ဘဝင်စိတ်ဟူသည်-
(၁) ဘဝဟူသောအစိတ် အပိုင်း၊ ဘဝ၌ထည့်သွင်း ရေတွက်အပ်သော အစိတ်အပိုင်းတရားစု။ (ဤ၌ ကမ္မဝဋ် ဝိပါကဝဋ် ၂-မျိုးကို ဘဝ၌ ထည့်သွင်းရေတွက်အပ်သော, ဘဝ၌ တစိတ်တပိုင်း ပါဝင်နေသော တရားစုဖြစ်သောကြောင့် “ဘဝင်္ဂ” ဟု ခေါ်သည်။)
(၂) ဘဝ၏အကြောင်း ဘဝမပြတ်အောင် ဆက်စပ်ပေးသောစိတ်၊ ဘဝင်။ (ကိလေသဝဋ်ကိုလည်း ဘဝ၏ အကြောင်း ဖြစ်သောကြောင့် ဘဝင်္ဂဟုပင် ဆိုသည်။ ဝီထိစိတ်ပြတ်သည့်အခါ ဘဝင် စိတ်များ ဆက်လက်မဖြစ်ပေါ်လျှင် စုတေ ရပေလိမ့်မည်။ ဝီထိစိတ်များ ပြတ်သည့်အခါတိုင်း ဘဝင်စိတ်များ ဆက်လက် ဖြစ်ပေါ် လာ၍သာ ဘဝဆက်လျက် အသက်မသေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဘဝင်စိတ်များကို ဘဝ၏ အကြောင်းဖြစ်သောစိတ်, ဘဝမပြတ်အောင် ဆက်စပ်ပေးသောစိတ်ဟု ဆိုရသည်။ ယင်း ဘဝင်စိတ်များသည်အကြိမ်ပေါင်းများစွာ မြစ်ရေအလျဉ် စီးသကဲ့သို့ဖြစ် နေကြသည်။
အရေအတွက်အားဖြင့် ကာမဘဝင် ၁၀, ရူပ ဘဝင် ၅-ခု အရူပဘဝင် ၄-ခု ပေါင်း ၁၉-ပါး ရှိသည်။ သင်္ဂဟ၊၃၊၂၀။ ကာမဘဝင် ၁၀-သည် ကာမပစ္စုပ္ပန်ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ ရူပဘဝင် ၅-ခုသည် ရူပပစ္စုပ္ပန်ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ အရူပဘဝင် ၄-ခုသည် အရူပပစ္စုပ္ပန်ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။ အသညသတ် ဘုံ၌ကား ဇီဝိတနဝကကလာပ်ရုပ်သည်ပင် ဘဝင်ကိစ္စတပ်သည်။ ယင်း ဇီဝိဘနဝက-ကလာပ်ရုပ်ဘဝင်က အသညသတ်ပစ္စုပ္ပန် ဘဝကို အဆက်မပြတ်အောင် ဆက်စပ်ပေးသည်။
သတ္တဝါများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အခါ ဘဝင်စိတ်များ ဖြစ်နေကြသည်။ အိပ်မက် မက်သည့်အခါ၌ကား ဘဝင်စိတ် များဖြင့် အိပ်မက်မက်သည်မဟုတ်။
ဝီထိစိတ်များ မဖြစ်သည့်အခါ၌ ဘဝင်စိတ်များချည်း ပင်ကိုယ်အားဖြင့် ဖြစ် နေသောကြောင့် ဘဝင်စိတ်များကို ပကတိစိတ် = ပင်ကိုယ်စိတ်ဟုလည်း ခေါ်ဝေါ်သုံးစွဲသည်။
ဘဝသစ်ဖြစ်ပေါ်ရာ၌ အစဆုံး ဖြစ်ရသည့် ပဋိသန္ဓေစိတ်သည် အရေးအကြီးဆုံး ဖြစ်သည်၊ ဖြစ်ပေါ်လာသည့်ဘဝကုန်ဆုံးသည် အထိ အသက်ရှင်သန် တိုးတက်ရပ်တည်နေထိုင်နိုင်ရေးအတွက် ဘဝင်စိတ်များသည် မရှိမဖြစ်အရေးကြီးဆုံးအင်္ဂါ အစိတ်အပိုင်းများ ဖြစ်ကြသည်၊ ထို့ကြောင့် ဘဝင်စိတ်များကို ဥပပတ္တိဘဝ၏ သရီရ = ခန္ဓာကိုယ်ဟုလည်း ဆိုရသည်။
