ဒိုတာ ၂

ဒိုတာ ၂ သည် အခမဲ့ လူအများဆော့ကစားနိုင်သော အွန်လိုင်းတိုက်ပွဲဂိမ်း (multiplayer online battle arena (MOBA)) ဖြစ်ပြီး Valve ကော်ပိုရေးရှင်းမှ ရေးဆွဲထုတ်လုပ် ဖြန့်ချိခြင်းဖြစ်သည်။ ဤဂိမ်းကို မိုက်ခရိုဆော့ဖ် Windows ကွန်ပြူတာများ၊ Mac OSX နှင့် Linux များတွင်ဆော့ကစားရန် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖြန့်ချိခဲ့သည်။ မိုက်ခရိုဆော့ဖ် Windows များသာ ဆော့ကစားနိုင်သည့် စမ်းသပ်ဘီတာ ဂိမ်းကို ၂၀၁၁ တွင်ဖြန့်ခဲ့ပြီး Warcraft III: Reign of Chaos နှင့် ဆက်စပ်ဂိမ်းဖြစ်သော The Frozen Throne များမှ Mod တစ်ခုဖြစ်သော Defense of the Ancient (DOTA ဟုလူသိများသော) ဂိမ်းကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ ဒိုတာ ၂ ဂိမ်းသည် Steam ဂိမ်းဆော့ ပလက်ဖောင်းပေါ်တွင် လူဆော့အများဆုံးဂိမ်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ သန်းနှင့်ချီသော ကစားသမားများ လက်ရှိဆော့ကစားနေသော ဂိမ်းဖြစ်သည်။

Dota 2
ဒိုတာ ၂
ဖန်တီးသူ Valve Corporation
ထုတ်ဝေသူ Valve Corporation
ပရိုဂျူဆာ Erik Johnson
ဒီဇိုင်းနာ IceFrog
ရေးသားသူ
  • Chet Faliszek
  • Ted Kosmatka
  • Marc Laidlaw
တေးရေး
  • Jason Hayes
  • Tim Larkin
ဂိမ်းအင်ဂျင် Source 2
ပလက်ဖောင်း
ဖြန့်ချီသည့်နေ့စွဲ Microsoft Windows
  • WW July 9, 2013
OS X, Linux
  • WW July 18, 2013
ဂိမ်းအမျိုးအစား Multiplayer online battle arena
Mode(s) Multiplayer

ဒိုတာ ၂ သည် လူငါးယောက်ပါဝင်သော အသင်းနှစ်သင်းက ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ တစ်သင်းတွင် ငါးယောက်ပါဝင်ပြီး အသင်းတစ်သင်းစီတိုင်းသည် မြေပုံ၏ တစ်ဖက်စွန်းတွင်ရှိသော အဆောက်အအုံများရှိသည့် စခန်းတစ်ခုကို ပိုင်ဆိုင်ထားကြပြီး၊ ဂိမ်း၏ အနိုင်အရှုံးမှာ တစ်ဖက်အသင်း၏ စခန်းထဲမှ Ancient ဟုခေါ်သည့် အဓိက အဆောက်အအုံကြီးကို ဖျက်ဆီးနိုင်သော အသင်းမှာ အနိုင်ရသည်။ ကစားသမားတိုင်းသည် Hero ဟုခေါ်သည့် ၁၁၁ ယောက်ရှိသည့် မတူညီသော စွမ်းရည်နှင့် ကစားပုံကွာခြားသည့် ဆော့ကစားနိုင်သည့် ဇာတ်ကောင်များထဲမှ တစ်ဦးကို ရွေးချယ်ပြီး ကစားရသည်။ ပြိုင်ပွဲအတွင်းမှာပဲ ကစားသူထိန်းချုပ်ထားတဲ့ Hero များသည် ရွှေ၊ အသုံးပြုပစ္စည်းများ(Item) များနှင့် အတွေ့အကြုံပွိုင့်များ (experience) များကို စုဆောင်းကြရပြီး တစ်ဖက်အသင်းမှ Hero များကို တိုက်ခိုက်ရခြင်းဖြစ်သည်။

ဒိုတာ ၂ ကို ၂၀၀၉ ခုနှစ်တွင် Ice Frog အမည်ရသူကစတင်ခဲ့ပြီး နဂိုမူလ DOTA ကိုတီထွင်ခဲ့သည့် ခေါင်းဆောင်လဲဖြစ်သည်။ သူ့အား Valve မှ ငှားရမ်းခဲ့ကာ ဒိုတာ ၂ ကို ဖန်တီးခဲ့သည်။ ဒိုတာ၂ ကို Source အင်ဂျင်ပေါ်တွင် ရေးသားထားကာ ၎င်းအင်ဂျင်ဖြင့် ထုတ်လုပ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် Source 2 အင်ဂျင်အသစ်နဲ့ လဲလှယ် အသုံးပြုခဲ့သည်။

ဒိုတာ ၂ သည် ပရော်ဖက်ရှင်နက် နယ်ပယ်အထိ ကျယ်ပြန့်လာပြီး တစ်ကမ္ဘာလုံးမှ ကစားသူအသင်းများသည် များစွာသော ပြိုင်ပွဲများကို ယှဉ်ပြိုင်ကာ ဆုငွေများနှင့် အောင်မြင်မှုများကို ရရှိခဲ့ကြသည်။ နာမည်အကြီးဆုံးပြိုင်ပွဲမှာ The International ဖြစ်ကာ အအောင်မြင်ဆုံးအသင်းများ ပါဝင်ဆော့ကစားကြပြီး Valve မှ ကြီးမှူးကာ နှစ်စဉ် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ဆီအက်တယ်မြို့တွင် ကျင်းပသည်။ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော The International (TI5) သည် အီလက်ထရွန်းနစ် အားကစားများ အများဆုံး ဆုကြေးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကာ စုစုပေါင်း ဆုငွေသည် ဒေါ်လာ ၁၈ သန်းရှိသည်။၂၀၁၅ ခုနှစ်တွင်းတွင် Valve မှ ထောက်ပံ့ကာ ပိုမိုသေးငယ်သော ပြိုင်ပွဲများကို ရာသီအလိုက်၊ နေရာအလိုက်ကျင်းပ ပေးခဲ့ပြီး ထိုပြိုင်ပွဲတွေကို The Majors ဟု ခေါ်တွင်ကာ ပထမဆုံးအနေဖြင့် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် Frankfurt Major အမည်ဖြင့် ကျင်းပခဲ့သည်။

