ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဘက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောက်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။
ဗုဒ္ဓဂယာ बोधगया Bōdh Gayā | |
---|---|
မြို့ | |
မဟာဗာဓိစေတီတော် | |
ကိုဩဒိနိတ်: 24°41′42″N 84°59′29″E / 24.695102°N 84.991275°E | |
နိုင်ငံ | အိန္ဒိယ |
ပြည်နယ် | ဗီဟာပြည်နယ် |
ခရိုင် | ဂါယာခရိုင် |
ဧရိယာ | |
• စုစုပေါင်း | ၂၄၉ စတုရန်းကီလိုမီတာ (၉၆ စတုရန်းမိုင်) |
လူဦးရေ (၂၀၁၁) | |
• စုစုပေါင်း | ၃၈၄၃၄ |
• သိပ်သည်းမှု | ၁၅၀/km၂ (၄၀၀/sq mi) |
ဘာသာစကားများ | |
• ရုံးသုံး | Magadhi၊ ဟင်ဒီ |
အချိန်ဇုန် | အိန္ဒိယစံတော်ချိန် (UTC+5:30) |
ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိကြရာ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်ဟု တစ်နေရာရာကို ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲ ဖြစ်သည်။ ဗုဒ္ဓဝါဒီတို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်
အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။ တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။
ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြော်ဖွယ်ရာများတွင် ပါဝင်ကြသည်။
အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း (မဟာဗောဓိ စေတီတော်မှ အရှေ့မြောက်ဘက် နေရဉ္စရာမြစ်၏ အရှေ့ဘက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်သည်။
ဂေါတမမြတ်စွာဘုရား လောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီး နှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခုကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွားနီပေါနိုင်ငံ လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ ဘီစီ (၅၈၈) တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သည်။ သက်တော် ၂၉ နှစ် (ဘီစီ ၅၉၄) မှ သက်တော် ၃၅ နှစ် (ဘီစီ ၅၈၈) ၆ နှစ် တိုင်တိုင် တရားရှုမှတ်ခြင်း ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ (၅၈၈) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည်ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို ကျင့်ပြီးလျှင်(ဘီစီ ၅၈၈) ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဗောဓိပင် ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင်အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။
မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။ မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ အသောက ခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။
မဟာဗောဓိစေတီတော်သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍ သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင် တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ် စေတီဖြစ်သည်။ သီရိဓမ္မာ သောကမင်းကြီး၏နောက် ဗုဒ္ဓဘာသာဝင် မင်းများက ထပ်မံမွမ်းမံကြ၍ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာဘုရင် မင်းတုန်းမင်း၏ အလိုတော်အရ ဗြိတိသျှအစိုးရက မွမ်းမံပြင်ဆင်ပေးခဲ့သည်။ အိန္ဒိယ အစိုးရလက်ထက်တွင် ဘုရားကျောင်းကန် အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပေးသည်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှသည်။ စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။
၂၀၀၂ ခုနှစ်တွင် မဟာဗောဓိစေတီကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။
ဗုဒ္ဓဘာသာဝင် ဘုရားဖူးများ ဗုဒ္ဓဂါယာ၌ အဓိက ဖူးမြော်ကြသော မဟာဗောဓိပင်သည် ပေတရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏ အနောက်ဘက်တွင် ရှိသည်။ မြတ်စွာဘုရားသခင်၏ ဖွားဖက်တော် တပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင်ကား မဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကို ခုတ်လှဲဖျက်ဆီးခဲ့သည်။ သို့သော် ထိုမဟာဗောဓိပင်၏ အမြစ်နေရာမှပင် ဗောဓိပင် တပင်ပေါက်လာသည်။ ထိုဗောဓိပင်သည်လည်း ၁၈၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ ထိုအချိန်က မဟာဗောဓိစေတီအား ဗြိတိသျှ အစိုးရအမိန့်ဖြင့် ပြင်ဆင်မွမ်းမံလျက်ရှိသော ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ်က မူလဗောဓိပင်နေရာ၌ လဲကျသွားသော ပင်မကြီးမှ အကိုင်းတကိုင်းကို ပြန်၍စိုက်ပျိုးထားခဲ့ရာ ယခုဖူးတွေ့ရသည့် မဟာဗောဓိပင်သည် ထိုဗောဓိပင်ပွား ဖြစ်လေသည်။
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ် အထားဆုံး နေရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ (Bodh Gaya) မဟာဗောဓိစေတီနှင့် အနီးတဝိုက်တွင် ၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၇ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၆ နာရီ နီးပါးတွင် အကြမ်းဖက်သမားများ၏ ဗုံးပေါက်ကွဲမှု ၄ ခု ဆက်တိုက် ဖြစ်ခဲ့သည်။ မဟာဗောဓိစေတီ အနီးဝန်းကျင်ရှိ နေရာများတွင်လည်း နောက်ထပ် ဗုံး ၅ လုံးခန့် ထပ်မံ ပေါက်ကွဲခဲ့သည်။ ဗုံးများသည် ချိန်ကိုက်ဗုံးများဖြစ်ကာ၊ တလုံးနှင့်တလုံး ၅ မိနစ်ခန့် ခြားပြီး ပေါက်ကွဲသည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့် မြန်မာ ဆရာတော် တစ်ပါး၊ တိဘက် ဘုန်းတော်ကြီး တစ်ပါးနှင့် ဒေသခံ ၅ ဦးခန့် ဒဏ်ရာ ရရှိသွားသည်။ မပေါက်ကွဲသေးသော နောက်ထပ် ဗုံး ၂ လုံးကိုလည်း ဗုဒ္ဓဂါယာနယ်မြေထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အိန္ဒိယအစိုးရမှ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ဖော်ပြလိုက်ပြီး၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမှ ဤဖေါက်ခွဲမှု အပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။ အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ နှင့် သီရိလင်္ကာနိုင်ငံ သမ္မတ မာဟင်ဒါ ရာဂျာ ပါကစ တို့ကလည်း ဗုဒ္ဓဂါယာ မဟာဗောဓိစေတီ အနီးတဝိုက် ဗုံးပေါက်ခွဲအကြမ်းဖက်မှုအပေါ် (cowardly attack) အဖြစ်ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဗုံးပေါက်ကွဲအကြမ်းဖက်မှုများ ဖြစ်ခဲ့ပြီး နောက်တစ်နေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဂါယာက ဈေးဆိုင်တွေ အားလုံး ပိတ်ထားခဲ့ကြသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဗုဒ္ဓဂါယာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.