အလက်ဇန္ဒြီနာ ဗစ်တိုးရီးယား(အင်္ဂလိပ်: Alexandrina Victoria; ၁၈၂၉ မေ ၂၄ ~ ၁၉၀၁ ဇန်နဝါရီ ၂၂; နန်းသက်: ၁၈၃၇ ဇွန် ၂၀ ~ ၁၉၀၁ ဇန်နဝါရီ ၂၂)သည် မဟာဗြိတိန် အိုက်ယာလန် ပြည်ထောင်စု ဘုရင့်နိုင်ငံ၏ ဘုရင်မဖြစ်သည်။
ဝိတိုရိယ ဘုရင်မ | |
---|---|
Alexandrina Victoria | |
နန်းတက်ချိန် | ၁၈၃၇ ဇွန် ၂၀ |
လက်မှတ် |
ဝိတိုရိယဘုရင်မသည် ဗြိတိသျှ ထီးနန်းတွင် ဒုတိယ နန်းသက်အရှည်ဆုံး ဘုရင်မဖြစ်သည့်အပြင် သမိုင်းအလိုအရ ဂရိတ်ဗြိတိန်နိုင်ငံ၌ ဝိတိုရိယခေတ် ဟုခေါ်တွင်သော တိုးတက်မှု ထွန်းကားရာခေတ်ကို ဖန်တီးဖြစ်ပေါ်စေခဲ့သူလည်းဖြစ်သည်။ ဝိတိုရိယဘုရင်မသည် စတုတ္ထမြောက်ဝီလျံဘုရင်၏ ညီတော် ကင့်မြို့စား အက်ဒွပ်၏ တစ်ဦးတည်းသော သမီးဖြစ်၍ ခရစ်နှစ် ၁၈၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကင်ဆင်တန်နန်းတော်၌ ဖွားမြင်သည်။ တစ်နှစ်သမီးအရွယ် မရောက်မီကပင် ဖခင် ကင့်မြို့စား ကွယ်လွန်သဖြင့် မိခင်လက်ထဲတွင် ကြီးရသည်။ မိခင်ဂျာမန်မင်းသမီး ဝိတိုရိယ မာရီယာ လွီဇာက သမီးအား ဘာသာစကား၊ နိုင်ငံသမိုင်း၊ ဗြိတိသျှနိုင်ငံရေးစနစ် အစရှိသော ပညာရပ်များကို သင်ပေးခဲ့သည်သာမက နိုင်ငံတွင်း၌ လှည့်လည်၍ လူမှုရေးဆိုင်ရာ အခြေအနေတို့ကိုလည်း လေ့လာစေခဲ့သည်။
ဝိတိုရိယ မင်းသမီးသည် ငါးယောက်မြောက် နန်းညွန့်နန်းလျာ ဖြစ်သော်လည်း သူ့ထက်အလျင်ကျသူ နန်းလျာလေးဦးမှာ သူငယ်ရွယ်စဉ် ကပင် ကွယ်လွန်သွားကြသည်။ ထို့ကြောင့် ဝိတိုရိယသည် အသက် ၁၈ နှစ်အရွယ်၌ ဦးရီးတော် စတုတ္ထဝီလျံဘုရင် ကွယ်လွန်သောအခါ ဗြိတိသျှ ထီးနန်းကို ဆက်ခံအုပ်စိုးရလေသည်။ သို့သော် မိန်မသားဖြစ်ခြင်းကြောင့် ဟန်နိုဗာမင်းအဖြစ်ဖြင့်မူကား မဆက်ခံနိုင်တော့ချေ။ ခရစ်နှစ် ၁၈၃၈ ခုနှစ်တွင် ဝက်စမင်စတာအက်ဗေးဘုရားရှိခိုးကျောင်း၌ ဘိသိက်ခံသည်။