ဂိမ်းကစားပုံ

ဒိုတာ ၂ 
ဒိုတာ ၂ ကစားနေပုံမြင်ကွင်း

ဒိုတာ၂ သည် လူအများဆော့ကစားနိုင်သော အွန်လိုင်း တိုက်ပွဲဂိမ်းဖြစ်ပြီး သုံးဖက်မြင်ပုံရိပ်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကာ အမြင့်မှ(အပေါ်စီးမှ) ကြည့်ရှုမြင်တွေ့ရပြီး ဆော့ကစားရခြင်း ဖြစ်သည်။ တစ်သင်းတွင် လူငါးယောက်ပါဝင်သော အသင်းနှစ်သင်း၊ (တစ်ဖက်ကို Radiant ဟုခေါ်ပြီး တစ်ဖက်ကို Dire ဟုခေါ်ကြသည်) သတ်မှတ်ထားသည့် မြေပုံအတွင်း ဆော့ကစားရသည်။ ကစားသမားတစ်ဦးတိုင်းသည် တိုက်ခိုက်ပုံနှင့် စွမ်းရည်များမတူညီသည့် Hero ၁၁၂ ကောင်ထဲမှ တစ်ကောင်ကို ထိန်းချုပ် ကစားရသည်။ ပွဲစစခြင်းမှာ ကစားသူတိုင်းရဲ၏ Hero များမှာ တူညီသော Level ၁၊ တူညီသောငွေ၊ တူညီသော အတွေ့အကြုံပွိုင့်များဖြင့် စတင်သည်။ တစ်ဖက်အသင်း၏ Hero ဖြစ်စေ၊ လက်အောက်ခံငယ်သား (Creep) ဖြစ်စေ၊ Rune ဟုခေါ်သော ထူးခြားစွမ်းအင်ပါသည့် ပစ္စည်းမှဖြစ်စေ၊ တောထဲတွင်ရှိသော အခြားတိရစ္ဆာန်များကို သတ်ခြင်းမှဖြစ်စေ အတွေ့အကြုံပွိုင့်များ ရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသော အတွေ့အကြုံပွိုင့်ပမာဏကို ရောက်ပါက Level တက်သွားမည်ဖြစ်သည်။ Level တက်ခြင်းဖြင့် စွမ်းရည်အသစ်များရရှိနိုင်ပြီး သူတို့ရဲ့ နဂိုမူရင်း Attribute ဟုခေါ်သည့် ပွိုင့်များ တိုးတက်လာမည်ဖြစ်သည်။

Attribute ကို အဓိက အားဖြင့် သုံးမျိုးခွဲခြားထားသည်။

  • Strength (ခွန်အား ၁ ပွိုင့်သည် Hero ၏ ၁၉ သွေးပွိုင့်တက်စေပြီး၊ ၀.၀၃ တစ်စက္ကန့်တွင် သွေးပွိုင့်တက်နှုန်းနှင့် ခွန်အားကို အဓိကထားသော Hero များ၏ ထိခိုက်မှုအတိုင်းအတာ(Damage) ကို ၁ တက်စေသည်။
  • Agility (လျင်မြန်မှု ၁ ပွိုင့်သည် Hero ၏ သံချပ်ကာ(Armor)ကို ၀.၁၄ တက်စေပြီး၊ Hero၏ တိုက်ခိုက်လျင်မြန်မှု (Attack Speed) ကို ၁ တက်စေပြီး လျင်မြန်မှုကို အဓိကထားသော Heroများ၏ ထိခိုက်မှုအတိုင်းအတာကို ၁ တက်စေသည်။
  • Intelligence (ဉာဏ်ရည်ဉာဏ်သွေး ၁ ပွိုင့်သည် Hero၏ အသုံးပြုအားအင်(Mana) ကို ၁၃ တက်စေပြီး၊ ၀.၀၄ တစ်စက္ကန့်တွင် အသုံးပြုအားအင်ပြန်ပြည့်နှုန်းနှင့် ဉာဏ်ရည်ဉာဏ်သွေးကို အဓိကထားသော Hero၏ ထိခိုက်မှု အတိုင်းအတာကို ၁ တက်စေသည်)

Dire နှင့် Radiant တစ်ဖက်စီသည် မြေပုံ၏ တစ်ဝက်ဆီကို ပိုင်ဆိုင်ထားကာ အဓိက အရင်းအမြစ်ဖြစ်သည့် Ancient အဆောက်အဦးကို ကာကွယ်ရသည်။ သူတို့နှစ်ဖက်ကို အလယ်တွင် မြစ်တစ်ခုက ဖြတ်သန်းစီးဆင်းသည်။ Hero များစတင်ထွက်သည့်နေရာတွင် Fountain ဟုခေါ်သည့်နေရာရှိပြီး ထိုနေရာတွင် Hero ၏ သွေးပွိုင့်နှင့် အသုံးပြုအားအင်ပွိုင့်များ လျှင်လျင်မြန်မြန်ပြန် ပြည့်စေသည်။ တစ်ဖက်မှ Ancient ကို အခြားတစ်ဖက်က ဝင်ရောက်စီးနင်းတိုက်ခိုက် ဖျက်ဆီးနိုင်ပါက ကစားပွဲတစ်ပွဲပြီးဆုံးသည်။ နှစ်ဖက်စလုံး ထိပ်တိုက်တွေ့နိုင်သည့် လမ်းသုံးလမ်းရှိပြီး Lane ဟုခေါ်ကြသည်။ ၎င်းလမ်းများတွင် တစ်ဖက်အသင်းမှ Hero များလာရောက်ခြင်းကို တားဆီးရန် ထိခိုက်မှုအတိုင်းအတာကြီးမားသည့် မျှော်စင် (Tower) များရှိပြီး တစ်ဖက်အသင်းမှ ရန်သူ Hero များနှင့် လက်အောက်ငယ်သားများကို ပစ်ခတ်ဖျက်ဆီးသည်။ တစ်လမ်းတွင် မျှော်စင်သုံးခုစီရှီပြီး ၎င်းတို့ကို အရင်တိုက်ခိုက်ပြီးမှ စခန်းအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ တစ်ဖက်စီတွင် လက်အောက်ငယ်သားများရှိပြီး ၎င်းတို့သည် တစ်ဖက်အသင်းမှ Hero များ၊ လက်အောက်ငယ်သားများ၊ အဆောက်အအုံများကို ဖျက်ဆီးနိုင်ကြသည်။ ထို့နောက် Roshan ဟုခေါ်သည့် ဘီလူးကြီးတစ်ဦးရှိပြီး အလွန်အင်အားကြီးသည်။ ၎င်းဘီလူးကြီးသေဆုံးပါက တန်ဖိုးရှိသည့် ဆုလဘ်များရရှိမည် ဖြစ်သည်။

