ဗဟိုအင်အားကြီး နိုင်ငံများ ဆိုသည်မှာ ၁၉ ရာစုတစ်လျှောက်ကာလများတွင် ဥရောပရှိ နိုင်ငံများကြား စုဖွဲ့ခဲ့ကြသော မဟာမိတ်အုပ်စုတစ်ခုဖြစ်သည်။ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှတို့ စုဖွဲ့သော ညီညွတ်သောသုံးနိုင်ငံ မဟာမိတ်အုပ်စုနှင့်အပြိုင် ဖွဲ့ထားသည့် ဤအုပ်စုတွင် ဂျာမနီ အင်ပါယာ၊ ဩစတြီးယား-ဟန်ဂေရီ အင်ပါယာ၊ အော်တိုမန် အင်ပါယာနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသည်။
ဗဟိုအင်အားကြီး နိုင်ငံများ (၁၉၁၄-၁၉၁၈) | |
---|---|
၁၅ အောက်တိုဘာ ၁၉၁၅ ကာလက ဗဟိုအင်အားကြီး နိုင်ငံများ၏ မြေပုံ ပါဝင်သောနိုင်ငံများ | |
လက်ရှိအခြေအနေ | စစ်ရေးမဟာမိတ် |
သုံးနိုင်ငံမဟာမိတ်ဟူသည့် မဟာမိတ်စုဖွဲ့မှုကို ဂျာမနီ၊ ဩစတြီးယား-ဟန်ဂေရီနှင့် အီတလီတို့သည် ၁၈၈၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် စုဖွဲ့ခဲ့ကြသည်။ ထို့အရင် ၁၈၇၉ ခုနှစ်ကတည်းကပင် ဂျာမနီနှင့်ဩစတြီးယား-ဟန်ဂေရီတို့သည် အလွန်နီးကပ်သည့် နှစ်ပြည်ထောင်မဟာမိတ် ဖြစ်နေကြပြီးဖြစ်သည်။ မြောက်ပိုင်းအာဖရိကကို သိမ်းပိုက်ရန် ရည်မှန်းချက်များကို ပြင်သစ်ထံတွင် ဆုံးရှုံးရပြီးနောက် အီတလီသည် ပြင်သစ်ကို ထိုးနှက်ရန် အကူအညီများအဖြစ် ဂျာမနီနှင့် ဩစတြီးယား-ဟန်ဂေရီတို့ကို လက်တွဲခဲ့သည်။ သုံးနိုင်ငံမဟာမိတ်သည် အဖွဲ့ဝင်တစ်နိုင်ငံငံကို အခြားအင်အားကြီး နိုင်ငံတစ်နိုင်ငံမှ လာရောက် တိုက်ခိုက်သည်ရှိသော် ကျန်နိုင်ငံများက ထိုအဖွဲ့ဝင်နိုင်ငံဘက်က ကူ၍ စစ်တိုက်ပေးရမည်ဟူသည့် မူအပေါ်ကို အခြေခံသည်။ ဂျာမနီနှင့် ဩစတြီးယား-ဟန်ဂေရီသည် အီတလီက ပြင်သစ်ကို မည်သို့ပင်ဖြစ်စေ ဝင်ရောက်တိုက်ခိုက်ပါက ကူညီမည်ဟုလည်း ကတိပြုကြသည်။ အီတလီကလည်း ဂျာမနီကို ပြင်သစ်က လာရောက်တိုက်ခိုက်ပါက ဂျာမနီဘက်မှ ကူညီမည်ဟု ပြန်လည်ကတိပေးသည်။ ထိုအချိန်တွင် ဂျာမနီနှင့် ပြင်သစ်သည် သဘောထားတင်းမာနေချိန်ဖြစ်သည်။ ဩစတြီးယား-ဟန်ဂေရီနှင့် ရုရှတို့ စစ်မက်ဖြစ်ပွားပါက အီတလီသည် မည်သည့်ဘက်မျှမပါပဲ ကြားနေပေးရမည်ဖြစ်သည်။
