၁။ ရဟန်းလောင်း သာမဏေကို ဥပဇ္ဈာယ်ဆရာတော်ထံ ဥပဇ္ဈာယ်ယူစေရ၏၊ ဥပဇ္ဈာယ်ဆရာဟူသည် သာသနာတော်၌ မိဘပင်ဖြစ်၏၊ အစစအရာရာ တာဝန်ယူရသော တာဝန်ခံပုဂ္ဂိုလ်တည်း။ ဥပဇ္ဈာယ်ရှိသူကိုသာ ရဟန်းခံပေးနိုင်၏။
၂။ သပိတ် သင်္ကန်း ပြောကြားရ၏၊ ကိုယ်ပိုင် သပိတ် သင်္ကန်း ရှိသူကိုသာ ရဟန်းခံပေးနိုင်၍ ကိုယ်ပိုင် သပိတ် သင်္ကန်းရှိကြောင်း ပြောကြားရခြင်း ဖြစ်သည်။
၃။ ရဟန်းလောင်းအား သံဃာ့အလယ်၌ မေးစိစစ်သောအခါ ဖြေဆိုနိုင်ရန် သမ္မုတိရ သံဃာတော်တပါးက သံဃာ့ပရိသတ်မှ နှစ်တောင့်ထွာ (ဟတ္တပါသ်) လွတ်ရာ တနေရာသို့ ထုတ်ဆောင်၍ သင်ပြပေးရ၏။
၄။ ထိုသို့ သွန်သင်ပြပေးပြီးနောက် သံဃာ့အလယ်သို့ ပြန်သွင်း ( ပြန်ခေါ်) ရ၏၊ ( အပြင်ထုတ်ခြင်း၊ အတွင်းသွင်းခြင်းတို့ကို ဝိနည်းကံအရ ဉတ်ဖြင့် ဆောင်ရွက်ရ၏ )။
၅။ ရဟန်းလောင်းက မိမိအား ရဟန်းပြုပေးပါရန် သံဃံ ဘန္တေ-စသည် (ပါဠိ-မြန်မာ) ကို ဆို၍ သံဃာတော်အား လျှောက်ထားရ၏၊ မိမိဆန္ဒအလျောက် ရဟန်းပြုလိုသူကိုသာ ရဟန်းခံပေးနိုင်၍ ထိုသို့လျှောက်ထားရခြင်း ဖြစ်သည်။
၆။ သမ္မုတိရ သံဃာတော်ကပင် ရဟန်းလောင်းအား မေးစိစစ်ရ၏၊ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီညွတ်သူကိုသာ ရဟန်းခံပေးနိုင်၍ ရဟန်းဖြစ်ထိုက်သော အင်္ဂါနှင့် ညီမညီ သိရှိနိုင်ရန် မေးစိစစ်ရခြင်း ဖြစ်သည်။
၇။ သံဃာတော်များက ဥတ္တိစတုတ္ထ ကမ္မဝါစာကို ရွတ်ဖတ်ကြရ၏၊ ဤဥတ္တိစတုတ္ထ ကမ္မဝါစာသည် ရဟန်းအဖြစ်၌ အချုပ်အခြာ ပဓာနဖြစ်၏၊ ရွတ်ဖတ်ရာ၌ များသောအားဖြင့် တကြိမ် သုံးပါးနှုန်းဖြင့်၊ အမြဲနေမည့်ရဟန်း ဖြစ်လျှင် အနည်းဆုံး သုံးကြိမ်လောက် ရွတ်ဖတ်လေ့ရှိကြသည်။ ပထမအကြိမ်ကပင် နည်းလမ်းတကျ ရွတ်ဖတ်နိုင်လျှင် ထိုပထမအကြိမ် ကမ္မဝါစာအဆုံးမှာပင် ရဟန်းဖြစ်တော့၏။ တကြိမ်တည်းဖြင့် စိတ်မချရ၍လည်းကောင်း၊ ပိုမိုခိုင်မြဲစေလို၍လည်းကောင်း အကြိမ်ကြိမ် ဖတ်ခြင်းဖြစ်သည်။
ရဟန်းဖြစ်သည်နှင့်တပြိုင်နက် ရဟန်းသစ် သန္တာန်၌ လူတို့၏ သီလသိက္ခာထက် သာလွန်မြင့်မြတ်သော အဓိသီလသိက္ခာ တည်သွားသည်။ ရှောင်ကြဉ်လိုက်နာဖွယ် သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော် ရဟန်းကျင့်ဝတ် သိက္ခာပုဒ်များလည်း ရောက်လာတော့၏။ ထိုသိက္ခာပုဒ်များတည်းဟူသော ဥပဒေဘောင်အတွင်းက နေထိုင်ခြင်းဖြင့် ရဟန်းဘဝကို ရှင်သန်စေရ၏။
ထိုဥပဒေများတွင်
၁။ မေထုန်မှီဝဲမှု
၂။ ပါရာဇိက ကျလောက်သော သူတပါးပစ္စည်း ခိုးမှု
