တက္ကသိုလ်နေဝင်း (၁၉၁၈-၁၉၉၇) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၁၈ - ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ အဖ-အရေးပိုင် ဦးဘိုးရင်၊ အမိ-ဒေါ်အမာတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးထွန်းလှအောင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲတာဝန် ကိုထမ်းဆောင်ခဲ့ရာ ဗိုလ်ထွန်းလှဟု အမည်တွင်ခဲ့သည်။ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။
၁၉၃၆ - ဒဂုန်မဂ္ဂဇင်းပါ "အမြွှာညီနောင်" ဝတ္ထုတိုဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးက ကြီးမှူးကျင်းပသော ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။ ၁၉၃၆-ခုနှစ် ကျောင်းသားသပိတ်နှင့် ၁၃၀၀-ပြည့် အရေးတော်ပုံမှစ၍ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် ခေါင်းဆောင်ကြီးများကျဆုံးချိန်အထိ တာဝန်ထမ်းခဲ့သည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် သမဂ္ဂထုတ် "အိုးဝေ"မဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင် ဖြစ်သည်။ ၁၉၄၅ - စစ်ပြီးခေတ် "အိုးဝေသတင်းစာ" တွင် အယ်ဒီတာချုပ် စသည်ဖြင့် စာပေတာဝန်များထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြန်မာအလင်းသတင်းစာတွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့သည်။ "နေးရှင်း" အင်္ဂလိပ်သတင်းစာနှင့် "နိုင်ငံသစ်" သတင်းစာများတွင်လည်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြဝတီ၊ သွေးသောက်နှင့် အခြား မဂ္ဂဇင်းစာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးအမြောက်အမြားရေးသားခဲ့သည်။
၁၉၄၇ - မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဇန်နဝါရီလတွင် ဗြိတိသျှနိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါခဲ့သည်။ ဖေဖော်ဝါရီလ(၁၂ရက် နေ့၌ ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြေပြန့်မှ ကိုယ်စားလှယ်အဖွဲ့ဝင်(၇)ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ထွန်းလှသည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး ၊ မြို့မ-ဦးသန်းကြွယ် ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင်ခဲ့သည်။
တက္ကသိုလ်နေဝင်းသည် စာပေနယ်တွင်သာမက ရုပ်ရှင်လောကတွင် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်စသည် ဖြင့် နာမည်ထင်ရှားခဲ့သည်။ "မြတ်နိုးသူရယ်"၊ "ရေမြေဆုံးတိုင်"၊ "နွေဦးချစ်သူ" စသည့် ဇာတ်ကားများကို ဇာတ်ညွှန်း ရေးသားခဲ့သည်။ "မေတ္တာရေလှိုင်း" ဝတ္ထုကို မြင့်မြင့်ခင်၊ မောင်သင်၊ သီသီ၊ အကယ်ဒမီ(၄)ဦးနှင့် ဆေးရောင်စုံ ရုပ်ရှင် ကားရိုက်ကူးခဲ့သည်။ ၁၉၈၇ - ဒါရိုက်တာ သက်မောင်မောင်က မေတ္တာရေလှိုင်း ဇာတ်ကားကိုပင် နေအောင်၊ ထွန်းထွန်းနိုင်၊ မေဆွိတို့နှင့် ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့ရာ လူကြိုက်များခဲ့သည်။
တက္ကသိုလ်နေဝင်းသည် ဂီတပညာကိုလည်း ငယ်စဉ်ကပင် ဝါသနာပါခဲ့ရာ ဒီးဒုတ်ဦးဘချို၊ ရွှေပြည်ဦးဘတင်၊ ဦးခင်ဇော်-တို့ထံတွင် ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ သီချင်းကြီး၊ သီးချင်းခန့် စသည်တို့ကို လေ့လာဆည်းပူးခဲ့သည်။ သံရုံးမှ သံတမန်များအားလည်း မြန်မာ့အနုပညာအကြောင်း၊ သီချင်းကြီးသီချင်းခန့်များအကြောင်း ဟောပြောပို့ချခဲ့သည်။
၁၉၉၇ - မတ်လ(၇)ရက်နေ့တွင် အမှတ်(၃၃)၊ ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ့်နေအိမ်တွင်ကွယ်လွန်ခဲ့သည်။ ကွယ်လွန် ချိန်၌ ဇနီး-ဒေါ်ခင်ငြိမ်းနှင့်အတူ သမီးနှစ်ယောက်၊ သားတစ်ယောက်ကျန်ရစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article တက္ကသိုလ် နေဝင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.