သူပြောင်လျှင် ခေါင်ကွန့်လို့ချီ ကိုယ်ရည်သွေး တေးထပ်ရေးသူ စလေဆရာကြီး ဦးပုညသည် ရတု။ ရကန်၊ အဲ၊ အန်၊ မော်ကွန်းတို့ကို စီကုံးဖွဲ့နွဲ့ရာ၌ နေလအလား အလွန်ထင်ရှား၍ ကျော်ကြားသော ကဗျာ့ဝိဒူ ပါရဂူမြောက် ချီးပလောက်သော ပုဂ္ဂိုလ်ကြီး ဖြစ်လေသည်။
ဦးပုညသည် မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာနှစ် ၁၁၇၄-ခု၊ ဝါခေါင်လဆန်း ၁၃ ရက် ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၁၂ ခု ဩဂုတ်လ ၂၀ရက်) ဖွားမြင်၍ ငယ်စဉ်က သာယာဝတီမင်းတရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။
အရပ်မနိမ့်လွန်း၊ မမြင့်လွန်း၊ ခပ်ပြတ်ပြတ်၊ အသားလတ်လတ် ရှိလေသည်။ တနည်း အသားညိုညို၊ အရပ်မြင့်မြင့် နှာတံစင်းစင်း၊ နဖူးထင်ရင်း ကျယ်ကျယ် ရှိသည်ဟုလည်း ဆိုကြသည်။ ညာဘက်လက်ကောက်ဝတ်မှ လက်သန်းဖျားအထိ သိမ်၍ လက်သန်းနှင့် လက်သူကြွယ်မှာ အောက်သို့ ခတ်ကောက်ကောက် ရှိ၏။ ရေးရာသားရာတို့၌ ပုရပိုက်ကို ထောင်လိုက်ထား၍ ဘယ်လက်နှင့် ရေးတတ်မှတ်တတ်လေသည်။ သို့ဖြင့်လင့်ကစား လက်ရေးလှသည်။ လက်ရေးလည်း မြန်ဆန်လေသည်။ ၎င်းအပြင် ဆေးလိပ်အလွန်ကြိုက်တတ်သည်။ ဆေးတလိပ် ကုန်အောင်သောက်ရမှ ပုရပိုက်ကိုချ၍ စာများကို ရေးတတ်လေ့ရှိသည်ဟူ၍ ဆိုစမှတ်ပြုကြလေသတည်း။
၁၂၀၃-ခုနှစ်တွင် လူဝတ်လဲ၍ သာယာဝတီမင်းနှင့် ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့သည်။ ရန်ကုန်၌ ခေတ္တနေပြီးနောက် အမရပူရမြို့၊ ဗန်းမော်တိုက်၊ ဗန်းမော်ဆရာတော်ထံ ၌ သာမဏေပြုပြန်သည်။ အမရပူရမြို့ ဗန်းမော်တိုက်မှာပင် ပြန်လည်သီတင်းသုံးပြီးလျှင် တရားစာ၊ မေတ္တာစာများကို စတင်ရေးသားလေသည်။ ၁၂၁ဝ-ပြည့်နှစ်တွင် လူထွက်ခဲ့၍ ကနောင်မင်းသားထံတွင် ခစားရသည်။ ၁၂၁၆-ခုလောက်တွင်စလေမြို့ သူကြီးရာထူးကို သူကြီးဟောင်း မောင်ကြူနှင့် အပြိုင်လုသည်။ သာသနာပိုင်ဦးဉေယျစစ်ဆေးရာ ဦးပုညသည်သာ သူကြီးရိုးမှန်ကြောင်း ဆုံးဖြတ်ကာ အနိုင်ရသည် ဟုဆိုကြသည်။ သက္ကရာဇ် ၁၂၁၈-ခုခန့်တွင် ဗန်းမော်ဆရာတော်၏ အရှိန်အဝါဖြင့် နန်းတွင်းသို့ ရောက်ပြန်သည်။ မင်းလှသင်္ခယာ ဘွဲ့ဖြင့် လက်ဖက်ရည်တော်တွင် အမှုထမ်းရသည်။
မင်းတုန်းမင်းတရားကြီး ရတနာပုံ မန္တလေးမြို့၌ စိုးစံတော်မူသောအခါတွင် စလေဆရာကြီး ဦးပုညအား စာဆိုတော်အရာ `မင်းလှသင်္ခယာ´ဟူသောဘွဲ့ဖြင့် ရွာစည်ရွာကို ပေးသနားတော်မူသည်။ လစာတော်ငွေ တစ်နှစ်လျှင် ဒေါင်းဒင်္ဂါး ၆၀၀-ကျပ်နှင့် ဝင်း၊ မြေ၊ နေအိမ် ဆောက်လုပ်သနားတော်မူခြင်းလည်း ခံရသည်။