ကစားပွဲအတွင်းတွင် ကစားသူများ၏ Hero များသည် စက္ကန့်နှင့်အမျှ ရွှေအနည်းငယ်ရရှိကြပြီး အခြားတစ်ဖက်မှ လက်အောက်ငယ်သားများ၊ ရန်သူ အဆောက်အအုံများ၊ တောထဲမှ တိရစ္ဆာန်များကို သတ်ခြင်းဖြင့် ရွှေများရရှိပြီး မိမိလိုအပ်သည့် အသုံးချပစ္စည်းများကို ဝယ်ယူကြရသည်။ တစ်ဖက်အသင်းမှ Hero များကိုသတ်ပါက ရွှေပမာဏ အမြောက်အမြားရရှိမည်ဖြစ်ပြီး ကူညီသောသူမှာလဲ အနည်းငယ်ရရှိနိုင်သည်။ သတ်သည့်လူမှာ ပိုရသည့်အတွက် လက်အောက်ငယ်သားဖြစ်စေ၊ အခြားအသင်းမှ Hero ဖြစ်စေ သေခါနီးကို ချိန်၍ခုတ်ခြင်းကို Last Hitting ဟုခေါ်သည်။ ကိုယ့်ဘက်မှ သေခါနီး လက်အောက်ငယ်သားများ၊ စက္ကန့်နှင့်အမျှ သွေးပွိုင့်လျှော့ှု သေဆုံးနိုင်သော မိမိဘက်မှ Hero များ၊ အဆောက်အအုံများ ကို သတ်ပြစ်ပါက တစ်ခြားအသင်းဘက်မှ ရွှေနှင့် အတွေ့အကြုံပွိုင့်များရရှိခြင်းကို ထက်ဝက်ခန့်တားဆီးနိုင်ပြီး ထိုသို့လုပ်ခြင်းကို Deny ခြင်းဟုခေါ်ကြသည်။

ဒိုတာ ၂ တွင် တစ်ခါတစ်ရံ၌ ရာသီအလိုက် ပွဲများ ကျင်းပပေးကာ ကစားနည်းပုံစံ အနည်းငယ်ပြောင်းလဲတတ်သည်။ ဟယ်လိုဝိမ်းပွဲများ၊ တရုတ်နှစ်သစ်ကူး New Bloom ပွဲတော်များ၊ ခရစ္စမတ်ပွဲတော်များတွင် ကစားနည်းအနည်းငယ်ပြောင်း၍ ဆော့ကစားရကာ လက်ဆောင်များလဲရရှိတတ်သည်။ ၂၀၁၅ ခုနှစ် ဒိုတာ ၂ တွင် အခြားသူများ တီထွင်ရေးသားထားတဲ့ Custom Game များကို တရားဝင်ခွင့်ပြုပေးလိုက်ကာ ထင်ရှားသည့် ဂိမ်းများမှာ Overthrow, Haunted Colosseum, Epic boss fight တို့ဖြစ်သည်။

ဖွံ့ဖြိုးလာခြင်း

ကနဦးအစ

ဒိုတာ ၂ မှာ ၂၀၀၃ ခုနှစ်တွင် Blizzard ဖျော်ဖြေရေး၏ Warcraft III: Reign of Chaos ကို အခြေခံပြီး Eul ဟုခေါ်သည့် သူမှ စတင်ရေးသားခဲ့သည်။ Frozen Throne ဟုခေါ်သည့် အသစ်ထပ်ထွက်သည့် ဂိမ်းဇာတ်လမ်းတွဲတွင် ဒိုတာသည် နာမည်ပိုကြီးလာခဲ့သည်။ ထိုအချိန်တွင် Steve Feak ရေးသားသည့် Dota Allstars မှာ အလွန်နာမည်ကြီးသည်။ Feak နှင့် သူ၏ သူငယ်ချင်း Steve Mescon သည် တရားဝင်ဒိုတာ ဝက်ဘ်ဆိုဒ်ကို လွှင့်တင်ခဲ့ပြီး dota-allstar.com ဟုခေါ်သည်။ ၂၀၀၅ ခုနှစ်တွင် အခြားသူငယ်ချင်းဖြစ်သော Ice Frog ပါ ပါဝင်လာပြီး လူကြိုက်အများဆုံးဂိမ်းတစ်ခုအဖြစ် ၂၀၀၈ ခုနှစ်မှာ ရွေးချယ်ခံရသည်။ မေလ ၂၀၀၉ ခုနှစ်မှာ playdota.com ဆိုသည့် ဝက်ဘ်ဆိုဒ်ကို လွှင့်တင်ခဲ့သည်။

ဂိမ်းကုမ္ပဏီတစ်ခုဖြစ်သည့် Valve က ဒိုတာကို စိတ်ဝင်စားလာခဲ့ပြီးနောက် Team Fortress ဂိမ်း၏ ဒီဇိုင်နာ Robin Walker က ဒိုတာဂိမ်းကို အွန်လိုင်းပေါ်တင်ပြီး အပြိုင်အဆိုင်ဆော့ကစားနိုင်စေရန် အကြံပြုခဲ့သည်။ သူတို့ ကုမ္ပဏီသည်IceFrog နှင့် ဆက်သွယ်ကာ ကာလရှည်ကြာပရောဂျက် တစ်ခုကို စီစဉ်ခဲ့ကြသည်။ ထို့နောက် အောက်တိုဘာ ၂၀၀၉ ခုနှစ်တွင် IceFrog ကို တရားဝင်ခန့်ထားခဲ့ပြီး အောက်တိုဘာ၁၃၊ ၂၀၁၀ မှာ စတင်မိတ်ဆက်ပေးခဲ့သည်။

