(၅)သုတ် ရှိပါသည်။
ဗောဇ္ဈင်္ဂသုတ်သည် သံယုတ်ပါဠိတော်၌ပါရှိသော သုတ္တံတစ်ခုဖြစ်၍ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခဲ့သည်။ ပရိတ်ကြီး (၁၁)သုတ်ဟု လူသိများသော ပရိတ်ကြီးပါဠိတော်တွင် ဤသုတ္တံကို အခြေခံ၍ ဂါထာများနှင့် သစ္စာပြုပုံကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ပရိတ်ကြီးလာ ဗောဇ္ဈင်္ဂသုတ်သည် မူရင်းမဟုတ်ဘဲ နေ့စဉ်ရွတ်ဖတ်ပူဇော်သောအခါ အဆင်ပြေစေရန် စီရင်ရေးသားထားသော သုတ်ဖြစ်သည်။
ဗောဇ္ဈင်္ဂသုတ်တွင် ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား၏ အကျိုးကျေးဇူးတို့ကို ဟောပြထားသည်။ "သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်"ဟူ၍ မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏။ "ဗောဇ္ဈင်ခုနစ်ပါးသည် ကျင့်သုံး၊ ပွားများရမည့်တရားဖြစ်၍ သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။"ဟု ဤသုတ်တွင် ပြဆိုထားသည်။
ဗောဇ္ဈင်္ဂသည် ဗောဓိ နှင့် အင်္ဂ ကိုတွဲစပ်ရေးသားထားသည့် ပုံစံဖြစ်၍ ဗောဓိသည် အသိဉာဏ် (သို့) အသိဉာဏ်ရှိသူ ဖြစ်ကာ အင်္ဂ သည် အကြောင်းတရားဟုအနက်ရရှိသည်။ ထို ဗောဓိအင်္ဂမှ ဗောဇ္ဈင်္ဂ ဟူ၍ ပြောင်းလဲသည့်သဘောဖြစ်သည်။ ထို့ကြောင့် အသိဉာဏ်ရခြင်း၏ အကြောင်းဟု အနက်ရသည်။
ဗောဇ္ဈင်္ဂ (အင်္ဂလိပ်-ပါဠိ : Bojjhanga) ဟူသောစကားလုံးကို တိပိဋက ပါဠိ-မြန်မာအဘိဓာန်၌ ဤသို့ဖွင့်ဆိုသည်။ “ဗောဓိ+အင်္ဂ။ သတိ၊ ပညာ စသော ၇ ပါး အပေါင်းအစုသည် သစ္စာ ၄-ပါး သိရာ၌လည်းကောင်း၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးရာ၌လည်းကောင်း၊ နိဗ္ဗာန်ကို မျက် မှောက်ပြုရာ၌လည်းကောင်း အကြောင်းတရားများ ဖြစ်သည်၊ ထိုကြောင့် ဗောဓိ မည်၏၊ ထို အပေါင်းအစုဖြစ်သော ဗောဓိ၏အစိတ်အပိုင်း (အင်္ဂ)သည် ဗောဇ္ဈင်္ဂမည်၏။ တနည်းအားဖြင့် သစ္စာ ၄-ပါး သိတတ်သော၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ရာမှ နိုးတတ်သော၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်သော အရိယာသာဝကသည် ဆိုအပ်ပြီးသော ဂုဏ်သတ္တိ ကြောင့် ဗောဓိမည်၏၊ ထိုအရိယာသာဝကဟူသော ဗောဓိ၏ဖြစ်ကြောင်း တရားတို့ သည် (ဤအရာ၌ အင်္ဂသဒ္ဒါအကြောင်းဟော ဖြစ်၏) ဗောဇ္ဈင်္ဂမည်၏။”
အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သတင်းသုံးတော်မူစဉ် အရှင်မဟာကဿပမထေရ်သည် ပိပ္ပလလှိုဏ်ဂူ၌ နေထိုင်မကောင်းဖြစ်သည်။ ထိုအခါ မြတ်စွာဘုရားသိတော်မူ၍ ဗောဇ္ဈင်တရား (၇)ပါးကို ဟောတော်မူသည်။
"သတ္တိမေ ကဿပ ဗောဇ္ဈင်္ဂါ
မယာ သမ္မဒက္ခာတာ ဘာဝိတာ ဗဟုလီကတာ အဘိညာယ သံမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တန္တိ"
အဓိပ္ပာယ်မှာ မြတ်စွာဘုရားဟောကြားသည့် ဤတရားခုနှစ်ပါးကို ပွားများအားထုတ်လျှင် အသိဉာဏ်ပညာ၍ သစ္စာလေးပါးကို သိခြင်း၊ နိဗ္ဗာန်ချမ်းသာရခြင်းတို့ဖြစ်စေမည်ဟူ၍ ဖြစ်သည်။ ထိုတရားများကို မိမိသန္တာန်တွင် ထပ်ခါတလဲလဲ လိုက်နာကျင့်ကြံ ပွားများအောင်ပြုလုပ်ရန်ဖြစ်သည်။ ရှင်မဟာ မောဂ္ဂလန် နေထိုင်မကောင်းသည့်အခါတွင်လည်း ကျင့်ကြံ နှလုံးသွင်း အားထုတ်ရမည့် ဤတရားကိုသာဟောခဲ့သည်။ မြတ်ဗုဒ္ဓ နေထိုင်မကောင်းဖြစ်တော်မူသောအခါ အပါးတော်အလုပ်အကြွေးဖြစ်သော စုန္ဒမထေရ်ကို မြတ်စွာဘုရားက ဟောခိုင်းကာ ကိုယ်တော်တိုင် နှလုံးသွင်းဆင်ခြင်သည်။
