ဝင်းဦး (၁၉၃၅-၁၉၈၈) သည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော မင်းသား၊ ဒါရိုက်တာ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ၊ မဂ္ဂဇင်းထုတ်ဝေသူ၊ ပုံနှိပ်တိုက်ပိုင်ရှင်၊ အဆိုတော် နှင့် ဓာတ်ပြားတိုက်ပိုင်ရှင် ဖြစ်သည်။
ဝင်းဦး | |
---|---|
မွေးဖွား | လှမြင့် ၁၃ မတ်၊ ၁၉၃၅ ရန်ကုန်မြို့ |
ကွယ်လွန် | ၁၄ ဒီဇင်ဘာ၊ ၁၉၈၈ ရန်ကုန်မြို့ | (အသက် ၅၃)
ထာဝရ နားခိုရာနေရာ | ရန်ကုန်မြို့ |
နိုင်ငံလူမျိုး | မြန်မာ |
ပညာရေး | တီတီစီလေ့ကျင့်ရေးကျောင်း၊ ရန်ကုန်တက္ကသိုလ်၊ ဗိုလ်သင်တန်းအပတ်စဉ်(၈) |
ကျော်ကြားမှုအရင်းခံ | ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင် |
ထင်ရှားသည့် လုပ်ဆောင်မှု |
|
ဝင်းဦးကို သမိုင်းအငြိမ်းစားပါမောက္ခ ဦးဘညွန့် (ခေတ်ဟောင်းတေးဂီတသမိုင်းတွင်ထင်ရှားသည့် ချစ်ဒုက္ခသီချင်းသီဆိုသူ) နှင့် ဒေါ်နှင်းရီ (မင်နီဘခက်)တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ဘိုနီဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ မွေးချင်းအားလုံးမှာ အနုပညာရှင်များဖြစ် အစဉ်လိုက် ဒေါ်တင်တင်ဦး (စာရေးဆရာမမေယု)၊ ကိုကျော်ဝင်း (မင်းသား ဝင်းညွန့်)၊ ကိုအုန်းကြိုင် (မင်းသား အောင်မိုး)၊ တက္ကသိုလ် ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။
ဦးဘညွန့်သည်ချစ်ဒုက္ခနှင့်ဆူထူးရွယ်သီချင်းနှစ်ပုဒ်ဖြင့် ဓာတ်ပြားရအဆိုတော်အဖြစ် နာမည်ကျန်ရစ်သူ ဖြစ်ကာ တက္ကသိုလ်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ မိခင် မင်နီဘခက်၏ ဖခင်သည် မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနများ ဆောင်ရွက်ခဲ့သော ဆရာဝန် ကာနယ်ဘခက် ဖြစ်၍ ကာနယ်ဘခက်ရဲ့ ဖခင်ဖြစ်သူမှာ မြန်မာပြည်၌ ပထမဆုံးဖွဲ့ခဲ့သည့် လက်ထောက်ဘုရင်ခံ၏ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်မြို့မှ ဦးခက် ဖြစ်သည်။
ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်သင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ်ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝင်းဦးသည် တပ်မဟာ(၅)နှင့် တပ်ရင်း(၇)တို့)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။
ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည် မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲ သီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော် ထိုဇာတ်ကားသည် ဝင်းဦး၏ ပထမဆုံး ရုံတင်ခဲ့သောဇာတ်ကားမဟုတ်ပေ။ ပထမဆုံးရုပ်ရှင်ဖြစ်သည့် "နှစ်ယောက်ထဲ နေချင်တယ်" ဇာတ်ကား ရိုက်ကူးနေစဉ်မှာပင် မြဇော်ရုပ်ရှင် ထုတ်လုပ်ရေးက ဒါရိုက်တာ မင်းရှင်နောင်အား တာဝန်ပေးပီး " ချစ်သောသူ တယောက်" ဇာတ်ကားကို ရိုက်ကူးစေခဲ့သည်။ " ချစ်သောသူ တယောက်" ဇာတ်ကားသည် " နှစ်ယောက်ထဲနေချင်တယ်" ဇာတ်ကားထက် စောစီးစွာ ရုံတင်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက "စန္ဒာ" ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ၁၉၆၇ခုနှစ်တွင် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက်ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။
ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မှုံရွှေရည်၊ မောင်တို့ချယ်ရီမြေနှင့် ကျောက်မဲအကျဉ်းသား မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေး၊ အေးအေးသင်းတို့နှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ မင်းသမီးချိုပြုံး၊ တင်တင်မြ တို့နှင့် တကျော့နှစ်ကျော့ တေးကိုသီ၊ မင်းသမီးမပါပဲရိုက်ကူးခဲ့သည့် အတွယ်အတာ နှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီ ဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။
အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ "တေလေငှက်"ဖြစ်ပြီး ယင်းသီချင်းကို "ချစ်သောသူတစ်ယောက်"ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် "ကင်းဝန်" အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။
ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။
ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော "စန္ဒာ"ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင်၊ ခင်မောင်ဝင့်၊ မိုးကျော်ခေါင် နှင့် ကိုဦးတို့ ဖြစ်သည်။
ထို့နောက် ဝင်းဦးသည် ၁၉၈၈ခုနှစ် ဧပြီလတွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။
စဉ် | အမည် | ထုတ်ဝေနှစ် | မှတ်ချက် |
---|---|---|---|
၁ | ကျွန်တော်မွှေးတဲ့မီး | ၁၉၆၉ | လုံးချင်းဝတ္ထု |
၂ | သိုး | ၁၉၆၁ | လုံးချင်းဝတ္ထု |
၃ | နုနုငယ်ငယ် | ၁၉၆၁ | လုံးချင်းဝတ္ထု |
၄ | အာကသဒုံးယာဉ် လက်နက်များ | ၁၉၆၁ | |
