ကွန်ဆာဗေးတစ်ပါတီ (အင်္ဂလိပ်: 'Conservative Party'၊ တရားဝင်အားဖြင့်: Conservative and Unionist Party) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အစိုးရဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏လွှတ်တော်၌ နေရာပေါင်း ၆၅၀ အနက် အများစုဖြစ်သော ၃၆၄ နေရာကိုရရှိထားသည်။
ကွန်ဆာဗေးတစ်ပါတီဟူသော အင်္ဂလိပ်အမည်မှာ ယူနိုက်တက်ကင်းဒမ်း ရှိ နိုင်ငံရေးအဖွဲ့ကြီး တစ်ဖွဲ့၏အမည် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်းတွင် ယနေ့တိုင် ထင်ရှားတည်ရှိသော နိုင်ငံရေးအဖွဲ့ကြီးများမှာ ကွန်ဆာဗေးတစ်ပါတီ၊ လေဘာပါတီနှင့် လစ်ဘရယ်ပါတီတို့ ဖြစ် သည်။ ယင်းတို့အနက် ကွန်ဆာဗေးတစ်ပါတီနှင့် လစ်ဘရယ်ပါတီ မှာ ရှေးအခါက တိုရီပါတီနှင့် ဝှစ်ပါတီတို့မှ ဆင်းသက်လာ သည့် ပါတီကြီးများ ဖြစ်လေသည်။
ကွန်ဆာဗေးတစ်ပါတီဟူသော အင်္ဂလိပ်စကားမှာ ရှိရင်းစွဲ အခြေအနေကို မပြောင်းလဲစေဘဲ၊ စံနစ်ဟောင်းတို့ကို လက်ခံ ထားခြင်းဟု အဓိပ္ပာယ်ရသည်။ ပါတီဟူသော အင်္ဂလိပ်စကား မှာ အဖွဲ့အစည်းပင် ဖြစ်သည်။ ဤဝါဒအရဆိုလျှင် ကွန်ဆာဗေးတစ်ပါတီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစံနစ်တို့ကို ရှိရင်းစွဲအတိုင်း ထိန်းသိမ်းပေးပြီးလျှင်၊ ထိုစံနစ်တို့ကို တစ်မျိုး တစ်ဖုံဖြစ်အောင် ဖန်တီးမည့်ပြုပြင်ပြောင်းလဲမှုတို့ကို လက်မခံ လိုချေ။ ပုဂ္ဂလိကပိုင်ငွေရင်းနှင့် မတည်သောလုပ်ငန်းတို့ကို အကာအကွယ်ပေး၍၊ အရင်းရှင်စံနစ်ကို အခြေခံသည့် လူမှုရေး ကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေး၍ ကုန်သွယ်မှု၌ အကောက်ခွန်များ ပယ်ဖျက်ရေးကို ဆန့်ကျင်ဖက်ပြုသည်။ ကွန်ဆာဗေးတစ်ပါတီ၏ ဇစ်မြစ်ကို ဖော်ပြရသော် တိုရီနှင့် ဝှစ်တို့ ဖြစ်ပေါ်လာပုံမှ အစပြု၍ ရေးရပေလိမ့်မည်။ ထိုပါတီ ၂ ခု တို့မှာ အင်္ဂလန်ပြည့်ရှင် ပထမချားဘုရင်(ခရစ် ၁၆၃ဝ-၁၆၈၅) လက်ထက်က စတင် ပေါ်ပေါက်သည်။ ထိုမင်းလက်ထက်၌ ဒုတိယချားဘုရင်ကို ဆက်ခံရမည့် ထီးနန်းလျာ ရွေးချယ်ကြသည်။ ဒုတိယချားဘုရင်၏ညီ ယော့စားဒျူဘွဲ့ရ ဂျိမ်းမှာ ဗရင်ဂျီဂိုဏ်းဝင် ဖြစ်လေရကား၊ အချို့နိုင်ငံရေးသမားတို့က သဘောမကျချေ။ ထို့ကြောင့် ဂျိမ်းကို နန်းလျာအဖြစ်မှ ပယ်စေသော ဥပဒေကို ပြုကြသည်။ ထိုနိုင်ငံရေးသမားတို့၏ အဖွဲ့ အစည်းကို ဝှစ်ဟု ခေါ်သည်။ ယင်းဝှစ်တို့ကို ဆန့်ကျင်ဖက်ပြု ၍၊ ဂျိမ်းကိုထောက်ခံသော နိုင်ငံရေးအဖွဲ့ကား တိုရီဂိုဏ်း ဖြစ် သည်။ ယင်းတိုရီဟူသောအမည်မှ အင်္ဂလိပ်ပါလီမန်ရွေးကောက် နည်းစံနစ် ကို ပြုပြင်သည့် ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်း တင်သွင်းအတည်ပြုသော ခရစ်နှစ် ၁၈၃၂ ခုတွင် ကွန်ဆာဗေးတစ် အမည်သို့ ပြောင်းခဲ့သည်။ သို့ရာတွင် ယင်းအဖွဲ့ကို ဝေဖန်လိုသူများက တိုရီဟူ၍ပင် တစ်ခါတစ်ရံ ခေါ်လေ့ရှိသည်။