ဘုရင်မကလေးသည် မိမိကိုယ်တိုင် အနေအထိုင် အပြောအဆိုတို့၌ ခြိုးခြံစွာကျင့်သုံးတတ်သူ တစ်ယောက်ဖြစ်သည့်အားလျော်စွာ ထီးနန်းနှင့် ဆက်ဆံရသူအားလုံးတို့ကိုလည်း မိမိနည်းတူ ခြိုးခြံစွာ ကျင့်သုံးစေသည်။ အင်္ဂလိပ်လူမျိုး တစ်ရပ်လုံးသည်လည်း စိတ်နေစိတ်ထားမြင့်ခြင်း၊ လုံ့လဝိရိယရှိခြင်း၊ မိမိကိုယ်ကို မိမိအားကိုးလိုစိတ်ရှိခြင်း စသောအရည်အချင်းတို့နှင့် ပြည့်စုံလာကြသည်။ သို့ဖြစ်၍ ဝိတိုရိယခေတ်ဟု အမည်တွင်သော ထိုခေတ်၌ ဂရိတ်ဗြိတိန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ရှိလေသည်။ ပြည်တွင်း၌ စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာ၏။ ဗြိတိသျှ အင်ပါယာကြီးသည်လည်း ပို၍ကျယ်ဝန်းလာသည်။
ဘုရင်မကလေးသည် ငယ်ရွယ်သူဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရေးတွင် အတွေ့အကြုံဗဟုသုတ နည်းသေးသော်လည်း ဝှစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်လော့မဲလဗုန်းက တိုင်းပြည်အုပ်ချုပ်ရေးကိုလည်းကောင်း၊ လူမှုဆက်ဆံရေးကိုလည်းကောင်း ဖခင်သဖွယ် သွန်သင်လမ်းပြပေးခဲ့သည်။ ဝိတိုရိယဘုရင်မသည် နန်းတက်ပြီးနောက် သုံးနှစ်ခန့်ကြာသောအခါ မောင်တစ်ဝမ်းကွဲတော်စပ်သူ အဲလ်ဘတ်မင်းသားနှင့် ထိမ်းမြားလက်ထပ်သည်။ သူတို့နှစ်ဦး၏ အိမ်ထောင်ရေးသည် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာသာ ဖြစ်ခဲ့ပေသည်။ အဲလဘတ်မင်းသားသည် အကျင့်စာရိတ္တကောင်းမွန်၍ စာပေ၊ ဂီတနှင့် အနုပညာတို့ကို မြတ်နိုးသူလည်းဖြစ်သည်။ တိုင်းသူပြည်သားတို့၏ ကြည်ညိုလေးစားခြင်းကို ခံရသည်။ ဘုရင်မကလည်း မင်းသားကို အထူးပင်အားကိုးသည်ဖြစ်ရာ မိမိ၏အကြံပေးအရာရှိချုပ်အဖြစ်လည်းကောင်း၊ အတွင်းရေး အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားသည်။ ၁၈၅၇ ခုနှစ်တွင် အဲလဗတ်မင်းသားအား ကြင်ဖက်တော် မင်းသားဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့သည်။ ဘုရင်မနှင့် ကြင်ဖက်တော်မင်းသားတို့တွင် သားသမီးကိုးယောက် ထွန်းကားခဲ့ရာ သားတော်များထဲက အကြီးဆုံးဖြစ်သူသည် နောင်အခါ၌ သတ္တမ အက်ဒွပ်ဘုရင်အဖြစ် အရိုက်အရာကို ဆက်ခံရလေသည်။
