သင်္ကြန်ထမင်း မွန်တိုင်းရင်းသား တို့၏ ရိုးရာအစားအသောက် တစ်မျိုးဖြစ်သည်။ မွန်သင်္ကြန်ထမင်းသည် နူးညံ့ပျော့ပြောင်းအောင် ချက်ထားသည့် ထမင်းကို ရေစိမ်စားရသည့် ထမင်းတစ်မျိုးဖြစ်သည်။ ထိုထမင်းကို ငါးခြောက်ထောင်းကြော်နှင့် ငရုတ်သီး အတောင့်ခြောက်ကြော်တို့ဖြင့် တွဲဖက်စားသုံးကြရသည်။ သင်္ကြန်အချိန်အခါတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ထုံးစံများအနက် သင်္ကြန်ထမင်းဖြင့် ဧည့်ခံကျွေးမွေးမှုသည် ရိုးသားယဉ်ကျေး သိမ်မွေ့လှသော ဓလေ့တစ်ခုအဖြစ် ထင်ရှားသည်။ မွန်သင်္ကြန်ထမင်းကို မွန်တိုင်းရင်းသား လူကြီးလူငယ်များအပြင် အခြားတိုင်းရင်းသားများကပါ ယနေ့အချိန်အခါ၌ ကြိုက်နှစ်သက်လာကြသဖြင့် တစ်စိုက်မတ်မတ် စားသုံးလာကြသည်။
အခြားအမည်များ | ပုၚ်သၚ်ကြာန် |
---|---|
အမျိုးအစား | Festive |
မူရင်းနိုင်ငံ | မြန်မာ |
ဆင်တူဟင်းလျာများ | Khao chae |
Cookbook: Media: သင်္ကြန်ထမင်း |
ယခင်ခေတ်ကာလများက မွန်သင်္ကြန်ထမင်းကို နှစ်သစ်ကူးကာလများ၌သာ ချက်ပြုတ်လှူဒါန်း ကျွေးမွေးဧည့်ခံလေ့ ရှိခဲ့ကြသော်လည်း ယခုအခါ မိမိတို့၏ အိမ်သို့ ရပ်ဝေးရပ်နီးမှ အလည်လာကြသော ဆွေမျိုးမိတ်သင်္ဂဟများကို အထူးဧည့်သည်တော်များအဖြစ် သတ်မှတ်ကာ သင်္ကြန်ထမင်းကို ဧည့်ခံကျွေးမွေးလာကြသည်။ ထို့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိ မြို့များ၊ ဈေးများနှင့် ကားဂိတ်များတွင်လည်း မွန်ရိုးရာ စားသောက်ဖွယ်ရာ တစ်မျိုးအဖြစ် သင်္ကြန်ထမင်းကို တည်ခင်းရောင်းချကာ ဈေးကွက်တစ်ခု ဖြစ်လာသည်အထိ မြင်တွေ့နေရပေသည်။
မွန်သင်္ကြန်ထမင်း ချက်ပြုတ်ရာတွင် အဓိကလိုအပ်သည်မှာ ဆန်ကောင်းရန် ဖြစ်သည်။ ဆန်ကို မချက်ပြုတ်မီ ဆန်၌ပါဝင်နေသော ခဲသဲဖုန်များကို သန့်စင်သွားအောင် ရွေးချယ်ပြီး ရေဖြင့် စင်ကြယ်စွာဆေးကာ နူးညံ့ပျော့ပြောင်းသည်အထိ ချက်ရသည်။ (ဆန်ပြုတ်ကဲ့သို့ မဖြစ်စေရ၊ ပုံမှန်စားနေကြ ထမင်းထက်လည်း အနည်းငယ် ပျော့အောင် ချက်ရသည်။) ထမင်းချက်ပြီးပါက ထမင်းများကို ရေသန့်ရေအေးတို့ဖြင့် အထပ်ထပ်အခါခါ ထပ်မံဆေးပေးရသည်။ ရေဆေးပြီးပါက ဇကော၊ ဇကာထဲသို့ ထမင်းများကို လောင်းထည့်ကာ ရေစစ်ထားရမည် ဖြစ်သည်။ ထမင်းများ ရေစစ်သွားပါက သင်္ကြန်ထမင်းကို ရရှိပြီ ဖြစ်သည်။
သင်္ကြန်ထမင်းနှင့် တွဲဖက်စားသုံးရန်အတွက် အထူးပြုလုပ် ချက်ပြုတ်ရသော ဟင်းလျာမှာ ငါးခြောက်ကို အချဉ်တစ်မျိုးမျိုးဖြင့် ရောစပ်ကြော်ထားသော ငါးခြောက်ကြော်ပင် ဖြစ်သည်။ ငါးခြောက်ကြော်ပြုလုပ်ရာတွင် အများအားဖြင့် ငါးမန်းခြောက်နှင့် ငါးကွန်းရှပ်ခြောက်ကို အသုံးပြုကြသည်။ ငါးခြောက်ကြော်တွင် ထည့်ဝင်ရသည့် တွဲဖက်သုံးရသည့် အရာများမှာ ပုဇွန်ခြောက်မှုန့်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငပိ၊ နနွင်းမှုန့်၊ ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီး အရင့်(အစိမ်း) သို့မဟုတ် မရမ်းသီးအရင့် (အစိမ်း) တို့ဖြစ်သည်။ (ဆားနှင့် ငပိမှာ ငါးခြောက်ထောင်းကြော်၏ အပေါ့အငန်ကို လိုအပ်မှသာ အသုံးပြုရန် ဖြစ်သည်။)
