ဟွန်ဒူးရပ်စ် ( ရုံးသုံးအခေါ်အဝေါ်တွင် ဟွန်ဒူးရပ်စ် သမ္မတနိုင်ငံ) သည် အမေရိက အလယ်ပိုင်းတွင် ရှိသော သမ္မတနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ယခင်က စပိန် ဟွန်ဒူးရပ်စ်ဟု ခေါ်ဝေါ်ခဲ့ပြီး ယခုလက်ရှိ ဘလိဇ်နိုင်ငံ ဟုခေါ်ကြသော ဗြိတိသျှ ဟွန်ဒူးရပ်စ်မှ ခွဲခြားနိုင်ရန် အတွက် ဖြစ်သည်။ အနောက်ဘက်တွင် ဂွာတီမာလာနိုင်ငံ၊ အနောက်တောက်ဘက်တွင် အယ်ဆာဗေဒိုနိုင်ငံ နှင့် အရှေ့တောင်ဘက်တွင် နီကာရာဂွာနိုင်ငံ တို့ရှိကြပြီး တောင်ဘက်တွင်မူ ပစိဖိတ် သမုဒ္ဒရာ၏ ဖွန်စီကာ ပင်လယ်ကွေ့၊မြောက်ဘက်တွင် ကာရစ်ဘီယံ ပင်လယ်၏ စီးဝင်ရာ နေရာတစ်ခုဖြစ်သော ဟွန်ဒူးရပ်စ် ပင်လယ်ကွေ့ တည်ရှိသည်။
ဟွန်ဒူးရပ်စ်သမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: "Free, Sovereign and Independent" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | တေဂူဆီဂါလ်ပါမြို့ |
ရုံးသုံး ဘာသာစကားများ | စပိန်၊ Garifuna၊ Miskito၊ Bay Islands Creole English |
အမျိုးအစား | ဖွဲ့စည်းပုံအခြေခံဥပဒေ သမ္မတစနစ် |
အစိုးရ | |
• သမ္မတ | ပေါ်ဖီရီယို လိုဘို ဆိုဆာ |
တည်ထောင် | |
• လွတ်လပ်ရေး ကြေညာခြင်း | နိုဝင်ဘာ ၅၊ ၁၈၃၈ |
ဧရိယာ | |
• စုစုပေါင်း | ၁၁၂,၄၉၂ km² (အဆင့်: ၁၀၂) |
လူဦးရေ | |
• ခန့်မှန်း | ၈,၂၄၉,၅၇၂ (အဆင့် - ၉၄) |
• သိပ်သည်းမှု | ၆၄/km²(၁၆၆/sq mi) (အဆင့် - ၁၂၈) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | US $၃၃.၆၃၁ ဘီလီယံ |
• Per capita | US $ ၄,၄၁၇ |
HDI | ၀.၆၀၄ အလယ် · ၄၄ |
ငွေကြေး | လန်ပီယာ |
တယ်လီဖုန်းကုဒ် | +၅၀၄ |
Internet TLD | .hn |
ဟွန်ဒူးရပ်နိုင်ငံသည် အမေရိကတိုက်အလယ်ပိုင်းရှိ လွတ်လပ်သောနိုင်ငံတစ်ခု ဖြစ်သည်။ မူလကအမေရိကတိုက် အလယ်ပိုင်းပြည်နယ်များ အဖွဲ့တွင် ပါဝင်ခဲ့၍ ၁၈၃၈ ခုနှစ်တွင် လွတ်လပ်သောသမ္မတနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ မြောက်ဘက်တွင် ကာရစ်ဘီယံပင်လယ်တောင်ဘက်တွင် နီကာရာဂွာနိုင်ငံနှင့် အယ်ဆာဗဒေါနိုင်ငံ၊ အနောက်ဘက်တွင် ဂွာတီမာလာနိုင်ငံတို့အသီးသီးတည်ရှိကြသည်။ ယင်းနိုင်ငံသည် ၄၃၂၇၇ စတုရန်းမိုင် ကျယ်ဝန်း၍ လူဦးရေ၂၆၉ဝဝဝဝ ခန့် (၁၉၇၂) ရှိသည်။
ဟွန်ဒူးရပ်နိုင်ငံသည် များသောအားဖြင့် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး မကောင်းချေ။ မြောက်ဘက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် မြေနိမ့်လွင်ပြင်ပိုင်းတွင် ရာသီဥတုမှာ ပူပြင်း စိုစွတ်သည်။ မေလမှ နိုဝင်ဘာလအထိသည် မိုးရာသီ ဖြစ်၏။ အတွင်းဘက်ကျသော ကုန်းမြင့်ပိုင်း၌ မူကား ရာသီဥတု သင့်တင့်မျှတသည်။ အချို့သော တောင်ထိပ်များသည်ပေ ၁ဝဝဝဝ အထိ မြင့်သည်။ သို့ရာတွင်မီးတောင်များ မရှိချေ။ မြောက်ဘက် မြေနိမ့်ပိုင်းတွင် မြစ်များချောင်းများ ရှိသည်။ သွန်ဒူးရပ်နိုင်ငံမှ အဓိကထွက်ကုန်မှာ ငှက်ပျောသီး ဖြစ်သည်။ မြောက်ဘက် ကာရစ်ဘီယံကမ်းခြေ မြေနိမ့်ပိုင်းတွင် ငှက်ပျောပင်ကို အကြီးအကျယ် စိုက်ပျိုးသည်။ ပြောင်း၊ ပဲ၊ ကြံ၊ အုန်းပင်၊ ဆေးပင်နှင့် ကာဖီပင် တို့ကိုလည်း စိုက်ပျိုးသည်။ ကုန်းမြင့်ပိုင်းတွင် နွားနှင့် ဝက်ကို မွေးမြူကြသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခနောက်စိမ်း၊ သွပ်၊ ကျောက်မီးသွေး စသော တွင်းထွက်ပစ္စည်းများကို တူးဖော်ရရှိသည်။ သစ်တောများမှ မဟောဂနီ၊ ဆီဒါ၊ ထင်ရှူးနှင့် အခြားအဖိုးတန် သစ်များထွက်သည်။