ဇွန်လ ၂၈ ရက် ၁၉၁၄ ခုနှစ်တွင် ဩစတြီးယား-ဟန်ဂေရီ၏ အိမ်ရှေ့စံမင်းသားကြီး ဖရန့်ဇ် ဖာဒီနန် ကို ဆာရာယေဗိုတွင် ဘော့စနီးယား-ဆာဘ့် လူငယ်တစ်ဦးက လုပ်ကြံမှုဖြစ်ပွားပြီးနောက် ဩစတြီးယား-ဟန်ဂေရီနှင့်ဆားဘီးယားကြား တင်းမာမှုများသည် စစ်ဖြစ်ရန် အလားအလာရှိနေခဲ့သည်။
ဩစတြီးယား-ဟန်ဂေရီသည် ဖရန့်ဇ် ဖာဒီနန် လုပ်ကြံခံရခြင်းကို ဆားဘီးယားအစိုးရက ကြိုးကိုင်သည်ဟု မှတ်ယူခဲ့သည်။ ဆာဘီးယားအမျိုးသားရေးဝါဒီများ၏ ဆလဗ်ပြည်ထူထောင်ရန် လှုံ့ဆော်မှုများသည်လည်း ဩစတြီးယား-ဟန်ဂေရီပြိုကွဲမည့်အရေးဟု ယူဆထားသည်။ ဩစတြီးယား-ဟန်ဂေရီသည် မင်းသားကြီး လုပ်ကြံခံရခြင်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများပါဝင်သည့် တောင်းဆိုချက် အများအပြားကို ဆားဘီးယားအစိုးရထံ ပေးပို့သည်။ ဆားဘီးယားအစိုးရသည် တောင်းဆိုချက်အများစုကို လက်ခံသော်လည်း အချို့သော မလိုက်လျောနိုင်သည့် တောင်းဆိုချက်များအတွက် နိုင်ငံတကာခုံရုံး အဆုံးအဖြတ်ကိုသာ ခံယူမည်ဟု အကြောင်းပြန်ခဲ့သည်။ ဆားဘီးယားသည် ဩစတြီးယား-ဟန်ဂေရီ၏ စစ်ရေးခြေလှမ်းကို ရိပ်စားမိကာ ရုရှထံ အကူအညီတောင်းခဲ့သည်။ ရှရုအင်ပါယာက ဩစတြီးယား-ဟန်ဂေရီက ဆားဘီးယားအပေါ် စစ်ပွဲစတင်လာပါက အငြိမ်နေမည်မဟုတ်ကြောင်း ကြေညာသည်။
တစ်ဖက်တွင်မူ ဂျာမနီအင်ပါယာသည် ဩစတြီးယား-ဟန်ဂေရီကို အကယ်၍ ဆားဘီးယားနှင့် စစ်ဖြစ်၍ ရုရှ ပါဝင်ပတ်သက်လာပါက ဩစတြီးယား-ဟန်ဂေရီဘက်မှ ဝင်ရောက်ကူညီမည်ဟု အကြောင်းကြားသည်။ ရုရှသည်လည်း တပ်များကို အရွှေ့အပြောင်း ခပ်စိတ်စိတ်ပြုလုပ်နေခဲ့သည်။
ဩစတြီးယားသည် ဆားဘီးယား၏ လိုက်လျောပေးချက်များကို မလုံလောက်ဟု သတ်မှတ်ကာ ဆားဘီးယားအပေါ် စစ်ရေးအရဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။ ဂျူလိုင် ၂၈ ၁၉၁၄ ခုနှစ်တွင် ဆားဘီးယားအပေါ် စစ်ကြေညာကြောင်း ဩစတြီးယား-ဟန်ဂေရီက ကြေညာခဲ့သည်။ တစ်ပါတ်အတွင်းတွင် ဥရောပ၏ နယ်မြေအများအပြားတွင် စစ်မီးဟုန်းဟုန်းတောက်လာသည်။
