သောတာပန် (၂ ) မျိုး
(၁) စူဠသောတာပန်
ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့် သိပြီး၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု၊ ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ်။ (ဝိပဿနာ ရှု၍ ဥဒယ-ဘယ ဉာဏ်ကိုရောက်ရင်ကို အကျိုးများသည်ဟု ဆရာတော်များ ဟောကြားကြသည်။)
အဆင့်အတန်း
(က) တစ်ဘဝ ( သို့ ) နှစ်ဘဝ အပယ် မလား။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဋ္ဌိမပြုတ်သေး၊ ဒုဗ္ဗလ ( အားနည်းသော ) ဝိပဿနာ )
ဘုရားရှင်၌ သဒ္ဓါပေမဖြစ်ရုံမျှဖြင့် စူဠသောတာပန် ခေါ်ကြောင်း၊ ပစ္စယပရိဂ္ဂဟဉာဏ် ရသောပုဂ္ဂိုလ်ကို စူဠသောတာပန်ခေါ်ကြောင်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ ရောက်သော ပုဂ္ဂိုလ်ကို စူဠသောတာပန် ခေါ်ကြောင်း၊ ဂတိလည်း မြဲပြီဖြစ်ကြောင်း၊ ရတနာသုံးပါး၌ သက်ဝင်ယုံကြည်မှု၊ ငါးပါးသီလ လုံခြုံမှု၊ ဤလေးပါးကို သောတာပန်၏ ဂုဏ်အရည်အချင်းများ အဖြစ် ဟောထားသောသုတ်များ၊ မဟာနာမသုတ်၊ ဓမ္မဒိန္နသုတ်၊ နန္ဒိယသုတ်၊ ဘဒ္ဒိယသုတ်၊ သဂါထကသုတ်၊
(၂) မဟာသောတာပန်
ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့် သိပြီး၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ၊ ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ (၅) ပါး၊ ရုပ်နာမ် (၂) ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း၊ ဖြစ်ပျက်၏ဒုက္ခ ကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။
မဟာသောတာပန် (၆) မျိုး
- (က) သတ္တက္ခတ္တုပရမ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
- (ခ) ကောလံကောလ သောတာပန် = လူနတ်ဘဝ နှင့် ၂ ဘဝမြောက်မှ၊ ၆ ဘဝမြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
- (ဂ) ဧကဗီဇ သောတာပန် = လူနတ်ဘဝ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
- (ဃ) သောတာပန်ဖြစ်သည့်ဘဝ၌ပင် အထက်မဂ်ဖိုလ်တက်ဦးမည့် သောတာပန်
- (၅) ဈာန်ရ၍ ဗြဟ္မာဖြစ်ပြီး ကာမဘုံသို့ ပြန်မလာတော့သော သောတာပန် (ဥပမာအားဖြင့် အနာဂါမ်နှင့်တူ)
