ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (၁၉၂၉ -၂၀၂၃) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်ခဲ့သည်။ (နဝမမြောက်) ဗန်းမော်ဆရာတော်ဟူ၍လည်း သိရှိကြသည်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မဟာသံဃပိတရာဇာ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ် | |
---|---|
နဝမမြောက်ဗန်းမော်ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ | |
ဘာသာ | ဗုဒ္ဓဘာသာ |
ကျောင်းတိုက် | ဗန်းမော်ကျောင်းတိုက်၊ မန္တလေးမြို့ |
ဘွဲ့တံဆိပ် | |
အခြားအမည်များ | ဗန်းမော်ဆရာတော် |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရသဲကျေးရွာ | ၁၆ စက်တင်ဘာ၊ ၁၉၂၉
ကွယ်လွန် | ၂၅ မေ၊ ၂၀၂၃ | (အသက် ၉၃)
မိဘ | ဦးသစ်ဘိုး+ဒေါ်အေးသိုက် |
ရာထူး တာဝန် | |
ဌာန | နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ |
ဂုဏ်ဒြပ် | ဥက္ကဋ္ဌဆရာတော် |
ယခင် | ဘဒ္ဒန္တကုမာရ (မကွေးဆရာတော်) |
ဆက်ခံ | စန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်) |
ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးသစ်ဘိုး၊ မယ်တော် ဒေါ်အေးသိုက်တို့မှကောဇာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊တော်သလင်းလဆန်း(၁၄)ရက်၊တနင်္လာနေ့၊ခရစ်သက္ကရာဇ် ၁၉၂၉ ခုနှစ် စက်တင်ဘာလ ၁၆ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းရှစ်ယောက်ရှိရာတွင် စတုတ္ထမြောက်သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။
ကောဇာ ၁၃၂၄ ခုနှစ် ဝါဆိုလမှစ၍ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ၏ မိန့်ကြားချက်အရ ဗန်းမော်တိုက်တွင် စတင်သီတင်းသုံးခဲ့ပြီး ထိုစဉ်အခါ မထေရ်မြတ် ရောက်စ၌ ရှေးကျောင်းဆောင်ကြီး တစ်ဆောင်သာရှိခဲ့၏။ စတင်သီတင်းသုံးစဉ်က ဆရာတော်၏ အသက်အရွယ်မှာ(၃၃)နှစ်သာ ရှိသေး၏။ ကြမ်းဆွေးကျောင်းအို၊ လက်ရမ်းပြို၊ အမောင်ဘယ်လို လျှောက်မှာနည်း။ ရဟန်းပျိုပျို၊ ကျောင်းအိုအို၊ အမောင် မည်သို့ နေမည်နည်း ဟု ပြောရမလို ကျောင်းအို ကျောင်းဆွေးကြီးမှာ နှစ်ပေါင်းများစွာ သာသနာ ပြုခဲ့ရ၏။
ယနေ့အချိန်မှာတော့ ဆရာတော် သီတင်းသုံးသည့်ကာလတစ်လျှောက် တိုးတက်ဖြစ်ထွန်းလာသော ကျောင်းဆောင်များမှာ လက်ချောင်း ခြေချောင်းမက များပြားလှတော့၏။ ယခုအခါ ဆရာတော်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရင်း ပြည်တွင်း၊ ပြည်ပ သာသာနာပြုတာဝန်များကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူရာမှ သက်တော်၉၄နှစ်၊သိက္ခာတော်၇၄ဝါ အရ၂၀၂၃ ခုနှစ် မေလ ၂၅ ညဉ့် ၁၁ နာရီ ၁၁ မိနစ်တွင် သီတင်းသုံးရာ ဗန်းမော်ကျောင်းတိုက်တွင် ဘဝနတ်ထံပျံလွန်တော်မူလေသည်။
