၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။ လွတ်လပ်သောနိုင်ငံဟုဆိုသော်လည်း ကိုယ်ပိုင်အချုပ်အခြာအာဏာမရှိဘဲ ဂျပန်အစိုးရမှပေးခဲ့သော အာဏာသာရှိခဲ့သည်။ ဂျပန်ခေတ်မြန်မာပြည်ကို ဗမာနိုင်ငံတော် (အင်္ဂလိပ်: State of Burma၊ ဂျပန်: ビルマ国 'ဘီရုမာ ကိုကူ') ဟုခေါ်တွင်စေခဲ့သည်။
ဗမာနိုင်ငံတော် ビルマ国 State of Burma | |
---|---|
ဆောင်ပုဒ်: တသွေး၊ တသံ၊ တမိန့် | |
နိုင်ငံတော် သီချင်း: "တို့ဗမာ သီချင်း" | |
လက်ရှိအခြေအနေ | ဂျပန်အင်ပါယာ၏ ရုပ်သေးတိုင်းပြည် |
မြို့တော် | ရန်ကုန် |
အကြီးဆုံးမြို့ | ရန်ကုန် |
ရုံးသုံး ဘာသာစကားများ | ဗမာဘာသာ |
အစိုးရ | အာဏာရှင်စနစ် |
• နိုင်ငံတော်အဓိပတိနှင့် ဝန်ကြီးချုပ် | ဘမော် |
ဥပဒေပြုလွှတ်တော် | အတိုင်ပင်ခံလွှတ်တော် |
သမိုင်းဝင်ဖြစ်ရပ်များ | |
• လွတ်လပ်ရေးကြေညာ | ၁ ဩဂုတ် ၁၉၄၃ |
၂၇ မတ် ၁၉၄၅ | |
• အစိုးရမှထွက်ခွာ | ၂၃ ဧပြီ ၁၉၄၅ |
ငွေကြေး | ဂျပန်ရူပီး |
ဂျပန်ခေတ်မြန်မာပြည်သည် ယခုခေတ်မြန်မာပြည်၏ နေရာအကျယ်အဝန်းခန့် ရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့၏ နေရာအချို့ကိုဗြိတိသျှတို့က ဆက်လက်ချုပ်ကိုင်ခဲ့သည်။ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဂျပန်အစိုးရသည်ရှမ်းပြည်ကို မြန်မာနိုင်ငံအတွင်းထည့်သွင်းခဲ့သော်လည်း သံလွင်မြစ်အရှေ့ဘက်ဒေသများဖြစ်ကြသော ကျိုင်းတုံနှင့်မိုင်းပန်ဒေသများမှာမူ ထိုင်းနိုင်ငံမှသိမ်းပိုက်ထားခဲ့သည်။
ဂျပန်တို့သည် ဒုတိယကမ္ဘာစစ်အစပိုင်းတွင် ရေနံချောင်းမြို့မှ ရေနံဆီနှင့် တွင်းထွက်သတ္တုများကို ရယူလိုသည့်အတွက် ဗြိတိသျှဘားမားကို သိမ်းပိုက်လိုခဲ့သည်။ ထို့အပြင် ဒုတိယ တရုတ်-ဂျပန်စစ်ပွဲ ဖြစ်ပွားနေခဲ့သောကြောင့် တရုတ်အမျိုးသားရေးခေါင်းဆောင် ချန်ကေရှိတ်ဦးဆောင်သော တရုတ်စစ်တပ်အား စစ်လက်နက်ထောက်ပံ့ရာ၌အရေးပါသော ဘားမားလမ်း (Burma Road) ကိုလည်းပိတ်ပင်လိုခဲ့သည်။ ဂျပန်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းပေးထားပြီးဖြစ်ရာ ၁၉၄၂ ခုနှစ်တွင် ရှိဂျီရို အီဒါ (Shojiro Iida) ဦးဆောင်ခဲ့သော ၁၅ ခုမြောက်စစ်တပ် (Fifteenth Army) သည် ဘီအိုင်အေနှင့်အတူ မြန်မာပြည်ကိုသိမ်းပိုက်ခဲ့သည်။ ဗိုလ်မှူးကြီးဆူဇူကီးသည် ဘီအိုင်အေအား မြန်မာဒေသအနှံအပြား၌ ယာယီအုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စေလိုခဲ့သည်။
