ဘရက်ပစ်

ဝီလျံ ဘရက်ဒလေပစ် (၁၈ ဒီဇင်ဘာ ၁၉၆၃ မွေးဖွား) သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ ဆုတံဆိပ်ပေါင်း များစွာနှင့် ဆန်ကာတင် အမည်စာရင်းတင်သွင်းမှုပေါင်းများစွာ လက်ခံရရှိခဲ့ရာ သူ၏ ကိုယ်ပိုင် ကုမ္ပဏီ Plan B ဖျော်ဖြေရေးလုပ်ငန်း၏ ထုတ်လုပ်သူအဖြစ် ရရှိသော အကယ်ဒမီဆုလည်း ပါဝင်သည်။

ဘရတ်ပစ်
Pitt smiling
အောက်တိုဘာ ၂၀၁၄၌ ဝါရှင်တန် ဒီစီ ၊ Fury ရုပ်ရှင်အထူးပွဲတွင် တွေ့ရသော ပစ်
မွေးဖွားဝီလျံဘရက်ဒလေပစ်
(၁၉၆၃-၁၂-၁၈) ဒီဇင်ဘာ ၁၈၊ ၁၉၆၃ (အသက် ၆၀)
Shawnee, အိုကလာ ဟိုးမား , ယူအက်စ်
နိုင်ငံလူမျိုးအမေရိကန်
မိခင်ကျောင်းကစ်ကပူး အထက်တန်းကျောင်း
မစ်ဇူရီ တက္ကသိုလ်
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင် ၊ ပလန် ဘီ အန်တာတိန်းမန့် ထုတ်လုပ်ဖြန့်ချိသူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၇ - ယနေ့တိုင်
ထင်ရှားသည့်
လုပ်ဆောင်မှု
ရုပ်ရှင်ဇာတ်ကားများ
ဇာတိစပရင်းဖီးလ် ၊ မစ်ဇူရီ, ယူအက်စ်
ကြွယ်ဝမှုဒေါ်လာ သန်း ၂၄၀
သားသမီး
ဆွေမျိုးသားချင်း
  • ဒေါက်ဂလပ်စ် ပစ် (ညီ)
  • ဂျူးလီ ပစ် နီးလ် (ညီမ)

ခရီးသွားရုပ်ရှင် Thelma & Louise (၁၉၉၁) တွင် လမ်းကြုံကားလိုက်စီးသူ ကောင်းဘွိုင်အဖြစ်နှင့် ပထမဦးဆုံး သတိထားအသိအမှတ်ပြုမှု ရရှိခဲ့သည်။ ငွေကြေးအကုန်အကျခံရိုက်ကူးသောဇာတ်ကားများတွင် အဓိကသရုပ်ဆောင်အနေဖြင့် ကနဦး၌ အလွမ်းအဆွေးဇာတ်လမ်း A River Runs Through It (၁၉၉၂) နှင့် Legends of the Fall (၁၉၉၄), နှင့် ထိတ်လန့်သည်းဖိုရုပ်ရှင် Interview with the Vampire (၁၉၉၄) တို့တွင် သရုပ်ဆောင်ခဲ့သည်။ မှုခင်းဇာတ်လမ်း Seven နှင့် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း 12 Monkeys (၁၉၉၅) တို့ဖြင့် ချီးကျူးမှုခံခဲ့ရရာ ဒုတိယဇာတ်လမ်းတွင် ဇာတ်ပို့သရုပ်ဆောင် အနေဖြင့် ရွှေကမ္ဘာလုံးဆု အပြင် အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့သည်။ .

ဂိုဏ်းဂဏဆိုင်ရာ ဇာတ်လမ်း Fight Club (၁၉၉၉) ၊ ခိုးဝှက်မှုဇာတ်လမ်း Ocean's Eleven (၂၀၀၁) နှင့် ၎င်း၏ကားဆက် Ocean's Twelve (၂၀၀၄) နှင့် Ocean's Thirteen (၂၀၀၇)တို့တွင် သရုပ်ဆောင်ခဲ့သည်။ သူ၏ စီးပွားရေးအရအောင်မြင်မှု အကြီးဆုံးဇာတ်လမ်းများမှာ Troy (၂၀၀၄) ၊ Mr. & Mrs. Smith (၂၀၀၅) နှင့် World War Z (၂၀၁၃) တို့ဖြစ်သည်။ The Curious Case of Benjamin Button (၂၀၀၈) နှင့် Moneyball (၂၀၁၁)တို့၏ အဓိသရုပ်ဆောင်နေရာ ဖြင့် ဒုတိယနှင့် တတိယမြောက် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သည်။ သူထုတ်လုပ်သော The Departed (၂၀၀၆) နှင့် 12 Years a Slave (၂၀၁၃) တို့ဖြင့် အကောင်းဆုံးဇာတ်ကား အကယ်ဒမီဆုကို ရရှိခဲ့သည့်အပြင် The Tree of Life ၊ Moneyball နှင့် The Big Short (၂၀၁၅)တို့ သည်လည်း အကောင်းဆုံး ဇာတ်ကား ဆန်ကာတင်စာရင်းဝင်ခဲ့သည်။

လူသိများသူတစ်ဦးဖြစ်သူ ပစ်ကို အမေရိကန်သရုပ်ဆောင်ဖျော်ဖြေရေးလောက၏ လွှမ်းမိုးနိုင်မှုနှင့် တိက္ကမအရှိဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ် မီဒီယာလုပ်ငန်းအသီးသီး၏ ညွှန်းဆိုမှုကို နှစ်ပေါင်းများစွာရရှိခဲ့ရာ ပုဂ္ဂိုလ်ရေးဘဝပါ လူအများအာရုံစိုက်မှု ခံခဲ့ရသည်။ သရုပ်ဆောင်မင်းသမီး ဂျနီဖာအန်နစ္စတန်နှင့် အိမ်ထောင်သက် (၅) နှစ်ရပြီးနောက် ကွာရှင်းပြတ်စဲခဲ့သည်။ သရုပ်ဆောင် မင်းသမီး အန်ဂျလီနာဂျိုလီနှင့် ၂၀၁၄ တွင် လက်ထပ်ခဲ့သည်။ ၎င်းတို့နှစ်ဦးတွင် သားသမီး (၆) ဦးရှိသည့်အနက် သုံးဦးကို တိုင်းသိပြည်ကျော် လူသိရှင်ကြား မွေးစားခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် ပစ်နှင့် ကွာရှင်းခွင့်ရရန် ဂျိုလီက လျောက်ထားခဲ့ရာ ယခုအချိန်ထိ ဆိုင်းငံ့ဆဲဖြစ်သည်။

ငယ်ဘဝ

ဝီလျံ ဘရက်ဒလေ ပစ် ကို အိုကလာဟိုးမားပြည်နယ် Shawnee တွင် ထရပ်ကားကုမ္ပဏီပိုင်ရှင် ဝီလျံအယ်လ်ဗင်ပစ်နှင့် ဂျိန်းအက်တာ (née Hillhouse) ကျောင်းအတိုင်ပင်ခံတို့က မွေးဖွားခဲ့သည်။ မကြာမီ မစ်ဇူရီပြည်နယ် စပရင်းဖီးလ်သို့ တမိသားစုလုံး ပြောင်းရွှေ့ခဲ့ပြီး ညီဖြစ်သူ ဒေါက်ဂလပ်စ် (၁၉၉၆ မွေးဖွား) နှင့် ညီမဖြစ်သူ ဂျူးလီ (၁၉၆၉ မွေးဖွား) တို့နှင့် အတူနေထိုင်ခဲ့သည်။ ရှေးရိုးဆန်သည့်အိမ်ထောင်စုတွင် မွေးဖွားခဲ့သည့် အားလျော်စွာ တောင်ပိုင်း နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်မှု ခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် ဘာသာရေးနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိ ၊ ဘာသာမဲ့ ဝါဒ နှင့် ဒေဝဒွိဟဝါဒကြား လွန်ဆွဲနေခဲ့ကြောင်း သူကိုယ်တိုင်ပြောကြားခဲ့သည်။ စပရင်းဖီးလ်အရပ်ကို မာ့ခ်တွိန်းကျေးလက်ဒေသ ၊ ဂျက်စီဂျိမ်းစ် ကျေးလက် ဒေသအဖြစ် ဖော်ညွှန်းပြီး တောင်ကုန်းများစွာ ရေကန်ပေါင်းများစွာ တို့နှင့် ရင်းနှီးကြီးပြင်းခဲ့သည်ဟု ပစ်က ဆိုသည်။

ပစ်သည် Kickapoo အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး ဂေါက်သီးရိုက်ရေကူးနှင့် ကြက်တောင်အသင်းဝင် တစ်ဦးဖြစ်သည်။ ခေါင်းဆောင်မှုအရည်အသွေး နှင့် မိန့်ခွန်းပြောဆိုခြင်းဆိုင်ရာ ကလပ်အသင်းများ ၊ ကျောင်းစကားရည်လုပွဲ နှင့် အဆိုအကပြဇာတ်များတွင် ပါဝင်ခဲ့သည်။ အထက်တန်းကျောင်းပြီးဆုံးသည့်နောက် ၁၉၈၂ ခုနှစ်တွင် မစ်ဇူရီတက္ကသိုလ်၌ ကြော်ငြာဘာသာရပ်အထူးပြု စာနယ်ဇင်းပညာ သင်ကြားရန် လျှောက်ထားခဲ့ သည်။ ဘွဲ့ရယူရန်နီးကပ်လာသည်နှင့်အမျှ အတည်တကျဖြစ်ရန် အသင့်မဖြစ်သေးဟု ပစ်ခံစားလာရသည်။ "တခြားကမ္ဘာရဲ့ မုဒ်ဦး" အမည်ရ ရုပ်ရှင် ဇာတ်ကားများကို မြတ်နိုးနှစ်ခြိုက်သည်ဖြစ်ရာ မစ်ဇူရီပြည်နယ်ရှိ ၎င်းဇာတ်ကား ရိုက်ကူးလျက်ရှိသော နေရာသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ဘွဲ့ရရှိရန် နှစ်ပတ်အလိုတွင် တက္ကသိုလ်မှ ထွက်ခွါပြီး လော့စ်အိန်ဂျလိစ်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် သရုပ်ဆောင်အတတ်ပညာကို လေ့လာသင်ယူပြီး တဘက်မှ တောက်တိုမည်ရအလုပ်အကိုင်များ လုပ်ကိုင်ခဲ့သည်။ ဂယ်ရီအိုးလ်ဒ်မန်း ၊ ရှောင်ပဲန်း နှင့် မစ်ကီရူအာ့ခ်တို့ကို သူ၏ ဟီးရိုးသရုပ်ဆောင်များအဖြစ် အမည်တပ် ပြောဆိုခဲ့သည်။