ဂျပန်ခေတ် ရွာသစ်ရွာ အထက်တန်းကျောင်းမှ အဋ္ဌမတန်းအောင်မြင်ပြီးနောက် ၁၃၀၅ ခုနှစ် ဝါဆိုလတွင် ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ ဘောင်ဝင်ရောက်ခဲ့သည်။ ၁၃၁၀ ခုနှစ် တပို့တွဲလဆန်း (၁၀)ရက်နေ့၌ ရဘဲရွာ ကံမြဲဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြုလျက် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။
လောကုတ္တရာ စာပေဆိုင်ရာ သဒ္ဒါ သင်္ဂြိုဟ်တို့ကို အပြီးအပြတ် သုတ်ပြီး ရုပ်ပြီးပါမကျန် အာဂုံဆောင်နိုင်ခဲ့သည်။ ၁၃၀၈ ခုနှစ်တွင် ပထမငယ်တန်း အောင်မြင်ခဲ့ပြီး၊ ပထမလတ်တန်းကို ၁၃၀၉ ခုနှစ်တွင်လည်းကောင်း၊ ပထမကြီးတန်းကို ၁၃၁၃ခုနှစ်တွင်လည်းကောင်း အောင်မြင်ခဲ့သည်။ ၁၃၁၄ ခုနှစ်တွင် သကျသီဟ သီးခြားစာသင်တန်း၌ နံပါတ်(၁) အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည်။
၁၃၁၅ ခုနှစ်တွင် ဓမ္မာစရိယကျမ်းကြီးသုံးကျမ်းကို နှစ်မခြားပဲ နံပါတ်(၁) အမှတ်အများဆုံးအောင်မြင်၍ ရွှေတံဆိပ် ဦးဆောက်ပန်းပိုင်ရှင် သကျသီဟဓမ္မာစရိယဝဋံသကာဘွဲ့ (ဦးဆောက်ပန်းဟု အဓိပ္ပာယ်ရသည်။) ရရှိခဲ့သည်။ ထိုနှစ်တွင် ဝဋံသကာဘွဲ့ရ ၃ ပါး တစ်ပြိုင်နက်ပေါ်ထွက်လာသည်။ ဘဒ္ဒန္တကုမာရာဘိဝံသ (ယခု နဝမဗန်းမော်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ)၊ ဘဒ္ဒန္တသုန္ဒာဘိဝံသ (ဦးရွှေအောင်) နှင့် ဘဒ္ဒန္တနာရဒါဘိဝံသ (ဓမ္မာစရိယ ဦးထွန်းလှိုင်) တို့ ဖြစ်ကြသည်။ ဝဋံသကာဘွဲ့ကို မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းက စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော စာအောင် သံဃာတော်များကို ချီးမြှင့်ခြင်းဖြစ်ပြီး ပထမဦးဆုံး ဝဋံသကာ ပိုင်ရှင်မှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဖြစ်သည်။
ယင်း ၁၃၁၅ ခုနှစ်မှာပင် ဓမ္မာစရိယ(၉)ကျမ်းကို ပါဠိဘာသာဖြင့် တစ်နှစ်တည်း အောင်မြင်၍ အစိုးရစာချတန်း သာသနဓဇသိရီပဝရ ဓမ္မာစရိယ ပါဠိသိရောမဏိဘွဲ့ရရှိခဲ့သည်။ ယနေ့အချိန်ထိ မြန်မာတစ်နိုင်ငံလုံး၌ ပါဠိဘာသာဖြင့် ဓမ္မာစရိယ(၉)ကျမ်းကို တစ်နှစ်တည်းအောင်မြင်သူမှာ ဗန်းမော်ဆရာတော်ကြီးတစ်ပါးသာရှိသည်။
ဆရာတော်ဘုရားကြီးသည် ဓမ္မစာပေတင်သာမက လောကီစာပေဆိုင်ရာအတန်းစာများကိုလည်း တက်ရောက်သင်ယူခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
မန္တလေးမြို့ ဘုရားကြီးတိုက် ပုသိမ်ကျောင်းဆရာတော်ထံ သိဒ္ဓန္တကောမုဒီမည်သော သက္ကတဘာသာကို (၃)နှစ်ခန့် သင်ယူခဲ့သည်။ ပြာကရိုက်ဘာသာနှင့် အဒ္ဓမာဂဓီဘာသာတို့ကို အဘယာရာမဆရာတော် ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ ၏အကူအညီဖြင့် သင်ယူခဲ့သည်။
၁၃၁၈ ခုနှစ်မှစ၍ ၁၃၂၃ ခုနှစ်ထိ (၅)နှစ်တိုင်တိုင် ဆဋ္ဌသင်္ဂါယနာတင်စဉ် စာမူများကောင်းမွန်စေရေးအတွက် ဩသာနပတ္တပါဌက၊ ဩသာနသောဓေယျက အဖြစ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ လျှောက်ထားချက်အရ တိပိဋကပါဠိပဒကျမ်းညွှန်းကြီးနှင့် ပါဠိမြန်မာအဘိဓာန် (အ) ဝဂ် လေးကျမ်းတွဲကြီးကို ပါဝင်ပြုစုဆောင်ရွက်ခဲ့သည်။ သာသနာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးသည့် မန္တလေးတိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နာယကအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပေးခဲ့သည်။
