လက်ဘနွန် နိုင်ငံ၏ ရုံးသုံး အမည်မှာ လက်ဘနွန် သမ္မတ နိုင်ငံ ဖြစ်ပြီး အာရှတိုက် အနောက်ပိုင်း မြေထဲ ပင်လယ်၏ အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိသော နိုင်ငံဖြစ်သည်။
လက်ဘနွန်သမ္မတနိုင်ငံ al-Jumhūrīyah al-Lubnānīyah | |
---|---|
နိုင်ငံတော် သီချင်း: كلّنا للوطن Kullunā li-l-waṭan "All of us, for our country!" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘေရွတ်မြို့ |
ရုံးသုံး ဘာသာစကားများ | အာရပ် |
အမျိုးအစား | ကွန်ဖက်ရှင်နယ်လစ် ပါလီမန် သမ္မတနိုင်ငံ |
အစိုးရ | |
• သမ္မတ | မိုက်ကယ် ဆူလေမန် |
• ဝန်ကြီးချုပ် | နာဂျစ်ဘ် မီကာတီ |
တည်ထောင် | |
• ပြင်သစ်နှင့် ဗြိတိသျှတပ်များ ရုပ်သိမ်းခြင်း | ဒီဇင်ဘာ ၃၁ရက်၊ ၁၉၄၆ |
• အစ္စရေးတပ်များ ရုပ်သိမ်းခြင်း | မေလ ၂၅၊ ၂၀၀၀ |
ဧရိယာ | |
• စုစုပေါင်း | ၁၀,၄၅၂ km² (၄,၀၃၆ sq mi) (အဆင့်: ၁၆၆) |
• ရေထု (%) | ၁.၆ |
လူဦးရေ | |
• ခန့်မှန်း | ၄,၂၂၄,၀၀၀ (၂၀၀၉) (အဆင့် - ၁၂၄) |
• သိပ်သည်းမှု | ၄၀၄/km² (၁၀၃၆/sq mi) (အဆင့် - ၂၅) |
GDP (PPP) | ခန့်မှန်း |
• Per capita | US $၁၅,၅၅၇ |
HDI | ၀.၈၀၃ အလွန်မြင့် |
ငွေကြေး | လက်ဘနွန်ပေါင် |
တယ်လီဖုန်းကုဒ် | +၉၆၁ |
Internet TLD | .lb |
လက်ဘနွန်နိုင်ငံသည် အာရှတိုက်၏ အနောက် မြောက်ဘက် မြေထဲပင်လယ်၏ အရှေ့ဘက်ကမ်းခြေတွင် တည်ရှိသော သမ္မတနိုင်ငံတစ်ခုဖြစ်သည်။ အာရပ်အဖွဲ့ဝင် နိုင်ငံတစ်ခုလည်းဖြစ်သည်။ လက်ဘနွန်နိုင်ငံသည် နယ်နိမိတ်အားဖြင့် မြောက်နှင့်အရှေ့ဘက်တွင် ဆီးရီးယားနိုင်ငံဖြင့်လည်းကောင်း၊ တောင်ဘက်တွင် အဇ္ဇရီယယ်နိုင်ငံဖြင့်လည်း ကောင်း၊ အနောက်ဘက်တွင် မြေထဲပင်လယ်ဖြင့်လည်းကောင်း ဝန်းရံလျက် ရှိသည်။
လက်ဘနွန်နိုင်ငံသည် အာရှတိုက်နှင့် ဥရောပတိုက်တို့၏ အကြားတွင် နှစ်ပေါင်း ၄ဝဝဝ ကျော်မျှ ကုန်သွယ်ရေး၌ အချက်အချာဌာန ဖြစ်ခဲ့ သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်မှ လွတ်လပ်ရေးရခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။ လက်ဘနွန်နိုင်ငံသည် အာရပ်နိုင်ငံတစ်ခုဖြစ်သော်လည်း လူဦးရေတစ်ဝက်မှာ ခရစ်ယန်အယူဝါဒီများဖြစ်၍ ကျန်တစ်ဝက်မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၏။
