၁။ စံတော်မီဝိသေသလက္ခဏာ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ရှင်ပေါလုရေးသားသော ဩဝါဒစာများသည် ကြီးကျယ်၍ အရေးကြီးသောမြို့များသို့ ပေးပို့သည်။ ရောမ၊ ကောရိန္သု၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲအသင်းတော်များသည် ထိုဩဝါဒစာများကြောင့် ပိုမိုကြီးထွား ရင့်သန်လာကြသည်။ ဖော်ပြပါအသင်းတော်များသည် ထိုအချိန်ကာလ၌ ရှိခဲ့ကြသော်လည်း ကနဦးအသင်းတော်သမိုင်းတွင် ထင်ရှားပေါ်လွင်ခြင်း မရှိပါ။ ထိုနည်းတူ ကောလောသဲအသင်းတော်သည် မထင်ရှားခဲ့သော်လည်း ဤဩဝါဒစာစောင်အားဖြင့် နှောင်းလူများ အတွက် ထင်ရှားလူသိများလာသည်။
ထိုအရပ်တွင် ထင်ရှားခြင်း မရှိသော်လည်း တမန်တော်ကြီးရေးသော စာစောင်ပါ အကြောင်းအရာသည် များစွာ အရေးကြီးသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်း(၁)၊ ဟေဗြဲဩဝါဒစာအခန်း(၁)နှင့် ကောလောသဲဩဝါဒစာ အခန်း(၁) တို့သည် ယေရှုခရစ်တော်၏ ဇာတိတော်ကို အံ့ဩဖွယ်အကောင်းဆုံး ဖော်ထုတ်ချက်များ ဖြစ်သည်။ ဤအယူဝါဒသည် ခရစ်ယာန်တို့၏ အခြေခံယုံကြည်ခြင်းတရားဖြစ်သည်။ ထိုတရား၏ တန်ဖိုးကို မည်သူကမှ မထိပါးနိုင်။
ဤစာစောင်တွင် ဆက်ဆံရေးလမ်းညွှန်ချက်၊ ဘာသာရေးအယူအဆနှင့် ခရစ်သက်အသက်တာများ ပြည့်နှက်စွာ ပါရှိသည်။
၂။ ကျမ်းရေးသူ
(၁၉)ရာစုနှစ်တိုင်အောင် ရှင်ပေါလုလက်ရာဖြစ်ကြောင်း လက်ခံကြသောကျမ်းစာဖြစ်သည်။ ပြင်ပန်းလက္ခဏာ ကြည့်ခြင်းဖြင့် မေးခွန်းထုတ်စရာ မလိုအောင် ခိုင်မာသည်။ ရှင်ပေါလုလက်ရာဖြစ်ကြောင်း Ignatius, Justin Martyr, Theophilus of Antioch, Irenaeus, Clement of Alexandria, Tertullian နှင့် Origen များကလည်း မကြာခဏ ကိုးကားထောက်ဆိုကြသည်။ Marcion နှင့် Muratori ကလည်း လက်ခံကြမည်။
အတွင်းစာသားတွင်လည်း စာရေးသူ၏နာမည် ပေါလုဟု (၃)ကြိမ်တိုင်တိုင် (၁:၁-၂၃၊ ၄:၂၈)တွင် ဖော်ပြထားသည်။ အကြောင်းအရာပါ အချက်အလက်များနှင့်လည်း ကိုက်ညီသည်။ ကျမ်းစာပါ အယူအဆကလည်း ရှင်ပေါလု ခြေရာစွတ် ကြောင်း ဖြစ်သည်။ ဆွဲဆောင်မှုအကောင်းဆုံးအချက်မှာ ဖိလေမုန်နှင့် ဆက်စပ်နှီးနွယ်ခြင်းဖြစ်သည်။ တိုတောင်းသော ဤစာတွင် (၅)ကြိမ်တိုင်တိုင် ကောလောသဲအကြောင်း ပါရှိသည်။ ရိနုန်ကို ဖိလေမုန်ကဲ့သို့ အထင်ကြီးသော်လည်း ကောလောသဲအကြောင်းအား တွေးပူမိသည်။
