သခင် စံလှိုင် ဗိုလ်မှူးအောင် | |
Omura Tatashi | |
၃၀ ဩဂုတ် ၁၉၁၀ - ၂၀၀၃ | |
ပြည်သူ့လွတ်တော် ဉက္ကဌ ဗိုလ်မှူးအောင် | |
ကိုယ်ရေး အချက်အလက် | |
အမည်ရင်း | စံလှိုင် |
ဂုဏ်ထူဆောင် အမည် | သခင် စံလှိုင် |
မွေးရက် | ၃၀ ဩဂုတ် ၁၉၁၀ |
မွေးရပ်ဇာတိ | တောင်ငူခရိုင်၊ ကျောက်တံခါးမြို့ |
လူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာ |
ကွယ်လွန်ရက် | ၂၀၀၃ |
လက်မှတ် |
ရဲဘော်သုံးကျိပ်ဝင်၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်) (၁၉၁၀ - ၂၀၀၃) သခင်အမည် - သခင်စံလှိုင်
ဗိုလ်မှူးအောင်ကို တောင်ငူခရိုင်၊ ကျောက်တံခါးမြို့၌ မြန်မာသက္ကရာဇ် ၁၂၇၂ (ခရစ်နှစ် ၁၉၁၀ ဩဂုတ် ၃၀ ရက်နေ့)တွင်ဖွားမြင်သည်။ မိဘများမှာ လယ်သမားများဖြစ်ကြပြီး ဦးရွှေမှန်နှင့်ဒေါ်ဖော့ တို့ဖြစ်ကြသည်။ ဗိုလ်မှူးအောင် အသက်သုံးနှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ ၁၂ နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သည်။ ငယ်နာမည်မှာ မောင်စံလှိုင်ဖြစ်သည်။ ဗိုလ်မှူးအောင်တွင် မွေးချင်းရှစ်ယောက်ရှိပြီး ဒေါ်ဦး၊ ဒေါ်ဝါ၊ ဦးစံတုတ်၊ ဦးစံခိုင်၊ ဦးစံဒိုင်၊ ဒေါ်ငယ်၊ ဦးစံလှိုင်(ဗိုလ်မှူးအောင်)၊ ဦးစံမြိုင် တို့ဖြစ်ကြသည်။
ငယ်စဉ်ကပင်ဘာသာရေး ဘက်တွင်စိတ်ဝင်စားခဲ့ပြီး ဘာသာရေးဆိုင်ရာစာအုပ်များကို လေ့လာဖတ်ရှု၍ စဉ်းစားတွေးခေါ်နေရသည်ကိုနှစ်သက်သူဖြစ်သည်။ ရွာကျောင်းမှ မူလတန်းဆင့်ကုန်အောင်သင်ကြားပြီးသည်နှင့် ရှင်သာမဏေပြု၍ ဗုဒ္ဓစာပေပရိယတ်များကိုလေ့လာဖတ်ရှုကျက်မှတ်ခဲ့သည်။ ရှင်ဘွဲ့မှာ ရှင်ဇဋိလဖြစ်၍ ဖြူးမြို့တွင် ရဟန်းခံပြီး စာပေပညာများကို ဆည်းပူးခဲ့သည်။ ရဟန်းဘောင်တွင် ပထမငယ်စာမေးပွဲကို အသက်နှစ်ဆယ်အရွယ်တွင်အောင်မြင်ခဲ့ပြီး ပထမလတ်နှင့် ပထမကြီး စာမေးပွဲများကိုလည်း ဆက်၍ကြိုးစားဖြေဆိုခဲ့သည်။ စာပေပညာဘက်၌ ထူးချွန်မည့်လက္ခဏာများပါသောကြောင့် ရဟန်းအချင်းချင်း မနာလိုဖြစ်ကြသောကြောင့် ရဟန်းဝါ ငါးဝါရပြီးနောက် လူထွက်ခဲ့သည်။
၎င်းနောက်လယ်ယာ လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးခဲ့သည်။ ထိုအချိန်က မြန်မာတစ်နိုင်ငံလုံးတွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများဖြင့်ဆူညံလျက်ရှိပြီး ကျောင်းသားသပိတ်မှစ၍ ၁၃၀၀ ပြည့်အရေးတော်ပုံ အဆုံး တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက် ဆူပွက်နေချိန်ဖြစ်သည်။ ဗိုလ်မှူးအောင်သည်လည်း နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် မိမိလည်းပါဝင်ရမည်ဟု ဆုံးဖြတ်ကာ ဖြူးမြို့သို့ထွက်ခွါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများတွင် စာရင်းသွင်းလိုက်ပါရန် တို့ဗမာအစည်းအရုံး ခေါင်းဆောင်များအားပြောကြားခဲ့သည်။ ဤသို့ဖြင့် လယ်သမားဘဝမှ သခင်စံလှိုင်ဖြစ်လာသည်။