ဂျပန်တို့သည်စစ်ရေးအရ အခက်အခဲများကြုံတွေ့လာခဲ့သောအခါ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အား လွတ်လပ်ရေးပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဂျပန်ဝန်ကြီးချုပ် ဟိဒဲကီ တိုဂျိုသည် ၁၉၄၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၌ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးအပ်မည်ဟုကတိပေးခဲ့၍ မြန်မာနိုင်ငံအနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အား စစ်ကြေညာစေလိုခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံသည်ဝင်ရိုးတန်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်ပွဲတွင် ပြန်လည်အနိုင်ရရှိမည်ဟု ဂျပန်တို့ကယုံကြည်ခဲ့ကြသည်။
၁၉၄၃ ဩဂုတ် ၁ ရက်နေ့တွင် ဒေါက်တာဘမော်သည် နိုင်ငံတော်အဓိပတိဖြစ်လာခဲ့ရာ အမေရိကန်နှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတို့အား စစ်ကြေညာခဲ့သည်။
၁၉၄၂ မတ်လတွင် ရန်ကုန်ကို အင်္ဂလိပ်တို့မှသိမ်းပိုက်ပြီးနောက် ငြိမ်ဝပ်ပိပြားရေးကော်မတီခေါ် အုပ်ချုပ်ရေးအဖွဲ့များကို မြို့အသီးသီး၌ဖွဲ့ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး ဂျပန်လက်အောက်သို့ကျရောက်သွားသောအခါတွင် ဒေါက်တာဘမော်အား နိုင်ငံတော်အဓိပတိအဖြစ်ခန့်၍ နိုင်ငံတော်အစိုးရဖွဲ့စေခဲ့သည်။ ထိုအစိုးရ၏အဖွဲ့ဝင်များမှာ—
နိုင်ငံတော်အဓိပတိသည် ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ရသည်။ ဝန်ကြီးအဖွဲ့အပြင် အဓိပတိကခန့်အပ်ထားသည့် အမတ်များပါဝင်သော အတိုင်ပင်ခံလွှတ်တော်တစ်ခုရှိသည်။ တိုင်းတစ်တိုင်းစီတွင် တိုင်းမင်းကြီးတစ်ဦးစီခန့်ထားသည်။ ခရိုင်တွင်မူခရိုင်ဝန်က တာဝန်ယူရသည်။
လွတ်လပ်သောနိုင်ငံ၏ အစိုးရပင်ဖြစ်သော်လည်း ဒေါက်တာဘမော်ဦးဆောင်သည့်အစိုးရမှာ ဂျပန်အာဏာပိုင်တို့၏ စေခိုင်းသမျှတို့ကိုသာ ပြုလုပ်ခဲ့ရသောအစိုးရအဖွဲ့သာဖြစ်သည်။ ထို့အပြင်ဂျပန်စစ်တပ်သည် အုပ်ချုပ်မှုမရှိသော်လည်း မြန်မာနိုင်ငံဒေသအတွင်း၌ ဆက်လက်နေထိုင်လျက်ရှိခဲ့ကြသည်။ ဂျပန်ခေတ်တွင် ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်တို့မှာ ကင်ပေတိုင်ခေါ် ဂျပန်စစ်ပုလိပ်များသာဖြစ်ကြသည်။
၁၉၄၃ နှင့် ၁၉၄၄ ခုနှစ်တို့တွင် ဘီအိုင်အေသည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူအရေးတော်ပုံပါတီတို့နှင့်ပူးပေါင်း၍ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ (ဖတပလ) ကိုဖွဲ့စည်း၍ သခင်စိုးမှဦးဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယပြည်ရှိဗြိတိသျှတို့၏ Force 136 တပ်ဖွဲ့နှင့်အဆက်အသွယ်ရရှိခဲ့သည်။ Force 136 သည် ရန်ကုန်ရှိ ဗမာ့အမျိုးသားတပ်မတော်၏ ကရင်တပ်သားများနှင့် ဆက်သွယ်နိုင်ခဲ့သည်။