- (၆) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘဝပြီး တစ်ဘဝ မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ဝိသာခါ၊ သိကြားမင်း၊ အနာထပိဏ်)
ဘုံစဉ်စံ သောတာပန်ကို ပါဠိ၌ ဝဋ္ဋဇ္ဈာသယ/ဝဋ္ဋဘိရတ သောတာပန်ဟု အသုံးရှိသည် ဝဋ်ဘဝ၌ ပျော်မွေ့သော သောတာပန်ဟု ဆိုလိုသည် ပထမသောတာပန် သုံးမျိုးကဲ့သို့ အဆုံးဘဝရောက်မှ သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ သောတာပတ္တိဖိုလ်တည်းဟူသောဘုံမှ သကဒါဂါမိဖိုလ်တည်းဟူသောဘုံ အနာဂါမိဖိုလ်တည်းဟူသောဘုံ အရဟတ္တဖိုလ်တည်းဟူသောဘုံတို့ကို ဝဋ်ဘဝများစွာ စံစားပြီး အဆင့်မြင့်သွားခြင်းဖြစ်သည်။ သုဒ္ဓါဝါသဘုံသို့လည်း ရောက်ရာသော အကြောင်းရှိသည်။
သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါး
သောတာပန်ဖြစ်စေသည့် အင်္ဂါလေးပါးတို့မှာ -
၁။ သပ္ပုရိသသံေသ၀ = မဂ်ဖိုလ်ကို ညွှန်ပြတတ်သော သူတော်ကောင်းနှင့် ပေါင်းသင်းရမှု။
၂။ သဒ္ဓမ္မဿဝန = မဂ်ဖိုလ်ရောက်ကြောင်း သူတော်ကောင်းတရားကို နာကြားရမှု။
၃။ ယောနိသောမနသိကာရ = ရုပ်နာမ်တရားတို့၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းမှု။
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော အကျင့်ကို ကျင့်မှု။
မဟာပစ္စဝေက္ခဏာ (၇) ချက်
မဟာပစ္စဝေက္ခဏာ (၇) ချက်ဖြင့် သူတော်စင်များသည် သောတာပန် ဖြစ်မဖြစ်ကို စစ်ဆေးနိုင်၏။ သောတာပန်အရိယာသည် အောက်ပါအချက်တို့ဖြင့် ပြည့်စုံ၏ ထို (၇) ချက်မှာ -
(၁) သောတာပန်များသည် ကိလေသာများ ဖြစ်နိုင်သေး၏။ ဖြစ်လျှင် ဖြစ်ကြောင်းကို ချက်ချင်းသိ၏။ ထို့ကြောင့် သောတာပန်တွင် ကိလေသာတို့သည် ကြာမြင့်စွာ မတည်နိုင်ပေ။
(၂) သောတာပန်သည် ကိလေသာ ဖြစ်ပေါ်လာပါက ဖြစ်ပျက်ရှုကာ ငြိမ်းအေးအောင် လုပ်၏။ ငြိမ်းအေးအောင် လုပ်လိုစိတ်လည်း ပေါ်၏။
(၃) ဘုရားသာသနာမှလွဲ၍ အခြားအယူဘာသာတို့တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ မရှိနိုင်ဟု ယုံကြည်မှုထက်သန်ခြင်း။
(၄) ရဟန်းသောတာပန်သည် အာပတ်ဖြစ်ပါက ချက်ချင်းဖြေ၏။ လူသောတာပန်သည် ကိလေသာပေါ်ပေါက်ပါက ပြေပျောက်အောင်လုပ်ချင်စိတ်ဖြစ်ပေါ်၏။ ပြေပျောက်အောင် လုပ်လည်း လုပ်၏။
