ဆားနပ်မြို့သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်၊ ဗာရာဏသီမြို့၏ အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာအကွာ၊ ဂင်္ဂါမြစ်နှင့် ဂုမ္မတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည်။ ဆားနပ်မြို့ရှိ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃) ခု၊ ဝါဆိုလပြည့်တွင် ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့သည်။
Abhinav Abhinav Sārnātha, Mrigadava, Migadāya, Rishipattana, Isipatana | |
---|---|
မြို့ | |
ဓမ္မစက္ကစေတီ၊ ဆားနပ်မြို့ | |
ကိုဩဒိနိတ်: 25°22′52″N 83°01′17″E / 25.3811°N 83.0214°E | |
နိုင်ငံ | အိန္ဒိယ |
ပြည်နယ် | ဥတ္တရပဒေသပြည်နယ် |
ဘာသာစကားများ | |
• ရုံးသုံး | ဟင်ဒီ |
အချိန်ဇုန် | အိန္ဒိယစံတော်ချိန် (UTC+၅:၃၀) |
မိဂဒါဝုန်ဆိုသည်မှာ သားသမင်အပေါင်းတို့အား ဘေးမဲ့ပေးထားရာ တောကြီးဖြစ်သည်။ ဣသိပတနဟု အမည်ရသည်မှာ ဘုရား ပစ္စေကဗုဒ္ဓါအရိယာထေရ်ရှင်တို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့် ဖြစ်သည်။
မိဂဒါဝုန်တောကြီး၌ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်လုဆဲ အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ ဒေသနာတော်ကို တရားဦး ဟောတော်မူခဲ့သည်။ ထိုသို့ဟောခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၂၅၅ဝ ကျော်ခဲ့လေပြီ။
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင် ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ယင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင် ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည်နောက် နှစ်ပေါင်း ၂၅ဝ ခန့်တွင် သာသနာ့ဒါယကာဖြစ်တော်မူသော သီရိဓမ္မာ သောကမင်း ကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့် ဒေသများသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရဖြစ်စေရန် သာသနိက အဆောက် အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအဆောက်အအုံများ အနက် မိဂဒါဝုန်တော၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့် နေရာတွင် တည်ထားသော ဓမ္မေခစေတီတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစေတီတော်ကြီးမှာ ပျက်စီးယိုယွန်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာဏ်တော်ပေ ၁၅ဝ ခန့် မြင့်မားလျက်ပင် ရှိသေးသည်။ စေတီတော်ကြီး၏ အပေါ်ပိုင်း သည် ဝိုင်း၍ ထိပ်တွင်ခုံး၍နေသည်။ အောက်ပိုင်းတွင်ကား ရှစ် ထောင့်သဏ္ဌာန်ရှိ၍ အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက်ဖြင့် တည်ထားသည်။
မိဂဒါဝုန်တောကို ယခုခေတ်တွင် ဆားနပ် ဟု ခေါ်သည်။ ဗာရာဏသီမြို့မှ မြောက်ဘက် ၆ မိုင်ခန့် အကွာတွင် ဆားနပ် ခေါ် မိဂဒါဝုန်တောတန်းရှိသည်။ ကာလကတ္တားမြို့မှ ဂါယာမြို့သို့ မီးရထားဖြင့် သွားရာတွင် ၂၉၂ မိုင်ဝေး၍တစ်ဖန် ဂါယာမှ ဗာရာဏသီမြို့သို့ ၁၂၉ မိုင်ဝေးသည်။ ဗာရာဏသီမြို့မှ မိဂဒါဝုန်တောသို့ ၆ မိုင်ဝေးသော ခရီးကို မြင်းလှည်းဖြင့်ဖြစ်စေ၊ တက္ကစီမော်တော်ကားဖြင့်ဖြစ်စေ သွားနိုင်သည်။ မိဂဒါဝုန်သို့ မရောက်မီ ၂ ဖာလုံခန့်အလို၊ လက်ဝဲဘက်တောင်ပူစာတစ်ခုပေါ် တွင် ချောက်ခဏ္ဍီစေတီခေါ် စေတီတစ်ဆူကိုတွေ့ရသည်။ ထိုစေတီနေရာကား ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။
ဗုဒ္ဓဘာသာဝင်များအဖို့ ဆားနပ်မြို့ (သို့မဟုတ် ဣသိပတန မိဂဒါဝုန်) သည် ထူးမြတ်သော သံဝေဇနိယ လေးဌာနတွင် အပါအဝင်ဖြစ်လေသည်။ အခြားသုံးနေရာမှာ ကုသိနာရုံပြည်၊ ဗုဒ္ဓဂါယာနှင့် လုမ္ဗိနီတို့ ဖြစ်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article မိဂဒါဝုန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.