(၁) အာရုံတစ်ခုတည်း၌ စိတ်, စေတသိက်တို့ကို-အညီအမျှ-ကောင်းစွာ-ထားခြင်း။
(၂) (စိတ်၏) ကောင်းစွာ-ငြိမ်သက်-တည်ကြည်-ခြင်း၊ (ထားတတ်-ထားကြောင်းဖြစ်-သော သမာဓိ)၊ ကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်၊ ဧကဂ္ဂတာစေတသိက်။
စေတသိက်တို့တွင် ဧကဂ္ဂတာစေတသိက်ကို အချို့အရာ၌ စိတ်တည်ကြည်မှု စွမ်းအင်ကို အမှီပြု၍ သမာဓိန္ဒြေ, သမာဓိဗိုလ်, သမာဓိသမ္ဗောဇ္ဈင်, သမ္မာသမာဓိမဂ္ဂင်, ဥပစာရသမာဓိ, အပ္ပနာသမာဓိ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။
မဟာသတိပဋ္ဌာနသုတ္တန်၌ ဘုရားရှင်က ရူပါဝစရဈာန်သမာဓိ (၄)မျိုးကိုသာ သမ္မာသမာဓိ ခေါ်ဆိုကြောင်းကို ဟောကြားထားတော်မူ၏၊ ယင်းသို့ ဟောကြားတော်မူချက်မှာ မဇ္ဈေဒီပကနည်းအားဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်၏၊
ဘုရားရှင်သည် ထိုထိုသုတ္တန်တို့၌ ဓာတ်ကမ္မဋ္ဌာန်းကဲ့သို့သော ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်းတို့ကိုလည်း ဟောကြားထားတော်မူ၏၊
ဈာန်သမာပတ် (၈)ပါးစလုံးတို့ကိုလည်း ဟောကြား ထားတော်မူ၏၊
ထို့ကြောင့် သမာဓိမှာ (၃)မျိုး ရှိနေ၏၊ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ဥပစာရသမာဓိ အမည်ရသည့် ကာမာဝစရသမာဓိက (၁)မျိုး၊ ရူပါဝစရဈာန်လေးပါးဟူသည့် ရူပါဝစရသမာဓိက (၁)မျိုး၊ အရူပါဝစရ ဈာန် လေးပါးဟူသည့် အရူပါဝစရသမာဓိက (၁)မျိုး - ဤသို့လျှင် သမာဓိ (၃)မျိုး ရှိပေသည်။
ထို (၃)မျိုးတို့အနက် အလယ်ဖြစ်သည့် ရူပါဝစရသမာဓိကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် အစနှင့် အဆုံးဖြစ်သည့် ကာမာဝစရ သမာဓိ အရူပါဝစရသမာဓိတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်ပေသည်။ ဤကဲ့သို့ ဟောကြားတော်မူသည့် နည်းစနစ်ကို မဇ္ဈေဒီပကနည်းဟု ခေါ်ဆိုပေသည်။ မြွေတစ်ကောင်ကို ခါးလယ်က ကိုင်ကာ မြှောက်ပြလိုက်လျှင် ခါးကိုသာ မြင်ရသည်မဟုတ်၊ မြွေတစ်ကောင်လုံးကို မြင်ရနိုင်သကဲ့သို့ မှတ်ပါ။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော = စိတ္တဝိသုဒ္ဓိမည်သည် ဥပစာရသမာဓိနှင့်တကွ ဈာန်သမာပတ် (၈)ပါးစလုံးကိုပင် ဆိုလိုသည်ဟု ရှင်းပြထားတော်မူလေသည်။
ဥပစာရသမာဓိ သို့မဟုတ် ဈာန်သမာဓိကြောင့် နီဝရဏအညစ်အကြေးတို့မှ ကင်းစင်နေသည့် စိတ်အစဉ်ကို စိတ္တဝိသုဒ္ဓိဟု ခေါ်ဆိုလေသည်။ သို့အတွက် စိတ္တဝိသုဒ္ဓိနှင့် ဥပစာရသမာဓိ အပ္ပနာဈာန်သမာဓိတို့မှာ အနက်အဓိပ္ပါယ်ချင်း တူညီနေသည့်, စကားလုံးသာ ကွဲပြားနေသည့် ဝေါဟာရ အသုံးအနှုန်းတို့ ဖြစ်ကြသည်။
