ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (လူအမည် ဂေါ်ဟဲ မာရီယို ဘာဂိုဂလီယို မွေးရက် ဒီဇင်ဘာ ၁၇ ၊ ၁၉၃၆) သည် ကက်သလစ် ဘုရားကျောင်းတော်၏ ၂၆၆ ဦးမြောက်နှင့် လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ အခြားဘွဲ့များအနေနှင့် ရောမ၏ ဘစ်ရှော့ နှင့် ဗာတီကန်စီးတီးနိုင်ငံ ၏ ဘုရင် ဖြစ်သည်။ ဖရန်စစ်ဟူသော အမည်ကို ရွေးချယ်ရခြင်းမှာ ခရစ်ယာန် သူတော်စင် စိန့်ဖရန်စစ်(စ်) ကို ဂုဏ်ပြု၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဖရန်စစ်သည် ဂျေရှုဂိုဏ်း၏ ပထမဆုံး ၊ အမေရိကားတိုက်မှ ပထမဆုံး၊ တောင်ကမ္ဘာခြမ်းမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပြီး ၈ ရာစုတွင် အုပ်ချုပ်ခဲ့သော ပုပ်ရဟန်းမင်းကြီး ဂရေဂရီ ၃ ပြီးလျှင် ဥရောပ ပြင်ပမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် | |
---|---|
ပုပ်ရဟန်းမင်းကြီးအား ၂၀၁၅ တွင် တွေ့ရပုံ | |
ဘာသာ | ခရစ်ယာန်ဘာသာ |
ဘာသာအုပ်စု | ရိုမန်ကတ်သလစ် |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား/လူမျိုး | အာဂျင်တီးနား (ဗာတီကန်နိုင်ငံသား) |
မွေးဖွား | ဖလော်ရက်စ်၊ဗျူနိုအေးရိစ်မြို့၊အာဂျင်တီးနားနိုင်ငံ | ၁၇ ဒီဇင်ဘာ၊ ၁၉၃၆
လက်မှတ် |
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ တွင် မွေးဖွားခဲ့ပြီးနောက် ဘာသာရေး ကျောင်းတွင် တက်ရောက်ဆည်းပူးမှု မပြုမီတွင် ဓာတုဗေဒ ကျွမ်းကျင်ပညာရှင် နှင့် နိုက်ကလပ်ဘောက်ဆာ အဖြစ် ခဏတာမျှ လုပ်ကိုင်ခဲ့ဖူးသည်။ ၁၉၆၉ ခုနှစ်တွင် ကက်သလစ် ဘုန်းကြီး ဖြစ်လာခဲ့ပြီး ၁၉၇၃ ခုမှ ၁၉၇၉ ခုနှစ် အထိ အာဂျင်တီးနားရှိ ယေရှုအသင်းတော် (ဂျေရှု) တွင် ဒေသဆိုင်ရာ အကြီးအကဲ ဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဗျူနိုအေးရိစ်၏ အာ့ခ်ဘစ်ရှော့ ဖြစ်လာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ မှ ကာဒီနယ် အဖြစ် ချီးမြှင့်ပေးခဲ့သည်။ ၂၀၀၁ ခုနှစ် အာဂျင်တီးနား အဓိကရုဏ်း အတွင်း အာဂျင်တီးနား ဘုရားကျောင်းကို ဦးဆောင်ခဲ့ပြီး နက်စတာကစ်ချနာ နှင့် ခရစ်စတီးနား ဖာနန်ဒတ်စ်ဒီကစ်ချနာ အစိုးရမှ သူ့အား နိုင်ငံရေး ပြိုင်ဘက် တစ်ဦး အနေနှင့် သတ်မှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ပုပ်ရဟန်းမင်းကြီး ဘယ်နဒစ် ၁၆ နုတ်ထွက်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲမှ ဘာဂိုဂလီယိုအား မတ်လ ၁၃ ရက်တွင် ဆက်ခံသူ အနေနှင့် ရွေးချယ်ခဲ့သည်။