၅ | အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး | ၁၉၆၁ | ၁၉၆၁ခုနှစ်၊ ဒီဇင်ဘာလတွင် ရှုမဝပုံနှိပ်တိုက်မှ ရိုက်နှိပ်သည်။ |
၆ | မုန်းလဲမေ့ပါနိုင် | ၁၉၆၂ | |
၇ | လွမ်းလေသူ အမိုက်အမဲ ဝတ္ထုတိုပေါင်းချုပ် | ၁၉၆၂ | ကင်းဝန်စာအုပ်အမှတ်(၅)၊၁၉၆၂ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ဝေသည်။ |
၈ | တက္ကသိုလ် ကျောင်းသားတစ်ဦး | ၁၉၆၂ | |
၉ | နှစ်ယောက်ထဲ နေချင်တယ် | ၁၉၆၂ | |
၁၀ | တေးသီချင်းဆန်းများ | ၁၉၆၃ | |
၁၁ | ပန်းကြဲတဲ့ ဖဲစက်ရာမှာ | ၁၉၆၃ | |
၁၂ | မျက်ရှု | ၁၉၆၆ | |
၁၃ | ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း | ၁၉၆၉ | |
၁၄ | အသည်းစား မဟာရာဇာ၏ ရှင်းတမ်း | ၁၉၆၉ | |
၁၅ | ဝင်းဦး၏တေးပေါင်းချုပ် | ၁၉၆၉ | ၁၉၆၉ခုနှစ်၊ဖေဖော်ဝါရီလတွင် ပထမအကြိမ်ထုတ်ဝေသည်။ |
၁၆ | တေးပေါင်းချုပ် လက်ရွေးစင် | ၁၉၆၉ | |
၁၇ | နှလုံးသား အသစ်နှင့် ချစ်မည့်သူ | ၁၉၇ဝ | |
၁၈ | မိန်းမလှအမုန်း | ၁၉၇၀ | |
၁၉ | ငွေလှိုင်းဇာပေါ်မှာ | ၁၉၇၁ | လုံးချင်းဝတ္ထု၊ |
၂၀ | ဆွေး | ၁၉၇၁ | လုံးချင်းဝတ္ထု၊ ၁၉၇၁ အောက်တိုဘာလ ပထမအကြိမ် အုပ်ရေ၆၀၀၀ အဖိုး(၅)ကျပ်။ |
၂၁ | ရေဒီယိုတေးများ | ၁၉၇၁ | |
၂၂ | လတန်ခူးပေမို့ | ၁၉၇၁ | ပထမဆုံးထုတ်ဝေသည့် စန္ဒာမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည် |
၂၃ | နောင်အင်းလေး | ၁၉၇၂ | မြန်မာ့အလင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည် |
၂၄ | ကြင်နာသူ့အသဲ | ၁၉၇၂ | ဤစာအုပ်ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့သည်။ |
၂၅ | ချစ်ဦးသူနှင့် ချစ်ဖူးသူ | ၁၉၇၂ | |
၂၆ | ဩစတြေးလျားမှ ချစ်သမျှအကြောင်း | ၁၉၇၂ | ၁၉၇၂ခုနှစ်၊ နိုဝင်ဘာလတွင် ပထမအကြိမ်ထုတ်ဝေသည်။ |
၂၇ | နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို | ၁၉၇၃ | စန္ဒာ ရုပ်စုံမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည် |
၂၈ | ကျွန်တော် ကျွန်မတို့အရွယ် | ၁၉၇၄ | ၁၉၇၄ခုနှစ်၊ ဇွန်လတွင် စန္ဒာပုံနှိပ်တိုက်မှ ပထမအကြိမ်ထုတ်ဝေသည်။ |
၂၉ | ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန် | ၁၉၇၉ | ၁၉၇၉ ဩဂုတ်လတွင် ပထမအကြိမ်ထုတ်ဝေသည်။ |
၃၀ | ပုဂ္ဂိုလ်ကျော် (၁၃) ဦး | ၁၉၆၂ | ၁၉၆၂ခုနှစ်၊ ရှုမဝစာအုပ်တိုက်မှ ပထမအကြိမ်ထုတ်ဝေသည်။ |
၃၁ | မြှော်လင့်ခိုး သံသရာဝယ် | ||