ခရစ်ယာန်ဂိုဏ်းပေါင်း ၁၁ ဂိုဏ်းကျော်မျှ ကွဲပြားလျက်ရှိရာ မာရိုနိုက်ခရစ်ယာန်ဂိုဏ်းမှာ အကြီးဆုံးဖြစ်သည်။ လက်ဘနွန်ကမ်းခြေတွင် နွေရာသီ၌ ကိုယ်လက်လှုပ်ရှားကစားရန် အတွက်ကောင်း၍ တောင်ပေါ်တွင် ဆောင်းရာသီ ကစားခုန်စားရေးအတွက် ကောင်းမွန်သောကြောင့် လက်ဘနွန်နိုင်ငံကို တစ်ခါတစ်ရံ အရှေ့ အနီးပိုင်း၏ ကစားကွင်းဟူ၍လည်း ခေါ်သည်။ လက်ဘနွန်နိုင်ငံ သည် အကျယ်အဝန်း အားဖြင့် ၄ဝ၁၅ စတုရန်းမိုင်ခန့်ရှိ၍ လူဦးရေမှာ ၂၅၈ဝဝဝဝ ခန့် (၁၉၆ဝ) ဖြစ်သည်။ လက်ဘနွန်နိုင်ငံ၏မြို့တော်မှာ ဗေးရွတ်မြို့ဖြစ်၍ အခြားမြို့ကြီး များမှာ ထရစ်ပိုလီမြို့၊ ဇာလှေးမြို့၊ ဆာအီးဒါးမြို့များဖြစ်ကြသည်။
လက်ဘနွန်နိုင်ငံသည် အလျား ၁၃၅ မိုင်၊ အနံ မိုင် ၂၃၁ နှင့် ၃၅ မိုင် အကြားတွင်ရှိသည်။ ကမ်းမြောင်မြေပြန့်ဒေသအလွန်တွင် လက်ဘနွန်နှင့် အန်တီလက်ဘနွန်တောင်တန်းများသည် မျဉ်းပြိုင်သွယ်တန်းလျက်ရှိ သည်။ ယင်းတောင်တန်းနှစ်သွယ်၏အခြားတွင် မြေဩဇာကောင်းသော အတွင်းပိုင်းမြေပြန့်ရှိသည်။ အဖြူရောင်ပေါက်နေသော ထုံးပါကျောက်များ ဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ယင်းတောင်တန်းကို လက်ဘနွန်ဟူ၍ ခေါ်ခြင်း ဖြစ်သည်။ တောင်ကိုအစွဲပြု၍ နိုင်ငံအမည်တွင်လာသည်။ ဆီးမိုက်ဘာသာဖြင့် လက်ဗန်ဟူသည် ဖြူခြင်းဟုအဓိပ္ပာယ်ရသည်။ လက်ဘနွန်နိုင်ငံတွင် အရေးပါအရာရောက်သော မြစ်ဟူ၍ လီတာနီမြစ်သာလျှင်ရှိသည်။ အတွင်း ပိုင်းမြေပြန့်မှ တောင်ဘက်သို့စီးဆင်း ပြီးလျှင် အနောက်ဘက်သို့ကွေ့ကာမြေထဲပင်လယ်တွင်းသို့စီးဝင်သည်။ လက်ဘနွန်နိုင်ငံသည် သမမျှတသော ရာသီဥတုရှိသည်။
မိုးရာသီမှာ အောက်တိုဘာလအဆုံးပိုင်းမှ မေလအထိဖြစ်သည်။ လက်ဘနွန်နိုင်ငံသည် အနီးတစ်ဝိုက်ရှိ ဒေသများထက် နှစ်စဉ် မိုးရေချိန်ပိုသည်။ ဗေးရွတ်တွင် တစ်နှစ်လျှင်မိုးရေချိန် ၃၇ လက်မခန့်ရွာ သည်။ လက်ဘနွန်နိုင်ငံမှ သဘာဝပစ္စည်းများ မှာ အဆောက်အအုံ အတွက် ကျောက်နှင့် စကျင်ကျောက်တို့အပြင် ဆီဒါထင်းရှူးပင်များဖြစ် သည်။ ကျောက်မီးသွေးနု၊ သံ၊ ကတ္တရာနှင့် ဂျစ်ပဆမ်တို့လည်း အနည်း ငယ်စီထွက်ကြသည်။
လက်ဘနွန်နိုင်ငံမှ ပိုး၊ သံလွင်ဆီ၊ ဂျုံ၊ အရက်တို့အပြင် ဆေး ရွက်၊ ဝါနှင့် ရှောက်မျိုးဝင်အသီးများ၊ ပန်းသီး၊ စပျစ်၊ တည်၊ ငှက်ပျော၊ သဖန်းစသော အသီးများထွက်သည်။ စည်သွတ်အစားအစာ၊ စီးကရက်၊ မီး ခြစ်၊ သားရေ၊ ဆပ်ပြာ၊ ချည်ထည်၊ ဘိလတ်မြေတို့မှာ စက်ထွက်ပစ္စည်းများ ဖြစ်ကြ၏။