ဖြူးမြို့နယ် တို့ဗမာအစည်းအရုံးတွင် ထိုအချိန်က လှုပ်ရှားပါဝင်နေကြသော သခင်သန်းဖေနှင့် တက်ညီလက်ညီ တွဲဖက်မိခဲ့သည်။ သခင်သန်းဖေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါလီမန်အမတ်ဘဝမှတောခိုသွားပြီး တောထဲတွင် ကွယ်လွန်ခဲ့သူဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ သာယာဝတီညီလာခံမှ `အင်္ဂလိပ်အခက် ဗမာအချက်´ ဆိုသောကြွေးကြော်သံဖြင့်လွတ်လပ်ရေးလမ်းစကိုရှာခဲ့ချိန်တွင် သခင်အောင်ဆန်းက နိုင်ငံခြားသို့ ထွက်ခွါကာ စစ်ပညာသင်ယူကြမည့် ရဲဘော်များကိုလာခေါ်လေသည်။ ဂျပန်ပြည်သို့ထွက်ခွါသော ရဲဘော်သုံးကျိပ်အဖွဲ့၏ စတုတ္ထမြောက် ထွက်ခွါသောအဖွဲ့နှင့်လိုက်ပါသွားခဲ့ပြီး ၎င်းအဖွဲ့တွင် သခင်ရှုမောင်(ဗိုလ်ချုပ်ကြီးနေဝင်း) လည်း အတူပါရှိခဲ့သည်။ သင်္ဘောဖြင့် တိုကျိုသို့ထွက်ခွါခဲ့ပြီး ၎င်းမှတစ်ဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ စစ်ပညာများသင်ကြားခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းများတွင် စစ်ပညာများသင်ကြားပြီးနောက် ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းသောအခါ သခင်စံလှိုင်အမည်မှ ဗိုလ်အောင်အဖြစ် အမည်ပြောင်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ စစ်ကြောင်းကြီးများဖြင့် ဝင်လာသောအခါတွင် ဗိုလ်အောင်သည် တပ်ဦးမှနေ၍ဦးစီးရသော တပ်မှူးအဖြစ် ချီတက်ဝင်ရောက်လာခဲ့သည်။
ပထမတွင် ဗိုလ်မှူးရန်နိုင်အုပ်ချုပ်သော ဗမာ့လွတ်လပ်ရေးတပ်မတော် တပ်ရင်း(၂) တွင် ပါဝင်ခဲ့ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းသည့် အခါတွင် တပ်ရင်း (၅) ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ထပ်၍တပ်များကိုတို့ချဲ့ပြီးနောက် တိုင်းအသီးသီးဖွဲ့ရာတွင် ဗိုလ်မှူးအောင်သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဦးစီးခဲ့သည်။ ဗိုလ်မှူးအောင်၏ လက်အောက်ခံစစ်အရာရှိများမှာ ဗိုလ်စိန်မှန် (နောင်တွင် ဗိုလ်မှူးစိန်မှန်၊ သောင်းကျန်းမှု နှိမ်နင်းရင်းကျဆုံးသူ) နှင့် ဗိုလ်ကြီးအောင်ကြီး (နောင်တွင် အမျိုးသားဒီမိုကရေစီပါတီ တည်ထောင်သူ) တို့ဖြစ်ကြသည်။