၃၂ | သည်ခေတ် သည်အရွယ် သည်လိင်ကိစ္စ |
စဉ် | ဇာတ်ကားအမည် | ပြသခဲ့သည့်နှစ် | မှတ်ချက် |
---|---|---|---|
၁ | ချစ်သောသူတစ်ယောက် | ၁၉၆၂ | ခင်သန်းနု |
၂ | နှစ်ယောက်တည်းနေချင်တယ် | ၁၉၆၂ | တင်တင်မူ၊ဒေစီကျော်ဝင်း |
၃ | မုန်းတလှဲ့ ပြုံးတလှဲ့ | ၁၉၆၂ | ဖျာပုံမယ်တင်တင်အေး |
၄ | ဆောင်းတညဝယ် | ၁၉၆၃ | ဝါဝါဝင်းရွှေ |
၅ | ဗိမ္မသာရ | ၁၉၆၃ | အေဝမ်းတင်မောင်၊ကြည်ကြည်ဌေး၊ ကြည်ကြည်ညွန့် |
၆ | မာနတံခွန် | ၁၉၆၃ | ဖျာပုံမယ်တင်တင်အေး |
၇ | ပိတောက်ရိပ်ဝယ် | ၁၉၆၃ | ဖျာပုံမယ်တင်တင်အေး၊နှင်းဆီ |
၈ | ဘဝမှတ်တမ်း | ၁၉၆၃ | ဖျာပုံမယ်တင်တင်အေး |
၉ | မြတ် | ၁၉၆၃ | မြင့်မြင့်ခင်၊ချစ်စပယ် |
၁၀ | တပွင့်ထဲပန်မယ် | ၁၉၆၃ | ကြည်ကြည်ဌေး၊သီသီ |
၁၁ | မောင်တို့ချယ်ရီမြေ | ၁၉၆၃ | ခင်သန်းနု |
၁၂ | ဤစံအိမ်ဝယ် | ၁၉၆၃ | ဝါဝါဝင်းရွှေ |
၁၃ | ချစ်သောမောင်မောင် | ၁၉၆၃ | သီသီ |
၁၄ | မောင်ချော့မြှူပါ့မယ် | ၁၉၆၃ | ကြည်ကြည်ဌေး |
၁၅ | ရင်သွေးရင်နှစ် | ၁၉၆၃ | မေသစ်၊ ဝါဝါဝင်းရွှေ |
၁၆ | သစ္စာတူပြိုင် | ၁၉၆၄ | မြင့်မြင့်ခင် |
၁၇ | ဘယ်ရပ်ဌာနီ | ၁၉၆၄ | ဝါဝါဝင်းရွှေ |
၁၈ | မောင့်အချစ်တော် | ၁၉၆၄ | တင်တင်မူ၊ချစ်စပယ် |
၁၉ | မေတ္တာပန်းဥယျာဉ် | ၁၉၆၄ | မြင့်မြင့်ခင်၊ခင်သန်းနု |
၂၀ | သိကြားစေသက်သေညွှန်း | ၁၉၆၄ | ဝါဝါဝင်းရွှေ၊ခင်သန်းနု |
၂၁ | ညီညီလွင် | ၁၉၆၄ | ဝါဝါဝင်းရွှေ |
၂၂ | မုန်းမေ့ပါနိုင် | ၁၉၆၅ | တင်တင်မူ၊သီသီ၊ ဝါဝါဝင်းရွှေ |
၂၃ | ချစ်သဲ | ၁၉၆၅ | ဝါဝါဝင်းရွှေ |
၂၄ | ဆုထူးငယ်ပန်ရွယ်သွန်း | ၁၉၆၆ | ဒေစီကျော်ဝင်း၊နွဲ့နွဲ့စန်း |
၂၅ | ရီးစားဓမြ (ခင်သန်းနု) | ၁၉၆၇ | ခင်သန်းနု |
၂၆ | မောင်မောင်နဲ့သိင်္ဂီ | ၁၉၆၇ | စံရှားတင်၊စမ်းစမ်းဝင်း |
၂၇ | နှင်းပျောက်တဲ့နွေ | ၁၉၆၇ | တင်တင်မူ၊ဖျာပုံမယ်တင်တင်အေး |
၂၈ | ဆောင်းအိပ်မက် | ၁၉၆၇ | ဖျာပုံမယ်တင်တင်အေး၊ အေးအေးသင်း (၁၉၆၇ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆုရရှိသည့်ဇာတ်ကား) |
၂၉ | ကိုယ့်ချစ်သူဘယ်မှာရှိတယ် | ၁၉၆၈ | ခင်သန်းနု |
၃၀ | သိုး | ၁၉၆၈ | ခင်သန်းနု |
၃၁ | တိမ်လွှာမို့မို့လွင် | ၁၉၆၈ | မြင့်မြင့်ခင် |
၃၂ | ကျောက်မဲအကျဉ်းသား (ခင်သန်းနု) | ၁၉၆၉ | ခင်သန်းနု |
၃၃ | မှုံရွှေရည် (*) | ၁၉၇၀ | ခင်သန်းနု၊အောင်လွင်၊ဖိုးပါကြီး၊ခင်လေးဆွေနှင့် ကလေးသရုပ်ဆောင်စန္ဒာလင်း |