၁၉၄၄ ခုနှစ် ဒီဇင်ဘာတွင် ဖတပလသည် မဟာမိတ်နိုင်ငံများနှင့် အဆက်အသွယ်ရရှိခဲ့ရာ ဂျပန်တို့အားတော်လှန်ရန် အဆင်သင့်ရှိနေကြောင်းပြောဆိုခဲ့သည်။ သို့သော်ဗြိတိသျှတို့သည် အချိန်မသင့်သေးဟုဆိုကာ ငြင်းပယ်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ဘီအိုင်အေတပ်သည် စတင်၍ထကြွခဲ့ကြသည်။
၁၉၄၅ မတ်လ ၂၇ တွင် ဘီအိုင်အေတပ်သည် ရန်ကုန်၌ အောင်မြေနင်းပွဲကျင်းပပြီး မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဂျပန်တို့အားစစ်ကူပေးရန်သွားရောက်ပေးခဲ့သော်လည်း ဂျပန်နိုင်ငံအားစစ်ကြေညာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လော့ဒ်မောင့်ဘတ်တန်နှင့် ညှိနှိုင်းဆွေးနွှေးခဲ့ကြပြီး မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ဗမာ့တပ်မတော်မရှိတော့သဖြင့် ဒေါက်တာဘမော်အစိုးရမှာ ပြိုလဲခဲ့လေသည်။ ဒေါက်တာဘမော်သည် ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဂျပန်နိုင်ငံ၌ဖမ်းဆီးခံခဲ့ရ၍ တိုကျိုမြို့ရှိ ဆူဂါမိုအကျဉ်းထောင် (Sugamo Prison) ၌ ၁၉၄၆ ခုနှစ်အထိထိန်းသိမ်းထားခဲ့သည်။
ဂျပန်တို့ကိုတော်လှန်ပြီးသောအခါ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ၁၉၄၈ ခုနှစ်အထိ ဆက်လက်အုပ်ချုပ်ခဲ့သည်။
ဂျပန်ခေတ်ကမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြေညာစာတမ်းမှ စာသားအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ဗမာနိုင်ငံတော်သည် အင်္ဂလိပ်တို့၏ အဓမ္မသိမ်းပိုက်ထားခြင်းကို နှစ်ပေါင်းငါးဆယ်ကျော်မျှခံခဲ့ရပြီးနောက် မိမိ၏နေရာနတ်သန် နေရာမှန်ဖြစ်ပေသော တန်ခိုးအရှိန်အဝါလွတ်လပ်စွာဖြင့် အချုပ်အခြာအာဏာပိုင်ရှိပေသော ကမ္ဘာ့နိုင်ငံတော်ကြီးများ၏ အဆင့်အတန်းသို့ ဤနေ့ဤအခါတွင် ပြန်လည်ရောက်ရှိလာလေပြီ။ ဗမာနိုင်ငံတော်သည် ကာလအဓွန့်ရှည်မြင့်စွာကပင် ရာဇဝင်အဆက်မပြတ် လွပ်လပ်သောနိုင်ငံတော်အဖြစ်ဖြင့် ကမ္ဘာတစ်လွှမ်း၌ မားမားမတ်မတ် ကြွားကြွားဝင့်ခဲ့လေသည်။
...
ဤကြေညာချက်သည် ဗမာတစ်မျိုးလုံး၏ အလိုဖြစ်ရကား ဤကြေညာချက်အတိုင်း တစ်သွေမသိမ်း လိုက်နာဆောင်ရွက်မည်။ ဗမာအပေါင်းတို့သည် ဤကြေညာချက်အတိုင်း ထမြောက်အောင်မြင်သည်အထိ အစွမ်းကုန်ဆောင်ရွက်မည်ဟု သစ္စာပြုလိုက်သည်။ ဤလုပ်ငန်း၊ ဤသစ္စာ၊ ဤကြေညာချက်တို့အတွက် နတ်လူအပေါင်းတို့သည် သက်သေအရာတည်ကြပါစေကုန်သတည်း။
This article uses material from the Wikipedia မြန်မာဘာသာ article ဗမာနိုင်ငံတော်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.