၎င်း၏ ဘဝတစ်လျှောက်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နှိမ့်ချစွာ နေထိုင်မှု၊ ဘုရားသခင်၏ မေတ္တာတော် အပေါ်တွင် အလေးအနက်ထားမှု၊ ဆင်းရဲသားတို့အတွက် ငဲ့ကွက်မှုနှင့် ဘာသာအချင်းချင်းကြား ဆက်ဆံရေး တို့နှင့် ပတ်သက်၍ လူသိများ ထင်ရှားသည်။ ထို့အပြင် ပုပ်ရဟန်းမင်းကြီး ဖြစ်နေစဉ်ကာလတွင် သူ၏ ရှေ့ ပုပ်ရဟန်းမင်းကြီးများကဲ့သို့ အစဉ်အလာအတိုင်း နေထိုင်ခြင်း မပြုသူ အဖြစ်လည်း လူသိများကြသည်။ ဥပမာအားဖြင့် သူ၏ ရှေ့အစဉ်အဆက် ပုပ်ရဟန်းမင်းကြီးများနေထိုင်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ နန်းတော်ရှိ အခန်းဆောင်တွင် နေထိုင်ရမည့် အစား စိန့်မာသာ တည်းခိုဆောင်၌သာ နေထိုင်သည်။ ထို့ပြင် ဂျေရှုနှင့် အစ်ဂနေးရှန်း အယူဝါဒအမြင်အတိုင်း အဆောင်အယောင်အခမ်းအနားများထက် ရိုးရှင်းသော အဝတ်အစားများကို ပိုမိုနှစ်သက်တတ်သည်။ ပုပ်ရဟန်းမင်းကြီး အဖြစ် ရွေးချယ်ခံရပြီးနောက် ရိုးရာ မိုဇက်တာ ဝတ်ရုံကို ဝတ်ဆင်ရန် ငြင်းပယ်ခဲ့ပြီး လက်စွပ်ကိုလည်း ရွှေလက်စွပ်အစား ငွေလက်စွပ်ကိုသာလျှင် ရွေးချယ်ခဲ့ကာ ကာဒီနယ် ဖြစ်စဉ်က အသုံးပြုခဲ့သော လက်ဝါးကပ်တိုင်ကိုသာလျှင် ဆက်လက် အသုံးပြုခဲ့သည်။ သူ့အနေနှင့် ဘုရားကျောင်းတော်သည် ပိုမိုပွင့်လင်းပြီး အများကို လှိုက်လှဲစွာကြိုဆိုသင့်သည်ဟူသော အမြင်ကို စွဲကိုင်ထားသည်။ ၎င်းသည် အထိန်းအကွပ် မရှိသော အရင်းရှင်စနစ်၊ မာ့ခ်ဝါဒ နှင့် မာ့ခ်တို့စွဲကိုင်သော လိုင်ဘရေးရှင်း ကျမ်းစာကို မထောက်ခံပေ။ ဖရန်စစ်သည် ဘုရားကျောင်းတော်နှင့် ပတ်သက်သော ကိုယ်ဝန်ဖျက်ခြခြင်း၊ လူမှုရေးရာ သင်ကြားခြင်း၊ အမျိုးသမီးများအား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း နှင့် သာသနာ့ဝန်ထမ်းများ လိင်မှုကိစ္စရှောင်ကြဉ်ခြင်းတို့တွင် ရိုးရာအမြင်ကို စွဲကိုင်ထားသည်။ သူသည် စားသုံးသူဆိုင်ရာဝါဒ၊ အထိန်းအကွပ်မဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ဆန့်ကျင်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ခြင်းကို ထောက်ခံသည်။ နိုင်ငံတကာ သံတမန်ရေးရာ ကဏ္ဍတွင် အမေရိကန် နှင့် ကျူးဘားနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ဖြစ်ပေါ်ရန် အကူအညီ ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အမောရစ် လဲတီတာ စာတမ်းကို ထုတ်ဝေပြီးနောက် တရားဥပဒေအတိုင်း ကွာရှင်းပြတ်စဲပြီး ပြန်လည်လက်ထပ်ထားသော ကက်သလစ်ဘာသာဝင်များကို ကွန်မျူနီယံပွဲတွင် လက်ခံခြင်းနှင့် ပတ်သက်၍ ရှေးရိုးစွဲများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ပုပ်ရဟန်းမင်းကြီး ဖရန်စစ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.