စက်ပစ္စည်းများ၊ ယာဉ်၏ အထည်အလိပ်၊ စက်ထွက်ကုန်ချော စသည်တို့ကို နိုင်ငံခြားမှတင်သွင်းသည်။ လမ်းပန်းဆက်သွယ်ရေး၌ မော်တော်ကားလမ်းကို အဓိကထား၍ အသုံးပြုကြသည်။ လက်ဘနွန်နိုင်ငံတွင် မော်တော်ကားလမ်းကောင်း မိုင် ၁၈ဝဝ ခန့်ရှိသည်။ မီးရထားလမ်း မိုင် ၅ဝဝ ခန့်သာရှိ၍ ကုန်တင်ရန် အတွက် အသုံးပြုသည်။ ဗေးရွတ်မှာ ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ အပြည်ပြည်နှင့်ဆက်သွယ်သော လေဆိပ် တည်ရှိ ရာလည်းဖြစ်သည်။ ဗေးရွတ်လေဆိပ်သည် အရှေ့အနီးပိုင်းတွင် အရေးပါသော လေဆိပ်တစ်ခုဖြစ်သည်။ အီရတ်နိုင်ငံနှင့် ဆအူးဒီအာရေဗျမှ ရေနံပိုက်လိုင်း နှစ်ခုသည် လက်ဘနွန်တွင် ဆုံသည်။
သို့ဖြစ်၍လည်း လက်ဘနွန်နိုင်ငံသည် အရှေ့နိုင်ငံများနှင့် အနောက်နိုင်ငံများ ရေနံရောင်းဝယ်ရေး၌ အချက်အချာဒေသဖြစ်၏။ လက်ဘနွန်နိုင်ငံတွင် နေထိုင်သူတို့မှာ ရှေးခေတ်အခါကတည်းကပင် ကုန်သည်များဖြစ်ကြ၏။ များသောအားဖြင့် အာရပ်လူမျိုး များဖြစ်ကြ ၏။ ပထမကမ္ဘာစစ်ပြီးသည့်နောက် အာမီးနီးယန်းလူမျိုး အများအပြားသည် တူရကီနိုင်ငံမှ ထွက်ပြေးလာကာ လက်ဘနွန်နိုင်ငံတွင် ခိုလှုံနေထိုင်ကြ သည်။ ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်က ဖြစ်ပွားသော အာရပ် - အဇ္ဇရီ ယယ် စစ်အတွင်း ကလည်း အာရပ်လူမျိုးပေါင်း ၁၂ဝဝဝဝ ခန့် လက်ဘနွန် နိုင်ငံသို့ပြောင်းရွှေ့ကာ ခိုလှုံနေထိုင်ခဲ့ကြသည်။ လက်ဘနွန်နိုင်ငံတွင် လူဦးရေ တစ်ဝက်ကျော်ကျော်သည် တောင်သူလယ်လုပ်များဖြစ်ကြ၍ ယင်းတို့၏ နေထိုင်မှုအဆင့်အတန်းသည် အတန်မြင့်၏။ ထို့ပြင် စာပေတတ်မြောက်ခြင်း၌ အဆင့်အတန်းမြင့်သည်။
လူ ၁ဝဝ လျှင် ၇၅ ယောက်မှာ စာရေး တတ် ဖတ်တတ်သည်။ လက်ဘနွန်အမျိုးသမီးများသည် ဇာထိုး၊ ပန်းထိုး အထူးကျွမ်းကျင်၏။ ရုံးသုံးဘာသာစကားမှာ အာရေဗစ်ဘာသာပင်ဖြစ်၏။ သို့သော် ရုံးနှင့်စီးပွားရေးရပ်ကွက်များတွင် ပြင်သစ်ဘာသာစကားကို အနှံ့အပြားပြောဆိုကြသည်။ လက်ဘနွန်နိုင်ငံတွင် ကူးသန်းရောင်းဝယ် ရေး ကျောင်း၊ စက်မှုပညာသင်ကျောင်း၊ စိုက်ပျိုးရေးကျောင်း၊ ဆရာအတတ်သင် ကျောင်းနှင် တက္ကသိုလ်များရှိသည်။ ထို့ပြင် အမေရိကန်နှင့် ပြင်သစ် တက္ကသိုလ်များလည်းရှိသည်။
လက်ဘနွန်နိုင်ငံသည် သမ္မတနိုင်ငံမျိုးဖြစ်၍ နိုင်ငံ၏ အထွတ်အထိပ်မှာ သမ္မတဖြစ်သည်။ သမ္မတကို ခြောက်နှစ်တစ်ကြိမ် ပြည်သူ့ လွှတ်တော်က ရွေးကောက်တင်မြှောက်ရသည်။ ပါလီမန်၏ တစ်ရပ်တည်း သော ဥပဒေပြုလွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်တွင် လေးနှစ် တစ် ကြိမ် လူထုမဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ် ပေါင်း ၉၉ ဦးပါဝင်၏။ ထိုသို့ ရွေးကောက်တင်မြှောက်ရာတွင် အယူဝါဒ ဆိုင်ရာ အခြေခံသဘောအရ ရွေးကောက်သည်။ တစ်နည်းဆိုရသော် သက်ဝင်ယုံကြည်ရာ အယူဝါဒအလိုက် ကိုယ်စားလှယ်အရေအတွက် သတ်မှတ် ပေးထားသည့်အတိုင်း သက်ဆိုင်ရာအယူဝါဒီများက