ဂျာမနီသည် ရုရှ၏ တပ်ပြောင်းရွှေ့မှုများကို ရန်စခြင်းဟု ယူဆခဲ့သည်။ ရုရှကမူ ထိုတပ်ပြောင်းရွှေ့မှုများသည် ဂျာမနီနှင့်စစ်ဖြစ်ပွားရန် ပြင်ဆင်နေခြင်းမဟုတ်ပဲ ဩစတြီးယား-ဟန်ဂေရီနှင့် ဆားဘီးယားကြား တင်းမာမှုများအတွက်သာ ဖြစ်ကြောင်း ဂျာမနီကို ကတိပေးခဲ့သည်။ ဂျာမနီက ရုရှ၏ ချေပချက်များကို အခြေအမြစ်မရှိဟုယူဆကာ ရုရှနှင့်စစ်ဖြစ်ရန် စစ်ပြင်မှုများ ပြုလုပ်လာခဲ့သည်။
ဩဂုတ်လ ၁ ရက်နေ့တွင်မူ ဂျာမနီသည် ရုရှကို နှစ်နိုင်ငံစစ်ရေးပြင်ဆင်မှုများက နယ်စပ်ဒေသများကြားတွင် ပြင်းထန်သည့် စစ်ပွဲများကို ဦးတည်လာနေသည်ဟူ၍ ရာဇသံပစ်ကာ စစ်ကြေညာခဲ့သည်။
ရုရှ၏ မဟာမိတ် ပြင်သစ်က ရုရှနှင့် ပူးပေါင်းကာ ဂျာမနီနှင့်စစ်ပွဲအတွက် စစ်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ ပြင်သစ်၏ စစ်ပြင်ဆင်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဩဂုတ် ၃ ရက်နေ့တွင် ဂျာမနီသည် ပြင်သစ်ကို စစ်ကြေညာသည်။ ဂျာမနီသည် ဘယ်လ်ဂျီယံနိုင်ငံကို ဖြတ်ကျော်ကာ ပါရီမြို့ကို သိမ်းပိုက်မည့် ရှလီဖန်အစီအစဉ်ကို ရေးဆွဲခဲ့သည်။ ရှလီဖန်အစီအစဉ်သည် ပြင်သစ်ကို သိမ်းပိုက်နိုင်မည့် အလွယ်ဆုံးနှင့် အမြန်ဆုံး အစီအစဉ်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို ကြားနေရေးမူကျင့်သုံးသည့် ဘယ်လ်ဂျီယံနိုင်ငံက လုံးဝ လက်မခံနိုင်ဆိုကာ ငြင်းပယ်ခဲ့သည်။ ဂျာမနီသည် ဘယ်လ်ဂျီယံ၏ ကြာနေရေးမူကို ဂရုမစိုက်ပဲ ဂျာမနီတပ်များ ဘယ်လ်ဂျီယံနိုင်ငံထဲ ကျူးကျော်ကာ ချီတက်စေသည်။ ဘယ်လ်ဂျီယံကို ဂျာမန်ကျူးကျော်မှုသည် ၁၈၃၉ ခုနှစ်က လန်ဒန်တွင် နှစ်ဖက်သဘောတူထားသည့် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟုဆိုကာ ဗြိတိန်က ဂျာမနီီကို စစ်ကြေညာသည်။
ထိုသို့ဖြင့် ဒေသတွင်းပဋိပက္ခသည် ကမ္ဘာစစ်ကြီး အသွင်ရောက်ရှိလာသည်။
၂၇ ဩဂုတ်စ် ၁၉၁၄ တွင် အရှေ့အာရှဖျားရှိ ဂျပန်အင်ပါယာသည် ဗြိတိန်နှင့်လက်တွဲကာ တရုတ်ပြည်ရှိ ဂျာမနီသိမ်းထားသော ဂျာမနီအင်ပါယာကိုလိုနီနယ်မြေဖြစ်သည့် ချင်းတောင်ကို ဝိုင်းကာ ကြည်းတပ်၊ ရေတပ်များဖြင့် ထိုးစစ်ဆင်သည်။ ထို ချင်းတောင်စစ်ဆင်ရေးသည် ပထမဆုံး အင်္ဂလို-ဂျပန် စစ်ဆင်ရေးဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း တစ်ခုတည်းသော အာရှကုန်းမနှင့်ပစိဖိတ်ဒေသရှိ တိုက်ပွဲဖြစ်သည်။