တိပိဋကနိကာယသာသာနာပြုအဖွဲ့ဥက္ကဋ္ဌ မင်းကွန်းဆရာတော်ကြီး၏ သာသာနာပြုလုပ်ငန်းများကို လက်ပွန်းတတီး ပါဝင်ကူညီဆောင်ရွက်ပေးရင်း မိုးမိတ်ကုန်းမြေ တိပိဋက နိကာယကျောင်းတိုက်၌ (၅)နှစ်တိုင်တိုင် စာချနာယကချုပ်အဖြစ်ဖြင့် တိ=နိ သံဃာတော်များအား စာချပေးခဲ့သည်။ တိပိဋကဓရ (၁) ပါး၊ တိပိဋကကောဝိဒ (၅) ပါးပေါ်ထွန်းခဲ့သည်။
သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးစတင်ဖွဲ့စည်းရာ၌ ဦးသျှောင်ဆရာတော်များအဖွဲ့မှ လည်းကောင်း၊ (၆၆) ပါးသော ဗဟိုသံဃာဝန်ဆောင်အဖွဲ့မှလည်းကောင်း အဖွဲ့ဝင်တစ်ပါးအနေဖြင့် လိုက်လံစည်းရုံးဆောင်ရွက်ခဲ့သည်။ ဝိနည်းဓမ္မသတ်မှုခင်းဆိုင်ရာ ဥပဒေရေးဆွဲရာ၌ အတွင်းရေးမှူးဆရာတော်အဖြစ် ပြီးမြောက်အောင်မြင်သည်အထိ ဆောင်ရွက်ပေးခဲ့သည်။ ဓမ္မာနီတိ မိစ္ဆာဝါဒ နှင့် စမ်းကလေးဝါဒကိုလည်း သီးခြားဝိနည်းဓိုရ်ဆရာတော်အဖြစ် ပြီးပြတ်ပြေငြိမ်းအောင် ဆုံးဖြတ်ပေးခဲ့သည်။ နိုင်ငံတော်အရပ်ရပ်မှ မပြီးပြတ်သေးသော ဝိနိစ္ဆယတို့ကိုလည်း နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော် အဖြစ်ဆုံးဖြတ်ပေးခဲ့သည်။
၁၉၉၄ ခုနှစ် စင်္ကာပူနိုင်ငံ ဆရာတော်ဘဒ္ဒန္တပညာဝံသ၏ ပင့်လျှောက်ချက်အရ ဥပရိပါသာဒသိမ်သမုတ်ပွဲတွင် ပဓာနနာယက အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မစ္စတာဂိုအင်ဂါ၏ ပင့်လျှောက်ချက်အရ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့အနီး ရွှေတိဂုံစေတီတော်နှင့် ဉာဏ်တော်တူ စေတီတော်ကြီးတည်ဆောက်ရာ၌ ပါဝင်ခဲ့သည်။ အင်္ဂပူမြို့ ဝိပဿနာတရားစခန်းပြန့်ပွားရေးတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။
၂၀၁၀ပြည့်နှစ်၊ဇူလိုင်လမှစ၍ ၂၀၂၃ခုနှစ် မေလ၂၅ရက်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဘာသာ၊သာသနာ အကျိုး ကို သယ်ပိုး ထမ်းရွက်၍ သာသနာပြုခဲ့သည်။
ဆရာတော်ကြီးသည် စာပေထူးချွန်ရုံသာ မကဘဲ ပဋိပတ္တိကျင့်ကြံရာတွင်လည်း တရားပြဆရာတို့၏ ကျေနပ်မှုကို ခံယူရရှိခဲ့သည်။ အထူးသဖြင့် ကန္နီမြေဇင်းတောရနည်းဖြင့် မောင်းထောင်မြေဇင်းဆရာတော်ကြီးထံ ရက်(၄၀)ကြာ ဝိပဿနာတရား ရှုမှတ်ခဲ့ပြီး ကမ္မဋ္ဌာန်းနည်းထိရောက်ပုံကို စာပေဖြင့်လည်းကောင်း၊ ဟောပြောမှုဖြင့်လည်းကောင်း ဖြန့်ဝေတော်မူခဲ့သည်။
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၅)ဝါအရ ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊ မေ ၂၅ ရက်၊ ကြာသပတေးနေ့၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်၊ ဝိဇ္ဇာစရဏကျောင်း၌ ဘဝနတ်ထံ ပြန်လွန်တော်မူခဲ့ပါသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.