တိုးတက်ကြီးပွားရေးလမ်းကြောင်း

၁၉၈၇-၁၉၉၃ ကနဦးလုပ်ဆောင်မှုများ

လော့စ်အိန်ဂျလိစ်မြို့တွင် အခြေချရန် ရုန်းကန်နေရစဉ်က သရုပ်ဆောင်နည်းပြ ရွိုင်းလန်ဒန်ထံမှ သင်ခန်းစာများ လေ့လာသင်ယူခဲ့သည်။ No Way Out ၊ No Man's Land နှင့် Less Than Zero ဇာတ်ကားများတွင် အမည်တပ်ဖော်ပြခြင်းမခံရသည့် ဇာတ်ကောင်အနေဖြင့် ၁၉၈၇ တွင် သရုပ်ဆောင်ပညာဖြင့်အသက်မွေးမှု စတင်ခဲ့သည်။ သူ၏ ပွဲဦးထွက် ရုပ်မြင်သံကြားဇာတ်လမ်းမှာ ၁၉၈၇ မေလတွင် NBC ရုပ်သံလိုင်း၏ ဇာတ်လမ်းတွဲ Another World တွင် နှစ်ခန်းဆက် ဇာတ်ရုပ်ဖြစ်သည်။ ယင်းတနှစ်တည်းမှာပင် နိုဝင်ဘာလ၌ ABC sitcom Growing Pains တွင် ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ နှင့် ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း လူကြည့်များချိန်ထုတ်လွှင့်သည့် CBS ရုပ်သံ၏ အပိုင်း (၄) ပိုင်းပါ ဇာတ်လမ်းတွဲ Dallas တွင် ချာလီဝေ့ဒ် (ရှာလိန်း မက်ကောလ်) ၏ ရည်းစားအဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်နှောင်းပိုင်းတွင် Fox ရဲ ဒရမ်မာ 21 Jump Street တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ယူဂိုဆလားဗီးယန်း - ယူအက်စ် ပူးတွဲထုတ်လုပ်ရေး၏ The Dark Side of the Sun (၁၉၈၈) တွင် အဓိကသရုပ်ဆောင်နေရာကို ပထမဦးဆုံးအကြိမ် ရရှိခဲ့ပြီး အရေပြားရောဂါအတွက် ကုထုံးရှာရန် Adriatic သို့ မိသားစု၏ ခေါ်ဆောင်သွားခံရသူ အမေရိကန်လူငယ်အဖြစ် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဇာတ်ကားကို ခရိုအေးရှန်း လွတ်လပ်ရေးစစ်ပွဲ ဖြစ်ပွားချိန် တွင် ချောင်ထိုးခံထားရသည်ဖြစ်ရာ ၁၉၉၇ ခုနှစ် မတိုင်မီထိ ထုတ်လွှင့်ပြသနိုင်ခြင်းမရှိပေ။ ၁၉၈၉ ခုနှစ်တွင် ပိတ်ကားထက်ပြသသော ရုပ်ရှင်ကားကြီး ၂ ကားတွင် ပါဝင်ခဲ့ရာ ဟာသဇာတ်လမ်း Happy Together တွင် ဇာတ်ပို့နေရာအဖြစ်လည်းကောင်း ကြောက်ရွံ့ချောက်ချားဖွယ်ဇာတ်လမ်းအမျိုးအစား Cutting Class တွင် အရေးပါသော အခန်းမှပါဝင်ခဲ့ပြီး ရုံတင်နိုင်ခဲ့သော ပစ်၏ ဇာတ်လမ်းများအနက်မှ ပထမဦးဆုံးဖြစ်သည်။ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများဖြစ်သော Head of the Class ၊ Freddy's Nightmares ၊ Thirtysomething နှင့် (ဒုတိယအကြိမ်အဖြစ်) Growing Pains တို့တွင် ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။

လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသော အနှိပ်စက်အညှင်းပန်းခံ ဆယ်ကျော်သက် တစ်ဦး၏ ဇာတ်ကြောင်းဖြစ်သည့် ၁၉၉၀ NBC ရုပ်သံဇာတ်လမ်းတွဲ Too Young to Die တွင် အိမ်ပြေး မိန်းကလေးငယ် (ဂျူးလိယက် လူးဝစ်စ် သရုပ်ဆောင်သည့်) ကို အခွင့်ကောင်းယူသည့် ဆေးသမား ဘီလီကန်တန် ဇာတ်ကောင်ဖြစ်သည်။ Entertainment Weekly ၏ ရုပ်မြင်ဝေဖန်သူ ကန်တခ်ခါ က "ပစ်ဟာ ကြောင်သူတော်အဖြစ်ရော ရည်းစားအနေနဲ့ပါ ပြောင်မြောက်လှပါတယ်။ John Cougar Mellencamp လို အန္တရာယ်ပေးနိုင်သူ ပုံပေါ်လှပါတယ်။ သူက အတော်လေးကြောက်စရာပဲ။" ယင်းတနှစ်တည်းတွင်ပင် ဇာတ်လမ်းတွဲ ၆ ခုသာ ပြသနိုင်ခဲ့သည့် Glory Days အမည်ရှိ မြေခွေးရုပ်ရှင်ကုမ္ပဏီ၏ ဒရမ်မာဇာတ်လမ်းတွဲ တွင် အပြိုင် သရုပ်ဆောင်အဖြစ်လည်းကောင်း၊ The Image အမည်ရ HBO တီဗီဇာတ်လမ်းတွဲတွင် ဇာတ်ပို့အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ Across the Tracks အမည်ရ ၁၉၉၁ ခုနှစ်ထွက် ရုပ်ရှင်တွင် ရစ်ခ်ရှော့ဒါသရုပ်ဆောင်သည့် ရာဇဝတ်ကောင်၏ညီ အထက်တန်းကျောင်းသား အပြေးသမား ဂျိုး မလုံးနီအဖြစ် ထပ်မံပါဝင်ခဲ့သည်။ တီဗီဇာတ်လမ်းတွဲများတွင် ဧည့်သရုပ်ဆောင် အဖြစ်သာမက ရုပ်ရှင်ဇာတ်ကားများတွင် ဇာတ်ပို့နေရာမှ နှစ်ပေါင်းများစွာ သရုပ်ဆောင်ပြီးနောက် ရိုင်ဒလေစကော့တ်၏ ၁၉၉၁ ခရီးသွား ရုပ်ရှင်ဇာတ်ကား သယ်လ်မာနှင့်လူဝီး တွင် ဇာတ်ပို့ခန်းမှပါဝင်ခဲ့ရာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံခဲ့ရသည်။ (မင်းသမီး ဂျီနာဒေးဗစ်စ်) သယ်လ်မာနှင့် သိကျွမ်းရင်းနှီးအောင် ကြိုးစားနိုင်ခဲ့သည့် သာမန်ရာဇဝတ်ကောင်ဇာတ်ရုပ် ဂျေဒီအဖြစ် သရုပ်ဆောင်ခဲ့သည်။ ၎င်းနှင့် ဒေးဗစ်စ်တို့၏ ချစ်ပွဲဝင်သည့်ဇာတ်ဝင်ခန်းကို ဘရတ်ပစ်အား လိင်ဆွဲအားပြင်း ဇာတ်ရုပ်အဖြစ် ပုံဖော်ခဲ့သည့် ဖြစ်ရပ်အနေဖြင့် မကြာခဏ ညွှန်းဆိုလေ့ရှိသည်။ သယ်လ်မာနှင့်လူဝီး ဇာတ်ကားနောက်တွင် ၁၉၉၁ ရော့ခ်စတားတစ်ဦးအကြောင်းရိုက်ကူးထားသည့် စရိတ်နဲ ရုပ်ရှင် ဂျော်နီဆွီဒ်၊ နှင့် ၁၉၉၂ စိတ်ကူးယဉ် အန်နီမေးရှင်းဇာတ်လမ်း Cool World တွင် ပါဝင်ခဲ့ရာ အရည်အသွေးညံ့တင်ပြသရုပ်ဆောင်မှုအဖြစ် သုံးသပ်အကဲဖြတ်မှု ရရှိခဲ့သည်။

၁၉၉၄ - ၁၉၉၈ အရေးပါသည့် အချိုးအကွေ့

ဘရက်ပစ် 
၂၀၀၇ ပလ်မ်းစပရင်း အင်တာနေရှင်နယ် ရုပ်သံပွဲတော်

၁၉၉၄ ခုနှစ်၌ ပစ်၏ သက်မွေးဝမ်းမှုလမ်းကြောင်းတွင် အရေးပါသည့် အချိုးအကွေ့ ပေါ်ပေါက်ခဲ့သည်။ အန်းရိုက်စ်၏ ၁၉၇၆ ဝတ္တုဇာတ်လမ်း အပေါ် အခြေခံသည့် ထိတ်လန့်ကြောက်ရွံ့ဖွယ် အမျိုးအစား သွေးစုပ်ဖုတ်ကောင်နှင့်အင်တာဗျူး - သွေးစုပ်ဖုတ်ကောင်မှတ်တမ်း ရုပ်ရှင်တွင် Louis de Pointe du Lac အမည်ရသွေးစုပ်ဖုတ်ကောင်အဖြစ်သရုပ်ဆောင်ခဲ့ပြီး ၎င်းနှင့်အတူ တွမ်ခရူးစ် ၊ ခရစ်စတ်ဒန့်စ်၊ ခရစ်စတင်းစလေတာနှင့် အန်တိုနီယိုဘန်ဒရက်စ်တို့လည်း ပါဝင်ခဲ့ သည်။ ၁၉၉၅ အခမ်းအနားတွင် အမ်တီဗီ ရုပ်ရှင်ဇာတ်ကားဆု ၂ ဆု သိမ်းပိုက်နိုင်ခဲ့သော်လည်းညံ့ဖျင်းသောသရုပ်ဆောင်မှုအဖြစ်သာ လက်ခံခဲ့ကြသည်။ ဒဲလတ်စ်စောင့်ကြည့်သူများ အဆိုအရ "ဘရတ်ပစ် [...] က [ဒီရုပ်ရှင်ကားမှာ] ပြဿနာရဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ။ မာနတခွဲသားနဲ့ ချောမောဖြောင့်တင်းတဲ့ သကောင့်သား စရိုက်ဘက်ခြမ်းကို ဒါရိုက်တာတွေ ရိုက်ပြတာက ကြည့်လို့တော့ ကောင်းပါရဲ့။ စိတ်တွင်းခံစားချက် ဒါမှမဟုတ် ကိုယ်ဘာလဲဆိုတာ သိကြောင်း ပြသ နိုင်တာ ဘာမှမပါတော့ ပျင်းစရာ Louis ဖြစ်နေတော့တာပဲ။" သွေးစုပ်ဖုတ်ကောင်နှင့်အင်တာဗျူး ဇာတ်ကားနောက်တွင် နှစ်ဆယ်ရာစုအစပိုင်း ဆယ်စုနှစ် လေးစုအတွင်း အမေရိကန်အနောက်အရပ်တွင် အခြေတည်သည့် ဂျင်မ် ဟာရီဆန်၏ ဝတ္တုပေါ် အခြေခံသည့် ရေတံခွန်၏ဒဏ္ဍာရီပုံပြင်များ (၁၉၉၄) တွင် သရုပ်ဆောင် ပြန်သည်။ ပြောင်းရွှေ့အခြေချသူ ကော်နစ်ရှ်လူမျိုး ဗိုလ်မှူးကြီး ဝီလျံလဒ်လိုး (အန်ထော်နီဟော့ပ်ကင်း) ၏ သား ထရစ်စတန်လဒ်လိုးအဖြစ် သရုပ်ဆောင်ခဲ့ရာမှ အကောင်းဆုံးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆု အမည်စာရင်းတင်သွင်းခံခဲ့ရသည်။ဧဒင်ကွင်း နှင့် ဟန်နရီထောမတ်စ်တို့က ပစ်၏ ညီအကိုများ အဖြစ် ပါဝင်ခဲ့သည်။ ယင်းဇာတ်ကားကို လက်ခံအားပေးမှုမှာ အမျိုးမျိုးအဖုံဖုံဖြစ်သော်လည်း ပစ်၏ သရုပ်ဆောင်မှုကို ရုပ်ရှင်အကဲဖြတ်များစွာက ချီးမွမ်းခဲ့သည်။ နယူးယော့ခ်တိုင်းမ် သတင်းစာမှ ဂျဲနက်မစလင်က "ပစ်ရဲ့ မဝံ့မရဲဖြစ်နေတဲ့ သရုပ်ဆောင်မှုနဲ့ အမူအရာက အသဲကျော်ဖြစ်လောက်အောင် ပြီးပြည့်စုံနေခဲ့ပေမဲ့လို့ ဇာတ်ကားက အပေါ်ယံရွှေမှုန်ကြဲဖြစ်နေတဲ့အတွက် ထင်သလောက်မပေါက်ခဲ့တာ စိတ်မကောင်းစရာပါဘဲ" လို့ ဆိုပါတယ်။ ရေတံခွန်၏ဒဏ္ဍာရီပုံပြင်များ က ပစ်ရဲ့ အဓိကသရုပ်ဆောင်အနေနဲ့ ဂုဏ်သတင်းကို ခိုင်မာလာစေလိမ့်မယ်လို့ Deseret News က နမိတ်ဖတ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ်တွင် မော်ဂန်ဖရီးမန်း ၊ ဂွင်းနက်သ်ပတ်ထရိုတို့နှင့်အတူ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကား ဆဲဗင်း တွင် ကွင်းဆက်လူသတ်သမားအား လိုက်လံစုံစမ်းသည့် စုံထောက်နေရာမှ သရုပ်ဆောင်သည်။ အလွန်ကောင်း သည့် ဇာတ်ကားဖြစ်ကြောင်းနှင့် ယင်းဇာတ်ရုပ်က သူ၏ သရုပ်ဆောင်အလားအလာကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ “ကောင်ချောလေးကနေ [...] ချို့ယွင်းချက်ရှိတဲ့ ကာရိုက်တာအဖြစ်" ပြောင်းလဲဖို့ ရည်ရွယ်ထားကြောင်း ထုတ်ဖော်ခဲ့သည်။ ၎င်း၏ သရုပ်ဆောင်မှုကို လက်ခံအားပေးမှုများစွာရရှိခဲ့ရာတွင် ပိတ်ကားထက်သရုပ်ဆောင်မှုတွေမှာ အကောင်းဆုံးဖြစ်ကြောင်းနဲ့ "ဆုံးဖြတ်ချက်ခိုင်မာ၊ တက်ကြွပြီးလေးစားစရာအလုပ်" အနေနဲ့ စုံထောက်တယောက်အဖြစ် ပစ်က လုပ်ပြနိုင်တဲ့ အရည်အသွေးကို Variety က အသိအမှတ်ပြုခဲ့သည်။ ဆဲဗင်း ဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ရုံများတွင် ပြသရာမှ ဒေါ်လာ၃၂၇သန်း ရရှိခဲ့သည်။ ဆဲဗင်း အောင်မြင်ပြီးနောက် တယ်ရီဂျီလီယံ၏ ၁၉၉၅ ခုနှစ် ရုပ်ရှင် မျောက် ၁၂ကောင် တွင် ဇာတ်ပို့သရုပ်ဆောင် ဂျက်ဖရီဂွိုင်းနေရာအား ပစ်က ရယူခဲ့သည်။ အကဲဖြတ်သုံးသပ်မှုကောင်းများရရှိခဲ့ပြီး ပစ်ကို အထူးတလည်ချီးမွမ်းကြသည်။ နယူးယော့ခ်တိုင်းမ်သတင်းစာမှ ဂျဲနက် မတ်စလင်းက မျောက် ၁၂ ကောင် ဇာတ်ကားကို "ကြောက်စရာ၊ စိတ်နှလုံးမသာယာဖွယ်ရာ" အဖြစ် ရည်ညွှန်းပြီး ပစ်ကိုတော့ "အသဲထိတ်စရာ ရူးကြောင်ကြောင် သရုပ်ဆောင်မှု" အဖြစ် မှတ်ချက်ပြုခဲ့သည်။ "ဇာတ်လမ်းနောက်ပိုင်းမှာ အရေးပါလာတဲ့ တမူထူးတဲ့ ညှို့ငင်ဆွဲဆောင်မှုတွေနဲ့ ဂျက်ဖရီဇာတ်ရုပ်ကို ပြည့်စုံစေခဲ့တယ်" ဟု ကောက်ချက်ချခဲ့သည်။ ] ယင်းဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင် ရွှေကမ္ဘာလုံးဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးဇာတ်ပို့ခေါင်းစဉ်ဖြင့် အကယ်ဒမီဆု ဆန်ကာတင်အမည်စာရင်း ပထမဆုံးအကြိမ်အဖြစ် တင်သွင်း ခံခဲ့ရသည်။