ဩစတြေးလျတပ်များကလည်း ဂျာမနီပိုင် ဂျာမန်နယူးဂီနီကျွန်းစုများကို ဝင်ရောက်သိမ်းပိုက်သည်။
ဤသို့ဖြင့် ဂျပန်နှင့် ဩစတြေးလျသည် ပထမကမ္ဘာစစ်တွင် ပါဝင်ပတ်သက်သည့် အာရှနှင့် ပစိဖိတ်နိုင်ငံများဖြစ်လာကြသည်။
သုံးနိုင်ငံမဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး များမကြာမှီနှစ်များအတွင်း အီတလီသည် မိတ်ဖက်ဖြစ်သော ဩစတြီးယား-ဟန်ဂေရီနှင့်နယ်မြေပိုင်ဆိုင်မှုအငြင်းပွားခြင်းများဖြစ်လာသည်။ အီတလီက ထိုနယ်မြေပိုင်ဆိုင်မှု ပြဿနာများကို အရင်းတည်၍ ၎င်း၏ လုပ်ဆောင်ချက်များကို မဟာမိတ်များက အသိအမှတ်မပြုဟု ထင်မြင်လာခဲ့သည်။ ထို့ကြောင့် စစ်ကြီးစတင်ဖြစ်ပွားသောအခါ အီတလီသည် မည်သည့်ဘက်ကမျှ မပါဝင်ပဲ ကြားနေမည်ဟုကြေညာခဲ့သည်။ ဂျာမန်နှင့် ဩစတြီးယား-ဟန်ဂေရီသည် အီတလီကို အားကိုးရမည်မဟုတ်သောကြောင့် မဟာမိတ်အသစ်များကို ရှာဖွေရန် စိုင်းပြင်ခဲ့သည်။
အော်တိုမန်အင်ပါယာ၏ စီးပွားရေးတည်ဆောက်မှုတွင် အလွန်အရေးပါသည့် ဘာလင်-ဘဂ္ဂဒက် ရထားလမ်းစီမံကိန်းကြောင့် အော်တိုမန်သည် ဂျာမနီနှင့် ဩဂုတ် ၂ ရက်နေ့တွင် မဟာမိတ်ဖွဲ့ခဲ့သည်။ မဟာမိတ်စာချုပ်အရ ဂျာမနီသည် အော်တိုမန်အင်ပါယာအနေဖြင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်လာရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း အော်တိုမန် အင်ပါယာသည် စစ်ကြီးစစချင်းတွင် ဝင်ရောက်ပတ်သက်ခြင်းမပြုပဲ ကြားနေရန်ရွေးချယ်ခဲ့သည်။ အော်တိုမန် အစိုးရက ဂျာမနီကို အော်တိုမန်အနေဖြင့် စစ်တိုက်ရန် ပြင်ဆင်မှုများပြုလုပ်ရမည်ဖြစ်ပြီး ထိုအတွက် အချိန်လိုသေးသည်ဟု အကြောင်းကြားခဲ့သည်။ ဂျာမနီအင်ပါယာက အော်တိုမန်ကို စီးပွားရေးနှင့် လက်နက်အကူအညီများ ပေးခဲ့သည်။
ဂျာမနီ၏ စာချုပ်ပါအချက်များကို လိုက်နာရန် ဖိအားပေးတောင်းဆိုမှုများနှင့် အကူအညီများကြောင့် အော်တိုမန် အင်ပါယာသည် ၁၉၁၄ ခုနှစ် နိုဝင်ဘာလတွင် စစ်ထဲသို့ ပါဝင်လာခဲ့သည်။ အော်တိုမန်ပိုင် ရေတပ်သင်္ဘောနှစ်စီးသည် ယူကရိန်းနယ်ထဲတွင်ရှိသည့် ထိုစဉ်က ရုရှပိုင် အိုဒက်ဆာဆိပ်ကမ်းမြို့ကို တိုက်ခိုက်ကာ ဂျာမနီနှင့်မဟာမိတ်များကို ကူညီသည်။ ထိုတိုက်ခိုက်မှုကြောင့် ရုရှပါဝင်သည့် ညီညွတ်သောသုံးနိုင်ငံ မဟာမိတ်များက အော်တိုမန်အင်ပါယာကို စစ်ကြေညာသည်။