တဘဝတည်း၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်ဟူသည် စိတ်တခုတည်းသာ ဖြစ်သည်၊ သီးခြားတခုစီမဟုတ်။ တိရစ္ဆာန် ပဋိသန္ဓေစိတ်သည် အကုသလဝိပါက် ဥပေက္ခာသန္တီရဏဖြစ်သည်၊ ယင်း စိတ်သည်ပင် ပဝတ္တိအခါ၌ ဘဝင်ကိစ္စတပ်၍ ဖြစ်သည်၊ သေလွန်သောအခါ၌ စုတိကိစ္စတပ်၍ ဖြစ်ရသည်။ ထို့ကြောင့် ဘဝင်စိတ်ဖြင့် စုတေသေ လွန်သည်ဟု သုံးစွဲရာ၌ သဒိသူပစာအားဖြင့် ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်ပေသည်၊ မုချစကားမဟုတ်။
သုဝဏ္ဏသျှံမြားမှန်၍ ထွက်သက်ဝင်သက်ပြတ် အသက်ရှူရပ်နေသည့်အခါ၌ ဘဝင်စိတ်များ ဖြစ်နေကြသည်။
ဘဝင်စိတ်ကို ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော (ပဘဿရ)စိတ်ဟူ၍(အံ၊၁၊၉-၌) ဟောတော်မူသည်။ ညစ်ညမ်းစေနိုင်သော ဥပက္ကိလေသမရှိသည့်အတွက် ဘဝင်စိတ်ဟူသမျှ ပဘဿရ မည်ရကြောင်း(အံ၊ဋ္ဌ၊၁၊၄၆-၌)ဖွင့်ပြသည်။
ဘဝင်စိတ်ကလည်း နာမ်တရားမျှသာ ဖြစ်ခြင်းကြောင့် ယင်းဘဝင်စိတ်၌ကား အရောင်အလင်း မရှိပေ။ ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နေသော ယင်းဘဝင်စိတ်သည်လည်း စိတ္တဇရုပ် ကလာပ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်းဘဝင်စိတ်တို့ကြောင့် ဖြစ်သွားကြသော စိတ္တဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ပါဝင်လျက်ရှိ၏၊ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်က အာနုဘော်ကြီးလျှင် ကြီးသလို ယင်းဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (= တောက်ပသည်သာ)ဖြစ်၏၊ တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တေဇောဓာတ်ပါဝင်လျက် ရှိ၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ဖြစ်စေပြန်၏၊ ယင်းဥတုဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ) ပါဝင်ပြန်၏၊ ယင်း ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (=တောက်ပသော ရူပါရုံသာ) ဖြစ်၏၊ ဘဝင်စိတ်နှင့် ယှဉ်နေသော ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို တောက်ပသည်သာ ဖြစ်၏၊ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်ကြသော စိတ္တဇရုပ်ကလာပ်တို့၏ ရူပါရုံနှင့် ထိုမှ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ဥတုဇရုပ်ကလာပ်တို့၏ ရူပါရုံ - ဤနှစ်မျိုး ကုန်သော ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်အဆင်း၏ တောက်ပမှုကို ရည်ရွယ်တော်မူကာ ဘုရားရှင်က –ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ = ရဟန်းတို့ ... ဤဘဝင်စိတ်သည် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏ - ဟု ဟောကြားတော်မူခြင်း ဖြစ်၏၊ အဋ္ဌကထာ ဋီကာတို့ကလည်း ဤဒေသနာတော်သည် ပရိယာယကထာ (= အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် တင်စား၍ ဟောကြားထားတော်မူအပ်သော ဒေသနာတော်) ဖြစ်ကြောင်းကို ရှင်းပြထားတော်မူကြ၏၊