နောက်နှစ်တွင် လော်ရန်ဇိုကာကတ်တဲရာ၏ ဝတ္တုကို ပုံဖော်သည့် ဥပဒေရေးရာဒရမ်မာဇာတ်ကား အိပ်စက်ကြသူများ (၁၉၉၆) တွင် သရုပ်ဆောင်တနေရာရရှိခဲ့ပြန်သည်။ ယင်းဇာတ်ကားကို အမျိုးမျိုး အဖုံဖုံ ဝေဖန်သုံးသပ်ကြသည်။ ၁၉၉၇ ခုနှစ်ထွက် မိစ္ဆာမူပိုင် တွင် ဟာရစ်ဆန်ဖော့ဒ်၏ ဆန့်ကျင်ဖက်ဇာတ်ရုပ် အိုင်းရစ်ရှ်လူမျိုး ပြည့်သူတပ်မတော် အကြမ်းဖက်သမား ရိုရီဒဗန်နီအဖြစ်ပါဝင်ခဲ့ရာ အိုင်းရစ်ရှ် လေယူလေသိမ်းကို သင်ကြားခဲ့သည်။ သူ၏ လေယူလေသိမ်းနှင့် ပတ်သတ်၍ အကဲဖြတ်အမြင်များ ကွဲလွဲမှုရှိရာ "ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဒွိဟဖြစ်နေတဲ့လေသံပေါက်နေပေမဲ့လို့ အိုင်းရစ်ရှ်အသံထွက် က ယုံကြည်လာအောင် အတင်းလုပ်ယူထားတာကြောင့် သူဘာပြောနေသလဲဆိုတာ နားလည်ဖို့ခက်ခဲတယ်" လို့ ဆန်ဖရန်စ္စကို ခရော်နီကယ် က ဆိုသည်။ ချားလ်စတန်ဂေဇက်ကမူ ရုပ်ရှင်ထက် ပစ်၏ လေယူလေသိမ်းကို သဘောတွေ့တယ် ဟု ယူဆပြန်သည်။ မိစ္ဆာမူပိုင် ဇာတ်ကားက ကမ္ဘာတဝှမ်းတွင် စုစုပေါင်း ဒေါ်လာသန်း ၁၄၀ ရရှိခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိခဲ့ပေ။ နောက်နှစ်တွင် Jean-Jacques Annaud ၏ ရုပ်ရှင် တိဘက်ပြည်မှာ ၇နှစ်တာ တွင် ဩစတြီးယန်းတောင်တက်သမား ဟိုင်းနရစ်ဟားရာ အဖြစ် အဓိကနေရာမှ ဝင်ခဲ့သည်။ တွဲဘက်သရုပ်ဆောင် ဒေးဗစ်သူးလစ်စ်နှင့်အတူ ကယ်လီဖိုးနီယားပြည်နယ်တွင် ကျောက်တောင်တက်ခြင်း နှင့် ဥရောပ အဲ့လ်ပ် တောင်တက်ခြင်းများပါဝင်ရာ တောင်တက်အလေ့အကျင့် အထူးလိုအပ်ရာ ယင်းဇာတ်ရုပ်အတွက် လပေါင်းများစွာ လေ့ကျင့်ခဲ့ရ သည်။ ဇာတ်ကားနှင့် ပတ်သက်သည့် အကဲဖြတ် ရလဒ်အများစုမှာ ဆိုးဝါးသည့်အပြင် ယေဘုယျအားဖြင့် စိတ်ပျက်စရာကောင်းသည်ဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၉၈ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း ဂျိုးဘလက်ခ်နဲ့တွေ့ဆုံခြင်းတွင် အဓိကသရုပ်ဆောင်နေရာရရှိခဲ့သည်။ လူငယ်တစ်ဦး၏ ခန္တာကိုယ်တွင်း ဝင်ပူးပြီး လူသားဖြစ်ရသည်မှာ မည်သို့မည်ပုံရှိသည်ကို စူးစမ်းသည့် သေမင်းနေရာမှ သရုပ်ဆောင်သည်။ဇာတ်ကားပေါ်သုံးသပ်မှုများမှာ အမျိုးအမျိုးအဖုံဖုံဖြစ်ပြီး ပစ်၏ သရုပ်ဆောင်မှုကို ဝေဖန်ကြသည်။ ဆန်ဖရန်စစ္စကိုခရော်နီကယ်မှ မစ်ခ်လဆဲလ်၏ အဆိုအရ “သေခြင်းနဲ့ အဆုံးမဲ့ထာဝရဖြစ်မှုကြားက ရှုပ်ထွေး ဆန်းကြယ်မှုကို သူ့အနေနဲ့ သိမြင်နားလည်တယ်လို့ ပရိသတ်က ယုံကြည်လာအောင် ပစ် မစွမ်းဆောင်နိုင်ခဲ့ပေ။" ရော်ဂျားအဲဘတ်က "ပစ်က သရုပ်ဆောင်ကောင်း တယောက်ပါ၊ ဒါပေမဲ့ ဒီသရုပ်ဆောင်မှုက တော့ အတွက်မှားသွားတယ်"ဟုဆိုသည်။

၁၉၉၉-၂၀၀၃

၁၉၉၉ ခုနှစ်တွင် Chuck Palahniuk ၏ ဇာတ်လမ်းကို ဒေးဗစ်ဖင်ချာရိုက်ကူးသော Fight Club ရုပ်ရှင်ကား၌ တိုင်လာဒါဒန်အဖြစ်သရုပ်ဆောင်သည်။ ဇာတ်ဝင်ခန်းများအတွက် လက်ဝှေ့တိုက်ကွမ်ဒို နှင့် နပန်းတို့ကို လေ့ကျင့်ခဲ့သည်။ရှေ့သွား အနဲငယ် ဖဲ့ပစ်ရန် ပစ်က သဘောတူခဲ့ပြီး ဇာတ်ကားရိုက်ကူးပြီး နောက်ပိုင်းတွင်မှ ပြန်လည် အစားထိုးခဲ့သည်။ ကိုယ့်ရဲ့ ရန်လိုမှုကို တခြားသူအပေါ် ပုံချတာ မဟုတ်ဘဲ အတွေ့အကြုံရဖို့ ၊ များများအထိုးခံပြီးတဲ့အခါ ကိုယ်ဘယ်လိုဖြစ်လာသလဲ ဆိုတာကို ဒီရုပ်ရှင်က ဖော်ထုတ်ထားတာပါလို့ Fight Club ကို အရောင်းမြှင့်နေစဉ်တွင် ပစ်က ပြောကြားခဲ့သည်။ ၁၉၉၉ ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် အထူးပွဲပြသသည်။ ဇာတ်ကားတစ်ခုလုံးအား ဝေဖန်မှုများမှာ တက်တက်စင်အောင် ကွဲလွဲသော်လည်း ပစ်၏ သရုပ်ဆောင်မှုကို အထူးချီးမွမ်းကြသည်။ စီအန်အန် ရုပ်သံဌာနမှ ပေါလ်ကလင်တန်က အန္တရာယ်များသော်လည်း အောင်မြင်သည့်သဘာဝကို မှတ်ချက်ချသည်။ Variety က ပစ်၏ စွမ်းဆောင်ရည်ကို "သူရဲ့ ပေါက်ခဲ့တဲ့ ဇာတ်ကား သယ်လ်မာနဲ့လူဝီး ထက်ကို ခပ်မိုက်မိုက် ၊ ပီယရွှင်ပြီး လှုပ်ရှားသွက်လက်နေတယ်။" ပိတ်ကားထက်ပြသမှုမှာ မျှော်လင့်ထားတာထက် ပိုဆိုးရွားခဲ့သော်လည်း ၂၀၀၀ ခုနှစ်တွင် ဒီဗွီဒီ ဇာတ်ကားအဖြစ် ပြန်လည်ထုတ်ဝေရာ ဂိုဏ်းဂဏဆိုင်ရာ ဂန္ထဝင်ကားဖြစ်လာခဲ့သည်။

ဘရက်ပစ် 
၂၀၀၁ ခုနှစ် ဒီဇင်ဘာလက ပစ်

ဂိုင်းရိချီ၏ ၂၀၀၀ ခုနှစ် ဂန်းစတားရုပ်ရှင် အလစ်သုတ်ခြင်း တွင် နားလည်မလွယ်သည့် လေယူလေသိမ်းရှိသော အိုင်းရစ်ရှ်လူမျိုး ခြေသလုံးအိမ်တိုင် လက်ဝှေ့သမား အဖြစ်ပါဝင်သည်။ အလစ်သုတ်ခြင်း ဇာတ်ကားကို သုံးသပ်သူများက ဝေဖန်သော်လည်း ပစ်ကို အထူးချီးမွမ်းကြသည်။ ဆန်ဖရန်စ္စကိုခရော်နီကယ်မှ မစ်ခ်လဆဲလ်က “ဗြိတိသျှလူမျိုးတွေတောင် နားမလည်နိုင်လောက်အောင် လေသံဝဲတဲ့ အိုင်းရစ်ရှ်အဖြစ် သရုပ်ဆောင်ခဲ့တယ်” ၊ ဆက်ပြီး “ကိုယ့်ကိုကိုယ် ဆင်ခြင်ချုပ်တည်းထားရတဲ့ ဇာတ်ရုပ်တွေနဲ့ ခြေချုပ်မိနေခဲ့ရာက အမှောင်ဘက်ခြမ်း ၊ ဇာတ်အရွှင်ရုပ် ၊ လူဂရုစိုက်ခံမှုလိုချင်တဲ့ ဇာတ်ရုပ်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်” ဟုလည်းကောင်း ၊ ကျေးလက်အသံမှ အေမီတောင်ဘင်က “ဟာသဇာတ်ရုပ်ကနေ ရုပ်ပြောင် မိုင်ကုန်လုပ်ပြနိုင်ခဲ့ပါတယ်” ဟုပြောသည်။ နောက်နှစ်တွင် ဂျူလီယာရောဘတ်နှင့် တွဲဘက်ပြီး အချစ်ဟာသဇာတ်မြူး မက္ကဆီကန် တွင် ပါဝင်ခဲ့သည်။ ဇာတ်ကားကို ဝေဖန်သုံးသပ်မှုများစွာ ရှိခဲ့ပြီး ၂၀၀၁ တွင် ထွက်ရှိသော ဒေါ်လာ ၁၄၃ သန်းဝင်ငွေရ စစ်အေးကာလ သည်းထိတ်ရင်ဖိုဇာတ်ကား စပိုင်ဂိမ်းတွင် ရောဘတ်ဒ်ရတ်ဖို့၏ ဇာတ်ကောင်က လမ်းညွှန်သင်ကြားခြင်း ခံရသော စီအိုင်အေ အထူး လှုပ်ရှားရေး ဌာန၏ လျှို့ဝှက်အေးဂျင့် တွမ်ဘစ်ရှော့အဖြစ် သရုပ်ဆောင်သည်။ ဆလွန်းဒေါ့ကွမ်းမှ မာ့ခ်ဟောလ်ကုမ်းဘ်က ရုပ်ရှင်ကို အထူးနှစ်ခြိုက်သော်လည်း ပစ်ရော ရတ်ဒ်ဖို့ပါ “ပွဲကြည့်ပရိသတ်နှင့် ရင်ဘတ်ချင်းနီးအောင်” မလုပ်နိုင်ခဲ့ဟု မှတ်ချက်ပြုသည်။

၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရုပ်သံဇာတ်လမ်းတွဲ သူငယ်ချင်းများ အဋ္ဌမရာသီတွင် ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ရာ ထိုစဉ်က ဇနီးဖြစ်သူ ဂျနီဖာအန်နစ္စတန်၏ ဇာတ်ကောင် ရေချယ်ဂရင်းကို အငြှိုးထားသည့် အမျိုးသားအဖြစ် သရုပ်ဆောင်ခြင်းဖြစ်သည်။ဟာသဇာတ်လမ်းတွဲ ထူးချွန်ဧည့်သရုပ်ဆောင်ဆုနေရာအတွက် အမ်မီဆု ဆန်ကာတင်စာရင်းသွင်းခံခဲ့ရသည်။ ၂၀၀၁ ဒီဇင်ဘာတွင် မူရင်း ၁၉၆၀ ရတ်ပတ်ခ်ကို ပြန်လည်အသက်သွင်းသော အိုးရှင်းစ်နဲ့ ခိုးသား ၁၁ ယောက် ဇာတ်ကားတွင် ရတ်စတီရိုင်ယန်နေရာမှ ပါဝင်သည်။ ဂျော့ချ်ကလူးနီ ၊ မတ်ဒါမွန်၊ အန်ဒီဂါစီယာ နှင့် ဂျူလီယာရောဘတ်တို့နှင့် အတူပါဝင်ခြင်းဖြစ်သည်။ ယင်းဇာတ်ကားကို ဝေဖန်သူများက နှစ်ခြိုက်ကြသည့်အပြင် ပိတ်ကားထက်တွင်လည်း အောင်မြင်ခဲ့ရာ ကမ္ဘာတဝှမ်း၌ ဒေါ်လာ သန်း ၄၅၀ ရရှိခဲ့သည်။ ၂၀၀၂ ဖေဖော်ရီလတွင် အမ်တီဗွီ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ ဂျက်အက်စ် ၏ အပိုင်း ၂ ပိုင်းတွင် ပါဝင်ခဲ့ရာ အစပိုင်း၌ မျောက်ဝံဝတ်စုံ ဝတ်ဆင်ပြီး လော့စ်အန်းဂျလိစ် လမ်းများတလျှောက် သရုပ်ဆောင်ဘက်များနှင့် ပြေးလွှားနေပြီး ကျန် ၁ ပိုင်း၌ ကိုယ်တိုင်ကြံစည်သည့် အဓမ္မပြန်ပေးဆွဲမှုတွင် ပါဝင်သည်။ ယင်းနှစ်မှာပင် ဂျော့ချ်ကလူးနီ ပထမဆုံးပွဲဦးထွက် ရိုက်ကူးသည့် အန္တရာယ်များသူတစ်ဦး၏ ဖွင့်ဟဝန်ခံချက်များတွင် ဖြတ်လျှောက်အခန်းမှပါဝင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဒရင်းမ်ဝ့ခ်၏ အန်နီမေးရှင်းဇာတ်ကား ဆင်းဘတ် - သီတာခုနှစ်တန်ဒဏ္ဍာရီကားတွင် မည်ကာမတ္တဇာတ်ကောင်တစ်ဦးအနေဖြင့် ပထမဆုံး အသံသရုပ်ဆောင်သည်။ အန်နီမေးရှင်း ရုပ်သံဇာတ်လမ်းတွဲ တောင်တန်းတို့၏ ဘုရင် အပိုင်း ၁ ပိုင်းတွင် ဘွန်းမ်ဟောင်ဝါ၏ အကို ပတ်ချ် အဖြစ်ပါဝင်သည်။

၂၀၀၄-၂၀၁၃

၂၀၀၄ ခုနှစ်တွင် ပစ်အနေဖြင့် ထရွိုင် ဇာတ်ကားတွင် အားခီလိစ် နေရာမှလည်းကောင်း အိုးရှင်းစ်နဲ့ခိုးသား ၁၂ ယောက်တွင် ရပ်စတီရိုင်ယန်အဖြစ် ထပ်မံပါဝင်ခဲ့ရာ အဓိကသရုပ်ဆောင် ၂ နေရာ ရရှိခဲ့သည်။ အိလိယ့ဒ်ကို အခြေခံသော ထရွိုင်ဇာတ်ကားကို မရိုက်ကူးမီ ဓားရေးလေကျင့်မှုကို ၆ လ သင်ကြားခဲ့ရသည်။ ရိုက်ကွင်းတွင်း ရရှိသည့် ခြေဖနောင့်ကြွက်သား ဒဏ်ရာကြောင့် ဇာတ်ကားထုတ်လုပ်မှု ရက်သတ္တပတ်အနဲငယ်နောက်ကျခဲ့ရသည်။ ဝါရှင်တန်တိုင်းမ်စ် သတင်းစာမှ စတီဖန်ဟန်တာက ယင်းသို့ခက်ခဲသောအခန်းများတွင် ပစ်က အထူးကောင်းမွန်အောင် လုပ်နိုင်လေ့ရှိသည်ဟု ဆိုသည်။ ဂျနီဖာအန်နစ္စတန် ၊ ပါရာမောင့်တ် ရုပ်ရှင် အမှုဆောင်အရာရှိချုပ် ဘရတ်ဂရေးတို့နှင့် လွန်ခဲ့သည့် ၂ နှစ်က တည်ထောင်ခဲ့သော ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ပလန် ဘီ အင်တာတိန်းမန့်က ထရွိုင်ကို ပထမဆုံး ဇာတ်ကားအဖြစ် ထုတ်လုပ်ခြင်းဖြစ်သည်။ အိုးရှင်းစ်နဲ့ ခိုးသား ၁၂ ယောက်သည် ကမ္ဘာတဝှမ်းလုံးတွင် ဒေါ်လာ၃၆၂ သန်း သိမ်းပိုက်ခဲ့ပြီး ပစ်နှင့် ကလူးနီတို့အကြား လှုပ်ရှားသက်ဝင်မှုသည် “ပေါလ်နယူးမန်းနဲ့ ရောဘတ်ရတ်ဒ်ဖို့တို့ ပြီးကတည်းက အမျိုးသားအချင်းချင်း အပေးအယူအမျှဆုံး” ဟု စီအန်အန်မှ ပေါလ်ကလင်တန်က ဖော်ပြသည်။ ၂၀၀၅ ခုနှစ်တွင် ဒေါက်ဂ် လမန် ရိုက်ကူးသော ငြီးငွေ့စိတ်ကုန်နေသည့် လင်မယား ၂ ဦး မိမိတို့မှာ တယောက်နှင့် တယောက် သတ်ဖြတ်ရမည့် လုပ်ကြံသတ်ဖြတ်ရေးသမားများ ဖြစ်ကြောင်း ဖော်ထုတ်သိရှိသည့် အက်ရှင်ဟာသဇာတ်ကား မစ္စတာနဲ့ မစစ္စ စမစ်သ်တွင် ပါဝင်သရုပ်ဆောင်သည်။ ဇာတ်လမ်းကို ကျိုးကြောင်းညီညွတ်သော ဝေဖန်မှုသာ ရရှိသော်လည်း ပစ်၏ ဇနီး ဂျိန်းစမစ်သ် ဇာတ်ရုပ်တွင် သရုပ်ဆောင်သည့် အန်ဂျလီဂျိုနာနှင့် ပစ်အကြားက အပေးအယူမျှတမှုကို အထူးချီးမွမ်းကြသည်။ ယင်းဇာတ်ကားမှာ တကမ္ဘာလုံးတွင် ဒေါ်လာ ၄၇၈ သန်းရရှိခဲ့ရာ ၂၀၀၅ ခုနှစ်အတွက် အပေါက်ဆုံး ကားတကားဖြစ်ခဲ့သည်။

ဘရက်ပစ် 
၂၀၀၈ ဩဂုတ် ဘဲန်းအက်ဖ်တာရီးဒင်း ရုပ်ရှင်အထူးပွဲ တက်ရောက်စဉ်

အလက်ဇန်ဒျို ဂွန်ဇာလက်ဇ်၏ ဘေးဘယ်လ် (၂၀၀၆) တွင် ကိတ်ဘလန့်ချတ်နှင့်အပြိုင်ကြဲခဲ့သည်။ ပစ်၏ သရုပ်ဆောင်မှုမှာ ပရိသတ်လက်ခံမှုရရှိခဲ့သည်။ ဆီယက်တဲလ်ပို့စ်အင်တဲလီဂျန်ဆာ က သူ၏ သရုပ်ဆောင်မှုကို ချီးမွမ်းပြီး ရုပ်ရှင်အကြောင်း လူသိများစေခဲ့သည်။ ဤကားတွင် သရုပ်ဆောင်ဖြစ်ခဲ့ခြင်းက ၎င်း၏ သရုပ်ဆောင် သက်တမ်းတလျောက် ဆုံးဖြတ်ချက် ကောင်း တခုဖြစ်သည်ဟု ပစ်ကနောက်ပိုင်းတွင် ပြောသည်။ ယင်းဇတ်ကားကို ၂၀၀၆ ကဲန်း ရုပ်ရှင်ပွဲတော် နှင့် တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်တို့၌ အထူးပွဲပြသခဲ့သည်။ အကယ်ဒမီ နှင့် ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်း ၇ ခုဝင်ခဲ့ပြီး ဒရမ်မာအမျိုးအစားအတွက် အကောင်းဆုံး ရွှေကမ္ဘာလုံး ဆု ရရှိခဲ့သည့်အပြင် ပစ်အား အကောင်းဆုံး ဇတ်ပို့ ရွှေကမ္ဘာလုံး ဆုစာရင်းဝင်စေခဲ့သည်။ ယင်းတနှစ်တည်းတွင် စွန့်ခွာသူ အမည်ရ ဇတ်ကားကို ပစ်၏ ပလန်ဘီ ဖျော်ဖြေရေးကုမ္ပဏီက ထုတ်လုပ်ခဲ့ရာ အကောင်းဆုံး ရုပ်ရှင်ဇတ်ကား အကယ်ဒမီဆု ဆွတ်ခူးခဲ့သည်။ ပစ်အား ရုပ်ရှင်ပိတ်ကားထက်တွင်သာ ထုတ်လုပ်သူအဖြစ် အသိအမှတ်ပေးခဲ့ပြီး အော်စကာဆုအတွက်မူ ဂရေဟမ်ကင်းကိုသာ စည်းမျဉ်းနှင့်ညီသည်ဟု ဆုံးဖြတ် ပေးအပ်ခဲ့သည်။