Valve ကုမ္ပဏီသည် ဤဂိမ်းကို ဒိုတာ ဟုသာ ခေါ်ဆိုရန် စိတ်ကူးရှိကာ ပရိုဂျူဆာ Erik Johnson က ထိုနာမည်ဆင်တူ ခေါ်ဆိုရန် ငြင်းဆန်ခဲ့သည်။ အမှန်တကယ်ထွက်ရှိလာရာတွင် ဒိုတာ ၂ ဟု နာမည်ပေးပြီး Valve သည် ထိုနာမည်ကို မှတ်ပုံတင်ခဲ့သည်။ ၂၀၁၀ ဩဂုတ်တွင် Feak နှင့် Mescon က ဒိုတာအမည်သည် Roit game မှပိုင်ဆိုင်သော DotA-Allstars နာမည်နှင့် တူနေသည်ဟုဆိုကာ အမှုအခင်းဖြစ်ပွားခဲ့သည်။ Blizzard Entertainment ကမူ ဒိုတာ သည် mod တစ်ခု၏ နာမည်သာဖြစ်ပြီး ကုမ္ပဏီအနေနှင့် မပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်တွင် Valve ကုမ္ပဏီသည် ဒိုတာ အမည်ဖြင့် ရောင်းချခွင့် နှင့် စီးပွားရေး အသုံးပြုခွင့်ကို ရရှိခဲ့သည်။

ဂိမ်းဒီဇိုင်း

အစပိုင်း ဒိုတာ ၂ ၏ ဒီဇိုင်းပိုင်းသည် ယခင် ဒိုတာ၏ စတိုင်များမှ ခွဲထွက်ရန် ကြိုးစားထားသည်။ Radiant နှင့် Dire ဟူသော နှစ်ဖက်အသင်းများအား Sentinel နှင့် Scourge နေရာတွင် အစားထိုးခဲ့သည်။ Hero များ၏ ပုံစံများသည်လည်း ပြောင်းလဲခဲ့သည်။ Hero နာမည်များ၊ စွမ်းရည်များ၊ လှုပ်ရှားမှုများ အကုန်လုံး ပြောင်းလဲခဲ့ကာ အွန်လိုင်းဖြစ်သည့်အတွက် ကစားသူများ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် လူများကို အဆင့်အတန်း ခွဲပေးကာ အတန်းအစားတူသူများသာ ယှဉ်ပြိုင်စေခဲ့သည်။ Valve သည် နောက်ပိုင်း Eul နှင့် Kendrick တို့ကို ခေါ်ယူခဲ့ကာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် Warcraft III ၏ Jason Hayes နှင့် Tim Larkin တို့ကိုပါ ခန့်ထားပြီး ဒိုတာ၂ ၏ အသံပိုင်းဆိုင်ရာ တီးခတ်မှုများကို ဖန်တီးခဲ့သည်။

ဒိုတာ ၂ ၏ အဓိက Source အင်ဂျင်ကို အဆင့်မြှင့်ခဲ့ပြီး နည်းပညာအသစ်ဖြစ်သော အဆင့်မြင့် အဝတ်အစား ပုံစံများနှင့် အလင်းရောင်ပိုင်းဆိုင်ရာများကို ပြုပြင်ခဲ့သည်။ Steam ဂိမ်းကစားသော ပလက်ဖောင်းအပြင် အသုံးပြုသူများ၏ အချက်အလက်များကို အွန်လိုင်းပေါ်တွင် ထိန်းသိမ်းထားနိုင်အောင် အဆင့်မြှင့်ခဲ့သည်။ နိုဝင်ဘာ ၂၀၁၃ တွင် Valve သည် နည်းပြ စနစ်ကို မိတ်ဆက်ပေးခဲ့ကာ၊ အဆင့်မြင့် အတွေ့အကြုံများသည့် ကစားသူများသည် ကစားသူအသစ်များကို နည်းပြပေးရသည်။ နောက်ပိုင်းတွင် ကစားသူများသည် အခြားကစားများ၏ ကစားပွဲများကို ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ကာ၊ စက်တင်ဘာ ၂၀၁၃ တွင် LAN ဖြင့် ချိတ်ဆက်ကစားနိုင်စေရန် ထည့်သွင်းခဲ့သည်။ ၂၀၁၂ ဇွန်လတွင် နိုင်ငံတကာပွဲတစ်ခုကို ဖန်တီးခဲ့ပြီး ဒိုတာစတိုးတွင် လက်မှတ်များကို ရောင်းချပေးခဲ့သည်။

ဒိုတာ ၂ တွင် ကစားသူ အချင်းချင်း ခင်မင်ရင်းနှီးမှု ကောင်းမွန်လာစေရန်၊ ကစားသူ ပိုမိုများပြားလာစေရန် ဧပြီ ၂၀၁၂ တွင် Newell မှ အခမဲ့ကစားနိုင်သော ဂိမ်းတစ်ခုအဖြစ် မိတ်ဆက်ပေးခဲ့သည်။ ထိုနှစ် ဇွန်လတွင် ဂိမ်းအတွင်းမှ Hero များ၊ အသုံးချပစ္စည်းများနှင့် ကစားနည်းများကို အားလုံးအခမဲ့ ကစားနိုင်စေရန် ဖွင့်ပေးခဲ့သည်။ ထို့အပြင် ဒိုတာ ၂ စတိုးတွင် လှပသည့် ဂိမ်းအတွင်း ဝတ်ဆင်အသုံးပြုနိုင်သော အဝတ်အစားများနှင့် ပစ္စည်းများကို ဝယ်ယူရရှိနိုင်ခဲ့သည်။ အခြား ဖန်တီးသူများ အသုံးပြုသည့် (Steam Workshop) မှလဲ အဝတ်အစားများ၊ ဒီဇိုင်းများကို ရေးသားခဲ့ကြပြီး လွန်ခဲ့တဲ့နှစ်တွင် ဒေါ်လာ ၁၅၀၀၀ လောက်ရရှိခဲ့ကြသည်။

ရုပ်သံမှတ်တမ်းလုပ်ငန်းများ

Valve သည် ဒိုတာ ၂ ၏ အဆင့်မြင့် ကြေးစားကစားသမားသုံးယောက်ဖြစ်သော Hyhy Lim၊ Danil Dendi Ishutin (Dendi လို့လူသိများ) နှင့် Clinton Fear Loomis (Fear လို့လူသိများ) စသည့် ကစားသမားတွေ၏ ဘဝဇတ်ကြောင်းကို ရိုက်ကူးခဲ့သည်။ ၂၀၁၂ ဩဂုတ်တွင် ထိုဇာတ်လမ်းကို အစမ်းပြသခဲ့ပြီး ၂၀၁၃ ဇွန်လတွင် Free to Play အမည်ဖြင့် မှတ်တမ်းရုပ်ရှင်တစ်ခုအဖြစ် ဖန်တီးခဲ့သည်။ မတ် ၁၉၊ ၂၀၁၄ တွင် Steam, iTunes နဲ့ YouTube ပေါ်တွင် ဖြန့်ချိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်။