၃။ လူသတ်မှု
၄။ မိမိမှာ တကယ်မရှိဘဲ ဈာန်မဂ်ဖိုလ်တရား ရှိကြောင်း ပြောဆိုမှု-တို့မှ ရှောင်ကြဉ်ရန်
ပညတ်ထားသော ဥပဒေလေးမျိုးတို့ကို မကျူးလွန် မဖောက်ဖျက်သမျှ ရဟန်းစစ် ရဟန်းမှန်ပင်ဖြစ်၏။ ထို့ကြောင့် ရဟန်းဘဝ၌ နေသမျှ ထိုဥပဒေ လေးမျိုးတို့ကို မဖြစ်မနေ ထိန်းသိမ်း စောင့်ရှောက်ရန် ဥပဇ္ဈာယ်ဆရာတော်က မိမိတပည့် ရဟန်းသစ်အား သိမ်ထဲမှာပင် သွန်သင် ဆုံးမတော်မူ၏။
ရှိခိုးထိုက်သော အသွင်အပြင်အားဖြင့် (၂)မျိုးရှိသည်။
ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀)ရှိသည်။
အသွင်အပြင်အားဖြင့် (၂)မျိုး
(၁) ဖန်ရည်ဆိုးသော သင်္ဃန်းကို ဝတ်ရုံခြင်း ၊(လှပတင့်တယ်သော အရောင်အဆင်းရှိတဲ့ အဝတ်အစား ကို ရှောင်ကြဉ်လိုက်ခြင်း၊ကာမဂုဏ်ကို အသွင်ဖြင့် သတ်ခြင်း ၊
(၂) ဦးခေါင်းကို ရိတ်တုံးထားခြင်း ။ (ဦးခေါင်းတန်ဆာဆင်ခြင်း ကို ရှောင်ကြဉ်ခြင်း၊နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအလှအပထားခြင်း များကို ရှောင်ကြဉ်ခြင်း ၊ အိန္ဒိယမှာတော့ ဒါတော်တော်ကို စွန်ပတာတဲပ အစဉ်အလာလုပ်ရပ်လို့ဆိုပါတယ်။ သူတို့က ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးကို အရမ်းအလှဆင်တဲ့ တိုင်းပြည်ဖြစ်နေလို့တဲ့)
ရှိခိုးထိုက်သောဂုဏ်အရည်အချင်းအားဖြင့်အချက်ပေါင်း(၂၀) (၁) သေက္ခ ပုဂ္ဂိုလ် အသွင်ရှိခြင်း
(၂)ရဟန္တာအသွင် ရှိခြင်း
(၃) အရိယာနှင့်တူသော အကျင့်ရှိနေခြင်း
(၄)တူသောနေထိုင်ခြင်းရှိကြခြင်း
(၅)တူသောဣန္ဒြေ ရှိကြခြင်း
(၆)တူသောဆင်းရဲခြင်းရှိခြင်း
(၇)တူသောသည်းခံခြင်းရှိခြင်း
(၈ )တစ်ကိုယ်ထီးတည်းကျင့်ကြံအားထုတ်နိုင်ခြင်း
(၉) တစ်ကိုယ်ထီးတည်းမွေ့လျှော်ခြင်း
(၁၀) တစ်ကိုယ်ထီးတည်းကျိန်းအောင်းခြင်း
(၁၁)မကောင်းမှုမှရှက်ခြင်း
(၁၂)မကောင်းမှုမှ လန့်ခြင်း
(၁၃)သ ဓမ္မ အကျင့်ကို အားထုတ်ခြင်း
(၁၄)ကုလိုလ်ကို မမေ့လျော့ခြင်း
(၁၅)သုတ်လွှတ်ခြင်းကဲ့သို့သော ကာမဂုဏ်ကို ဖယ်ကြဉ်ခြင်း
(၁၆)ပါဠိသင်ယူခြင်း
(၁၇) အဋ္ဌကထာ ခေါ်အကျယ်အနက် သင်ယူခြင်း
(၁၈ ) သီလ၊သမာဓိ ပညာဂုဏ်တို့တွင်မွေ့လျော်ခြင်း
(၁၉)ကင်းသောတပ်မက်မှုရှိခြင်း
(၂၀) ဘုရားရှင်သတ်မှတ်သော သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း
သိက္ခာတင်ခြင်းဆိုသည်မှာ ရဟန်းတော်များက သိမ်အတွင်း ရဟန်းလောင်းကို ဥတ္တိစတုတ္ထကမ္မဝါစာဖတ်၍ ရဟန်းခံပေးခြင်းပင်ဖြစ်သည်။ သိက္ခာတင်ရာ အောက်ပါ အချက် (၅) ချက်နှင့် ပြည့်စုံရမည်၊ မပြည့်စုံပါက ရဟန်းမဖြစ်နိုင်ချေ။