(၅) သောတာပန်သည် မိမိနှင့်သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့က သက်သေအဖြစ် ခေါ်ပါက လိုက်၏။ ထိုအမှုတွင် သီလ၊ သမာဓိ၊ ပညာတို့ ထိခိုက်ပျက်စီးမည့် အပြုအမူကို လုံးဝမပြုလုပ်ပေ။
(၆) ဘုရား၊ ရဟန်းသံဃာများဟောကြားသောတရားကို နားလည်၏။ စိတ်သည်ပျံ့လွင့်ခြင်းမရှိဘဲ တရားနာနိုင်ခြင်း။
(၇) နာကြားရသော တရားများအပေါ်တွင် ပီတိများဖြစ်ခြင်း။ မေ့ပျောက်သွားခြင်းမရှိဘဲ တရားတော်အကြောင်း ပြောဆိုဆွေးနွေးခြင်း။
ဘုရားလက်ထက် သောတာပန်များ
- ကာဏမာတာ- အလှူခံလွန်သော ရဟန်းတို့အား ဆဲရေးသည်ကို ဘုရားရှင်က တရားဟောရာ သောတာပန်ဖြစ်သွားသော အမျိုးသမီး။
- ကာဠီသတို့သမီး- (ကာဠီကုရရဃရိကာဝတ္ထု)။ ။ သာတာဂီရ ဟေမဝတ နတ်တို့၏ တဆင့်ကြားစကားဖြင့် သောတာပန်တည်သော အမျိုးသမီးလေး၊ မိန်းမတို့တွင် ပဌမဦးဆုံး သောတာပန်ဖြစ်သူတည်း။ ။
- ကုက္ကုဋမိတ္တနေသာဒဝတ္ထု- (လင်က မုဆိုး၊ မယားကသောတာပန်) သောတာပန်မယားက လင်၌ ပြုအပ်သောဝတ္တရားအရ လေး မြားစသည်ကို ယူပေးရသော်လည်း ၎င်းမှာ ပါဏာတိပါတကံ မထိုက်ကြောင်း သား ၇-ယောက်၊ ချွေးမ ၇-ယောက်၊ မုဆိုးကြီး ပေါင်း ၁၅-ယောက်စလုံး သောတာပန် ဖြစ်ကြကြောင်းနှင့် အတိတ်ဝတ္ထု။
- ကုဝေရနတ်မင်းကြီး- နောင်အခါမှ ဝေဿဝဏ်ဟူသောနာမည် ရ၏။ ။ ဒေါသဖြစ်၍ တခါကြည့်လျှင် ကုမ္ဘဏ် တထောင် ပျက်စီးနိုင်ကြောင်း၊ သောတာပန်ဖြစ်ပြီးနောက် မကြည့်တော့ကြောင်း၊
- ကေသကာရီအမျိုးသမီး- တဆင့်ကြားဖြင့် သရဏဂုံတည်ပြီး သောတာပန်ဖြစ်သော အမျိုးသမီးကလေး။
- ခေမသူဌေးသား- အနာထပိဏ် သေဌေးကြီး၏ တူတော်၊ ပရဒါရကကံ ကျူးလွန်လှ၍ ဘုရားရှင်ထံ ခေါ်သွားရာ ဘုရားရှင်က ၎င်း၏အပြစ်များကို ဖော်ပြ၍ တရားဟောတော်မူရာ ထိုတရားတော်ကိုနာရမှုကြောင့် သောတာပန်ဖြစ်သွား၏။
- ဂရဟဒိန္န- ဘုရားရှင် တပည့် ဒကာတဦးနှင့် နိဂဏ္ဌတပည့် ဒကာတဦးကို အပြန်အလှန် ညစ်ပတ်ကြပုံ၊ နောက် နိဂဏ္ဌ၏ ဒကာမှာ သောတာပန် တည်သွား၏။
- ဝိဗ္ဘန္တဘိက္ခု-၊ ခိုးစား၍ တံကျင်လျှိုခံရစဉ်တွင် သောတာပန်ဖြစ်၍ နောက်တွင် ရဟန္တာဖြစ်သွား၏။ ။ ဈာန်လျှောကျ ပျက်စီးရာ၌ ငြိမ်းအေးသော သမာပတ်တန်ခိုးကြောင့် မိမိလိုရာအရပ်သို့ တဖြည်းဖြည်း ရောက်နိုင်သေးပုံ၊