ဝိတိုရိယ ဘုရင်မလက်ထက်တွင် ဆာရောဗတ်ပီး၊ လော့ပါမာ စတန်၊ ဗင်ဂျမင်ဒစ်ဇရေလီ၊ ဂလက်စတုန်း၊ လော့ဆော့စဗရီ စသော ထူးချွန်သည့် ဝန်ကြီးချုပ်များ ပေါ်ထွက်လာခဲ့သဖြင့် ဗြိတိသျှအင်ပါယာကြီးသည် တန်ခိုးအာဏာ တိုးတက်ကြီးမြင့်ခဲ့လေသည်။ အရေးကြီးသော အဖြစ်အပျက်များနှင့်လည်း တွေ့ကြုံခဲ့ရသည်။ ၁၈၃၇ ခုနှစ်တွင် ကနေဒါပြည်၌ ပုန်ကန်မှု ပေါ်ပေါက်လာပြီးနောက် ၁၈၄ဝ ပြည်နှစ်တွင် အထက်နှင့် အောက်ပြည်နယ်တို့၌ကို ပေါင်းစည်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့သည်။ ထိုနှစ်၌ပင် ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံတွင် ဘိန်းစစ်ပွဲကို တိုက်ခဲ့ရသည်။ တစ်ဖန် ၁၈၅၄ ခုနှစ်တွင် ကရိုင်းမီးယားစစ်ပွဲကိုလည်းကောင်း၊ ၁၈၉၉ ခုနှစ်တွင် တောင်အာဖရိက စစ်ပွဲကိုလည်းကောင်း တိုက်ခဲ့ရလေသည်။
ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့၍ နောက်နှစ်တွင် အိန္ဒိယနိုင်ငံအုပ်ချုပ်ရေးကို အရှေ့အိန္ဒိယကုမ္ပဏီလက်မှ အစိုးရလက်သို့ လွှဲပြောင်းပေးခဲ့လေသည်။ အင်္ဂလိပ်အစိုးရသည် အီဂျစ်ပြည်၌ ကြီးစိုး၍ အင်ပါယာကိုလည်း တိုးချဲ့ခဲ့သည်။ မြောက်အမေရိကတိုက်နှင့် ဩစတြေးလျတိုက်ရှိ ပြည်နယ်များကို ပြည်ထောင်စုများအဖြစ် အသီးသီးစုပေါင်းခဲ့၍ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ပေးခဲ့၏။ ပါလီမန်သည် အလုပ်သမားတို့၏ အခြေအနေ တိုးတက်ရန်သော်လည်းကောင်း၊ မသင်မနေရ ပညာရေးဖြစ်ပေါ်လာရန်သော်လည်းကောင်း၊ အက်ဥပဒေများ ပြုလုပ်ပြဋ္ဌာန်းပေးခဲ့သည်။ မြို့ပြအုပ်ချုပ်ရေးစနစ်ကိုလည်း ပြုပြင်ပေးခဲ့သည်။ မဲဆန္ဒပေးနိုင်ခွင့်ကို တိုးချဲ့သတ်မှတ်ခဲ့၍ ဒေသန္တရအုပ်ချုပ်ရေးတွင် ဒီမိုကရေစီသဘော သက်ဝင်အောင် ပြုပြင်ပေးခဲ့၏။ အယူဝါဒဆိုင်ရာတွင် သာတူညီမျှမှုရှိစေရန်ကိုလည်း အစိုးရက ဆောင်ရွက်ပေးခဲ့သည်။ အိုင်ယာလန်ပြည်၌ လယ်မြေစနစ်ကို ပြုပြင်ပေးခဲ့သည်။ ထို့ပြင် ဂရိတ်ဗြိတိန်နိုင်ငံသည် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးသော နိုင်ငံလည်းဖြစ်လာသည်။ ယင်းသို့ဖြင့် ဝိတိုရိယနန်းတက်စ ဂရိတ်ဗြိတိန်နိုင်ငံ၏ အခြေအနေနှင့် ဝိတိုရိယ ဘုရင်မကွယ်လွန်သည့်အချိန်က ဂရိတ်ဗြိတိန်နိုင်ငံ၏ အခြေအနေတို့မှာ များစွာပြောင်းလဲခဲ့လေသည်။