၁.ရဟန်းလောင်းသည် လူသား ယောက်ျားစင်စစ် ဖြစ်ခြင်း၊ (နဂါး၊ ဂဠုံတို့က လူယောင်ဆောင်ထားသူ မဖြစ်စေရ)၊ (နပုံး ပဏ္ဍုက်နှင့် မိန်းမ မဖြစ်စေရ။)
၂.သန့်ရှင်းစင်ကြယ်သော သိမ်အတွင်း ရှိခြင်း၊
၃.သီလစင်ကြယ်သော ရဟန်းကောင်း အနည်းဆုံး (၅) ပါး ရှိခြင်း၊
၄.ဿတ်ဖတ်ကြားရာ ဋ္ဌာန်ကရိုဏ်း တိကျ မှန်ကန်ခြင်း၊
၅.ကမ္မဝါစာ (၃) ကြိမ်ကို မှန်ကန်စွာ ဖတ်ရွတ်ပေးခြင်း။
သိက္ခာချခြင်းဆိုသည်မှာ မိမိသည် ရဟန်းသီလကို ကျင့်သုံးနိုင်ခြင်းမရှိတော့ပါ ကြောင်း ဖွင့်ဟပြောကြားခြင်းပင် ဖြစ်သည်၊ သိက္ခာချပြီးနောက်ပါရာဇိကအမှုများကို ကျူးလွန်ပါက ရဟန်းမဟုတ်တော့ပြီဖြစ်၍ ပါရာဇိကအာပတ်မသင့်တော့ပါ၊ ပါရာဇိကကျ ပြီးသော ရဟန်းမှာလည်း သီလသိက္ခာမရှိတော့ပြီဖြစ်၍ သိက္ခာချရန် မလိုတော့ပါ၊ သိက္ခာ ချရာ အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံရမည်။
၁။ အမှန်တကယ် ရဟန်းအဖြစ်ဖြင့် မနေလိုခြင်း(သိက္ခာချလိုစိတ်ရှိခြင်း )
၂။ သတ်မှတ်ထားသည့် သိက္ခာချ စကားလုံး မှန်ကန်ခြင်း၊
၃။ ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုခြင်း၊
၄။ နှုတ်ဖြင့် ပီသစွာဆိုခြင်း၊ (လက်ဟန်ပြခြင်း၊ စာရေးခြင်းဖြင့် သိက္ခာချ လျှင် သိက္ခာမကျချေ၊)
၅။ ထိုပြောဆိုသောစကားကို နားထောင်သူ (သိက္ခာချပေးသူ) မှာ လူသား စင်စစ်ဖြစ်ခြင်း၊
၆။ နားထောင်သူက ချက်ချင်း နားလည်ခြင်း။
အထက်ဖော်ပြပါ သတ်မှတ်ထားသော သိက္ခာချ စကားလုံး ၂၆-လုံး တို့အနက် တစ်လုံးလုံးကို ပါဠိဘာသာဖြင့် ဖြစ်စေ၊ မိမိနားလည်ရာအခြားဘာသာ စကားဖြင့်ဖြစ်စေ ရွတ်ဆိုခွင့်ရှိသည်။ ဘုရားကို စွန့်ခဲ့ပြီဟု အတိတ်ကာလဖြင့် လည်းကောင်း၊ ဘုရားကို စွန့်တော့မည်ဟု အနာဂတ်ကာလဖြင့် လည်းကောင်း ပြောဆိုလျှင် သိက္ခာမကျချေ၊ စွန့်ပါ၏ဟု ပစ္စုပ္ပန်ကာလဖြင့် ပြောဆိုမှသာ သိက္ခာကျသည်။ သိက္ခာချရာ ယောက်ျား မိန်းမ မည်သူ့ထံ မဆိုသိက္ခာချနိုင်၏။ နားထောင်သူ အနေဖြင့် ဤရဟန်းသည် သိက္ခာ ချသည်ဟု ချက်ချင်းနားလည်ရမည်။
ထို့ကြောင့် ဝိနည်း နားလည်သူအထံ တွင်သာသိက္ခာချသင့်၏။ ဝိနည်းနားမလည်သူ ထံ သိက္ခာချလိုပါက သိက္ခာချခြင်း၏ အဓိပ္ပာယ်ကို ကြိုတင်ရှင်းလင်း ပြောပြပြီး နောက်မှသာ သိက္ခာချသင့်သည်။ ဤခေတ် ဒုလ္လဘရဟန်းခံသူတို့သည် သိက္ခာကျအောင် သိက္ခာချဖို့ အရေးကြီး၏။ သိက္ခာမကျဘဲ လူဝတ်လဲ၍ မိမိအိမ်ပြန်လာပါက သင်္ကန်းဝတ်စဉ်က ပါရာဇိကမကျဘဲ ပုဆိုးဝတ်ပြီးမှ ပါရာဇိကကျမည်ကို သတိပြုသင့်ကြသည်။
ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။
သာမဏေရ ပဗ္ဗဇ္ဇ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပာယ်ရသည်။
သာသနာ့ဝန်ထမ်း ရဟန်းဘဝနှင့် စပ်၍ ရဟန်းရှစ်မျိုးရှိကြောင်းကို ဦးစွာသိအပ်ပေ၏။
၁။ ဧဟိဘိက္ခူပသမ္ပဒါ-ဗုဒ္ဓက ရဟန်း လာလော့-ဟုခေါ်ကာမျှဖြင့် ဖြစ်လာရသော ရဟန်း။( အရှင်သာရိပုတ္တရာ စသည် )
၂။ သရဏဂမနူပသမ္ပဒါ-သရဏဂုံ ဆောက်တည်ကာမျှဖြင့် ဖြစ်လာသောရဟန်း။( ဘုရားဖြစ်ခါစ ရှေးပိုင်းရဟန်းများ )
၃။ ဩဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ-ဗုဒ္ဓ၏ ဩဝါဒကို ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မဟာကဿပ )
၄။ ပဥှာဗျာကရဏူပသမ္ပဒါ-ပြဿနာ ဖြေဆိုကာမျှဖြင့်ဖြစ်လာသောရဟန်း။( အရှင်သောပါက )
၅။ အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ-ဂရုဓမ်ရှစ်ပါး ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မ မဟာပဇာပတိဂေါတမီ )
၆။ ဒူတေနူပသမ္ပဒါ-တဆင့်ခံ တမန်ဖြစ်လာသော ရဟန်း။( အရှင်မ အဍ္ဎကာသီ )
၇။ အဋ္ဌဝါစီကူပသမ္ပဒါ-ရဟန်း၊ ရဟန်းမ၊ နှစ်ဖက်သံဃာမှ ဥတ္တိစတုတ္ထကံ နှစ်မျိုးဖြင့် ဖြစ်လာသော ရဟန်း။( အခြားရဟန်းမများ )
( ၈ ) ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ-ဉတ္တိစတုတ္ထကံဖြင့် ဖြစ်လာသော ရဟန်း။( အရှင်ရာဓ-မှစ၍ မျက်မှောက်ခေတ်အထိ ရဟန်းများ )
ထို ၈-မျိုးတို့တွင် ၁၊ ၃ ၊ ၄၊ ၅ တို့သည် ဗုဒ္ဓကိုယ်တော်တိုင် ရဟန်းပြုပေးသော ရဟန်း အမျိုးအစားများ ဖြစ်ကြသည်။
ယနေ့မျက်မှောက်ခေတ် သာသနာတော်၌ ဉတ္တိစတုတ္ထကံဖြင့်သာ ရဟန်းပြုခွင့် ရှိတော့၏။ ထို့ကြောင့် လက်ရှိရဟန်းတော်မှန်သမျှ အမှတ် ၈-အမျိုးအစား ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ ရဟန်းများချည်း ဖြစ်ကြသည်။
ရဟန်းတပါး ဖြစ်မြောက်ရန် ဉတ္တိစတုတ္ထကံကို နည်းလမ်းတကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ လိုအပ်၏။ ယင်းသို့ ဉတ္တိစတုတ္ထကံ အောင်မြင်ရန်-
၁။ ဝတ္ထု-ရဟန်းလောင်း။
၂။ ဉတ္တိ-ဉတ်။ ( ကမ္မဝါစာ နိဒါန်း )
၃။ သီမာ-သိမ်။
၄။ အနုဿာဝန-ကမ္မဝါစာ။
၅။ ပရိသာ-ပရိသတ်။ ( ကံဆောင်သံဃာ ) ( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိသာ၊ ငါးဖြာ သမ္ပတ္တိ ။)