ဂျပန်ကိုမတော်လှန်မီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးတိုင်းအသီးသီးကို ကြည့်ရှုစစ်ဆေးပြီးနောက် ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ရုံးကို ဗိုလ်မှူးအောင်၏ တိုင်းတွင်ထားရှိရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်မှူးအောင်၏ တော်လှန်ရေးတိုင်း (၇) ဌာနချုပ်သည် မြေလတ်ဒေသ သရက်ခရိုင်တွင်ထားရှိခဲ့သည်။
တော်လှန်ရေးပြီးသောအခါ တပ်ထဲမှထွက်ကာ ယောင်ချာချာဖြစ်နေသောရဲဘော်ကလေးများကို လမ်းမှားရောက်မသွားစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ပြည်သူ့ရဲဘော်အဖွဲ့ကို တာဝန်ယူစည်းရုံးဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်မှူးအောင်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ ဗိုလ် ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ဝတင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဦးဆောင်ပါဝင် ခဲ့သည်။
အသက်ပေး၍ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များအချင်းချင်း အဖြူ၊ အဝါ၊အနီ စသဖြင့် ကွဲကြခြင်းနှင့်ပတ်သက်၍ ဗိုလ်မှူးအောင်က `ကိုယ်တို့တစ်တွေ လွတ်လပ်ရေးရကာမှ၊ အောင်ပွဲဆင်ပြီးကာမှ ကိုယ်တို့ရဲဘော်တွေဟာ သူတို့ပါတီတွေအပေါ်မှာ ထားတဲ့သံယောဇဉ်က တိုင်းပြည်အပေါ်မှာ ရှိတဲ့သစ္စာထက် ကြီးမားလို့ ပါတီခေါ်ရာနောက်ကို တကောက်ကောက် လိုက်သွားကြလေရဲ့။ ပါတီမှိုင်းမိပြီး အားလုံးဖရိုဖရဲ ဖြစ်ကုန်ကြတာအင်မတန်ကြေကွဲစရာကောင်းတယ်´ ဟုပြောခဲ့လေသည်။
ဖဆပလအဖွဲ့ကြီးတွင် သန့်ရှင်း တည်မြဲ ကွဲကြသောအခါ ဗိုလ်မှူးအောင်သည် ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလ အဖွဲ့၊ ပြည်ထောင်စုပါတီတို့တွင် ဝင်ရောက်အားပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုပါတီအမတ်အဖြစ် မဲအများဆုံးရရှိပြီး အရွေးခံခဲ့ရသည်။ ပြည်ထောင်စုပါတီ အစိုးရအဖွဲ့တွင် ဗိုလ်မှူးအောင်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့လေသည်။
၁၉၆၉ ခုနှစ် ဝန်ကြီးချုပ်ဟောင်း ဦးနုတောခိုပြီး ပါလီမန် ဒီမိုကရေစီပါတီ တည်ထောင်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ဦးနေဝင်း အစိုးရကို တော်လှန်သည့်အခါ ဦးနုနှင့် အတူဗိုလ်မှူးအောင်ပါဝင်ခဲ့သည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်သည် ရန်ကုန်မြို့တွင် ၂၀၀၃ ခုနှစ်က ကွယ်လွန်ခဲ့သည်။
ရဲဘော်သုံးကျိပ်မော်ကွန်း၊ တက္ကသိုလ်စိန်တင်
This article uses material from the Wikipedia မြန်မာဘာသာ article မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.