ဘုရင်မကြီးသည် နန်းတက်စက ဝှစ်ပါတီကို အားပေးခဲ့သော်လည်း နောင်အခါတွင် တိုရီ (ဝါ) ကွန်ဆဗေးတစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဒစ်ဇရေလီကို စွဲစွဲမြဲမြဲအားပေးခဲ့၏။ ဝန်ကြီးချုပ်များထဲတွင် ဘုရင်မကြီးသည် ဒစ်ဇရေလီကို အရေးအပေးဆုံးဖြစ်၍ ဂလက်စတုန်းကိုမူ သဘောမကျဆုံးဖြစ်သည်။
ခရစ်နှစ် ၁၈၇၆ ခုနှစ်တွင် ဒစ်ဇရေလီသည် ဘုရင်မကြီးအား အိန္ဒိယနိုင်ငံ၏ ဧကရီဘုရင်မဘွဲ့ကို ခံယူရအောင် ကြိုးပမ်းခဲ့သည်။ ဒစ်ဇရေလီ ဝန်ကြီးချုပ်အဖြစ်မှ ပြုတ်ကျသွားပြီးနောက်၌ပင် ဘုရင်မကြီးသည် နိုင်ငံရေးကိစ္စများတွင် ထိုပုဂ္ဂိုလ်နှင့် လျှို့ဝှက်စွာဆက်သွယ်ခဲ့သည်။ ဘုရင်မကြီးသည် နန်းသက်နောက်ပိုင်းတွင် ရုရှားနှင့်စစ်ဖြစ်တော့မည့် အခြေသို့ရောက်အောင် တူရကီအားကူညီ၍ ကမ္ဘာ့ရေးရာ၌ ပါဝင်ရမည်ဟူသော နိုင်ငံခြားဝါဒကိုပါ ကျင့်သုံးခဲ့လေသည်။
၁၈၆၁ ခုနှစ်တွင် ကြင်ဖက်တော်မင်းသား ကွယ်လွန်သဖြင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကို မပျက်မကွက် ထမ်းရွက်သည်မှတစ်ပါး နှစ်ပေါင်းများစွာ မင်းပွဲသဘင်များသို့ တက်ရောက်ခြင်း မပြုခဲ့ချေ။ ၁၈၈၇ ခုနှစ်တွင် ဘုရင်မကြီး၏ နန်းသက် အနှစ်ငါးဆယ်မြောက် ရွှေရတု သဘင်ပွဲတော်နှင့် ၁၈၉၇ ခုနှစ်တွင် နန်းသက် အနှစ်ခြောက်ဆယ်မြောက် စိန်ရတု သဘင်ပွဲတော် ကျင်းပသည့်အခါများတွင်သာ မင်းပွဲများသို့ ကိုယ်တိုင် တက်ရောက်၍ ပြည်သူလူထု၏ ကောင်းချီး ဩဘာပေးခြင်းကို ခံယူလေသည်။ ဘုရင်မကြီးသည် ကြင်ဖက်တော်ကွယ်လွန်ပြီးနောက်တွင် လန်ဒန်မြို့၌ စံနေသည် ဟူ၍မရှိဘဲ ဝင်ဆာနန်းတော်တွင်လည်းကောင်း၊ ကြင်ဖက်တော် ပုံစံထုတ် လုပ်သည့်အတိုင်း ဆောက်လုပ်ခဲ့သော ဗယ်လမိုးရဲ နန်းတော်၌ လည်းကောင်း၊ ဝိုက်ကျွန်းရှိ ဆောင်းရာသီ စံအိမ်တော်၌ လည်းကောင်း စံနေခဲ့သည်သာ များလေသည်။
ဝိတိုရိယဘုရင်မကြီးသည် ၆၃ နှစ်မျှ နန်းစံ ပြီးနောက် သက်တော် ၈၁နှစ်အရွယ် ခရစ်နှစ် ၁၉ဝ၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွယ်လွန်လေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဝိတိုရိယ ဘုရင်မ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.