၁၂၂၈-ခုနှစ် မြင်ကွန်း မြင်းခုံတိုင်အရေးအခင်းတွင် အခါပေးဖြစ်သည်ဟု ဆို၍ မြို့ဝန်ဦးသာအိုးထံတွင် အကျယ်ချုပ်ထားရာမှ ဦးသာအိုး၏မယားငယ် ခင်သုန်နှင့် ရည်ငံသောကြောင့် ၁၂၂၉ ခုနှစ်နယုန်လတွင် ပုန်ကန်မှုနှင့် အဆုံးစီရင်ရာတွင် ဦးသာအိုးက ဦးပုည (အသက်-၅၅ နှစ်)ကိုပါ ထည့်၍ အဆုံးစီရင်လိုက်သည်။ မင်းတရားကြီး သိသောအခါ “လူကိုခွေးသတ်လေခြင်း” ဟု မိန့်တော်မူ၍ လွန်စွာနှမြော တသတော်မူကာ မိန့်တော်မူသည်ဟုအဆိုရှိသည်။
စလေဦးပုညသည် ဦးသာအိုး ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးရသည် ဟူ၍ လူသိများလေသည်။ အမျိုးသားပညာဝန် ဦးဖိုးကျားနှင့် ပညာအုပ် ဦးဖိုးစိန် စသူတို့၏ စာအုပ်စာတမ်းများတွင်လည်း ဤအတိုင်း ရေးသားကြလေသဖြင့် အထက်ပါ အကြောင်းအရာသည် ခိုင်မာတည်မြဲ နေလေသည်။ သို့သော် ၁၉၃၂ ခုနှစ်တွင် စာရေးဆရာ မဟာဆွေသည် မင်းတုန်းမင်း လက်ထက်ထုတ် "ရတနာပုံ နေပြည်တော်သတင်းစာ" တွင် အမှုထမ်းခဲ့သူ ဘိုးဝဇီရ ကို တွေ့ဆုံမေးမြန်းကာ " ဘိုးဝဇီအတ္ထုပ္ပတ္တိ " စာတစ်အုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ်ထဲတွင် ဦးပုည အဆုံးစီရင်ခံရပုံနှင့် စပ်လျဉ်း၍ ဘိုးဝဇီရ ပြောသော အချက်တစ်ချက်ပါလေသည်။ ထိုအချက်ကား အခြား မဟုတ်။ ဘိုးဝဇီရသည် ဦးသာအိုး၏ သားဖြစ်သူ မောင်မောင်လေးအား ပညာသင်ကြားပေးရသည် ကို အကြောင်းပြု၍ ဦးသာအိုး နှင့် ခင်မင်ခဲ့လေသည်။ တနေ့သော် ဦးသာအိုး၏ အိမ်သို့ သူရောက်၍ " နေပါဦး ဘဘ ရဲ့။ စလေဆရာကြီး ဦးပုညကို ဘဘ ကွပ်မျက်တယ် ဆို" ဟု ဦးသာအိုးကို မေးကြည့်လေသည်။ ထိုအခါ ဦးသာအိုးက" အိမ်း .. ဘဘ က ကံမကောင်းချင်တော့ ဒီလို အစွပ်အစွဲ ခံရတာပါပဲကွယ်၊ ဘဘက မြို့ဝန်ပေကိုး။ စင်စစ်မတော့ တပယ်မင်းသား အမိန့် နဲ့ လက်မရွံ့တို့ သတ်တာပါပဲ။ မင်းတရားကြီး မကျေနပ်မှန်းသိလို့ ဘဘ အပေါ်လှည့်ချထားတော့ မင်းသားကိုလည်း မစွပ်စွဲဝံ့လို့ သည်အတိုင်း နေရတာပါပဲ" ဟု ဖြေခဲ့လေသည်။
စလေဦးပုည၏ ဖွားရာဇာတိမှာ စလေမြို့ဖြစ်ပြီး စလေမြို့၌ သူကြီးမျိုးရိုးနှစ်မျိုးရှိရာတွင် မဟာသမန်းရိုးမျိုး မဟုတ် ပုညာသမန်းရိုးမျိုး ဖြစ်လေသည်။ ခမည်းတော်ကား ဦးမြတ်ထွား၊ မယ်တော်ကား ဒေါ်မိန်းကလေးဟု ခေါ်လေသည်။ ၎င်းတို့မှ သားနှစ်ယောက်ဘွားမြင်ရာ သားအကြီးမှာ ဦးပုည ပင်တည်း။ ငယ်မည်မှာ (မောင်ပုတ်စည်)ဟု ခေါ်သည်။ သားအငယ်မှာ မောင်လှိုင်းဟု ခေါ်သည်။ ဦးပုညသည် ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတရားကြီး လက်ထက်တော် သက္ကရာဇ် ၁၁၇၃-ခုနှစ်၊ ကြာသပတေးနေ့တွင် ဘွားမြင်လေသည်။ သက္ကရာဇ် ၁၁၈၈-ခု၊ အသက် (၁၅)နှစ် ရောက်သော် သာသနာတော်တွင် ရှင်သာမဏေပြု၍ သင်ကြားတတ်မြောက်သင့်သော ပညာရပ်များကို ကောင်းမွန်စွာ သင်ကြားပြီးလျှင် သက္ကရာဇ် ၁၂၂၃-ခုနှစ်၊ သာမဏေဝါ (၃၅)ဝါအရတွင် မိမိအလိုအလျှောက် လူဝတ်လဲ၍ ဘုရင်မင်းမြတ် အပါးတော်မှာ ခစားထမ်းရွက်လေရာ ဘုရင်မင်းမြတ် အားရနှစ်သက်တော် မူသဖြင့် လက်ဘက်ရည်တော် ပခန်းကြီးမြို့ စီရင်စု၊ ရွာစည်ရွာစားအရာ၊ မင်းလှသီရိသင်္ခယာ ဟူသော ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်တော်မူသည့်ပြင် တစ်နှစ်လျှင် လစာရန်ပုံငွေ (၆၀၀)ကျပ်နှင့်တကွ ဝင်းခြံမြေ အိမ်များပါ ဆောက်လုပ်၍ အသနားတော်မြတ် ခံရလေသည်။ ထို့နောက် သက္ကရာဇ် ၁၂၃၁-ခု၊ အသက် (၅၈)နှစ်အရွယ်တွင် အပြစ်အလျှောက် အကျဉ်းထားရာတွင် ဘဝတပါးသို့ ပြောင်းကာ ကွယ်လွန်လေသည်။
ထိုစာနှစ်အုပ်ပါ အချက်ကို ထောက်ခံသော စာတစ်အုပ် ဖော်ပြစရာ ရှိပါသေးသည်။ ထိုစာအုပ်ကို မန္တလေး ရတနာပုံခေတ်တွင် ဂျိမ်းဂျော့စကော့ ဆိုသူ ပုဂ္ဂိုလ်က ရေးထုတ်လေသဖြင့် အချိန်ကာလချင်း နီးစပ်နီးကပ်နေလေသည်။ ဂျိမ်းဂျော့စကော့သည် ၁၈၇၆ ခုနှစ်လောက်တွင် ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး စိန်ဂျွန်း (ဆရာမတ်) ကျောင်းတွင် ဆရာအဖြစ်လည်းကောင်း၊ သတင်းထောက်အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့လေသည်။ သူသည် မြန်မာစကား၊ မြန်မာမှုကို ကျွမ်းကျင်၏။ မန္တလေးသို့ အရောက်ပေါက် ရှိ၏။ ၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်တွင်ကား သူ့အတွေ့ကြုံများ ကို စုစည်းလျက် " ရွှေရိုး " ကလောင်အမည် ခံယူ၍ The Burman, His Life and Notions အမည်ဖြင့် နှစ်တွဲပေါင်း စာအုပ် ရေးထုတ်ခဲ့လေသည်။ ထိုစာအုပ် ပထမတွဲ စာမျက်နှာ ၂၉၂ တွင် ပါရှိသည်မှာ "ဦးပုညသည် နာမည် အကြီးဆုံး ခေတ်ပေါ်စာရေးဆရာ ဖြစ်၏။ သူ့ကို ယခင်မင်းလက်ထက်တွင် တပယ်မင်းသားက အဆုံးစီရင် ခဲ့လေသည်။" ဟူ၍ ဖြစ်သည်။
ယိုးဒယားနိုင် မော်ကွန်း၊ ရတနာနဒီ မော်ကွန်း၊ သဒ္ဒါပုဒ်ဆစ်လင်္ကာ၊ မဉ္ဇူသက သတ်ပုံ၊ ဗေဒင်ဟောနည်း၊ ရကန်၊ ရတုအမျိုးမျိုး၊ လေးဆစ်အမျိုးမျိုး၊ လှေချင်းအမျိုးမျိုး၊ တေးထပ်အမျိုးမျိုး၊ ဒုံးချင်းအမျိုးမျိုး၊ ဗုံရှည်သံအမျိုးမျိုး၊ ပြဇာတ်များ၊ ဟောစာများ၊ မေတ္တာစာများ၊ သာသနာလျှောက် အမျိုးမျိုး၊ ရေစက်ချ အမျိုးမျိုး၊ ဆွမ်းတော်ကြီးတင် စာတမ်းအမျိုးမျိုး၊ ဖိတ်စာအမျိုးမျိုး၊ ငိုချင်းအများမပြား ရေးသားခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဦးပုည, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.