ပေါလု လက်ရာမဟုတ်ကြောင်း ပြောကွက်မှာ ခရစ်တော်သီအိုရီနှင့် မိစ္ဆာဒိဌိများအပေါ်တွင်သုံးသော ဝေါဟာရ အသုံးအနှုန်းဖြစ်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ပထမဆုံးအချက်မှာ ဤကျမ်းစာတွင် သုံးနှုန်းသောစကားလုံးများသည် ပေါလု၏ စိတ်ကြိုက်ဝေါဟာရများဖြစ်သည်။ ဗြိတိန်ကျမ်းစာပညာရှင် Salmon ကမူ ”မည်သို့ပင်လက်ရည်သွေး၍ ရေးသားစေကာမူ မူလဟန်ပန်မပျောက် အရိပ်လက္ခဏာကျန်ရှိနေသည်” ဟုဆိုသည်။ ကောလောသဲကျမ်းတွင် ပါဝင်သော ခရစ်တော်ထေရုပတ္တိသည် ဖိလိပ္ပိ၊ ယောဟန်များနှင့် တသားတည်းရှိသည်။ ခရစ်တော်၏ဇာတိတော်အကြောင်း ပြောင်းလဲချင် သူများမှာ (၂)ရာစုအတွင်းရှိ ရုပ်တု၊ ဆင်းတု ဝါဒီများသာဖြစ်သည်။
စကော့တလန်ကျမ်းစာပညာရှင် Mof fatt ကမူ ကောလောသဲရှိ မိစ္ဆာဝါဒီများသည် (၁)ရာစုနှစ်ကတည်းက ရှိနေသည်ဟုဆိုသည်။၂
ထို့ကြောင့် ကောလောသဲဩဝါဒစာသည် ပေါလုလက်ရာဖြစ်ကြောင်း ခိုင်လုံပါသည်။
၃။ အချိန်ကာလ
ထောင်ထဲမှရေးသောစာများထဲမှ တစောင်ဖြစ်သည်။ ကဲသရိတွင် (၂)နှစ်တာထောင်နန်းစံသည့်ကာလ (တ ၂၃:၂၃၊ ၂၄:၂၇) ဖြစ်နိုင်သည်။ ထိုနေရာသည် ဧဝံဂေလိဆရာ၏ ဒေသခံမြို့ဖြစ်သည်။ ဖေလဇ်အကြောင်း တမင်မေ့ကျန်ခြင်း မဟုတ်နိုင်။ အဘယ့်ကြောင့်ဆိုသော် ပေါလုသည် ယဉ်ကျေးသိမ်မွေ့သူနှင့် ခရစ်ယာန်ကျေးဇူးတော်ကို ကိုင်ဆွဲသူဖြစ်သော ကြောင့် မပြောခြင်းဖြစ်မည်။ ထို့ကြောင့် ဤစာစောင်သည် ဖိလေမုန်ဩဝါဒစာရေးသားသည့်အချိန် အေဒီ(၆ဝ)ဖြစ်နိုင်သည် (တ ၂၈:၃ဝ-၃၁)။
၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်
ကောလောသဲမြို့တော်သည် ယခုအခါ အာရှမိုင်းနားဒေသ Phrygia အရပ်ဒေသမှ မြို့ဖြစ်သည်။ လုဒိကမြို့၏ အရှေ့ဘက်(၁ဝ)မိုင်ခန့်ရှိ ဟေရပေါလိ၏ အရှေ့တောင်ဘက်(၁၃)မိုင်ခန့်အကွာတွင်ရှိသည် (၄:၃ ကိုကြည့်)။ ဧဖက်မြို့မှ မိုင်(၁ဝဝ)ခန့်ဝေး၍ Cadmian တောင်စွန်းတွင်ရှိသည်။ ဥဖရတ်မှ အနောက်ဘက်လမ်းမပေါ်တွင်ရှိပြီး Maeander မြစ်ထဲသို့ စီးဝင်သော Lycus မြစ်ကမ်းနားဘေးမှာရှိသည်။ ဟေရပေါလိမှ ရေပူစမ်းများသည် ထိုမြစ်ထဲသို့စီးဆင်းသွားသောကြောင့် ကောလောသဲမြို့ကို ဖြတ်သန်းချိန်တွင် သမနွေးထွေးသော ရေစီးကြောင်းဖြစ်သွားသည်။ လုဒိကာမြို့ထိ နွေးသွားသည်။ ဟေရပေါလိမြို့သည် စည်ပင်သာယာရေးအရ၎င်း၊ ဘာသာရေးအရ၎င်း အချက်အချာကျသောနေရာဖြစ်သည်။ လောဒိကမြို့ သည် ချောင်ကျသဖြင့် ဓမ္မသစ်ခေတ်တွင် ကောလောသဲမြို့သည် ပိုမိုထင်ရှားသည်။ ”colossus” ဟူသောစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ နာမည်နှင့်လိုက်အောင် ထုံးကျောက်မြေ ပေါကြွယ်ဝသည်။