ဟွန်ဒူးရပ်နိုင်ငံသည် ထိုကဲ့သို့ သဘာဝ ပစ္စည်းအားကောင်းသော်လည်း စက်မှုလုပ်ငန်းဘက်၌ မတိုးတက်လှသေးသဖြင့် ချဲ့ထွင် လိုက်ကိုင်နိုင်ခြင်း မရှိ သေးချေ။ သွန်ဒူးရပ်နိုင်ငံတွင် မီးရထားလမ်း မိုင်ပေါင်း ၈ဝဝကျော်မျှသာရှိ၍ မော်တော်ကားလမ်း ၁၂၃၈ မိုင်ခန့်ရှိသည်။ ငှက်ပျောပင် စိုက်သောမြောက်ဘက် ကမ်းခြေအရပ်၌သာမီးရထားလမ်း ရှိသည်။ ပစိဖိတ်သမုဒ္ဒရာဘက်သို့လည်းကောင်း၊ မြို့တော်ဖြစ်သော တဲဂူးစီဂယ်လပါမြို့သို့လည်း ကောင်း မီးရထားလမ်း မပေါက်ချေ။ ထိုကြောင့် နိုင်ငံတွင်း၌ တစ်နေရာမှတစ်နေရာသို့ လေကြောင်းခရီးဖြင့် အလွယ်တကူကူးသန်း သွာလာကြ ရလေသည်။ ၁၅ဝ၂ ခုနှစ်တွင် ကိုလံဗပ်သည် ဟွန်ဒူးရပ်သို့ စတင် ရောက်ရှိသွားခဲ့သည်။ ဟွန်ဒူးရပ်သည် ထိုအချိန် မတိုင်မီ ရှေးရာစုနှစ်ပေါင်း များစွာကပင် မာယာယဉ်ကျေးမှု ဗဟို ဌာနတစ်ခု ဖြစ်ခဲ့သည်။ ၁၅၂၄ ခုနှစ်မှ ၁၈၂၁ ခုနှစ်အထိ စပိန်အစိုးရ၏ ကိုလိုနီနယ်အဖြစ် တည်ရှိခဲ့သည်။ ၁၈၂၁ ခုနှစ်တွင် စပိန်လက်အောက်မှ လွတ်မြောက်ခဲ့ပြီးနောက် အခြားသော အမေရိက အလယ်ပိုင်းတိုင်းပြည်လေးခုနှင့် အတူ မက္ကဆီကိုနိုင်ငံ အတွင်း သွတ်သွင်းခြင်း ခံရလေသည်။ သို့သော် ၁၈၂၅ ခုနှစ်တွင် ဟွန်ဒူးရပ်သည် မက္ကဆီကိုနိုင်ငံမှ ခွဲထွက်ခဲ့ပြီးနောက် အမေရိက အလယ်ပိုင်းပြည်ထောင်စုတွင် ပါဝင်ခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် အမေရိက အလယ်ပိုင်း ပြည်ထောင်စုမှ ခွဲထွက်ခဲ့၍ လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့သော်လည်း ပြည်တွင်းစစ်ပွဲများ၊ တော်လှန် ပုန်ကန်မှုများ မကြာခဏ ဖြစ်ပွားခဲ့လေသည်။
၁၉၆၅ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတကို ပြည်သူ လူထုက ခြောက်နှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည်။ ဥပဒေပြုလွှတ်တော် တစ်ခုတည်းရှိ၍ ပြည်သူ့ ကိုယ်စားလှယ် အမတ် ၆၄ ဦး ပါဝင်သည်။ ယင်းတို့ကိုလည်း ခြောက်နှစ် တစ်ကြိမ်ကျ ရွေးကောက်ရသည်။
ဟွန်ဒူးရပ် နိုင်ငံသားတို့သည် များသောအားဖြင့် စပိန် လူမျိုးနှင့် တိုင်းရင်းသား အင်ဒီးယန်း လူမျိုးတို့၏ အဆက် အနွှယ်များ ဖြစ်ကြသည်။ မြောက်ဘက် ကမ်းခြေပိုင်းတွင် ကပ္ပလီလူမျိုးများလည်း နေထိုင်သည်။ ဟွန်ဒူးရပ်နိုင်ငံသား တို့သည် များသောအားဖြင့် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။ စာသင်ကျောင်းများတွင် အခမဲ့ ပညာသင်ကြားခွင့်ရှိ၍ အသက် ခုနစ်နှစ်မှ ၁၅ နှစ်အရွယ်အထိ ပညာမသင်မနေရဟူ၍ ပြဋ္ဌာန်းထားသည်။ တဲဂူးစီဂယ်လပါမြို့တော်တွင် အမျိုးသားတက္ကသိုလ်ကျောင်းများ ရှိသည်။ သွန်ဒူးရပ်နိုင်ငံ၏ မြို့တော် တဲဂူးစီဂပ်လပါမြို့တွင် လူဦးရေ ၂၃၂၂၇၆ ယောက် (၁၉၇၂) ရှိသည်။ သွန်ဒူးရပ် နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်၍ အမေရိကန်နိုင်ငံများအဖွဲ့ဝင်လည်း ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဟွန်ဒူးရပ်စ်နိုင်ငံ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.