ရွေးကောက်တင်မြှောက် ရသည်။ ထို့ပြင် သမ္မတသည် အမြဲတမ်း မာရိုနိုက်ခရစ်ယာန်ဂိုဏ်းဝင်ထဲမှ လည်းကောင်း၊ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်သည် ဆွန်နီ မွတ်စလင်ဂိုဏ်းဝင် ထဲမှလည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌသည် ရှီအာမွတ်စလင်ဂိုဏ်းဝင်ထဲမှလည်းကောင်း အသီးသီးဖြစ်ကြရပေသည်။
လက်ဘနွန်နိုင်ငံသည် နှစ်ပေါင်း ၄ဝဝဝ ကျော်ကျော် အာရှတိုက် နှင့် ဥရောပတိုက်တို့အကြား ကုန်သွယ်မှုအတွက် အရေးပါသော ဗဟိုဌာန တစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက် တွင် လွတ်လပ်သည့်နိုင်ငံတစ်ခု ဖြစ်လာခဲ့၏။ လက်ဘနွန်နှင့် ဆီးရီး ယားပြည်များသည် ၁၅၁၇ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ အော်တိုမန်အင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသဖြစ်ခဲ့ ရသည်။ ပထမကမ္ဘာစစ်အပြီးတွင် အော်တိုမန်အင်ပိုင်ယာကို နိုင်ငံငယ်များအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်၏။ နိုင်ငံ ပေါင်းချုပ်အသင်းကြီးက ယခု လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့ တည်ရှိရာ နယ်ပယ်ဒေသကြီးကို ပြင်သစ်တို့အား ဩဇာခံနယ်ပယ်အဖြစ် အုပ်ချုပ်စေ ခဲ့သည်။
ပြင်သစ်တို့သည် ၁၉၂၆ ခုနှစ်တွင် သမ္မတအုပ်ချုပ်ရေးစနစ် လက်ခံသည့် အခြေခံဥပဒေတစ်ရပ်ကို ပေးအပ်ခဲ့၍ အယူဝါ ဒီဆိုင်ရာ အုပ်စု များဖြင့် အုပ်ချုပ်ရေးစနစ်ကိုလည်းအတည်ပြုခဲ့၏။ ၁၉၄၁ ခုနှစ်တွင် လွတ်လပ်သည့် သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကြီးကျင်းပခဲ့စဉ်က ဗက်ခါရာအယ်ခူရီသည် ပထမဆုံးသမ္မတဖြစ်လာခဲ့၏။ သို့သော် ထို ၁၉၄၃ခုနှစ်နောက်ပိုင်း မှာပင် အခြေခံဥပဒေကို ပြင်သောကြောင့်ဟုဆိုကာ ယင်းနှင့် ယင်း၏အစိုးရအဖွဲ့ကို ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်သစ် တပ်များကို ရုပ်သိမ်းသွား ပြီးနောက်မှသာလျှင် လက်ဘနွန်နိုင်ငံသည် လုံးဝ လွတ်လပ်သော နိုင်ငံ ဖြစ်လာခဲ့၏။ ၁၉၄၇ ခုနှစ်တွင် ပါလီမန်ရွေးကောက်ပွဲ များကို လွတ်လပ်စွာ ကျင်းပခဲ့သည်။ လက်ဘနွန်နိုင်ငံသည် ၁၉၄၅ ခုနှစ် တွင် ကမ္ဘာ့ကုလသမဂ္ဂနှင့် အာရပ်အမျိုးသား အဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့၏။ ၁၉၄၈ ခုနှစ်တွင် အဇ္ဇရီယယ်နှင့် တိုက်ခိုက်ရသော စစ်ပွဲ တွင်လည်း ပါဝင်ဆင်နွှဲခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article လက်ဘနွန်နိုင်ငံ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.