အလူးရှင်းကျွန်းများသည် အလာစကာကျွန်း ဆွယ်ထိပ်မှ အနောက်ဘက်သို့ မိုင်ပေါင်း ၉ဝဝ ကျော်မျှ ထိုးထွက်သွားသော မီးတောင်ကျွန်းတန်းများ ဖြစ်ကြသည်။
အလူးရှင်းကျွန်းများပေါ်ရှိ တောင်များသည် အလာစကာပြည်နယ်ရှိ တောင်တန်းများ၏ အဆက်များ ဖြစ်သည်။ အလူးရှင်းကျွန်းများသည် ဗဲရင်းပင်လယ်ကို ပစိဖိတ်သမုဒ္ဒရာမှ ပိုင်းခြားထား၍ အလာစကာပြည်နယ်၏ အစိတ်အပိုင်းဖြစ်သည်။ ယင်းကျွန်းများတွင် ကျွန်းကြီး ၁၄ ကျွန်း၊ ကျွန်းငယ် ၅၅ ကျွန်းမျှနှင့် ကျွန်းကလေးပေါင်း မြောက်မြားစွာ ပါဝင်သည်။ ကျွန်းများ၏ ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၆၄ဝဝ ခန့်ရှိသည်။ အလူးရှင်းကျွန်းများသည် အာတိတ်စက်ဝိုင်း၏ တောင်ဘက် မိုင်ပေါင်း ၈ဝဝ မှ ၁ဝဝဝ အတွင်းရှိကြပြီးလျှင် အင်္ဂလန်ပြည်၊ ဂျာမနီနိုင်ငံ မြောက်ပိုင်းတို့နှင့် လတ္တီတွဒ်ချင်း အတူတူ မျဉ်းပြိုင် ၅၁ ံနှင့် ၅၅ ံ အကြားတွင် ရှိကြသည်။ အလူးရှင်းကျွန်းများတွင် ရေပူစမ်းများ အမြောက်အမြားရှိသည်နှင့်အမျှ ရေအေးစမ်းများလည်း အမြောက်အမြား ရှိ၍ အချို့ကျွန်းများတွင် ရေစီးသန်သောချောင်းများရှိကြသည်။ ချုံငယ်၊ ပန်းပင်၊ မြက်ပင် နှင့် ရေညိ|ပင်စသည့် အပင်အမျိုးပေါင်း မြောက်မြားစွာရှိသော်လည်း သစ်ပင်ကြီးများ မရှိချေ။ ရာသီဥတုမှာ အေး၍ မြူထူထပ်သည်။ ငါးဖမ်းသည့်လုပ်ငန်းသည် အဓိကလုပ်ငန်းကြီးဖြစ်သည်။ သိုးမွေးမြူသည့် ဌာနကြီးများ အနည်းငယ်မျှ ရှိသည်။ ကျွန်းများ၏လူဦးရေသည် ၂ဝဝဝ မျှပင်မရှိချေ။
အလူးရှင်းကျွန်းများကို အရှေ့မှအနောက်သို့ အစုကြီးငါးစု အဖြစ် ပိုင်းခြားသတ်မှတ်ထားသည်။ ထိုအစုကြီး များမှာ မြေခွေးကျွန်းစု၊ တောင်လေးတောင်ကျွန်းစု၊ အန်ဒရီအာနော့ ကျွန်းစု၊ ကြွက်ကျွန်းစုနှင့် အနီးကျွန်းစုများ ဖြစ်ကြသည်။ အရှေ့စွန်ဆုံးအပိုင်း၌ရှိသော ကျွန်းစုတွင် မြေခွေး အမြောက် အမြား တွေ့ရသောကြောင့် မြေခွေးကျွန်းစုဟုခေါ်သည်။ ယင်း ကျွန်းစုတွင် အရှေ့အကျဆုံးနှင့် အကြီးဆုံးဖြစ်သော ယူနီမက် ကျွန်း၊ အန်နာလာစကာကျွန်းနှင့် အုမ်းမနက်ကျွန်းများပါဝင် သည်။ တောင်လေးတောင်ကျွန်းစုဟု ခေါ်ရခြင်းမှာ တောင်လေး တောင်ရှိသောကြောင့် ဖြစ်သည်။ အန်ဒရီအာနော့ ကျွန်းစုသည် အန်ဒရီယန်တော်စတစ်ဆိုသူ ရုရှလူမျိုး လှည့်လည်ရှာဖွေသူ၏ အမည်ကို အစွဲပြု၍ ခေါ်ထားခြင်းဖြစ်သည်။ ကြွက်ကျွန်းစု ခေါ်ရခြင်းမှာ ကိုက်ဖြတ်သတ္တဝါများတွင် ပါဝင်သော ကြွက် များ အစုလိုက် အပြုံလိုက် အမြောက်အမြား တွေ့ရသော ကြောင့်ဖြစ်၍ အနီးကျွန်းစုသည် ရုရှနိုင်ငံနှင့်အနီးဆုံးသော ကျွန်းများဖြစ်သောကြောင့် အနီးကျွန်းအစုဟု ခေါ်သည်။ ယူနီ မက်ကျွန်းသည် အလူးရှင်းကျွန်းများတွင် အကြီးဆုံးဖြစ်၍ အမြင့်ဆုံးတောင်သည်လည်း ယင်းကျွန်းပေါ်တွင်ရှိသည်။
အန်နာလာစကာကျွန်းပေါ်ရှိ အန်နာလာစကာရွာသည် အလူးရှင်းလူမျိုးတို့သည် ကုန်သွယ်မှုဆိုင်ရာ ဗဟိုဌာနကြီး ဖြစ်သည်။ အန်နာလာစကာကျွန်းသည် ကျွန်းများတွင် ဒုတိယအကြီးဆုံးဖြစ်၍ အမေရိကန် ပြည်ထောင်စု၏အခြေခံ ရေတပ်စခန်းဖြစ်သော ဒပ်ချဟားဗားမြို့သည် ထိုကျွန်းပေါ်တွင် ရှိသည်။
အလူးရှင်းကျွန်းများကို ခရစ် ၁၇၂၅ ခုနှစ်က ဒိန်းမတ် လူမျိုး ဗီတူးဗဲရင်းဆိုသူက ဦးစွာပထမ ရှာဖွေ တွေ့ရှိခဲ့ပြီး နောက် ၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အစိုးရက ရုရှအစိုးရထံမှ အလာစကာပြည်နယ်နှင့်အတူ ဝယ်ယူလိုက်လေ သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်အာဏာပိုင်တို့သည် မြောက်အမေရိက တိုက်ကို ဝင်ရောက်တိုက်ခိုက်ရန် အလူးရှင်း ကျွန်းများကို ခြေကုပ်အဖြစ် ၁၉၄၂ ခုနှစ် ဇွန်လက ပထမ သိမ်းပိုက်ခဲ့သည်။ သို့ရာတွင် ၁၉၄၃ ခုနှစ် မေလတွင် အမေရိကန်တို့က ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်သည်။ အလူးရှင်းကျွန်းများကို ရုရှလက်တွင်းရှိစဉ်က ပင်လယ်ဖျံ ဖမ်းသည့် အခြေခံကျွန်းများ အဖြစ် အသုံးပြုခဲ့လေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article အလူးရှင်းကျွန်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.