၂၀၀၇ ခုနှစ်ထုတ် အိုးရှင်းစ် နဲ့ ခိုးသား ၁၃ ယောက် ဇတ်ကား၌ ရပ်စတီရိုင်ယန်ဇတ်ကောင်နေရာတွင် သုံးကြိမ်မြောက်သရုပ်ဆောင်ခဲ့ရာ ပထမ ၂ ကားထက် ငွေရနည်းသော်လည်း နိုင်ငံတကာရုပ်ရှင်ရုံများမှ အမေရိကန်ဒေါ်လာ ၃၁၁ သန်း ရရှိခဲ့သည်။ ပစ်၏ နောက်ဇတ်ရုပ်မှာ ရွန်ဟန်ဆန်၏ ၁၉၈၃ ထုတ် ဝတ္တုကို မှီငြမ်းထားသည့် ၂၀၀၇ ခုနှစ်ထွက် သရဲဘောကြောင် ရောဘတ်ဖော့ဒ်ရဲ့ ဂျက်စီဂျိမ်းစ်ကို လုပ်ကြံမှု ဇတ်ကားမှ အမေရိကန်ဝရမ်းပြေး ဂျက်စီဂျိမ်းစ် သရုပ်ဖြစ်သည်။ အန်ဒရူးဒေါမိနစ်ခ် ရိုက်ကူးပြီး ပစ်၏ ပလန်ဘီ ကုမ္ပဏီက ထုတ်လုပ်သည့် ယင်းဇတ်ကားကို ဗင့်စ် ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့သည်။ နိုင်ငံတကာ ရုပ်ရှင်ဂျာနယ်မှ လူးဝစ်ဘီးလ် က ပစ်၏ ဇတ်ရုပ်ကို "ကြောက်စရာကောင်းပြီး လူချစ်လူခင်များသော" သရုပ်ဟု မှတ်ချက်ပြုခဲ့သည်။ ၆၄ ကြိမ်မြောက် ဗင့်စ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးသရုပ်ဆောင် ဗော့လ်ပီကပ် ဆု ရရှိခဲ့သော်လည်း နောက်တနှစ် ၂၀၀၈ ပွဲတော်မှသာ ဆုသွားရောက်ယူနိုင်ခဲ့သည်။

၂၀၀၈ တိုးတိုးတိတ်တိတ်ဟာသ ဇတ်ကား ဖတ်ပြီးသည့်နောက်မီးရှို့ရန် ဖြင့် ကိုအန်ညီအကိုများနှင့် ပထမဆုံးအကြိမ် လက်တွဲခဲ့သည်။ ဝေဖန်ရေးသမားများထံမှ အကောင်းမြင်မှုရရှိခဲ့ပြီး ဂါးဒီးယန်းသတင်းစာက ဤဇတ်ကားကို "ပေါ့ပေါ့ပါးပါး ကြံစည်ထားသည့် စပိုင်ဟာသ" ဟု ခေါ်ဆိုခဲ့သည့်အပြင် ပစ် ၏ သရုပ်ဆောင်မှုမှာ ဟာသ အမြောက်ဆုံးအနက်မှ တခုအပါအဝင်ဟု မှတ်မှတ်သားသားရေးသားခဲ့သည်။ အက်ဖ် စကော့တ် ဖစ်ဂျရယ်၏ ၁၉၂၁ ဝတ္ထုတိုကို မှီငြမ်းကျောရိုးယူထားသည့် ဒေးဗစ်ဖင်ချာ၏ ၂၀၀၈ ဇတ်ကား ဘန်ဂျမင်ဘတ်တန်ရဲ့ အဖြစ်ဆန်း တွင် ဘန်ဂျမင်ဘတ်တန်နေရာမှ ခေါင်းဆောင်ပါဝင်ခဲ့သည်။ အရွယ်ရောက်မှု ကမောက်ကမဖြစ်သည့် ရောဂါ ခံစားနေရသူ အမျိုးသားတဦး၏ ဘဝဇတ်ကြောင်း ဖြစ်ပြီး ဘော်လ်တီမောဆန်း သတင်းစာမှ မိုက်ကယ်ဆရာဂိုး က ပစ်၏ “ကိုယ်ချင်းစာနာထောက်ထားစွာ"သရုပ်ဆောင်မှုကြောင့် ဘန်ဂျမင်ဘတ်တန် ဇတ်ကားမှာ ထာဝရ လက်ရာမွန် ဖြစ်စေခဲ့သည်ဟု ဆိုသည်။ အကောင်းဆုံးသရုပ်ဆောင်နေရာအတွက် ပထမဆုံး  သရုပ်ဆောင်များ အစည်းအရုံးဆု ၊ လေးကြိမ်မြောက် ရွှေကမ္ဘာလုံးဆု ၊ နှစ်ကြိမ်မြောက် အကယ်ဒမီဆုများအတွက် အမည်စာရင်း ဝင်ခဲ့သည်။ ဇတ်ကားအနေဖြင့် အကယ်ဒမီဆုပေါင်း ၁၃ ဆုအတွက် လျာထားခံရပြီး ဝင်ငွေ ဒေါ်လာ ၃၂၉ သန်း ကမ္ဘာအနှံ့မှ ရရှိခဲ့သည်။

ဘရက်ပစ် 
၂၀၁၂ ၊ ၆၅ ကြိမ်မြောက် ဗြိတိသျှ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ တက်ရောက်လာစဉ်။

ပစ် ခေါင်းဆောင်ပါဝင်ပြီး ကွမ်တင်တိုရန်တို ရိုက်ကူးသည့် အင်ဂလောရီးယက်စ်ဘာ့စတတ် ကို၂၀၀၉ ကဲန်းစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ရုံတင်ခဲ့သည်။ ဂျာမန်များ သိမ်းပိုက်ထားသည့် ပြင်သစ်နိုင်ငံတွင် နာဇီများနှင့် တိုက်ခိုက်သည့် အမေရိကန်တော်လှန်ရေးတပ်သား အာလ်ဒိုရိန်းအဖြစ် ပစ် ပါဝင်ခဲ့သည်။ ဝင်ငွေဒေါ်လာ ၃၁၁ သန်း ရရှိခဲ့ပြီး မျက်နှာသာပေးသည့် သုံးသပ်မှုများရခဲ့သည်။ အကယ်ဒမီ ၈ ဆု ၊ ပစ် အတွက် အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုအပါအဝင် အမ်တီဗီ ရုပ်ရှင်ဆု ၇ ဆု စသည့် အမည်စာရင်းလျာထားမှုနှင့် ဆုများစွာ ရရှိခဲ့သည်။ ၂၀၁၀ အန်နီမေးရှင်းဇတ်ကား မက်ဂါမိုင်းဒ်တွင် မက်ထရိုမန်း ဇတ်ကောင်နေရာအတွက် အသံ သရုပ်ဆောင်ခဲ့သည်။ တဲရန့်စ် မလစ်ခ်၏ စမ်းသပ်ဒရမ်မာ ဘဝသစ်ပင် ဇတ်ကားတွင် ရှောင်ပဲန်း နှင့် တွဲဘက် ပါဝင်ခဲ့ပြီး ၂၀၁၁ ကဲန်းစ်ရုပ်ရှင်ပွဲတော်၌ Palme d'Or ဆု ကို ဤဇတ်ကားက ဆွတ်ခူးနိုင်ခဲ့သည်။ မိုက်ကယ်လူးဝစ်စ်ရေး ၂၀၀၃ အသပြာဘောလုံး ပေါ် ယင်းနာမည်ဖြင့်ပင် အခြေခံရိုက်ကူးသည့် ဒရမ်မာဇတ်လမ်း၌ အုတ်ခ်လန်း အားကစားမန်နေဂျာ ဘီလီဘိန်း အဖြစ်သရုပ်ဆောင်ခဲ့ရာ အထူးတလည် ချီးမွမ်းခံခဲ့ရသည်။ အဆိုပါဇတ်ကားဖြင့် အကောင်းဆုံးဇတ်ကားဆု ၊ ပစ်အတွက် အကောင်းဆုံး သရုပ်ဆောင်ဆု အပါအဝင် အကယ်ဒမီ ၆ ဆု အမည်စာရင်းတင်သွင်းခံရသည်။

ဂျော့ ဗွီ ဟစ်ဂင်းစ်၏ ကိုဂန့်ကံခေမှု ဝတ္တုပေါ်အခြေခံသော အင်ဒရူးဒေါမနစ်ခ်၏ ၂၀၁၂ ဇတ်ကား ဖြည်းဖြည်းသတ်ပါ တွင် လုပ်ကြံသတ်ဖြတ်သူ ဂျက်ကီကိုဂန်အဖြစ်ပါဝင်သည်။ မက်စ်ဘရူးခ်၏ ဝတ္တုပေါ်အခြေခံသည့် ဖုတ်ကောင် ကမ္ဘာပျက်ကပ် အကြောင်း ထိတ်လန့်သည်းဖို ရုပ်ရှင် ကမ္ဘာ့နိဂုံးစစ် (World War Z) ကို ကိုယ်တိုင်ထုတ်လုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကမ္ဘာတဝှမ်းမှ ဝင်ငွေဒေါ်လာ သန်း ၅၄၀ ရရှိခဲ့ရာ ပစ်၏ ဝင်ငွေအများဆုံးဇတ်ကားဖြစ်လာခဲ့သည်။ ဆော်လမွန်နော့သပ်ပ်၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ သမိုင်းဖြစ်ရပ် ဒရမ်မာ ဇတ်ကား ကျွန်ဘဝမှာ ၁၂ နှစ်တာ ကို ၂၀၁၃ တွင် ထုတ်လုပ်ပြီး ဇတ်ဝင်ခန်းနည်းသည့် ဇတ်ကောင်နေရာ၌ သရုပ်ဆောင်ခဲ့ သည်။ အရေးပါသော ချီးကျူးမှုများ ရရှိခဲ့ကာ အကောင်းဆုံးဇတ်ကားဆုအပါအဝင် အကယ်ဒမီ ၉ ဆု လျာထားခံရပြီး သုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၁၃ ၌ပင် ရိုင်ဒလေစကော့တ်၏ အတိုင်ပင်ခံ ဇတ်ကားတွင် ဇတ်ပို့နေရာမှ ပါဝင်ခဲ့သည်။ ပလန်ဘီ ဖျော်ဖြေရေးအနေဖြင့် ၎င်း၏ ပထမဆုံး ရုပ်မြင်သံကြားဇတ်လမ်းတွဲ ဖြစ်သည့် ၂၀၁၃-၂၀၁၄ သိပ္ပံစိတ်ကူးယဉ် ဒရမ်မာ အမျိုးအစား ပြန်လည်နိုးထလာခြင်း အား အေဘီစီ စတူဒီယိုနှင့် ဖက်စပ်ရိုက်ကူးနိုင်ခဲ့သည်။