ထုတ်ဝေခြင်း

Valve သည် အကြိမ်ကြိမ်အခါခါ ကာလရှည် စမ်းသပ်ပြီးသည့်နောက် ဂိမ်းမိတ်ဆက်ပွဲသော နာမည်ကြီး Gamescom ၂၀၁၁ တွင် ပြသခဲ့သည်။ ပြသပြီးသည့်နောက်တွင် Valve မှ ဘီတာ စမ်းသပ်ဆော့ကစားနိုင်စေရန် ကစားသူများကို ဖိတ်ခေါ်ခဲ့ကာ လူအနည်းငယ်သာ စတင်ကစားခွင့်ရခဲ့သည်။ Newell မှ ဤဂိမ်းကို ၂၀၁၂ တွင် စတင်ရောင်းချ ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။ ၂၀၁၁ နှောင်းပိုင်းတွင် ဂိမ်းထွက်ရှိလာခဲ့သည်။ စက်တင်ဘာ ၂၃၊ ၂၀၁၁ တွင် ဤဂိမ်းသည် ဘီတာ စမ်းသပ်မှုပြီးသွားဆုံးကြောင်း ကြေညာကာ မကြာမီ Steam ပလက်ဖောင်းပေါ်တွင် ဆော့ကစားနိုင်ပြီး လူအများ ဆော့ကစားပြီး ဝေဖန်နိုင်အောင် ပြုလုပ်ပေးမည်ဟု IceFrog က ကြေညာခဲ့သည်။ ဘီတာအစမ်းဆော့ကစားမှု ၂ နှစ်ကြာပြီးသည့်နောက် ဇူလိုင် ၉ ရက် ၂၀၁၃ တွင် ဖြန့်ချိခဲ့ပြီး ပုံမှန်ကစားသူ သုံးသန်းခန့် ရှိလာခဲ့သည်။ နှစ်လအကြာတွင် ဒိုတာ၂ သည် ကမ္ဘာ့အွန်လိုင်းလမ်းကြောင်းအသုံးပြုမှု၏ သုံးရာခိုင်နှုန်းအထိ တိုးတက်လာပြီး ဒီဇင်ဘာ ၁၆ ၂၀၁၃ တွင် တစ်ကမ္ဘာလုံးအနှံ့ ဆာဗာများဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်တွင် ပျံနှံ့ခဲ့သည်။

အချို့နိုင်ငံများ၏ စီးပွားရေးဆိုင်ရာ ဥပဒေများ၏ အချို့အချက်များကို ရှောင်ရှားရန်တွက် Valve ကုမ္မဏီသည် အဆိုပါနိုင်ငံများ၏ ဂိမ်းနှင့် အွန်လိုင်းကုမ္မဏီတွေနှင့် ပူးပေါင်းပြီး သီးသန့် နိုင်ငံအလိုက်သုံးနိုင်သော ဆာဗာများကို တည်ထောင်ရန်ကြိုးစားခဲ့သည်။ အောက်တိုဘာ ၁၉၊ ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် ဗွီဒီယိုဂိမ်း ကုမ္မဏီကြီး တစ်ခုဖြစ်သော Perfect World နှင့် ပူးပေါင်းကာ တရုတ်နိုင်ငံတွင် ဒိုတာ၂ဂိမ်းနှင့် ဂိမ်းနှင့်ဆက်စပ်ပစ္စည်း ကုန်သွယ်ရောင်းချခွင့်ကို တရားဝင်ပြုလုပ်ခဲ့သည်။ အလားတူပင် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Nexon ကုမ္မဏီနှင့် ပူးပေါင်းပြီး ဒိုတာ၂ဂိမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့တွင် ရောင်းချလာနိုင်သည်။ နိုဝင်ဘာ ၂၀၁၅ တွင် Nexon ကုမ္မဏီက ဒိုတာ၂ ဂိမ်းသည် ၎င်းတို့ ကုမ္မဏီနှင့် အကျိုးတူပူးပေါင်းမှုကို ဖျက်သိမ်းလိုက်သဖြင့် ယခုအခါ Valve ကုမ္မဏီကိုယ်တိုင်ပင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် တရားဝင်စီးပွားလုပ်ကိုင်ခွင့် ရရှိသွားပြီဖြစ်သည်။

Source 2 အင်ဂျင်သို့ အကူးအပြောင်း

ဂျွန်လ ၁၂၊ ၂၀၁၅ တွင် Valve ကုမ္ပဏီသည် ဒိုတာ ၂ ဂိမ်းအား အသစ်ပြန်လည်ဆန်းသစ်ဖန်တီးထားသော Source 2 အင်ဂျင်ပေါ်တွင် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် Dota2 Reborn (ဒိုတာ ၂ ပြန်လည်မွေးဖွားခြင်း) ဟုခေါင်းစဉ်တပ်ထားသော ဂိမ်းပုံစံအသစ်ကို ဘီတာ စမ်းသပ်စတင်ဖြန့်ချိခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲလိုက်သည့်အတွက် အသုံးပြုသူတို့၏ ဒီဇိုင်းများ၊ အဓိကစာမျက်နှာ၏ အပြင်အဆင်များနှင့် ပိုမိုကောင်းမွန်တဲ့ အမြင်သစ်နှင့် ဇာတ်ကောင်များ၊ ဂိမ်းကစားနည်းအသစ်အဆန်းများကို ထည့်သွင်းခဲ့သည်။ ဇွန်လ ၁၇၊ ၂၀၁၅ တွင် ထိုဒိုတာ ၂ ပြန်လည်မွေးဖွားခြင်း ဘီတာ စမ်းသပ်ဆော့ကစားခြင်းကို လူသိရှင်ကြားဖြန့်ချိခဲ့ပြီး စက်တင်ဘာ ၉၊ ၂၀၁၅ တွင် တရားဝင်အသိအမှတ်ပြု ထုတ်လုပ်ခဲ့သည်။ ဒိုတာ ၂ သည် ဂိမ်းလောကတွင် အဆန်းသစ်ဆုံး Source 2 အင်ဂျင်နှင့် ဆော့ကစားရသည့် ပထမဆုံးဂိမ်း ဖြစ်လာခဲ့သည်။ အင်ဂျင်အသစ်တွင် ကစားသူများသည် အခက်အခဲအနည်းငယ်တွေ့ကြုံခဲ့ရကာ ဒိုတာ ၂ ပြန်လည်မွေးဖွားခြင်း ထွက်ရှိခဲ့သည့်လတွင် တစ်ကမ္ဘာလုံးရှိ ကစားသူများ၏ ၁၆ ရာခိုင်နှုန်းခန့် ဆက်လက်မကစားတော့သဖြင့် ကစားမှုနှုန်း ကျဆင်းခဲ့သည်။ နောက်ပိုင်း များစွာသော ပြင်ဆင်မှုအသစ်များ ထွက်ခဲ့ပြီးနောက် ယခု ဇန်နဝါရီ ၂၀၁၆ တွင် သန်းပေါင်းများစွာသော အချိန်ပြည့်ကစားသမားများ တိုးပွားလာကာ လူအများဆုံး စံချိန်တင်သည့် မတ်လ ၂၀၁၅ ခုနှစ်ရဲ့ စံချိန်ကို ချိုးသွားခဲ့ပြီ ဖြစ်သည်။