ကွန်ဆာဗေးတစ်ပါတီသည် ဆာရောဗတ်ပီး ခေါင်းဆောင်ခဲ့စဉ် ၁၈၄၁ ခုနှစ်မှ ၁၈၄၆ ခုနှစ်အထိ နိုင်ငံရေးအာဏာကို သိမ်းပိုက်နိုင်၍ နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ လော့ဒါဗီခေါင်းဆောင်ခဲ့စဉ်ကမူ သက်တမ်း တိုလှသော အစိုးရအဖွဲ့ကိုသာ ၃ ကြိမ်တိုင်တိုင် ဖွဲ့စည်းနိုင်ခဲ့၏။ နောင်အခါ လော့ဗီးကွန်းစဖီးဟု အမည်တွင်သော ဗင်ဂျမင်ဒစ်ဇရေလီ၏ လက်ထက်တွင်ကား ၁၈၇၄ ခုနှစ်မှ ၁၈၈ဝ ပြည့်နှစ်အထိ နှစ်ရှည်စွာ အာဏာရ၍ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၈၈၆ ခုနှစ်တွင် အိုင်ယာလန် ကျွန်း ဟုမ္မရူးအရေးကြောင့် လစ်ဘရယ်ပါတီမှ သဘောကွဲလွဲ ထွက်ခွာလာသူများသည် ကွန်ဆာဗေးတစ်ပါတီနှင့် ပူးပေါင်းကြ လေရာ ကွန်ဆာဗေးတစ်ပါတီသည် ယူနီယန်နစ်ပါတီဟု အမည် ခံကာ နှစ်ပေါင်း ၂ဝ ခန့် နိုင်ငံရေးအာဏာ လက်ဝယ် ရယူ ထားနိုင်ခဲ့ပြန်သည်။ ထိုစဉ်က ထင်ရှားသော ကွန်ဆာဗေးတစ်ပါတီမှာ ဂျိုးဇက်ချိန်ဗာလိန် ဖြစ်သည်။
၁၉၁၅ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်များအတွင်း၊ ကွန်ဆာဗေးတစ် ပါတီသည် အင်အားတောင့်တင်းသဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်း၍ အုပ်ချုပ်နိုင်ခဲ့၏။ သို့သော် ၁၉၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၉-၃၁ တွင် တစ်ကြိမ် ခေတ္တမျှ အဆက်ပြတ်ခဲ့ရသည်။ အာဏာကို ဤမျှကြာကြာ သိမ်းပိုက်နိုင်ခဲ့သည်မှာ လေဘာ ပါတီ၏ ဆိုရှယ်လစ်ဝါဒ လွှမ်းမိုးမှုကို ကာကွယ်ရန်အတွက် ကွန်ဆာဗေးတစ်နှင့် ပူပေါင်းကြသည်။ ထိုသူများနှင့်အတူ ဝင်စတန်ချာချီသည် ကွန်ဆာဗေးတစ်ပါတီသို့ ဝင်ခဲ့၏။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်၌ကား လေဘာပါတီသည် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်များကို အပြတ်အသတ် အနိုင် ရရှိပြီး နောက်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့လေသည်။
ကွန်ဆာဗေးတစ်ပါတီ၏ ကမ္ဘာကျော်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ချာချီနှင့် အီဒင်တို့သည် ၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အစွမ်းကုန် ကြိုးပမ်းကြသော် လည်း လေဘာပါတီကို ကပ်၍ ရှုံးခဲ့ လေသည်။ သို့ရာတွင် ၁၉၅၁ ခုနှစ် အောက်တိုဘာလ ရွေးကောက်ပွဲ၌ကား၊ ကွန်ဆာဗေးတစ်သည် အနိုင်ရခဲ့ပြန်သဖြင့် ယခုအခါ ထိုပါတီ၏အစိုးရ အဖွဲ့သည် ချာချီ၊ အီဒင်ခေါင်းဆောင်မှုဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်လျက် ရှိလေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ကွန်ဆာဗေးတစ်ပါတီ (ယူကေ), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.