ပိဋကတ် သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပာယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုကြသည်။ ဂေါတမမြတ်စွာဘုရား၏ အနေကဇာတိသံသာယံ အစချီကာ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန် စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒဂ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒဂ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဠာဘိဉာရဟန္တာအရှင်မြတ် အပါး ၅၀၀ က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါသည်။
ထို(ဗုဒ္ဓဝစန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ဝိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြား ဆုံးမချက်များကို `ဝိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓဝစနများကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ဝိနယမှ ကြွင်းသော ဗုဒ္ဓဝစနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်သည်။
"ပိဋက" ဟူသောအသုံးသည် ပါဠိဝေါဟာရဖြစ်သည်။ မူလ အဓိပ္ပာယ်မှာ "ခြင်း၊ တောင်း" ဟု အဓိပ္ပာယ်ရသည်။ "ဗုဒ္ဓဝစန" တို့ကို "ပိဋက" ဟူသော အသုံးနှင့် တွဲဖတ်ခေါ်တွင်ခြင်းနှင့် ပတ်သက်၍ အယူအဆ နှစ်မျိုးရှိသည်။
၄၅ ဝါအတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသည့် တရားစကားတော်များကိုလည်းကောင်း ထို ၄၅ ဝါအတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို လည်းကောင်း ပါဠိတော်(စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြလေသည်။ ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မှုပြုတော်မှုကြသည့် အရှင်မြတ်တို့က-
ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူကြသည်။
တနည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။
စုစုပေါင်း (၄၉) ကျမ်း ဖြစ်သည်။
ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့်
သုတ္တန်ပိဋကတွင် ၂၁၀၀၀၊
ဝိနည်းပိဋကတ်တွင် ၂၁၀၀၀၊
အဘိဓမ္မာ ပိဋကတ်တွင် ၄၂၀၀၀ စုစုပေါင်း ဓမ္မ ခန္ဓာပေါင်း ၈၄ဝဝဝ ရှိသည်။
ဝိနယပိဋက၌ အပိုင်းသုံးပိုင်းရှိသည်။ ကျမ်းအရေအတွက်အားဖြင့် ငါးကျမ်းဖြစ်သည်။ မူလအရင်းအမြစ်သည် ပါတိမောက္ခဖြစ်၏။ ပါတိမောက္ခဟူသည် ရဟန်းတော်များ၏ သိက္ခာပုဒ်များနှင့် ၎င်းတို့ကို ကျူးလွန်လျှင် သင့်ရောက်မည့် အာပတ်များကို ကုစားနည်းနှင့်တကွ ဖော်ပြထားသော ကျမ်းဖြစ်သည်။
နိကာယ်ဟူသော စကားမှာ နိကာယဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ အပေါင်းအစုဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို နိကာယ် ငါးရပ် ဟုခေါ်သည်။
ထိုနိကာယ်ငါးရပ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်-
လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။
ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ တတိယသင်္ဂါယနာတင်ပြီးချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ အသောကမင်းကြီးလက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ ဂျိန်းရဟန်း၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားချောင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။
ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခတ်အခဲရှိလာကာ ဥပုပ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုပ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုပ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ "မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း" ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ "ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။