ဤရှင်းလင်းချက်များအရ ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ ဘဝင်စိတ်ကြောင့်ဖြစ်သော အကျိုးရုပ်တရား တို့၌သာ အရောင်အလင်း ရှိသည်ဟု မှတ်ပါ။ ဤ၌လည်း အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဘဝင်စိတ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဘဝင်စိတ်မှာ အရောင်ရှိသည်ဟု ပြောဆိုသော ဖလူပစာရစကား သို့မဟုတ် ကာရဏူပစာရစကားဟု မှတ်ပါ။ ယင်းဘဝင်စိတ်ကို အခြေခံကာ ဖြစ်ပေါ်လာ ကြသည့် ယင်းရူပါရုံတို့၏ အရောင်အလင်းမှာ ကြည်လင်တောက်ပမှုက များပြားနေသဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။
ဈာန်မှ ထသည့်အခါ ဘဝင်စိတ်များ ဖြစ်ကြသည်၊ ဘဝင်စိတ်ဖြင့် ဈာန်အားလုံးမှ ထရသောကြောင့် ဘဝင်စိတ်ကို “ဝုဋ္ဌာန”ဟုလည်း ဟောတော်မူသည်၊ ။
ပဋ္ဌာန်း (အဘိ၊၁၀၊၄၂-၃ ၌) “” စသည်ဖြင့် ဟောတော်မူထား၏။ သဟိတ်ဘဝင်စိတ် အစစ်သည် သဟိတ်ပုဂ္ဂိုလ်များအားသာ ဖြစ်နိုင်၏၊ အဟိတ်တိရစ္ဆာန်များအား မဖြစ်နိုင်။ (သဟိတ်ပုဂ္ဂိုလ်တို့အား အဟိတ်ဘဝင်ဖြစ်လျှင် အာဂန္တုကဘဝင်ကိစ္စတပ်၍သာ ဖြစ်ခွင့်ရှိ၏။) အဟိတ်ဘဝင်အစစ်သည် အဟိတ် ပုဂ္ဂိုလ်များအားသာ ဖြစ်နိုင်၏၊ သဟိတ် ပုဂ္ဂိုလ်များအား မဖြစ်နိုင်။ အနန္တရပစ္စည်း ဟူသည်လည်း ရှေ့နောက်ဆက်နေမှသာ ကျေးဇူးပြု၏။ နာမ်တရားတခု နှစ်ခုစသည် ခြားရာ၌ ကျေးဇူးမပြု။ ပုဂ္ဂိုလ်သန္တာန် ကွဲပြားရာ၌ အနန္တရပစ္စည်းဖြင့် ကျေးဇူးမပြုသည်မှာကား ဆိုဖွယ်ရာမရှိပြီ။ ထို့ကြောင့် ပဋ္ဌာန်းပါဠိတော်၌ တဒါရုံကိုပင် “သဟိတ် ဘဝင်, အဟိတ်ဘဝင်” အမည်တပ်၍ ဟောထားသည်ဟု မှတ်ရမည်။ အာဂန္တုက အဟိတ်ဘဝင်က မူလသဟိတ်ဘဝင်အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုသည့် နေရာလည်း ရှိ၏။ ဘဝင်ကျရာဌာန ၆-မျိုးကို ဘဝင်္ဂဋ္ဌာန ကြည့်။
(ဘဝင်ဌာန ၆-မျိုး-ပဋိသန္ဓေနှင့် အာဝဇ္ဇန်းအကြားတစ်ဌာန၊ တဒါရုံနှင့် အာဝဇ္ဇန်းအကြား တဌာန၊ တဒါရုံနှင့် အာဝဇ္ဇန်းအကြားတဌာန၊ ဝုဋ္ဌောနှင့် အာဝဇ္ဇန်းအကြား တဌာန၊ ရံခါဇောနှင့် စုတိအကြား တဌာန၊ တဒါရုံ နှင့် စုတိအကြားတဌာန။) တဒါရမ္မဏစုတိနဉ္စ အန္တရာ ဘဝင်္ဂဋ္ဌာနံ။
This article uses material from the Wikipedia မြန်မာဘာသာ article ဘဝင်စိတ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.