မြတ်စွာဘုရားဟောကြားသော ထိုတရားများကို အရှင်မဟာကဿပမထေရ်သည် နှလုံးသွင်း ပွားများကျင့်သုံးသောအခါ အဆင့်တစ်ခု၌ ပီတိဟုခေါ်သော ကြည်နူးခြင်းဖြစ်လာသည်။ စိတ်ကြည်လင်သာအခါ အကြောင်းအကျိုးသဘောအရ စိတ်မှ ခန္ဓကိုယ်ကို ကျေးဇူးပြုသည့် လောကနိယာမသဘောအရ သွေးသားများစင်ကြယ်၍ ရောဂါပျောက်ကင်းခဲ့သည်။
စဉ် | ပါဠိ | ပါဠိအသံထွက် | မြန်မာပြန် |
---|---|---|---|
၁။ | သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ဝိနာသနေ။ | သံသာရေ သံသရန်တာနံ သတ်ဗ-ဒုတ်ခ-ဝိနာသနေ သတ်တ ဓမ်မေ စ ဗွတ်ဈင်ဂေ မာရ-သေနာပမတ်ဒနေ | ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။ |
၂။ | ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။ | ဗုတ်ဇိတ်တဝါ ယေ စိမေ သတ်တာ တိဘဝါ မုတ်တ ကုတ်တမာ အ-ဇာတိ မ-ဇရာဗျာဓိမ် အ-မတံ နိတ်ဘယံ ဂတာ | သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။ |
၃။ | ဧဝမာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ | အေဝ-မာဒိဂုဏူ ပေတံ အနေက-ဂုဏ-သင်ဂဟံ အောသဓင်စ အိမံ မန်တံ ဗွတ်ဈင်ဂင်စ ဘဏာမေဟေ | ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။ |
၄။ | ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ | ဗွတ်ဈင်ဂေါ သတိသင်ခါတော ဓမ်မာနံ ဝိစယော တထာ ဝီရိယံ ပီတိ ပတ်သတ်ဓိ ဗွတ်ဈင်ဂါ စ တထာပရေ | ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏၊ ထိုဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။ |
၅။ | သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။ | သမာဓုပစ်ခါ ဗွတ်ဈင်ဂါ သတ်တေတေ သတ်ဗ-ဒတ်သိနာ မုနိနာ သမ်မဒက်ခတာ ဘာဝိတာ ဗဟုလီကတာ | |
၆။ | သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ | သံဝတ်တန်တိ အဘိန်ညာယ၊ နိတ်ဗာနာယ စ ဗောဓိယာ အေတေန သစ်စ-ဝစ်ဇေန သွတ်ထိ တေ ဟောတု သတ်ဗဒါ | ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်းအကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။ |
၇။ | ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ | အေကတ်-သမိမ် သမယေ နာထော မောက်ဂန်လာနင် စ ကတ်သပံ ဂိလာနေ ဒုတ်ခိတေ ဒိတ်သဝါ ဗွတ်ဈင်ဂေ သတ်တ ဒေသယိ | အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။ |
၈။ | တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။ | တေ စ တံ အဘိနန်ဒိတ်တဝါ ရောဂါ မုတ်စိတ်သု တင်ခဏေ အေတေန သစ်စ ဝစ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ | ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။ |
၉။ | ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။ | အေက-ဒါ ဓမ်မ-ရာဇာပိ၊ ဂေလင်ညေနာ ဘိ ပီလိတော စုန်ဒတ်ထေရေန တံယေ၀ ဘဏာပစ်တဝါန သာဒရံ | အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။ |
၁၀။ | သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။ | သမ်မောဒိတ်တဝါန အာဗာဓာ၊ တမ်မှာ ဝုတ်ထာသိ ထာန-သော အေတေန သစ်စ ဝစ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ | ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။ |