၂၀၁၄-မျက်မှောက်အချိန်

ဘရက်ပစ် 
၂၀၁၇ မေလ ဂျပန်တွင် ကျင်းပသော စစ်ယန္တရား ရုပ်ရှင်အထူးပွဲ၌ တွေ့ရသော ပစ်

ဒေးဗစစ်အိုင်ရာ ရေးသားရိုက်ကူးသည့် ဒုတိယကမ္ဘာစစ် ဇတ်ကား ဒေါမန်ဟုန် ၌ ရှီးယားလဘုဖ် ၊ လိုဂန်လာမန် ၊ ဂျွန် ဘန်သဲလ် ၊ မိုက်ကယ်ပဲနျာ တို့နှင့် တွဲဘက်သရုပ်ဆောင်သည်။ ဇတ်ကားကို ၂၀၁၄ အောက်တိုဘာ ၁၇ တွင် ဖြန့်ချိခဲ့ပြီး စီးပွားရေးအရသာမက ဝေဖန်ရေးအရပါ အောင်မြင်မှုရခဲ့ရာ ကမ္ဘာတဝှမ်းမှ ဝင်ငွေ ဒေါ်လာ ၂၁၁ သန်း နှင့် ဝေဖန်သူများထံမှ အပြုသဘောဆောင် ချီးမွမ်းဝေဖန်သံများ လက်ခံရရှိခဲ့သည်။ ၂၀၁၅ တွင် ဇနီးသည် ဂျိုလီ၏ ဇတ်ညွှန်းပေါ်အခြေခံသည့် သူမကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးသောတတိယမြောက်ဇတ်ကား အိမ်ထောင်ရေး ပြဿနာဆိုင်ရာ စိတ်ကူးယဉ်အချစ်ဒရမ်မာ ရုပ်ရှင်တွင် ဇနီးသည်နှင့်အတူ သရုပ်ဆောင်ခဲ့ရာ ၂၀၀၅ ခုနှစ် မစ္စတာနဲ့မစ္စစ် စမစ်သ် အပြီး ပထမဆုံးလက်တွဲသရုပ်ဆောင်မှုပင်ဖြစ်သည်။ နောက်ဇတ်ကားမှာ ပစ်ကိုယ်တိုင် ထုတ်လုပ်သော အတ္ထုပတ္တိ ဟာသ-ဒရမ်မာ အမျိုးအစား ရုပ်ရှင် သှယ်ဘစ်ဂ်ရှော့တ် ဖြစ်ပြီး ဇတ်ကားမှာ စီးပွားရေး နှင့် ဝေဖန်ရေးအရ အောင်မြင်မှုရခဲ့သည်။ ကမ္ဘာတဝှမ်းမှ ဝင်ငွေ ဒေါ်လာ ၁၀၂ သန်း ရရှိပြီး ဝေဖန်သူများကလည်း ချီးမွမ်းခဲ့ကြသည်။ အကောင်းဆုံးဇတ်ကားဆုအပါအဝင် အကယ်ဒမီ ၅ ဆုအတွက် အမည်စာရင်းဝင်ခဲ့ရာ ထုတ်လုပ်သူအနေဖြင့် တတိယအကြိမ်မြောက် အကယ်ဒမီဆု အမည်စာရင်းဝင်ခဲ့ခြင်း ဖြစ်သည်။ ရောဘတ် ဇမကစ်စ် ၏ အချစ် လျှိူ့ဝှက်သည်းဖို ဇတ်လမ်း မဟာမိတ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်အရာရှိများအား လုပ်ကြံမည့် မစ်ရှင်ဆောင်ရွက်နေစဉ် (မာရီယန် ကော်တီလာ့ဒ် သရုပ်ဆောင်သည့်)  ပြင်သစ်သူလျှိူ နှင့် ချစ်ကျွမ်းဝင်မိသည့် သူလျှိူလုပ်ကြံရေးသမား အဖြစ် ၂၀၁၆ က သရုပ်ဆောင်သည်။ ၂၀၁၇ တွင် ၎င်းကိုယ်တိုင် ထုတ်လုပ်သည့် နတ်ဖလစ်စ် စစ်ပွဲသရော်ဟာသကား စစ်လက်နက်စက်ပစ္စည်းများတွင် သရုပ်ဆောင် သည်။ ဂျင်မ်ဂျက်ဖ်ရီးစ် တော့ခ်ရှိုး ညနက်ပိုင်းအစီအစဉ်တွင် မိုးလေဝသသတင်းကြေညာသူ အဖြစ် ကြိမ်ဖန်များစွာ ပါဝင်ခဲ့သည်။ 

၂၀၁၇ ဇွန်လ ၉ ရက်နေ့တွင် ဖြန့်ချိမည့် ကမ္ဘာ့နိဂုံးစစ် (World War Z) နောက်ဆက်တွဲ ဇတ်ကားတွင် ပစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၁၆ က ကြေညာခဲ့သော်လည်း ၂၀၁၇ နှစ်ဆန်းပိုင်း၌ ဇတ်ကား ဖြန့်ချိမည့် ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ကြေညာသည်။ ဇွန်လတွင် ဒေးဗစ်ဖင်ချာကပင် ယင်းဇတ်ကားကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ရာ ပစ်နှင့် ဖင်ချာတို့၏ စတုတ္ထမြောက် လက်တွဲမှုဖြစ်စေခဲ့သည်။ အာကာသအတွင်း စွန့်စားခန်း အက်ဒ် အက်စ်ထျာ အမည်ရ ဂျိမ်းစ်ဂရေး၏ ဇတ်ကားတွင် ၎င်း၏ ဖခင်အဖြစ် သရုပ်ဆောင်မည့် ထော်မီလီးဂျုန်းစ်ကို နဂါးငွေ့တန်းအနှံ့ လိုက်လံရှာဖွေသည့် ဉာဏ်ရည်အနည်းငယ် ချို့ယွင်းသည့် အာကာသ အင်ဂျင်နီယာ ရွိုင်း မက်ဘရိုက်ဒ်အဖြစ် သရုပ်ဆောင်မည်။ မန်ဆန်မိသားစု လူသတ်သမားများအကြောင်း ဖြစ်သည့် ကွမ်တင်တိုရန်တို၏ တခါတုန်းက ဟောလိဝုဒ်မှာ အမည်ရ ဇတ်ကားတွင် ပစ်က လူစားထိုးစတန့်သမား ခလစ်ဖ် ဘုသ် အဖြစ် လီယိုနာဒိုနှင့်အပြိုင် သရုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၁၈ ဖေဖော်ဝါရီလက ကြေညာခဲ့သည်။

လူသားချင်းစာနာမှုနှင့် နိုင်ငံရေးရာ ကြိုးပမ်းအားထုတ်မှုများ

၂၀၀၄ အောက်တိုဘာ၌ မစ်ဇူရီတက္ကသိုလ်သို့ သွားရောက်ကာ ကျောင်းသားများအား အမေရိကန်သမ္မလောင်း ရွေးကောက်ပွဲတွင် မဲပေးရန် တိုက်တွန်းခဲ့ပြီး ဂျွန်ကယ်ရီကို ထောက်ခံခဲ့သည်။ သားလောင်း အချင်းဆဲလ် သုတေသန အတွက် နိုင်ငံတော်ရန်ပုံငွေဆိုင်ရာ မူများအား အောက်တိုဘာနှောင်ပိုင်းတွင် လူသိရှင်ကြား ထောက်ခံအားပေးခဲ့သည်။ “အတော်ဆုံး အထူးချွန်ဆုံးသူတွေက ရှာတွေ့နိုင်မယ်လို့ သူတို့ယုံကြည်နေတဲ့ ကုသမှုတွေကို တွေ့ရှိနိုင်စေဖို့ရာ လမ်းဖွင့်ပေးရပါမယ်”ဟု ပြောခဲ့သည်။ ယင်းသို့ထောက်ပံ့သောအား ဖြင့်  အချင်းဆဲလ် သုတေသနအတွက် နိုင်ငံတော်အစိုးရရန်ပုံငွေထောက်ပံ့ပေးရေး ရည်ရွယ်သည့် ကယ်လီဖိုးနီးယား မဲခွဲဆုံးဖြတ်မှု ဦးဆောင်ဦးရွက်ဆောင်ရွက်ချက်ဖြစ်သော အဆိုပြုချက် ၇၁ ကို ထောက်ခံခဲ့သည်။

ဖွံ့ဖြိုးဆဲကမ္ဘာရှိ အေအိုင်ဒီအက်စ် နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အဖွဲ့အစည်း ဝမ်း ကမ်ပိန်းကို ပစ်က ထောက်ပံ့ပေးသည်။ လက်ရှိ ကမ္ဘာ့ကျန်းမာရေး အရေးကိစ္စများကို ဆွေးနွေးသည့် ၂၀၀၅ ပီဘီအက်စ် ပြည်သူ့ရုပ်မြင်သံကြား ဇတ်လမ်းတွဲ ရှင်သန်ရေးအတွက် အာအက်စ် - ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစိန်ခေါ်ချက် ကို ဇတ်ကြောင်းပြောပေးခဲ့သည်။ နောက်တနှစ်တွင် ဟေတီဖွား ဟစ်ဟော့ပ်တေးဂီတပညာရှင် Wyclef Jean တည်ထောင်ထားသည့် ယဲလီဟေတီက ထောက်ပံ့ထားသော ကျောင်းသို့သွားရောက်လည်ပတ်ခဲ့သည်။ ဒါဖာ ဒေသရှိ အရေးအခင်းကြောင့်ထိခိုက်ခံရသူများအတွက် ရည်စူးသည့် ချက် နှင့် ဆူဒန် နိုင်ငံရှိ အဖွဲ့ ၃ ဖွဲ့ ထံ ပစ် နှင့် ဂျိုလီက ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည်။  "အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု" ရပ်တန့်ရေးအပေါ် တကမ္ဘာလုံး အာရုံစိုက်လာစေရေး အလေးပေးသည့် အဖွဲ့အစည်း တွေ့နေလျက်နဲ့မဖြစ်စေရ (Not On Our Watch) ကို တည်ထောင်ခဲ့သူများ ဖြစ်ကြသည့် ကလူးနီ ၊ ဒေမွန် ၊ ဒွန် ချီယဒယ်လ် ၊ ဒေးဗစ်ပရက်စ်မန်း နှင့် ဂျယ်ရီဝိန်းထရော့ဘ်တို့နည်းတူ ပစ် လည်း တဦးအပါအဝင်ဖြစ်သည်။

ဗိသုကာပညာတွင် စိတ်ပါဝင်စားမှုကို ဆက်လက်ထိန်းထားသည်သာမက ကွန်ပျူတာအကူအညီဖြင့် ဒီဇိုင်းပုံထုတ် ရေးဆွဲခြင်းကို ကျော်ကြားထင်ရှားသူ ဖရန့်ခ်ဂီရိုင်း ၏ လော့စ်အန်ဂျလိစ် ရုံးများတွင် လေ့လာရန်အတွက် ရုပ်ရှင်ရိုက်ကူးခြင်းမှ ခေတ္တအနားယူခဲ့သည်။ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် အဆောက်အဦ ပုံစံများကို ရေရှည်တည်တံ့မည့် ဗိသုကာနှင့် ပုံထုတ်ခြင်းမှတဆင့် တကမ္ဘာလုံးအဆင့် ဆောက်လုပ်ရန် အလေးပေးတိုက်တွန်းသည့် ပီဘီအက်စ် ရုပ်မြင်သံကြား ဇတ်လမ်းတွဲ ဒီဇိုင်း အီးတူးတွင် ဇတ်ကြောင်းပြောခဲ့ သည်။ ၂၀၀ ပြည့်နှစ်၌ ဘလက်ကာ ဟောက်စ် အမည်ရ ဗိသုကာစာအုပ်ကို ဗိသုကာပညာရှင် ထောမတ်စ် အေ ဟိန့်ဇ် ၊ ရန်ဒဲလ်မက်ကင်ဆန်တို့နှင့်အတူ ပူးတွဲရေးသားခဲ့သည်။ ဟာရီကိန်းကတ်ထရီနာတိုက်ခတ်ပြီးနောက် နျူးအော်လင်း အကွက် ၈ ၌ ရေရှည်ခိုင်ခံ့ပြီး စရိတ်သက်သာသည့် အိမ်ရာအသစ် ၁၅၀ ကို ငွေကြေးထောက်ပံ့ ဆောက်လုပ်ရန်အတွက် နျူးအော်လင်းရှိ အိမ်ရာကျွမ်းကျင်ပညာရှင်များအား စုစည်းပြီး မိတ်ကစ်ရိုက်တ် ဖောင်ဒေးရှင်းကို ၂၀၀၆ တွင် တည်ထောင်ခဲ့သည်။

စီမံကိန်းတွင် ဗိသုကာအကျိုးဆောင်အဖွဲ့ ၁၃ ခုနှင့် ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်း ဂလိုဘယ်ဂရင်း ယူအက်စ်အေတို့ပါဝင်ကာ အဖွဲ့အတော်များများက ၎င်းတို့၏ ဝန်ဆောင်မှုကို အခမဲ့လုပ်အားပေးခဲ့ကြသည်။ ပစ်နှင့် လူမှုရေးအကျိုးပြုလုပ်ဆောင်သူ စတိဗ်ဘင်းတို့က ကိုယ်စီ ဒေါ်လာ ၅ သန်း လှူဒါန်းရန် ကတိကဝတ်ပြုခဲ့သည်။ ပထမဆုံးသော အိမ် ၆ လုံးမှာ ၂၀၀၈ အောက်တိုဘာတွင် ပြီးစီးခဲ့သည်။ အဆောက်အဦများအား ပုံစံထုတ်ရေးဆွဲ ဆောက်လုပ် အသုံးပြုရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး နှိုးဆော်ပေးနေသည့် ယူအက်စ် စိမ်းလန်းအဆောက်အဦ ကောင်စီက အသိအမှတ်ပြုချီးမြှင့်သော ဆုကို  ၂၀၀၉ စက်တင်ဘာတွင် ပစ် ရရှိခဲ့သည်။ စိမ်းလန်းအဆောက်အဦကို နိုင်ငံတော်အဆင့်စံပြအနေဖြင့် လုပ်ဆောင်ရေး ကို တိုက်တွန်းရန် နှင့် ဖက်ဒရယ်ရန်ပုံငွေ ရရှိနိုင်မှုအား ဆွေးနွေးရန် အတွက် ၂၀၀၉ မတ်လက အမေရိကန်သမ္မတ ဘာရက်အိုဘားမား ၊ လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော့စီတို့နှင့် တွေ့ဆုံခဲ့သည်။  