- တပုဿ ဘလ္လိကဝတ္ထု- ၎င်းတို့၏ ဥပါသကာဂုဏ် ၆-ပါး၊ တပုဿသုတ်၊ ဘလ္လိကာဒိသုတ်၊ နောင်တော် တပုဿမှာ သောတာပန် ဥပါသကာဘဝ၌သာ တည်၍ ညီတော်ဘလ္လိကမှာမူ ဆဠာဘိညာ ရဟန္တာဖြစ်သွားကြောင်း၊ (မြန်မာပြည်သား ၂-ဦး)။ ။ ၎င်းတို့ မုံ့လှူခြင်းအကြောင်း၊ ။ ၎င်းတို့အား ဆံတော်ဓာတ်ကို ပေးတော်မူပုံနှင့် ဒွေဝါစိက သရဏဂုံခံယူကြပုံ၊
- ဧကဥပါသက-ဘုရားရှင်ကိုယ်တော်တိုင် ထမင်း စသည် စားစေပြီးမှ သမာဓိတည်ခိုက် တရားဟောတော်မှုရာတွင် သောတာပန် ဖြစ်သွားသော ဧကဥပါသကဝတ္ထု၊
- ဒဟရဘိက္ခု- ဝိသာခါ၏မြေးမငယ်နှင့် အပြန်အလှန် ဆဲဆိုကြသော ရဟန်းငယ်၊ ဟီနဓမ္မကို မမှီဝဲရန်ဟော၍ သောတာပန်ဖြစ်သွား၏။
- နကုလပိတုဂဟပတိ-ဘုရားရှင်၏ မိဘအသစ်များ ဖြစ်ကြ၏။ ။ ၎င်းတို့ လင်မယားမှာ သောတာပန်ဖြစ်ကြ၏၊ ၎င်းတို့ကို အကြောင်းပြု ဟောသော သမဇီဝိသုတ်၊ (ပ-ဒု)
- ဇုဏှအမတ်- ကောသလမင်းကြီး၏ အသဒိသအလှူတော်ကြီး၌-ဇုဏှအမတ် သောတာပန်တည်သွားပုံ။
- ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု- အမွေငွေ ၂-သိန်းစီရပြီးနောက် အဘအိုကို ပစ်ထားကြသော သား ၄-ယောက်၊ ဘုရားရှင်ကို အမှီပြု၍ သား၊ ချွေးမ၊ ပုဏ္ဏားကြီး ၉-ဦးတို့ သောတာပန်ဖြစ်သွားကြပုံ။
- ပုနဗ္ဗသုဘီလူးမ-ပုနဗ္ဗသုသုတ်၌ ၎င်းဘီလူးမမှာ သောတာပန်ဖြစ်သောအခါ နတ်သမီး အသွင် ပြောင်းရုံမျှမက သားသမီးများပါ ကောင်းကျိုးခံစားကြရပုံ
- ယက်ကန်းသည်မလေး- ဘုရားရှင်၏ အမေးလေး ချက်ကို ယက်ကန်းသည်မလေးက မှန်ကန်အောင် ဆိုပြပုံ၊ ၎င်းအမျိုးသမီးငယ်မှာ သောတာပန် ဖြစ်သွား၏။
- အာဠာဝက ဘီလူးကြီး - သောတာပန်ဖြစ်သွားပြီးနောက် မင်းနှင့်တကွ တိုင်းသူ ပြည်သားတို့က ၎င်းကို ပန်းနံ့သာ စားသောက်ဖွယ် စသည်တို့ဖြင့် ပြုစုခဲ့ကြပုံ။ ။
- ဗိမ္ဗိသာရမင်းကြီး-ဗိမ္ဗိသာရသမာဂမကထာ၊ ဘုရားရှင်နှင့် ဦးစွာတွေ့ဆုံ၍ သောတာပန် တည်ခန်း။
- ဗိဠာလပါဒကသေဌေး- လက်သုံးချောင်းဖြင့် ဆန်-ပဲ စသည်ကို လှူသောကြောင့် ၎င်းအမည်ရသောသေဌေး၊ နောက် သောတာပန်ဖြစ်သွား၏၊
- ဘုရားရှင်ရှေ့တော်တွင်ပင် ရာဂမီး တောက်လောင်သောလုလင်-နောက် တရားနာ၍ သောတာပန်ဖြစ်သွား၏၊