၁၉၁၅ ခုနှစ် ပထမကမ္ဘာစစ်ဖြစ်ပွားနေချိန်တွင် အီတလီကို ဗြိတိန်၊ ပြင်သစ်နှင့် ရုရှတို့ ပါဝင်သော ညီညွတ်သောသုံးနိုင်ငံ မဟာမိတ်အဖွဲ့က လန်ဒန်တွင်ဖိတ်ခေါ်ပြီးနောက် သူတို့ဘက်မှ ရပ်တည်ရန် ညှိနှိုင်းကြသည်။ မဟာမိတ်အဖွဲ့က အီတလီသည် ဘက်ပြောင်းပါက သုံးနိုင်ငံမဟာမိတ်ထံမှ အီတလီရည်မှန်းထားသည့် နယ်မြေများနှင့် ဩစတြီးယား-ဟန်ဂေရီ၏ နယ်မြေအချို့ကို အီတလီရရှိမည်ဟု ကမ်းလှမ်းသည်။ ဤသို့ဖြင့် မဟာမိတ်များနှင့် အီတလီသည် လန်ဒန်တွင် စာချုပ်ချုပ်ဖြစ်သွားသည်။
အီတလီတွင်လည်း ကြားနေရေးဝါဒီ ဝန်ကြီးချုပ် အန်တိုနီယို ဆလန်ဒရာ ပြုတ်ကျသွားပြီးနောက် သူ၏နေရာကို မဟာမိတ်များနှင့်ပူးပေါင်းရန်အားသန်သည့် ပါအိုလို ဘိုစလီက ရောက်လာသည်။ ဘိုစလီသည် မဟာမိတ်များက မက်လုံးပေးသည့် နယ်နိမိတ်များကြောင့် မဟာမိတ်များနှင့် ပူးပေါင်းရန် လိုလားသည်။ အီတလီပြည်သူများကလည်း နယ်နိမိတ်ပိုင်ဆိုင်မှုများအငြင်းပွားနေရသည့် ဩစတြီးယား-ဟန်ဂေရီနှင့် ရှေ့မဆက်လိုကြတော့ပဲ နယ်မြေပိုမိုပိုင်ဆိုင်မည့် မဟာမိတ်များနှင့်သာ အစိုးရကို လက်တွဲစေလိုသည်။
အီတလီသည် နောက်ဆုံးတွင် မိမိနိုင်ငံ အကျိုးစီးပွားကိုသာ ရှေးရှုရန် ရွေးချယ်ခဲ့ပြီး သုံးနိုင်ငံမဟာမိတ်ကို ခြေစုံပစ်ကာ မေလ ၃ ရက် ၁၉၁၅ ခုနှစ်တွင် မဟာမိတ်များနှင့် ပူးပေါင်းခဲ့သည်။ ထို့နောက် ဩစတြီးယား-ဟန်ဂေရီကို စစ်ကြေညာသည်။ တစ်ဆက်တည်းပင် အော်တိုမန်၊ ဘူလ်ဂေးရီးယားနှင့် ဂျာမနီအင်ပါယာတို့ကို ဆက်တိုက် စစ်ကြေညာသည်။
ဘူလ်ဂေးရီးယားနိုင်ငံသည် ၁၉၁၃ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဒုတိယဘောလ်ကန်စစ်ပွဲတွင် ဆားဘီးယား၊ ဂရိနှင့် ရိုမေးနီးယားနိုင်ငံတို့ကို ရှုံးနိမ့်ခဲ့ရခြင်းအတွက် အခဲမကျေဖြစ်နေခဲ့သည်။ ၁၉၁၄ ဩဂုတ် ၁၄ ရက်နေ့တွင် ဘူလ်ဂေးရီးယားသည် အော်တိုမန်အင်ပါယာနှင့် အကာကွယ်ပြုရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုလိုက်သည်။ ၁၉၁၅ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘူလ်ဂေးရီးယားသည် ဆားဘီးယားကို စစ်ကြေညာပြီးနောက် စစ်ပွဲထဲ ဝင်လာခဲ့သည်။ ဘူလ်ဂေးရီးယားစစ်ပွဲထဲသို့ ဝင်လာပြီးနောက် သုံးနိုင်ငံမဟာမိတ်များသည် ဗဟိုအင်အားကြီး နိုင်ငံများ ဟူသည့် အမည်ကို ယူခဲ့သည်။ ဗဟိုအင်အားကြီး နိုင်ငံများဘက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည့် ဘူလ်ဂေးရီးယားသည် ဒုတိယဘောလ်ကန်စစ်ပွဲအတွင်း ဆုံးရံှုးခဲ့ရသည့် နယ်မြေများကို ပြန်လည်ရရှိခဲ့သည်။
ညီညွတ်သောသုံးနိုင်ငံဦးဆောင်သည့် မဟာမိတ်တပ်များက မက်ဆီဒိုးနီးယားကို ရရှိပြီးနောက် ဘူလ်ဂေးရီးယားသည် ၂၉ စက်တင်ဘာ ၁၉၁၈ တွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို မဟာမိတ်များနှင့် လက်မှတ်ရေးထိုးခဲ့သည်။
အာရပ်အုံကြွမှုများကို ရင်ဆိုင်ရပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ၁၉၁၈ ခုနှစ်တွင် အော်တိုမန်အင်ပါယာသည် အပစ်အခတ်ရပ်စဲလိုက်ရသည်။ ဆီးရီးယားနှင့် ပါလက်စတိုင်းကို ဗြိတိသျှနှင့် အာရပ်များက ရရှိသွားသည်။
ဟဘ်စ့်ဘဘ်အိမ်တော်ပြိုကွဲပြီးနောက် ဩစတြီးယား-ဟန်ဂေရီသည်လည်း အီတလီတို့၏ ထိုးစစ်ကို မခံနိုင်ဖြစ်ကာ ၁၉၁၈ နိုဝင်ဘာ ပထမပါတ်ထဲတွင်ပင် တပ်ဖွဲ့များကြား သီးခြားအပစ်အခတ်ရပ်စဲသွားကြသည်။
မဟာမိတ်များက ရက်ပေါင်းတစ်ရာထိုးစစ်ကြီးဖြင့် တိုက်ခဲ့ရပြီး ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင်မှ ဂျာမနီအင်ပါယာသည် အပစ်အခတ်ရပ်စဲခဲ့ရသည်။ ဂျာမနီအင်ပါယာအပေါ်တွင် မဟာမိတ်နိုင်ငံများက အသားယူခဲ့ကြသည်။
ဗဟိုအင်အားကြီး အဖွဲ့ဝင်နိုင်ငံများနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရာတွင် အဖွဲ့ဝင်တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား မတူညီသည့် စာချုပ်များဖြင့်သာ ကိုင်တွယ်ခဲ့ရသည်။ ပထမကမ္ဘာစစ်ကြီးပြီးနောက် ဗဟိုအင်အားကြီး နိုင်ငံများသည် စာချုပ်များကြား ပျောက်ကွယ်သွားခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဗဟိုအင်အားကြီး နိုင်ငံများ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.