ပစ်နှင့်ဂျိုလီတို့က ကမ္ဘာအနှံ့ရှိ လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စများအား ထောက်ပံ့ကူညီရန် လူမှုရေး အဖွဲ့အစည်း ဂျိုလီ-ပစ် ဖောင်ဒေးရှင်းကို ၂၀၀၆ စက်တင်ဘာတွင် ထူထောင်ခဲ့သည်။ ကလေးငယ်များအတွက် ကမ္ဘာအနှံ့ လှုပ်ရှားဆောင်ရွက်မှု နှင့် နယ်စည်းမခြား ဆရာဝန်များသို့ ဒေါ်လာ ၁ သန်းစီ ဗွေဆော်ဦး လှူဒါန်းခဲ့ပြီးသည့်နောက် ၂၀၀၆ အောက်တိုဘာတွင် ကွယ်လွန်သူအမေရိကန်သတင်းထောက် ဒနီယဲလ်ပါးလ်ကို အမှတ်ရသောအားဖြင့် ထူထောင်ထားသည့် ဒနီယဲလ်ပါးလ်ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့သည်။ ဖက်ဒရယ်မှတ်တမ်းများအရ ၂၀၀၆ တွင် ပစ်နှင့်ဂျိုလီက ၂၀၀၆ ခုနှစ်တွင် ယင်းအဖွဲ့အစည်း၌ ဒေါ်လာ ၈.၅ သန်း မြုပ်နှံပြီး ၎င်းမှတဆင့် ၂၀၀၆ တွင်ပင် ဒေါ်လာ ၂.၄ သန်းကိုလည်းကောင်း ၊ ၂၀၀၇ တွင် နောက်ထပ် ၃.၄ သန်းကိုလည်းကောင်း ပေးလှူခဲ့သည်။ တာလီဘန်စစ်သွေးကြွများနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် အိုးအိမ်နေရာစွန့်ခွါရသည့် ပါကစ္စတန်နိုင်ငံသားများအား ကူညီရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီသို့ ၂၀၀၉ ဇွန်လတွင် ဒေါ်လာ ၁ သန်းကို ဖောင်ဒေးရှင်းက ပေးအပ်ခဲ့သည်။ ဟေတီငလျင်ကြောင့် သားကောင်ဖြစ်ရ သူများအား ဆေးဘက်ဆိုင်ရာအထောက်အပံ့ပေးရန် နယ်စည်းမခြားဆရာဝန်များ အဖွဲ့သို့ ၂၀၁၀ ဇန်နဝါရီတွင် ဖောင်ဒေးရှင်းက ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့သည်။

လိင်တူလက်ထပ်ခွင့်ကို ထောက်ခံသူတဦးဖြစ်ပြီး ၂၀၀၆ အောက်တိုဘာလ အက်စ်ကွိုင်းယား မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အမေရိကားရှိ လူတိုင်း တရားဝင်ထိမ်းမြားခွင့်ရှိသည့်အခါ ဂျိုလီကို လက်ထပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ပြည်ထောင်စုတရားရုံးချုပ်၏ လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုမှုအား ပယ်ချရန် ကယ်လီဖိုးနီးယား ၂၀၀၈ မဲခွဲ အဆိုပြုချက် ၈ ကို ဆန့်ကျင်သည့် ကမ်ပိန်းအား ၂၀၀၈ စက်တင်ဘာလ၌ ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့သည်။ လိင်တူလက်ထပ်ခွင့်ကို ပိတ်ပင်ဟန့်တားသော ကယ်လီဖိုးနီးယား အဆိုပြုချက် ၈ ကို ပယ်ချ ခဲ့သည့် ဖက်ဒရယ်တရားခွင်အား ၂၀၁၂ မတ်လတွင် ဇတ်ခုံပေါ် ပြန်လည်သရုပ်ဖော်သည့် ဒတ်စတင်လန့်စ် ဘလက်ခ်၏ “၈” အမည်ရ ပြဇတ် ဇတ်လမ်း၌  တရားသူကြီး ဗောန်ဝေါ့ကားအဖြစ် ပါဝင်ခဲ့သည်။

၂၀၁၂ စက်တင်ဘာတွင် “ကျွန်တော်က အိုဘားမားကို ထောက်ခံသူတဦးဖြစ်ပြီးတော့ သူ့ရဲ့ ယူအက်စ်ရွေးကောက်ပွဲ ကမ်ပိန်းကို ကျောထောက်နောက်ခံပြုပါတယ်” ဟု ပစ်က ပြောကြားလိုက်ခြင်းဖြင့် သူ၏ သမ္မတအိုဘားမားအား ထောက်ခံမှုကို ထပ်လောင်းထင်ရှားစေသည်။

ကိုယ်ပိုင်ဘဝ

မေတ္တာရေးရာ အိမ်ထောင်မှု

ဘရက်ပစ် 
၂၀၀၇ ကဲန်းစ်ရုပ်ရှင်ပွဲတော်၌ တွေ့ရသည့် အန်ဂျလီနာဂျိုလီနှင့် ပစ်

၁၉၈၀ နှောင်းပိုင်းနှစ်များ နှင့် ၁၉၉၀ အစောပိုင်းနှစ်များတွင် တွဲဘက်သရုပ်ဆောင်များနှင့် ချစ်ကြိုက်ခဲ့ရာ ရော်ဘင်ဂစ်ဗင်စ် (အတန်းခေါင်းဆောင်)၊ ဂျီလ်ရှိုးလန် (အတန်းလစ်ခြင်း) နှင့် ဂျူးလိယက်လူးဝစ်စ် (သေဖို့ငယ်ပါသေး နှင့် ကာလီဖိုးနီးယား) တို့ပါဝင်သည်။ ထို့အပြင် ဆဲဗင်း ဇတ်ကားမှ တွဲဘက် သရုပ်ဆောင် ဂွင်းနက်သ်ပါ့ထရိုလ်နှင့် ၁၉၉၄ မှ ၁၉၉၇ အထိ စုံတွဲခုတ်ခဲ့ရာ ၎င်းတို့၏ချစ်မှုရေးရာနှင့် စေ့စပ်သတင်းကို လူသိများစိတ်ဝင်စားခဲ့သည်။

သူငယ်ချင်းများ ဇတ်ကားမှ သရုပ်ဆောင် ဂျနီဖာအန်နစ္စတန်နှင့် ၁၉၉၈ ခုနှစ်တွင် တွေ့ဆုံပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၂၉ တွင် မာလီဘူး၌ သီးသန့်မင်္ဂလာအခမ်းအနား ကျင်းပကာ လက်ထပ်ထိမ်းမြားခဲ့သည်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီတွင် အတူမနေထိုင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပစ်နှင့်အန်နစ္စတန်တို့က ကြေညာပြီး နှစ်လအကြာ အန်နစ္စတန်က စေ့စပ်ညှိနှိုင်းမရနိုင်သော အသွင်မတူမှုများကြောင့်ဟုဆိုကာ ကွာရှင်းပြတ်စဲခွင့်လျှောက်ထားခဲ့သည်။ ၂၀၀၅ အောက်တိုဘာ ၂ ရက်နေ့တွင် လော့စ်အန်းဂျလိစ် တရားရုံးချုပ်က ပစ်နှင့်အန်နစ္စတန်တို့၏ ကွာရှင်းပြတ်စဲမှုကို အဆုံးသတ်ပေးသည်။ ပစ်နှင့်အန်နစ္စတန်တို့အကြား ခါးသီးသောဆက်ဆံရေး ရှိသည် ဆိုသည့် မီဒီယာများ၏ သတင်းနှင့် ဆန့်ကျင်ဘက် ၊ ၂၀၀၉ ဖေဖော်ဝါရီ အင်တာဗျူးတခုတွင် ၎င်းနှင့် အန်နစ္စတန်တို့ “နှစ်ဦးသား သတင်းမေးလေ့” ရှိကြောင်း ပြောကြားခဲ့သည့်အပြင် တဦးဘဝမှာ တဦးက အစိတ်အပိုင်းတခုအဖြစ်ရှိနေဆဲ ဖြစ်ကြောင်းလည်း ထပ်လောင်းဖြည့်စွက်ခဲ့သည်။

ကွာရှင်းပြတ်စဲမှု အပြီးမသတ်သေးခင်တွင် မစ္စတာနဲ့မစ္စစ်စမစ်သ် တွဲဘက်သရုပ်ဆောင် အန်ဂျလီနာဂျိုလီနှင့် မေတ္တာမျှခဲ့ရာ မီဒီယာများ၏အာရုံစိုက်မှုခံခဲ့ရသည်။ အိမ်ထောင်ရေးဖောက်ပြန်မှု မရှိခဲ့ဟု ဂျိုလီက ပြောခဲ့ပြီး ရုပ်ရှင်ရိုက်ကွင်းတွင် ချစ်ကျွမ်းဝင်ခဲ့ကြောင်း ပစ်နှင့်ဂျိုလီကဆိုသည်။ အန်နစ္စတန်က ကွာရှင်းခွင့်တောင်းခံပြီး တလအကြာ ၂၀၀၅ ဧပြီတွင် ကင်ညာနိုင်ငံ ကမ်းခြေတခု၌ ပစ် ၊ ဂျိုလီနှင့် သူမ၏သား မက်ဒေါ့စ်တို့ပါဝင်သည့် သတင်းမုဆိုးတို့၏ ဓာတ်ပုံပေါ်ထွက်လာရာ ပစ်နှင့်ဂျိုလီတို့အကြားက ပတ်သက်မှု၏ အထောက်အထားအဖြစ် မီဒီယာတို့က ယူဆကြသည်။ ၂၀၀၅ ခုနှစ်တွင် နှစ်ဦးစလုံးကို မကြာခဏအတူတွဲတွေ့မြင်လာရရာ ဖျော်ဖြေရေးမီဒီယာများက ၎င်းတို့စုံတွဲကို “ဘရက်ဂျလီနာ” ဟု အမည်နာမပေးသည်။ ၂၀၀၆ ဇန်နဝါရီ ၁၁ တွင် ပစ်၏ ကိုယ်ဝန်ဆောင်ထားရကြောင်း ဂျိုလီက အတည်ပြုလိုက်ခြင်းဖြင့် ၎င်းတို့နှစ်ဦး၏ ပတ်သက်မှုကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ဝန်ခံလိုက်ခြင်းဖြစ်သည်။ အတူတွဲပြီး ၇ နှစ်အကြာ ၂၀၁၂ ဧပြီတွင် စေ့စပ်ကြောင်းလမ်းမှုကို ပစ်နှင့် ဂျိုလီက ကြေညာသည်။ ၂၀၁၄ ဩဂုတ် ၂၃ တွင် ပြင်သစ်နိုင်ငံ Château Miraval တွင် သီးသန့်အခမ်းအနားကျင်းပသည်။ ၂၀၁၆ စက်တင်ဘာတွင် စေ့စပ်ညှိနှိုင်းမရသော အသွင်မတူမှုများကြောင့် ပစ်နှင့်ကွာရှင်းရန် ဂျိုလီက တောင်းခံသည်။

သားသမီးများ

၂၀၀၅ ဇူလိုင်တွင် ဂျိုလီက သူမ၏ ဒုတိယသမီး ဇဟာရာမာလေ ကို မွေးစားရန် အီသီယိုးပီးယားနိုင်ငံ ၊ အက်ဒစ်စ်အက်ဘာဘာသို့ သွားရောက်ရာတွင် ပစ်က အဖော်အဖြစ် လိုက်ပါသွားသည်။ ၂၀၀၅ ဒီဇင်ဘာ ၃ တွင် ကလေး ၂ ဦးစလုံး၏ မွေးစားဖခင်အဖြစ် လျှောက်ထားခဲ့ရာ ၂၀၀၆ ဇန်နဝါရီတွင် ကယ်လီဖိုးနီးယားပြည်နယ် တရားသူကြီးက ဂျိုလီ၏ လျှောက်ထားချက်အရ ကလေးများ၏ မျိုးရိုးအမည်ကို “ဂျိုလီ” မှ “ဂျိုလီ - ပစ်” သို့ ပြောင်းလဲခွင့်ပြုလိုက်သည်။ များမကြာမီ အမွေစားအမွေခံပြုမှုမှာလည်း အပြီးသတ်လုပ်ဆောင်နိုင်ခဲ့သည်။