- ဘုရားရှင်အား အရွဲ့တိုက်သောရဟန်း-အပ္ပိစ္ဆတာ သန္တုဋ္ဌိတာဖြစ်စေရန် တရားဟောတော်မူရာ ဘုရားရှင်ရှေ့တွင်ပင် ဧကသီခွါချပြီး နေပြသော ရဟန်း၊ နောက်တွင် သောတာပန်ဖြစ်သွား၏၊ ဒေဝဓမ္မဇာတက၊
- မစ္ဆရိယကောသိယသေဌေး- အသျှင်မဟာမောဂ္ဂလာန်ထေရ်မြတ်၏ တန်ခိုးတော်ကိုမြင်ရ၍ ကြည်ညိုပြီးဘုရားရှင်တရားတော်ကိုနာရသော် လင်မယားနှစ်ဦးလုံး သောတာပန်ဖြစ်သွား ကြကြောင်း၊
- မယ်တော်မာယာ-မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿီတနတ်သားကို အဦးထား၍ အဘိဓမ္မာ တရားတော်ကို ဟောကြားရာ၎င်းမှာ သောတာပန်တည်သွားကြောင်း မိန့်ဆိုထားပုံ၊
- မဟာနာမ်မင်းကြီး- အကျယ်ပြဆိုထား၏၊ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ ပဏီတဒါယကာနံ ယဒိဒံ မဟာနာမော သက္ကော-ဟု ဧတဒဂ်ဘွဲ့ထူးရတည်း။ ။ မဟာနာမသုတ်၊ သောတာပန်ဖြစ်သောကြောင့် သေခြင်း၌ မကြောက်လန့်ရန် မိန့်ကြားတော်မူပုံ။
- ယမကရဟန်း-ယမကသုတ်၌ သတ္တဝါသေလျှင် ဘဝပြတ်၏ဟု ယူမှားသော ယမကရဟန်း၏ ဥစ္ဆေဒဒိဋ္ဌိ အယူမှားကို အသျှင်သာရိပုတ္တရာထေရ် ဖြေရှင်းပေးတော်မူရာ သောတာပန်ဖြစ်သွားပုံ၊ ခန္ဓာ၅-ပါးကို သူသတ်သမား ဥပမာပေး၍ ဟောထား၏၊
- ဝိသာခါကျောင်းအမကြီး၏ သူငယ်ချင်းမများ- ဘုရားရှင် ရှေ့တော်တွင်အရက်မူး၍ ကခုန်သီဆိုရန် အားထုတ်ကြသော ထိုမိန်းမကိုအား ထိပ်လန့်စေ၍ တရားဟောတော်မူရာ သောတာပန် ဖြစ်ကြပုံ
- ဓနဉ္စာနီပုဏ္ဏေးမ-သင်္ဂါရဝသုတ် ၌ သောတာပန် ဓနဉ္စာနီပုဏ္ဏေးမကြီးက နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ဟု ရောင်ရမ်းမြည်တမ်းခဲ့ပုံနှင့် ဘုရားလောင်းဘဝက ကျင့်ခဲ့ပုံကို အကျယ် ဟောထား၏၊
- သရဏနိသက္ကသုတ်၌- သရဏနိသက္ကအမည်ရှိသော သာကီဝင်သည် ၅-ပါးသီလမျှ မလုံခြုံပါဘဲလျက် ဘုရားရှင်က သောတာပန်ဟု မိန့်ဆိုသည်ကို အခြားသာကီဝင်တို့က ဝိုင်းဝန်းကဲ့ရဲ့ကြပုံနှင့် အရိယာပုဂ္ဂိုလ်တို့မှာ အပါယ်လေးပါးမှ လွတ်ပြီဖြစ်ကြောင်းကို ဟောထား၏။
- သိကြားမင်း-မှာ သောတာပန် ဖြစ်သွားသဖြင့် ကောင်းကျိုး ၆-ပါးကို မြင်၍ ဝမ်းမြောက်လှကြောင်း၊ လျှောက်ထားခဏ်း၊
ကိုးကား
This article uses material from the Wikipedia မြန်မာဘာသာ article သောတာပန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.