ဟူသော အင်္ဂါငါးပါး ညီညွတ်ပြည့်စုံဖို့ လိုအပ်၏။
ယင်းငါးပါး ညီညွတ်ပြည့်စုံမှ ဥတ္တိစတုတ္ထကံ အောင်မြင်၍ ရဟန်းဖြစ်နိုင်၏။ ထို့ကြောင့် ( သိက္ခာတင် ပဥ္စင်္ဂ ) ဟု ဆိုကြသည်။ သိက္ခာတင်-( ရဟန်းခံ) ရာ၌ အင်္ဂါငါးပါး ရှိ၏ဟု ဆိုလိုသည်။
ထိုတွင် ဝတ္ထုအရ ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဥ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။
ဥတ္တိအနုဿာဝနတို့အရ ဥတ်ကမ္မဝါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။
( မဇ္ဈိမဒေသဖြစ်လျှင် ၁၀-ပါးရှိရ၏။ ယင်းသံဃာတော်များက စုပေါင်းညီညာ ဆောင်ရွက်ကြရ၏။ )
(၁) ပုဏ္ဍုက်၊
(၂) ရှင်ရဟန်းအသွင်ကို ခိုးယူ၍ ရှင်ရဟန်းအစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ၊
(၃) တိတ္ထိ တို့ထံသို့ ရဟန်းဘောင်မှ ပယ်ခွာထားသူ၊
(၄) တိရစ္ဆာန်၊
(၅) အမိကို သတ်သူ၊
(၆) အဖကို သတ်သူ၊
(၇) ရဟန္တာကို သတ်သူ၊
(၈) ဘုရားအား သွေးစိမ်းတည်အောင် ပြုသူ၊
(၉) သံဃာကို ဂိုဏ်းခွဲသူ၊
(၁၀) ရဟန်းမိန်းမကို ဖျက်ဆီးသူ၊
(၁၁) နှစ် လိင်ရှိသူ။
၁။ လက်ပြတ်သောသူ၊
၂။ ခြေပြတ်သောသူ၊
၃။ လက်၊ ခြေပြတ်သောသူ၊
၄။ နားပြတ်သောသူ၊
၅။ နှာခေါင်းပြတ်သောသူ၊
၆။ နား၊ နှာခေါင်းပြတ်သောသူ၊
၇။ ခြေချောင်း၊ လက်ချောင်းပြတ်သောသူ၊
၈။ ခြေမ၊ လက်မ ပြတ်သောသူ၊
၉။ အကြောမ ပြတ်သောသူ၊
၁၀။ ခြေချောင်း၊ လက်ချောင်း ပူးနေသောသူ၊
၁၁။ ကုန်းသောသူ၊
၁၂။ ပုကွသောသူ၊
၁၃။ လည်ပင်းကြီးနာရှိသောသူ၊
၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသောသူ၊
၁၅။ ကြိမ်ဒဏ်ပေးခံရသောသူ၊
၁၆။ တွေ့ရာအရပ်၌ "သတ်" ဟူ၍ ကြေညာထားသောသူ၊
၁၇။ ခြေထိုင်းသောသူ၊
၁၈။ အနာဆိုးရှိသောသူ၊
၁၉။ အသွင်ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးသောသူ၊
၂၀။ မျက်စိတစ်ဖက်ကန်းသောသူ၊
၂၁။ လက်ခြေကောက်သောသူ၊
၂၂။ ခွင်သောသူ၊
၂၃။ ဖက်သကပ်နာစွဲ "ကိုယ်တမ်းခြမ်းသေသော" သူ၊
၂၄။ "အသွား" ဆွံ့သောသူ၊
၂၅။ အိုမင်းမစွမ်းသောသူ၊
၂၆။ မျက်စိနှစ်ဖက်ကမ်းသောသူ၊
၂၇။ စကားဆွံ့အသောသူ၊
၂၈။ နားပင်းသောသူ၊
၂၉။ ကန်းလည်းကန်း အလည်းအသောသူ၊
၃၀။ ကန်းလည်းကန်း နားလည်းပင်းသောသူ၊
၃၁။ အလည်းအ နားလည်းပင်းသောသူ၊
၃၂။ ကန်းလည်းကန်း အလည်းအ နားလည်းပင်းသောသူ။
This article uses material from the Wikipedia မြန်မာဘာသာ article ရဟန်းခံခြင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.