၁၁။ | ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ | ပဟီနာ တေ စ အာဗာဓာ တိန်ဏန်နမ်ပိ မဟေသိနံ မက်ဂ-ဟတာ ကိလေသာဝ ပတ်တာ နုပ်ပတ်တိ-ဓမ်မ-တံ အေတေန သစ်စဝစ်ဇေန၊ သွတ်ထိ တေ ဟောတု သတ်ဗဒါ | မဟာကဿပထေရ်၊ မဟာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။ |
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။ | ဗွတ်ဈင်ဂ-သုတ်တံ နိတ်ထိတံ | ဗောဇ္ဈင်္ဂသုတ် ပြီးစီးပါပြီ။ |
လက်သည်းကွင်းအတွင်းရှိ စကားလုံးများသည် မူရင်းစာအုပ်တွင် မပါရှိသော်လည်း ဖခင်အတွက် ပီတ၊ မိခင်အတွက် မာတာ၊ မိမိကိုယ်တိုင်အတွက် မေ စသဖြင့်ထည့်သွင်း ရွတ်ဆိုနိုင်သည်။
ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်ဟူ၍ ယုံကြည်ကြသည်။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်လျှင် ပို၍ ကောင်းသည်"ဟု ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ထဲတွင် ဆိုထားသည်။ ပရိတ် အနက်အဓိပ္ပာယ်တွင်လည်း အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်သည့်အခါ၌ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောပေးပြီး သက်သာရာ ရရှိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်သည့် အခါ၌လည်း စုန္ဒရဟန်းတော်အား ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့ကြောင်းများကို ဖွဲ့ဆိုထားသည်။ ထိုကြောင့် သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူများ ရောဂါ သက်သာပျောက်ကင်းနိုင်သည်ဟု မြန်မာဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်။
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးသည် အသင်္ခတဂါမိမဂ္ဂဖြစ်ပုံ၊ သာဝကတို့အား အစီးအပွားဖြင့် ချီးမြှောက်မှုဖြင့် မြတ်စွာဘုရားသည် ချီးမြှောက်တော်မူခြင်းကို အကြောင်းပြု၍ ငါဘုရားသည် သင်တို့အား (ဟောကြားသမှုပြုအပ်ပေပြီ၊ ရဟန်းတို့ ရုက္ခမူလ၊ သုညာဂါရတို့၌ (ကိလေသာတို့ကို) ရှို့မြိုက်ကုန်လော့၊ မေ့မေ့လျော့လျော့မနေကြကုန်လင့်၊ နောင်တတစ်ဖန် ပူပန်မှုကို မဖြစ်စေကြကုန်လင့်။ ဤသည်ကား သင်တို့အား အဖန်ဖန် အထပ်ထပ် ဆုံးမတော်မူခြင်းပေတည်းဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
ဘုရားရှင် ကောသလနိုင်ငံ သီတင်းသုံးတော်မူနေစဉ် “အာနာပါနဿတိ နှင့် ဗောဇ္ဈင်ခုနစ်ပါးကို ဘာဝိတ၊ ဗဟုလီကတဖြစ်အောင် ပွားများလျှင် မဟပ္ဖလ၊ မဟာ နိသံသဖြစ်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ကဏှ၊ ကဏှဝိပါက၊ သုက္က၊ သုက္ကဝိပါက၊ ကဏှသုက္က၊ ကဏှသုက္ကဝိပါက၊ အကဏှအသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယ-ဟူသော ကံလေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါးသည် အကဏှ၊ အသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယအကျိုးငှာဖြစ်သော ကံပေတည်းဟု တစ်ခုစီ တစ်ခုစီဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အပရိဟာနိက ဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများနေသော ရဟန်းတို့အား တိုးတက်ကြီးပွားမည် သာဖြစ်ပုံ ဆုတ်ယုတ်ခြင်း မဖြစ်နိုင်ပုံကို တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ဝိဇ္ဇာသုံးပါး ပြီးပြည့်စုံပုံကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
This article uses material from the Wikipedia မြန်မာဘာသာ article ဗောဇ္ဈင်္ဂသုတ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.