ငါးခြောက်ထောင်းကြော်တော့မည် ဆိုပါက ငါးခြောက်ကို ပထမဦးစွာ ရေသန့်စင်အောင် ဆေးကြောပြီး ရေဖြင့်ပြုတ်ပါ။ ငါးခြောက်ကျက်ပြီဆိုပါက ငါးခြောက်တုံးများကို ဆယ်ယူ၍ အသားများကို နွှင်ယူပါ။ နွှင်ယူပြီးသော အသားများကို မွမွလေး ရရှိအောင် ဆုံထဲသို့ ထည့်၍ ထောင်းရမည်ဖြစ်သည်။ တစ်စိတ်ချင်းစီမှ ကြက်သွန်အမွှာများကို ခွာ၍ လှီးထားရမည်။
ထို့နောက် အသုံးပြုမည့် သရက်သီး(သို့)မရမ်းသီး ကို အခွံနွှာ အစေ့ထုတ်ပြီး အသားများကို ဓား(သို့) သင်္ဘောခြစ်ဖြင့် လှီးခြစ်ထားရမည် ဖြစ်သည်။ အားလုံးပြီးစီးပြီ ဆိုပါက ပြုတ်၍ ထောင်းထားသော ငါးခြောက်အသားများ၊ ပုဇွန်ခြောက်မှုန့်များကို အသင့်ပြုလုပ်ထားသော အစာများနှင့် သမအောင် ရောနှောမွှေပြီး မီးဖိုပေါ်တွင် တင်ထားသော ဆီပူအိုးထဲသို့ ထည့်၍ ကျက်သည်အထိ ကြော်ပါ။ ကြော်၍ ကျက်သောအခါ သင်္ကြန်ထမင်းနှင့် တွဲဖက်စားသုံးရသော ငါးခြောက်ကြော်ကို ရရှိပြီဖြစ်သည်။
သင်္ကြန်ထမင်းဟင်းနှင့် တွဲဖက်စားသုံးရန်အတွက် အဓိက မရှိမဖြစ်လိုအပ်သော အခြားတစ်ခုမှာ ငရုတ်သီးခြောက် အရှည်တောင့်ကြော် ဖြစ်သည်။ ငရုတ်သီးတောင့်ကြော်ကို ဆီပူပူတွင် ကျက်အောင်ကြော်၍ ပုလင်း၊ ဗူးတို့တွင် လေလုံအောင် ထားရမည်။ ကြော်ထားသော ငရုတ်သီးတောင့်များ ကြွတ်ရွနေပါမှ သင်္ကြန်ထမင်းဟင်းနှင့် တွဲဖက်စားသုံးရသည်မှာ ပို၍ အရသာရှိမည် ဖြစ်သည်။
သင်္ကြန်ထမင်း စားသုံးတော့မည် ဆိုလျှင် မိမိစားသုံးမည့် ထမင်းကို ရေအေး(သို့မဟုတ်) ဖယောင်းရနံ့သွင်းထားသည့် ရေအေးတို့ဖြင့် မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်သည်။ ဖယောင်းရနံ့သင်း ရေကိုပြုလုပ်ရာတွင် ပထမဦးစွာ ဖယောင်းတိုင်ထွန်းထားသော မီးကို မှုတ်လိုက်သောအခါ မီးစာမှ ထွက်လာသော မီးခိုးငွေ့တန်းပေါ်သို့ ရေအိုး(သို့မဟုတ်) ဇလုံ(သို့မဟုတ်) သတ္တုအိုး တစ်မျိုးမျိုးကို မှောက်ချလိုက်ပါ။ (၁၀)မိနစ် (၁၅)မိနစ်ခန့်ကြာလျှင် မှောက်ထားသော ရေအိုး၊ ဇလုံ၊ သတ္တုအိုးကို ပြန်လှန်လိုက်ပြီး ရေသန့်ရေအေးကို လောင်းထည့်လိုက်ပါက ထိုရေသန့်၌ ဖယောင်းနံ့သင်းနေမည့်ရေကို ရရှိမည်ဖြစ်သည်။ ထိုဖယောင်းနံ့သင်းရေဖြင့် ထမင်းကို ရောနှော၍ ငါးခြောက်ကြော်၊ ငရုတ်သီးကြော်တို့နှင့် တွဲဖက်စားသုံးပါက အလွန်ကောင်းသော ရိုးရာဓလေ့ မွန်သင်္ကြန်ထမင်းကောင်း တစ်ပွဲကို ရရှိမည် ဖြစ်သည်။ ဖယောင်းနံ့သင်းရေနှင့် ရောနှောစားသောက်သည်ကို မွန်ဒေသခံ တိုင်းရင်းသားများက ယနေ့တိုင် ကြိုက်နှစ်သက်နေကြသော်လည်း ယနေ့ခေတ်လူငယ်များနှင့် ဧည့်သည်များက မကြိုက်ကြ၍ ရိုးရိုးရေသန့်ဖြင့်သာ ရော၍ စားသုံးကြသည်ကို တွေ့နေရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article သင်္ကြန်ထမင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.