ထိုသို့အသောကမင်းကြီး စိစစ်ပြီးနောက်၊ ဒုတိယအဆင့်အဖြစ် အရှင်မောဂ္ဂလိပုတ္တတိဿကိုယ်တိုင် ရဟန်းတော်များကို မေးမြန်း စိစစ်ကာ ထေရဝါဒီစစ်စစ်များကိုသာ ရွေးချယ် လက်ခံခဲ့သည်။ ထိုသို့ အရှင်မြတ် အသေးစိတ်မေးမြန်းစိစစ်ရာ၌ ဝါဒတစ်ခုချင်းကို အပြန်အလှန်အမေးအဖြေပြုကာ စိစစ်ဖယ်ထုတ်တော်မူခဲ့သည်။ ဤသို့ အခြားဂိုဏ်းသားများ၏ အယူဝါဒများမှားယွင်းပုံကို အရှင်မြတ် ထောက်ပြဝေဖန်သည့်ကျမ်းကို ကထာဝတ္ထုပါဠိတော်ဟု ခေါ်သည်။
အသောကမင်းကြီးနောက်မင်း (၆) ဆက်မြောက်၌ သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏစစ်သူကြီးသည် ဘုရင်ကို လုပ်ကြံကာ ထီးနန်းရယူပြီး သုင်္ဂမင်းဆက်ကို တည်ထောင်ခဲ့သည်။ မောရိယမင်းဆက်ပျက်သုဉ်းပြီးနောက်၊ သုင်္ဂမင်းဆက် ပေါ်ထွက်လာသောအခါတွင်၌မူ ဂရိအနွယ်ဝင်တို့ ပြန်လည်ခေါင်းထောင်လာကာ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ထူထောင်လာကြသည်။ ထိုဂရိအနွယ်ဝင်မင်းများအနက် သာသနာသက္ကရာဇ် (၅၀၀) ခန့်၌ ပေါ်ပေါက်ခဲ့သော မိလိန္ဒမင်းသည် ထင်ရှားခဲ့သည်။ မိလိန္ဒမင်းသည် ဗုဒ္ဓဘာသာကို စူးစမ်းသည်။ စိတ်ဝင်စားသည်။ မိမိမရှင်းသော အချက်များ၊ ရှေ့နောက်မညီဟု ယူဆသော အကြောင်းအရာများကို ရဟန္တာအရှင်မြတ် အရှင်နာဂသေနအား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏အမေးတို့ကို ထေရဝါဒအမြင်ဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ ထိုမိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေတို့ကို မှတ်တမ်းတင်ထားသည့် ကျမ်းကို မိလိန္ဒပဉှာပါဠိတော်ဟု နောင်တွင်ခေါ်ခဲ့ကြသည်။
မိလိန္ဒပဉှာကျမ်းမှာ ထေရဝါဒနှင့်မတူသော အယူအဆများ၊ ထေရဝါဒအပေါ် သံသယဝင်သောအချက်များကို အရှင်နာဂသေနက ဖြေရှင်းပြထားသော ကျမ်းဖြစ်သည်။ တနည်းဆိုရသော် ထေရဝါဒ ဆက်လက်တည်တံ့နိုင်အောင် အားထုတ်ထားသော ကျမ်းပင် ဖြစ်သည်။ ဤကျမ်းကို အဋ္ဌကထာဆရာကြီးများက ပိဋကတ်တော်ကျမ်းများကဲ့သို့ပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ မျက်မှောက်ကာလတွင် ထေရဝါဒနိုင်ငံများ၌ ဤကျမ်းကို ခုဒ္ဒကနိကာယ်ပါဠိတော်ကျမ်းတစ်ဆူအဖြစ် အသိအမှတ်ပြုထားကြသည်။
ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။
ပိဋကတော်၏ အင်္ဂါ ၉-ပါး။။ ၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။
ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုတ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။
(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။
(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။
မှတ်ချက်။။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိသော်လည်းကောင်း၊ နိဿရဏတ္ထပရိယတ္တိ သော်လည်းကောင်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိကပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။
သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖော်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း။ဋ္ဌ။ ပ။ ၁၉။ ၂၀။ ဒီ။ဋ္ဌ။ ပ။ ၂၁။ မ။ဋ္ဌ။ ဒု-၁၃။ အဘိ။ဋ္ဌ။ ပ။ ၁၉။ သာရတ္ထ။ ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။
အဖြေကား ဂဏန်းနှင့်တွဲ၍ ဖော်ပြထားသော အောက်ပါ အက္ခရာတို့ ဖြစ်ကုန်၏၊ + ခေါ် ကြက်ခြေ ၂-လုံးပြကား သက္ကတကျမ်းလာ ရေဖများဖြစ်၍ မြန်မာအက္ခရာနှင့် မဆိုင်ဟု မှတ်၊ အက္ခရာသင်္ချာ ယူနည်း ဂါထာ၊
ကာဒိ, ဋာဒိ, ယကာရာဒိ၊ နဝသင်္ချာ ပကာသိတာ။
ပ, ကာရာဒိ ပဉ္စသင်္ချာ၊ သုညာနာမ ည, န, သရာ။
၁--- ၂--- ၃--- ၄--- ၅--- ၆--- ၇---- ၈--- ၉--- ၀
က-- ခ---ဂ--- ဃ---င--- စ--- ဆ--- ဇ--- ဈ--- ည
ဋ--- ဋ္ဌ---ဍ---- ဎ---ဏ--တ---ထ--- ဒ--- ဓ---- န
ပ--- ဖ---ဗ----ဘ---မ -- ...--- ...---...---...----...
ယ-- ရ--လ----၀---+----+ ----သ---ဟ---ဠ--- အ
This article uses material from the Wikipedia မြန်မာဘာသာ article ပိဋကတ် သုံးပုံ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.