၃၄ | တစ်ကျော့နှစ်ကျော့တေးကိုသီ | ၁၉၇၁ | တင်တင်မြ၊ချိုပြုံး |
၃၅ | အတွယ်အတာ | ၁၉၇၂ | (ကလေးသရုပ်ဆောင် စန္ဒာလင်း) |
၃၆ | လတ်လတ် (ခင်သန်းနု) | ၁၉၇၃ | ခင်သန်းနု |
၃၇ | မုန်းပါတယ်မောင့်ကို | ၁၉၇၃ | မြင့်မြင့်ခင် |
၃၈ | ပန်းမြို့တော်သို့ခြေလှမ်းသုံးဆယ် (ချိုပြုံး) | ၁၉၇၃ | ကျော်စွာဝင်း၊ချိုပြုံးတို့ခေါင်းဆောင်ပါဝင်၍ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သည်။ |
၃၉ | ချစ်သူရွေးမယ်ချစ်ဝဲလယ် | ၁၉၇၅ | မြင့်မြင့်ခင်၊တင်တင်နွဲ့၊စမ်းစမ်းအေး၊မြင့်မြင့်ခိုင်၊ချိုပြုံး၊နွဲ့နွဲ့မူ၊စန္ဒာ တို့နှင့်တွဲဖက်၍ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံးအကြိမ် (၈)ကိုယ်ခွဲသရုပ်ဆောင်သည်။ |
၄၀ | မင်းဘယ်ပြေးမလဲမိချိုသဲ | ၁၉၇၆ | စန္ဒာ |
၄၁ | တိမ်ဦးလေပြေမောင့်ကိုစေ | ၁၉၇၇ | ခင်ယုမေ၊တင်တင်နွဲ့ |
၄၂ | သက်တန့်ပေါ်ကလူတစ်ယောက် | ၁၉၈၀ | ခင်သန်းနု၊အေးအေးသင်း |
၄၃ | မိန်းမနဲ့ယောက်ျား | ၁၉၈၁ | မြင့်မြင့်ခိုင်၊ယဉ်ယဉ်အေး |
၄၄ | ကျွန်တော်ပြောချင်သောအချစ်အကြောင်း | ၁၉၈၁ | ခင်သန်းနွယ် |
၄၅ | မေတ္တာကမ္ဘာခြားလေသူ | ၁၉၈၁ | နွဲ့နွဲ့မူ |
၄၆ | ချစ်သူကြင်သူမြတ်နိုးသူ | ၁၉၈၁ | မြင့်မြင့်ခင်၊မြင့်မြင့်ခိုင် |
၄၇ | ဇာတိသွေး | ၁၉၈၁ | ကြည်ကြည်ဌေး၊ဆွေဇင်ထိုက် |
၄၈ | ရာမလက္ခဏလိုအချစ်မျိုး | ၁၉၈၂ | ဆွေဇင်ထိုက် |
၄၉ | ဝေဠု | ၁၉၈၂ | ကျော်စွာဝင်း၊ မေဝင်းမောင် |
၅၀ | မိုးပုလဲသူဇာ | ၁၉၈၂ | စောမြသန္တာ၊ သီတာဝင်း |
၅၁ | နှစ်ယောက်တည်းနေချင်တယ် | ၁၉၈၂ | ဝင်းဦးအဖြစ်နာမည်ကျော်ခဲ့သည့် တင်တင်မူနှင့်အောင်မြင်ခဲ့သောကားကို ကိုယ်တိုင်ဒါရိုက်တာလုပ်၍ အေးမင်းဝင်း၊ချိုပြုံး၊မေဝင်းမောင်တို့နှင့်ရိုက်ကူးခဲ့သည်။ |
၅၂ | ငွေလှိုင်းဇာပေါ်မှာ | ၁၉၈၇ | ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကျော်စွာဝင်း၊ချိုပြုံးတို့နှင့် ကျော်စွာဝင်းဖခင်နေရာမှ သရုပ်ဆောင်ခဲ့သည်။ |
၅၃ | ခိုင်မာလာနှင်းဆီ | ၁၉၈၇-၈၈ | ခင်သန်းနုနှင့် ပေ၆၀၀၀ကျော်ရိုက်ကူးထားခဲ့ပြီးကွယ်လွန်ပြီးနောက် ရန်အောင်နှင့်ဆက်လက်ရိုက်ကူးကာ ၁၉၉၂ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ |
This article uses material from the Wikipedia မြန်မာဘာသာ article ဝင်းဦး, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.