လက်ဘနွန်သမ္မတနိုင်ငံသမိုင်းတွင် အသက်ငယ်ဆုံးသမ္မတအဖြစ် ရွေးချယ်ခံရသူ ဘရှီးယာ ဂါမေးသည် ၁၉၄၈ ခုနှစ်တွင် ဘေရွတ်မြို့ အရှေ့မြောက်ရှိ ဘစ်ဖာယာမြို့တွင် ထင်ရှားသော လူကုံထံမိဘများမှာ မွေးဖွားသည်။ ဘရှီးယာ၏ ဖခင်သည် ဖလန်းဂေးပါတီ (ကာတိပါတီ)ကို ထူထောင်သူ ရာသက်ပန်ခေါင်းဆောင် ပျဲဂျမားယယ် ဖြစ်သည်။ ဖခင် ပျဲဂျမားယယ်သည် ၁၉၄၅ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် အာရပ်နိုင်ငံများအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာ၌ စတင် ဦးဆောင်လှုံဆော်သူတဦးဖြစ်သည်။ ဘရှီးယာသည် ဘေရွတ်မြို့ရှိ ပြင်သစ်စိန့်ဂျိုးဇက်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ရာ ၁၉၇၁ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိသည်။
ဘရှီးယာ ဂါမေးသည် အသက် ၁၁ နှစ်အရွယ်ကပင် ၁၉၅၈ ခုနှစ် ပြည်တွင်စစ်ကာလ၌ ဖလန်ဂေးပါတီ၏ ပြည်သူ့စစ်တပ်ဖွဲ့တွင် စတင်တာဝန်ထမ်းဆောင်သည်။ အသက် ၁၃ နှစ်တွင် စစ်သင်တန်းတက် ရောက်ပြီးနောက် ၁၉၆၉ ခုနှစ်တွင် လူ ၁ဝဝ တပ်ဖွဲ့၏တပ်မှူး ဖြစ်လာသည်။ လက်ဗနွန်နိုင်ငံ၌ ၁၉၇၅ ခုနှစ်မှ စတင်၍ အပြင်းထန်ဆုံး ပြည်တွင်းစစ်ဖြစ်ပွားလာသောအခါ ဘရှီးယာသည် ရှေ့နေလုပ်ငန်းကို စွန့်လွှတ်လိုက်သည်။ ၁၉၇၆ ခုနှစ်တွင် အမြဲတမ်းတပ်များ အပါအဝင်အင်အား ၂ဝဝဝဝ ခန့်ရှိသော ဖလန်ဂစ်ပြည်သူ့စစ်တပ်ဖွဲ့၏ တပ်မှူးချုပ် ဖြစ်လာသည်။
ဖလန်ဂေးပါတီကဲ့သို့ မာရိုနက်ခရစ်ယာန်အုပ်စုဝင် ဖြစ်သော်လည်း ဆီးရီးယားလိုလားသော ဆူလေမန် ဖရန်ဂျေး ဦးဆောင်သည့် ခရစ်ယာန်အုပ်စုကို ၁၉၇၈ ခုနှစ်တွင် ဘရှီး၏ ဖလန်ဂစ်ပြည်သူ့များက ခြေမှုန်း တိုက်ခိုက်ခဲ့သည်။ လက်ဗနွန်နိုင်ငံ ခရစ်ယာန် နိုင်ငံရေးပါတီများတွင် ဖလန်ဂေးပါတီကဲ့သို့ ထင်ရှားသော အမျိုးသား လစ်ဗရ်ယပါတီခေါင်းဆောင် ကာမီးချာမွန်၏ ခရစ်ယာန်ပြည်သူ့စစ်များကိုလည်း ၁၉၈ဝ ပြည့်နှစ်တွင် ဘရှီးယာ၏ ဖလန်းဂစ်ပြည်သူ့ စစ်များက နှိပ်ကွပ်ခဲ့သည်။
ဘရှီးယာ ဂါမေးသည် ပါလက်စတိုင်းများကိုလည်းကောင်း၊ လက်ဝဲမူဆလင်များကိုလည်းကောင်း ဆန့်ကျင်တိုက်ခိုက်သည့်နည်းတူ နိုင်ငံရေးပြိုင်ဘက်ဖြစ်သော အခြားမာရိုနိုက် ခရစ်ယာန်အုပ်စုများကိုလည်း ယှဉ်ပြိုင်နှိမ်နင်းခဲ့သည်။ ဘရှီးယာကို ၁၉၇၉ ခုနှစ်တွင် တကြိမ်၊ ၁၉၈ဝ ပြည့်နှစ်တွင် တကြိမ် ရန်သူများက လုပ်ကြံခဲ့သဖြင့် သမီးနှင့် ကိုယ်ရံတော်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရသည်။
လက်ဗနွန်နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရာထူးကို မာရိုနိုက် ခရစ်ယာန်ဘာသာဝင်များမှ ရွေးချယ်ရပြီး ဝန်ကြီးချုပ်ကို ဆွန်နီမူဆလင်များမှ ရွေးချယ်ရသောကြောင့် ၁၉၈၂ ခုနှစ်တွင် သက်တမ်းပြည့်မည့် သမ္မတအီလီယက်ဆာ ကစ်ကို ဆက်ခံရန် ဘရှီးယာ ဂါမေးကို တဦးတည်းသော သမ္မတလောင်းအဖြစ် လျာထားခဲ့သည်။
ဘရှီးယာ ဂါမေးကို ၁၉၈၂ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် အဖွဲ့ဝင် ၉၂ ဦးပါဝင်သော လွှတ်တော်က ထောက်ခံမဲ ၅၇ မဲဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။ ဘရှီးယာသည် လက်ဗနွန်နိုင်ငံ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် ပထမခြေလှမ်းအဖြစ် ပုဂ္ဂလိကပိုင် လက်နက်ကိုင် တပ်ဖွဲ့များ ဖျက်သိမ်းရေးကို စတင်လှုံဆော်သည်။ သို့သော် ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖလန်ဂေးပါတီဌာနချုပ်၌ ဗုံးပေါက်ကွဲမှုကြောင့် ဘရှီးယာ ဂါမေးသည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုရသေးမီ ကိုးရက်အလိုတွင် ကွယ်လွန်သွားသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဘရှီးယာ ဂါမေး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.