အဆင်မြင့် ကြေးစားပြိုင်ပွဲများ

ဒိုတာ ၂ 
ဒိုတာ ၂ 2012 The International ပြိုင်ပွဲပြုလုပ်နေပုံ

ဒိုတာ ဆော့ကစားသူများအား ဒိုတာ ၂ ဖက်ကို စိတ်ဝင်စားလာရန်အတွက် Valve ကုမ္ပဏီမှ အဓိကပံ့ပိုးထားသည့် ဆုကြေးငွေဒေါ်လာ တစ်သန်းရရှိမည့် The International ခေါ် ပြိုင်ပွဲတစ်ခုကို ၂၀၁၁ ခုနှစ်တွင် ကျင်းပပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ ကစားသမားများစွာ ပါဝင်သော အသင်းပေါင်း ၁၆ သင်း ယှဉ်ပြိုင်ကစားခဲ့သည်။ ထိုအဆင့်မြင့် ကြေးစားပြိုင်ပွဲကြီးအား နှစ်စဉ်ကျင်းပရန် ရည်ရွယ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ဆီအက်တယ်မြို့တွင် ၂ နှစ်ဆက်တိုက် ကျင်းပပေးခဲ့သည်။ တတိယမြောက်နှစ်တွင် Valve သည် တမူထူးခြားသော စီးပွားရေးအသွင်ဖြင့် ဒိုတာ ၂ ကစားသမားများအား Compendium ဟုခေါ်သည့် စာအုပ်များ ရောင်းချပေးပြီး ရောင်းချရရှိသောငွေများကို အနိုင်ရလျှင်ပေးမည့် ဆုကြေးတွင် ရာခိုင်နှုန်းတစ်ခုဖြင့် ထည့်သွင်းပေးခဲ့သည်။ ထိုစာအုပ်များမှာ သတ်မှတ်ထားသည့် အဆင့်များရှိပြီး ဂိမ်းပွဲဆော့ကစားခြင်း သို့မဟုတ် ဒိုတာ ၂ စတိုးမှ ပွိုင့်များ ဝယ်ယူခြင်းဖြင့် အဆင့်များ တက်နိုင်ပေသည်။ အဆင့်များမြင့်လာလေလေ စာအုပ်ပိုင်ရှင်များကို ထူးဆန်းသည့် ချီးမြှင့်မှုများ၊ ဆုလဘ်ဆောင်များ ရရှိသည့်အတွက် စာအုပ်များ အလွန်ရောင်းချခဲ့ရကာ နောက်ဆုံးဆုကြေးငွေ ဒေါ်လာ ၂.၈ သန်းအထိ ရရှိခဲ့ပြီး ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သော ဆုကြေးငွေအများဆုံးပြိုင်ပွဲတစ်ခုဖြစ်သည့် League of Legend ၏ စံချိန်ကို ချိုးနိုင်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး နှစ်စဉ် The International ပြိုင်ပွဲများတွင် Compendium စာအုပ်များရောင်းချခဲ့ပြီး စတုတ္ထမြောက်နှစ်တွင် ဆုကြေးငွေ ၁၀.၉ သန်းရရှိခဲ့ပြီး ထိုဆုကြေးငွေသည် နာမည်ကြီးပြင်သစ် ဘိုးလင်းဖလားရဲ့ ဆုကြေးငွေထက် ပိုများခဲ့သည်။ ၂၀၁၅ ခုနှစ်ပြိုင်ပွဲတွင် ဆုကြေးငွေသည် ဒေါ်လာ ၁၈.၄ သန်းအထိ ပိုမိုတိုးပွားလာခဲ့ပြီး Evil Geniuses (EG ဟုလူသိများ) သောအသင်းမှ ဗိုလ်စွဲသွားကာ အသင်းမှကစားသူများသည် ဒေါ်လာ ၆ သန်းခန့် ရရှိခဲ့ကြသည်။