၂၀၀၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် နမ်မီဘီးယားနိုင်ငံ Swakopmund တွင် သမီးဖြစ်သူ ရှိုင်လို နူဗယ်ကို ဂျိုလီမွေးဖွားခဲ့သည်။ သမီးငယ်မှာ နမ်မီးဘီးယန်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်မည်ဟု ပစ်က အတည်ပြုပြောကြားခဲ့သည်။ ဂတ်တီး အင်းမေ့ဂျ်ဖြန့်ချိရေးမှ တဆင့် ရှိုင်လို၏ ပထမဦးဆုံး ဓာတ်ပုံများကို ရောင်းချခဲ့ရာ မြောက်အမေရိကတိုက်အတွက် မူပိုင်ခွင့်ကို ပီးပဲလ် မဂ္ဂဇင်းက ဒေါ်လာ ၄.၁ သန်းဖြင့် လည်းကောင်း ၊ ဟယ်လို က ဗြိတိသျှမူပိုင်ခွင့်အတွက် ဒေါ်လာ ၃.၅ သန်းခန့်ဖြင့် ဝယ်ယူခဲ့ကြသည်။ ရောင်းရငွေများကို အာဖရိကန်ကလေးငယ်များအား အကူအညီပေးနေသည့် ပရဟိတများသို့ လှူဒါန်းခဲ့ သည်။ နျူးယော့ခ်ရှိ မဒမ်တူးဆော့ဒ် ပြတိုက်က ၂ လသား ရှိုင်လို၏ ပုံတူဖယောင်းရုပ်တုကို ဖွင့်လှစ်ပြသခဲ့ရာ မဒမ်တူးဆော့ဒ်၏ ပထမဦးဆုံးသော လသားကလေးပုံတူ ဖယောင်းရုပ်တုအဖြစ် ပြောစမှတ် ပြုခဲ့ရသည်။

၂၀၀၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ မိဘမဲ့ကလေးကျောင်းမှ သုံးနှစ်သား ပတ်စ်သီအန်း ကို ဂျိုလီက မွေးစားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပစ်က ပတ်စ်အား အမွေစားအမွေခံပြုသည်။

၂၀၀၈ မေလ ကဲန်းစ်ရုပ်ရှင်ပွဲတော်တွင် အမွှာကိုယ်ဝန်ဆောင်ထားကြောင်း ဂျိုလီက အတည်ပြုသည်။ ၂၀၀၈ ခုနှစ် ဂျူလိုင် ၁၂ တွင် ပြင်သစ်နိုင်ငံ နိစ် တွင် သား နော့စ်လီယွန် နှင့် သမီး ဗီဗီယန်မာရှဲလိုင်းကို မွေးဖွားသည်။ နော့စ်နှင့်ဗီဗီယန်တို့၏ ပထမဆုံးဓာတ်ပုံမူပိုင်ခွင့်ကို ဒေါ်လာ ၁၄ သန်းဖြင့် ပီးပဲလ် နှင့် ဟယ်လိုတို့ကိုသာ ရောင်းချခဲ့ရာ ဈေးအကြီးဆုံး ကျော်ကြားသူတို့၏ ဓာတ်ပုံဖြစ်သည်။ ရောင်းရငွေကို ဂျိုလီ-ပစ် ဖောင်ဒေးရှင်းသို့ လှူဒါန်းသည်။

စာပေမီဒီယာများတွင် ဖော်ပြခံရမှုများ

ဘရက်ပစ် 
၂၀၀၇ ပလ်မ်းစပရင်း အင်တာနေရှင်နယ် ရုပ်သံပွဲတော်တွင် ပစ်အား သတင်း မီဒီယာများက တွေ့ဆုံမေးမြန်းနေစဉ်

သတင်းဌာနများစွာက ပစ်၏ လိင်ဆွဲဆောင်မှုရှိပုံကို မကြာခဏဖော်ပြကြပြီး၊ ၎င်းတို့အနက် အင်ပိုင်ယာက ၁၉၉၅ ခုနှစ်တွင် ရုပ်ရှင်သမိုင်းကြောင်းတလျှောက် လိင်ဆွဲအားပြင်းကြယ်ပွင့် ၂၅ ဦးအနက် ၁ ဦးအဖြစ် အမည်ဖော်ပြခဲ့သည်။ ယင်းနှစ်မှာပင် ပီးပဲလ် မဂ္ဂဇင်း၏ သက်ရှိထင်ရှား လိင်ဆွဲအားပြင်း အမျိုးသား ဆုကို ပစ်ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ် တွင်လည်း ထပ်မံဆွတ်ခူးခဲ့ပြန်သည်။ ၂၀၀၆ ၊ ၂၀၀၇ နှင့် ၂၀၀၈ ထုတ် Forbes မဂ္ဂဇင်း အမှတ် ၂၀ ၊ အမှတ် ၅ နှင့် အမှတ် ၁၀ အသီးသီးတို့တွင် နှစ်အလိုက် အရှိန်အဝါအရှိဆုံးငွေကြယ်ပွင့် ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နှစ်စဉ်ရွေးချယ်သော တိုင်းမ် မဂ္ဂဇင်း၏ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်းခြင်းခံရသည်။ “ငွေကြယ်ပွင့်အရှိန်အဝါကို အသုံးပြုပြီး ကင်မရာတွေက ဖမ်းယူ မပြသနိုင်တဲ့ နေရာတွေကို လူတွေမြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်” ဟု မဂ္ဂဇင်းက ချီးမွမ်းစကားဆိုသည်။ ၂၀၀၉ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်း၏ တည်ဆောက်သူများနှင့် မဟာပုဂ္ဂိုလ်များ စာရင်းတွင် ပါဝင်ခဲ့ပြန်သည်။

၂၀၀၅ ခုနှစ်မှစတင်ကာ အန်ဂျလီနာဂျိုလီနှင့် ပစ်တို့၏ ချစ်ကျွမ်းဝင်မှု အကြောင်းမှာ ကမ္ဘာတလွှား၌ အများဆုံး ဖော်ပြခံရသည့် ငွေကြယ်ပွင့်ဇာတ်လမ်း ဖြစ်လာခဲ့ သည်။ ၂၀၀၆ နှစ်ဦးပိုင်း၌ ဂျိုလီတွင့် ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုပြီးသည့်နောက် ၎င်းတို့စုံတွဲအပေါ် မီဒီယာတို့ အထူးတလည်အာရုံစိုက်ကြရာ ရိုက်တာ၏ ဘရက်ဂျလီနာ ရောဂါ ဆောင်းပါးတွင် ရူးသွပ်တဲ့အဆင့် ဟု သတ်မှတ်ရသည်အထိ ဖြစ်သည်။ မီဒီယာတို့၏ အာရုံစိုက်မှုမှ ရှောင်ရှားရန်အတွက် နမ်မီးဘီယားသို့ သွားရောက်ပြီး ၎င်းတို့၏ သမီး ရှိုင်လိုကို မွေးဖွားခဲ့ရာ သတင်းမုဆိုး ဘလော့ဂ်တစ်ခုက “ခရစ်တော်မွေးဖွားပြီးချိန်နောက်ပိုင်း မျှော်လင့်စောင့်စားအခံရဆုံးကလေး” ဟု ဖော်ပြခဲ့သည်။ ၂ နှစ်အကြာ ဂျိုလီ၏ ဒုတိယကိုယ်ဝန်သတင်းကို အလားတူပင် မီဒီယာများက အသည်းအသန်အာရုံစိုက်ကြပြန်ရာ မြို့တော် နိစ် ရှိ ကမ်းခြေ ဆေးရုံတစ်ခုတွင် ဂျိုလီ ၂ ပတ်ခန့် တက်ရောက်နေစဉ် သတင်းဓာတ်ပုံသမားများက မွေးဖွားမှုကို သတင်းရယူရန် လူသွားလမ်းပေါ် စခန်းချ စောင့်စားခဲ့ကြသည်။

ACNielsen က နိုင်ငံတကာဈေးကွက် ၄၂ ခုတွင် ကောက်ယူသော ၂၀၀၆ ခုနှစ် ဂလိုဘယ်စက်မှုစစ်တမ်းအရ ပစ်နှင့်ဂျိုလီတို့မှာ ကမ္ဘာအနှံ့ ထုတ်ကုန်နှင့် ဘရန်းများအတွက် ထောက်ခံညွှန်းဆိုရာတွင် လူကြိုက်များသော ငွေကြယ်ပွင့်စုံတွဲ ဖြစ်သည်။ ပစ်က ရုပ်သံကြော်ငြာပေါင်းများစွာတွင် ပါဝင်ခဲ့သည်။ အမေရိကန်ဈေးကွက်အတွက် ၂၀၀၅ စူပါဘိုးလ် ကစားပွဲအတွင်း ထုတ်လွှင့်ပြသသည့် ဟိုင်နီကန် ကြော်ငြာတွင် သရုပ်ဆောင်သည်။ ယင်းကြော်ငြာကို ဆဲဗင်းFight Club နှင့် ဘန်ဂျမင်ဘတ်တန်၏ ထူးဆန်းသောဖြစ်ရပ် တို့ကို ရိုက်ကူးခဲ့သည့် ဒေးဗစ်ဖင်ချာကပင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ရုရှားမော်ဒယ် တာတီယားနာဆောရိုကို နှင့်တွဲဘက်ပြီး Acura Integra SoftBank နှင့် အက်ဒွင်ဂျင်းစသည့် ရုပ်သံကြော်ငြာများတွင် ပါဝင်ခဲ့သည်။ ၎င်းအား ဂုဏ်ပြုသောအားဖြင့် ၂၀၁၅ ဇွန်တွင် ဂြိုဟ်ငယ် ၂၉၁၃၂ ကို ဘရတ်ပစ်ဟု အမည်မှည့်ခေါ်ခဲ့သည်။

ကိုးကား

Tags:

ဘရက်ပစ် ငယ်ဘဝဘရက်ပစ် တိုးတက်ကြီးပွားရေးလမ်းကြောင်းဘရက်ပစ် လူသားချင်းစာနာမှုနှင့် နိုင်ငံရေးရာ ကြိုးပမ်းအားထုတ်မှုများဘရက်ပစ် ကိုယ်ပိုင်ဘဝဘရက်ပစ် စာပေမီဒီယာများတွင် ဖော်ပြခံရမှုများဘရက်ပစ် ကိုးကားဘရက်ပစ်အမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

ပြေတီဦးမြန်မာစာစတင်ဖြစ်ပေါ်လာပုံပထမ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးမြန်မာ့ရိုးရာ ကစားနည်းကျောက်မဲမြို့ရန်ကုန်မြို့မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းလူ၏ အရိုးဖွဲ့စည်းပုံအကြည်တော်ကနောင်မင်းသားဝိဘတ်Rဇာနည်ဆိုရှယ်လစ်ဝါဒဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းနာဇီဂျာမနီနရသူ (ပုဂံ)စစ်တွေမြို့အစ္စလာမ် သမိုင်းသိဒ္ဓတ္ထမင်းသားရဲယိုပင်ကုန်းဘောင်မင်းဆက်ကွန်မြူနစ်ဝါဒသိကြားမင်းဧပြီ ၁၉၇၆စာစီစာကုံးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဗျည်းဝ လူမျိုးမိုးမခပင်ငါးရာ့ငါးဆယ် နိပါတ်တော်ချောင်းသာကမ်းခြေရန်ကုန်ခေတ်သစ် မီဒီယာကိုလိုနီခေတ်ဘီတီအက်စ်လောက်ကိုင်မြို့သတိုးမင်းဖျားဘုရား (ဗုဒ္ဓဘာသာ)တိုက်တောင်ငူမြို့နေအဖွဲ့အစည်းဘားအံမြို့ဒုက္ခသစ္စာချားလ်စ်မန်ဆန်စအိုဖြင့် လိင်ဆက်ဆံခြင်းကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အမေရိကန်ပြည်ထောင်စုပြည်ထောင်စုအစိုးရအဖွဲ့ဝတ်စားဆင်ယင်မှုဇာတ်ကြီးဆယ်ဘွဲ့သရဏဂုံယူကရိန်းနိုင်ငံခရီးသွားခြင်းဥဩအင်္ဂလန်နိုင်ငံမြန်မာပိတောက်တဖုဿနှင့် ဘလ္လိကသက်မွန်မြင့်ကုန်းဘောင်ခေတ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြင်သစ်နိုင်ငံဘဉာဏ် (ပန်းချီဆရာ)ပါရာဇိကရဟန်းမိန်းမဝိနည်းများသိပ္ပံပညာဘုရားပင့်အင်းတော်ကြီးသမိုင်းပထဝီဝင်စိုးလွင်လွင်သဗ္ဗညုဘုရား(ပုဂံ)မထိုးသွင်းသော လိင်ဆက်ဆံခြင်းတရုတ်သမိုင်းဂျာမနီနိုင်ငံအနတ္တလက္ခဏသုတ်မြန်မာ့အလင်း သတင်းစာမဟတ္တမ ဂန္ဒီ🡆 More