သမာဓိသုတ္တန်ပိုင်းတွင် ရှင်းလင်းတင်ပြထားခဲ့ပြီးသည့်အတိုင်း အရိယသစ္စာ (၄)ပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် သမာဓိမှာ သို့မဟုတ် သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းမှာ မရှိမဖြစ် လိုအပ်သည့် အင်္ဂါရပ်တစ်ခုပင် ဖြစ်ပေသည်။ ထိုကြောင့် သမ္မာသမာဓိမဂ္ဂင်ကိုလည်း အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းကာ ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။
သမာဓိ၏ စွမ်းရည်ကားကြီးမားလှ၏။ နိဗ္ဗာန်ကို ဆုတောင်းနေရုံနှင့်မပြီး၊ သမာဓိရသည်အထိကျင့်ကြရဦးမည်ဖြစ်သည်။ မြတ်ဗုဒ္ဓက ဤသို့ဟောကြားခဲ့၏။ "ရဟန်းတို့ သမာဓိကို ပွားများကြကုန်လော့"။ သမာဓိကိုရသောရဟန်းတို့သည်
သမာဓိ၏အမည်များအမျိုးမျိုးရှိသည်။
၁။ ဝတ္ထုစင်စေ - ပစ္စည်းလေးပါးစသော ဝတ္ထုများ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရခြင်း၊
၂။ ဣန္ဒြေမျှစွာ - သဒ္ဓါနှင့်ပညာ ဝီရိယနှင့် သမာဓိကို မျှတရစေခြင်း၊
၃။ လိမ္မာနိမိတ္တ - ကသိုဏ်းနိမိတ်တို့ကို ယူရာ၌ လိမ္မာရခြင်း၊
၄။ ပဂ္ဂဟ - ဝီရိယလျော့ခြင်း စသည်ဖြစ်သောအခါ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ သမ္ဗောဇ္ဈင်တရားတို့ဖြင့် စိတ်ကို ချီးမြှောက်ပေးရခြင်း၊
၅။ နိဂ္ဂဟံ - ဝီရိယလွန်၍ စိတ်ပျံ့လွင့်သောအခါ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့ဖြင့် စိတ်ကို နှိမ်ပေးရခြင်း၊
၆။ သမ္ပဟံသာ - ပညာပယောဂနည်းပါး၍ ငြိမ်သက်သောသုခကို မရခြင်းကြောင့် စိတ်မနှစ်သက်သောအခါ သံဝေဂဝတ္ထု ရှစ်ပါးကို ဆင်ခြင်၍လည်းကောင်း၊ ရတနာသုံးပါးဂုဏ်ကို အောက်မေ့၍လည်းကောင်း စိတ်ကို ရွှင်စေရခြင်း။
၇။ ဥပေက္ခာနှင့် - လျော့ခြင်း၊ လွန်ခြင်း ကင်း၍ တပါးအာရုံ၌သာ အညီအညွတ် ရှု၍ နေရခြင်း၊
၈။ ပျံ့လွင့်သူကြဉ် - စိတ်ပျံ့လွင့်သူကို ရှောင်ကြဉ်ရခြင်း၊
၉။ တည်ကြည်ယှဉ်မှ - တည်ကြည်သူကို မှီဝဲယှဉ်ကပ်ရခြင်း၊
၁၀။ ဈာန ဝိမောက် - ဈာန်ဝိမောက္ခကို ဆင်ခြင်ရခြင်း၊
၁၁။ ဓိမုတ်လျောက်သည် - ပွင့်မြောက်ဓိတိ၊ ဆယ့်တစ်တည်း။ သမာဓိကို ဖြစ်ရန် ညွတ်ကိုင်း ရှိုင်းဝှမ်းသော ကြိုးစားစိတ်ရှိရခြင်း။
၁။ ဥပစာရသမာဓိ - အနီးအပါး၌ တည်ကြည်မှု ရရှိခြင်း။
၂။ အပ္ပနာသမာဓိ- အပ္ပနာဈာန်၌ ဖြစ်သော တည်ကြည်မှုရရှိခြင်း။
This article uses material from the Wikipedia မြန်မာဘာသာ article သမာဓိ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.