ယခုကဲ့သို့ The International ပြိုင်ပွဲများ၏ ဆုကြေးများနှင့် ကျော်ကြားမှုများကြောင့် ဒိုတာ ကစားသမားအများစုသည် ဒိုတာ ၂ ဘက်သို့ ကူးပြောင်းလာကြပြီး အီလက်ထရွန်းနစ် အားကစားခေတ် တစ်ခေတ်ကို စတင်ခဲ့ကြသည်။ ဒိုတာ ၂ အောင်မြင်လာပြီးသည့်နောက်တွင် အလားတူ ဂိမ်းကစားနည်းများ ပေါ်ထွက်လာကြပြီး ထင်ရှားသည့်ကစားနည်းများမှာ League of Legends နှင့် Heroes of Newerth တို့ဖြစ်ကြသည်။ ပထမအကြိမ် ဘီတာစမ်းသပ်ကစားသည့် ကာလမှာပင် ဒိုတာ ၂ သည် ၂၀၁၁ ခုနှစ်၏ လူဆော့အများဆုံး ဂိမ်းတစ်ခုဖြစ်လာခဲ့ပြီးယခင်က ပထမနေရာမှာရှိခဲ့သည့် StarCraft II သည် ဒုတိယနေရာသို့ ကျဆင်းသွားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် RaidCall EMS ONE ဟုခေါ်သည့် ဒိုတာ ၂ ပြိုင်ပွဲတစ်ခုကို ကျင်းပရန်စီစဉ်ပြီး ၂၀၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သည်။ ထိုနှစ်မှာပင် ဆော့ကစားသူများပြားသော တရုတ်နိုင်ငံတွင်လည်း WPC ACE DOTA2 LEAGUE အမည်ဖြင့် ပြိုင်ပွဲကို ကျင်းပခဲ့ကြသည်။ ထိုပြိုင်ပွဲသည် The International ပြိုင်ပွဲများပြီးပါက ဆုကြေးငွေ အများဆုံးပေးခဲ့သည့် ဒိုတာ ၂ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ထိုနှစ်တွင်ပင် Nexon မှလည်း ကိုရီးယားဝမ် သန်းနှစ်ထောင် ဆုကြေးရှိ (ဒေါ်လာ ၁.၇ သန်းခန့်) ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ထိုပြိုင်ပွဲများကို KDL ဟုခေါ်ဆိုကြသည်။ ၂၀၁၄ တွင် အခြားနည်းပညာ ကုမ္ပဏီများဖြစ်သော Asus, GIGABYTE တို့မှလည်း ပြိုင်ပွဲများ ကျင်းပပေးကာ ယခုလက်ရှိ ကျင်းပရန်ရှိသော Shanghai Major ပြိုင်ပွဲသည်လည်း ဆုငွေ ဒေါ်လာ ၃ သန်းကျော် စာအုပ်များ၏ ရောင်းချငွေမှ ရရှိနေပြီဖြစ်သည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် Valve သည် The International ထက်သေးငယ်သော ပြိုင်ပွဲလေးများကို နိုင်ငံတကာ မြို့ကြီးများတွင် အဆင့်အတန်းမြင့်မြင့်ကျင်းပရန် စိတ်ကူးခဲ့ကာ The Majors ဟုခေါ်တွင်သော ပြိုင်ပွဲလေးများ ကျင်းပခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲအား Festhalle Frankfurt Major ဟု လူသိများခဲ့သည်။ နောက်ထပ်ပြိုင်ပွဲတစ်ခုကို ၂၀၁၆ မတ်လ ၂ ရက်မှ ၆ ရက်အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး Shanghai Major ဟုလူအများခေါ်ဝေါ်ကြသည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Manila Major ကိုကျင်းပရန် စီစဉ်ထားသည်။

တုံ့ပြန်မှုများ(အဆင့်အတန်း သတ်မှတ်ချက်များ)

မထွက်မီ

စက်တင်ဘာ ၂၀၁၂ တွင် PC GAMER ဟုခေါ်သည့် ဂိမ်းကစားသူအသိုင်းအဝန်းကြီးမှ ဒိုတာ ၂ သည် မယုံကြည်နိုင်လောက်အောင် နက်နဲပြီး ရှုပ်ထွေးသော သဘောတရားများ ပါဝင်သော်လည်း အလွန်ဆော့ကစားရ အဆင်ပြေသည့် ဂိမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမှတ် ၁၀၀ တွင် ၈၅ မှတ်ပေးခဲ့သည်။ မေလ ၂၀၁၃ တွင် ဒိုတာ ၂ သည် အချိန်ပြည့်ကစားသူ ၃၃၀,၀၀၀ ကျော်ရှိလာခဲ့ပြီး Steam ပလက်ဖောင်းပေါ်တွင်ရှိသော ဂိမ်းအားလုံးတွင် ကစားနေသူ အရေအတွက်ထက် ကျော်လွန်သွားခဲ့သည်။ Steam ၏ လူဆော့အများဆုံး ဂိမ်းဆယ်မျိုးတွင် နံပါတ် ၁ ချိတ်ခဲ့ပြီး ၂၀၁၅ ဖေဖော်ဝါရီလတွင် အချိန်ပြည့်ကစားသမား တစ်သန်းကျော်ရှိသွားခဲ့ပြီး ဖြစ်သည်။

ထွက်ပြီး

အွန်လိုင်းပေါ်ရှိ နာမည်ကြီး ဂိမ်းဝေဖန်သုံးသပ်ရေး အသိုင်းအဝန်းတစ်ခုဖြစ်သည့် Metacritic သည် ဒိုတာ ၂ အား နာမည်ကြီး ဝေဖန်ရေးဆရာ ၃၁ ယောက်မှ ဝေဖန် အမှတ်ပေးခဲ့ပြီး အမှတ် ၁၀၀ တွင် ၉၀ မှတ်ရရှိခဲ့သည်။ ဂိမ်းဝေဖန်ရေး ကျွမ်းကျင်သူ Adam Biessener သည် ဒိုတာ ၂ ဂိမ်းအား ၂၀၁၀ ခုနှစ်ကတည်းက တွေ့ရှိခဲ့ပြီး ကောင်းမွန်သဖြင့် ထိုဂိမ်း၏ ကစားပုံကစားနည်းနှင့် ညီမျှမှုစနစ်ကို ဆက်လက်ထိန်းသိမ်းထားတာပါက နောက်ပိုင်းတွင် ကမ္ဘာ့လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း ၂၀၁၀ ထုတ် Game Informer Magazine တွင်ရေးသားခဲ့သည်။

ဝေဖန်သူ Chris Thursten သည် "ဒိုတာ ၂ဂိမ်းရဲ့ ညီမျှအောင်ပြုလုပ်ထားတဲ့အချက်တွေ၊ ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ အချင်းချင်းညီညီညွတ်ညွတ်ဆော့ကစားရပြီး၊ ချိန်သားကိုက်မှုတွေကြောင့် အောင်မြင်လာမှာပါ" ဟုပြောကြားခဲ့သည်။ နာမည်ကြီး နည်းပညာဆိုဒ် IGN မှ Phill Cameron သည် ဒိုတာ ၂ ၏ အခမဲ့ဆော့ကစားနိုင်မှု၊ ပိုက်ဆံပေးသူက နိုင်သောဂိမ်းမဟုတ်မှုတွေကို အလွန်ကြိုက်နှစ်သက်ကြောင်း ထပ်လောင်းပြောကြားခဲ့သေးသည်။

