဲများသည် ဆောင်ရွက်ရမည့်လုပ်ငန်းအလိုက် ပုံသဏ္ဌာန်အားဖြင့်၎င်း၊ ဓာတ်သဘောအားဖြင့်၎င်း၊ ကွဲလွဲကြပြီးလျှင် ဆိုင်ရာ နေရာ၌နေကြသည်။ ပမာအားဖြင့် အချို့ဆဲများသည် နာဗ်ကြောအဖြစ် ဖွဲ့စည်းလျက်ရှိကြ၏။
အချို့ဆဲများသည် အရိုးအဖြစ် ဖွဲ့စည်းလျက်ရှိကြ၏။ အချို့ဆဲများသည်သွေးဖြူဥကလေးများအဖြစ် ဖွဲ့စည်းလျက်ရှိကြ၏။ ခန္ဓာကိုယ်တွင် ဆဲတို့သည် ဖြစ်လိုက်ပျက် လိုက်နေကြ၏။ ဆဲဟောင်းတို့နေရာတွင် ဆဲသစ်များသည် ဝင်ရောက်အစားထိုးလျက်ရှိကြသည်။ ဆဲများကို ဆိုင်ရာတာဝန် ဆောင်ရွက်စေရန် မည်သည့်စွမ်းအားက စေ့ဆော်နေသည်ကို လူတို့မသိနိုင်စွမ်းပေ။
..
This article uses material from the Wikipedia မြန်မာဘာသာ article ကလာပ်စည်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.