အသုံးပြုသူတွေ၏ ကောင်းမွန်တဲ့အမှတ်ပေးချက်များကြောင့် ဒိုတာ ၂ ဂိမ်းသည် နာမည်ကြီးလာခဲ့သော်လည်း တစ်ဖက်တွင် ကမ္ဘာ့ မယဉ်ကျေးဆုံးဂိမ်းတစ်ခု ဖြစ်လာခဲ့သည်။ ဂိမ်းဆော့ကစားသူ အများစုသည် အသစ်ဆော့ကစားသူတွေကို အနိုင်ကျင့်တတ်ကြသလို၊ အပြစ်တင်တတ်ကြသည်မှလည်း အကြောင်းအရင်းတစ်ခု ဖြစ်သည်။ အသစ်ဆော့ကစားသူများ၏ အခက်အခဲမှာ အခြားသူတွေ၏ ပြစ်တင်မှုခံရခြင်း၊ ဂိမ်း၏ အသေးစိတ်ကို နားမလည်သေးသော အချိန်တွင် အတွေ့အကြုံရှိသော ကစားသမားများမှ ထိုအချက်ကို အခွင့်ကောင်းယူကာ အနိုင်ကျင့်ချင်းနှင့် အလွန်ဆဲဆိုလွန်းခြင်းတို့ဖြစ်သည်။ ထိုအချက်များကြောင့် Metro သတင်းစာတွင် ရုန့်ရင်းကြမ်းတမ်း အဆဲသန်သူများ၏ ဂိမ်းဟူ၍ ဖော်ပြချင်းခံခဲ့ရပေသည်။

ရရှိခဲ့သောဆုများ

ပထမဆုံးအကြိမ် စတင်ထုတ်ဝေချိန်မှာပင် IGN ၏ အသုံးပြုသူများ ရွေးချယ်သောဆုကို ရရှိခဲ့သည်။ ဒီဇင်ဘာ ၂၀၁၂ တွင် PC GAMER ၏ နှစ်တစ်နှစ်အကောင်းဆုံး ဂိမ်းဆုကို ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အွန်လိုင်းဂိမ်းဆုနှင့် ကမ္ဘာ့အကောင်းဆုံး PC ဂိမ်းဆုကိုလည်း ရရှိခဲ့သည်။ ထိုနှစ်တွင်ပင် Game Informer ၏ အကောင်းဆုံးအွန်လိုင်းနည်းဗျူဟာ ဂိမ်းဆုနှင့် အသုံးပြုသူများရွေးချယ်သောဆု နှစ်ဆုကို ရရှိခဲ့သည်။ Game Revolution ၏ ၂၀၁၃ အကောင်းဆုံးဂိမ်း ၂၅ ဂိမ်းတွင် နံပါတ် လေးနေရာ တွင်ချိတ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ ဂိမ်းနှင့်ပတ်သက်သော တက္ကသိုလ်မှ အကောင်းဆုံး ဂိမ်းဒီဇိုင်းနှင့် တည်ဆောက်ပုံဆုကို ပေးအပ်ရန်ရွေးချယ်ခံခဲ့ရသည် (ထိုနှစ်တွင် GTAV ကဆုရရှိခဲ့သည်)။ ၂၀၁၅ ခုနှစ်တွင် ထိုဆုအပြင် ကမ္ဘာ့ဂိမ်းဈေးကွက်တွင် လူကြိုက်အများဆုံးနှင့် ဝင်ငွေအကောင်းဆုံးဆုကို ရရှိခဲ့သည်။

ကိုးကား

ပြင်ပလင့်

Tags:

ဒိုတာ ၂ ဂိမ်းကစားပုံဒိုတာ ၂ ဖွံ့ဖြိုးလာခြင်းဒိုတာ ၂ ထုတ်ဝေခြင်းဒိုတာ ၂ Source 2 အင်ဂျင်သို့ အကူးအပြောင်းဒိုတာ ၂ အဆင်မြင့် ကြေးစားပြိုင်ပွဲများဒိုတာ ၂ တုံ့ပြန်မှုများ(အဆင့်အတန်း သတ်မှတ်ချက်များ)ဒိုတာ ၂ ရရှိခဲ့သောဆုများဒိုတာ ၂ ကိုးကားဒိုတာ ၂ ပြင်ပလင့်ဒိုတာ ၂DotaLinuxWarcraft III: Reign of ChaosWindowsမိုက်ခရိုဆော့ဖ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုလိုနီခေတ်ခုနစ်နေ့ဘုရားရှိခိုးမြန်မာ့သမိုင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘုရားပင့်ဘိုးမင်းခေါင်ဖက်ဒရယ်ပြည်ထောင်စုစနစ်နှစ်ကျိပ်ရှစ်ဆူမူဆယ်မြို့ကိုယ်ဝန်ဖျက်ချခြင်းမာရ်ငါးပါးဖော်ကာထိုင်းနိုင်ငံ၏ ခရိုင်များစတုမဟာရာဇ်နတ်မင်းကြီးလေးပါးမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအေကေ-၄၇အပြင် ၃၇ မင်းအမေနေ့ထေရဝါဒဆယ်ပါးသီလပါဠိပဋ္ဌာန်းအသုဘကမ္မဋ္ဌာန်းဩကာသ ဘုရားရှိခိုးကမ္ဘာ့အလုပ်သမားနေ့မီးခြစ်တက္ကသိုလ်ဘုန်းနိုင်စိုင်းထီးဆိုင်ဖားကန့်မြို့ကိုယ်ဝန်ဆောင်ခြင်းဒိုက်ဦးမြို့ဥပုသ်မြေထဲပင်လယ်မယ်လမုစေတီတော်တစ်သောင်းကျပ်တန် ငွေစက္ကူသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)နာမဝိသေသနမဲဆောက်မြို့ဦးပုညဝတ်မှုန်ရွှေရည်သီပေါနယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများပွေး(တိရစ္ဆာန်)ဗီယက်နမ်စစ်ပွဲဗေဒင်ပီလောပီနံမင်းသိင်္ခမြန်မာ့ မီးရထားတောင်ငူမြို့ဗုဒ္ဓဘာသာနော်ဝေနိုင်ငံကွန်ပျူတာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနSnaptubeသမ္ဗုဒ္ဓေမြန်မာသဒ္ဒါညောင်ရမ်းမင်းဆက်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေရေးမြို့သခင်ကိုယ်တော်မှိုင်းကလေးမြို့သရအမွေဉာဏ်တုဝိနည်းစစ်တက္ကသိုလ် (ပြင်ဦးလွင်)ဓာရဏပရိတ်ကံမိုးဟေကိုမလေးရှားနိုင်ငံတိရစ္ဆာန်ချောင်းသာကမ်းခြေပြည်ထဲရေး ဝန်ကြီးဌာနဗမာလူမျိုးညောင်ရေသွန်းပွဲသင်္ချာ🡆 More