ကောလောသဲသို့ ဧဝံဂေလိသတင်း မည်သို့မျိုးစေ့ရောက်ရှိသည်ကို အတိအကျမသိရပါ။ ပေါလုစာရေးသည့်အချိန် တွင် ယုံကြည်သူတစ်ယောက်မှ မတွေ့ဘူးဘူးဟုဆိုသည် (၂:၁)။ ဧပဖြသည် ကယ်တင်ခြင်းသတင်းကောင်း ပထမဦးဆုံး ယူဆောင်သွားသူဟု ယူဆ(၁:၇)ရသည်။ ဧဖက်တွင် ရှင်ပေါလု(၃)နှစ်မျှရှိနေချိန်တွင် ဧပဖြလုပ်ဆောင်ခြင်းဖြစ်မည်။ ဖြူဂိပြည်သည် အာရှဒေသ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပေါလုဖြူဂိတွင် (တ ၁၆း၆၊ ၂၈း၂၃) ရှိနေချိန်ဖြစ်မည်။ သို့သော် ပေါလု ကောလောသဲတွင် ရှိနေခြင်းမဟုတ် (၂:၁)။
ဤကျမ်းတွင် ကောလောသဲ၌ မိစ္ဆာဒိဌိအယူမှားများအကြောင်း ကြောက်လန့်ဖွယ်ရာရေးထားသည်။ သူတို့ကိုယ်သူတို့ ဝိဇ္ဇာဇော်ဂျီများသဖွယ် (gnosis) ထင်မှတ်ကြသည်။ တမန်တော်ကြီးအား အဟုတ်ကြီးမထင်မှတ်ကြဖို့အကြောင်း ဘာသာရေး အယူအဆတွင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်မှသာလျှင် တရားစစ်၊ တရားမှန်တွေ့ရှိနိုင်ကြောင်း သွန်သင်ကြသည်။
အချို့က ယေရှုခရစ်တော်၏ လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ကြသည်။ ယေရှုနှစ်ခြင်းမင်္ဂလာ ခံယူနေစဉ်တွင် ”ခရစ်တော်”ဆင်းသက်လာ၍ ယေရှုထံသို့ ပူးကပ်ခြင်းဖြစ်သည်ဟု သွန်သင်သည်။ ထို့အပြင် ယေရှုလက်ဝါးကပ်တိုင်တွင် အသက်ပျောက်စဉ်တွင် ခရစ်တော်ထွက်ခွာသွားပြီဟု သွန်သင်ကြသည်။ ကောက်ချက်ယူလျှင် ”ယေရှုသေသည်၊ ခရစ်တော်မသေ”ဟူသော ယုံကြည်ခြင်းဖြစ်သည်။
ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော် ခြားနားချက် အဆင့်အတန်းများ အမျိုးမျိုးခွဲခြားသွန်သင်ပြသည်။ ထိုအယူဝါဒသည် မကောင်းဆိုးဝါး၏ အယူအဆသက်သက်ဖြစ်သည်။
A.T.Robertson က ဤသို့ရှင်းပြသည်။
မိစ္ဆာဒိဌိအယူအဆသည် မူလကတည်းကပင် သူ့သဘောသဘာဝအတိုင်းရှိ၍ စကြဝဠာခွင်တပြင်လုံး၌ သီးသန့် တည်ရှိသည်။ ဘုရားသခင်သည် ကောင်းမြတ်သကဲ့သို့ မကောင်းသည့်အရာများလည်း ပါဝင်သည်ဟု ယူဆကြသည်။ ပြောရလျှင် ထိုအယူဝါဒသည် မကောင်းမှုကို မပစ်ပယ်။ ကောင်းမြတ်သောဘုရားသည် မကောင်းမှုကို မဖန်တီးနိုင်။ မကောင်းဆိုးဝါး၊ ဝိညာဉ်ကောင်းကင်တမန်များသည် ဘုရားသခင်နှင့်လူအကြား သီးသန့်ဘဝဖြစ်သည်ဟု ဆိုကြသည်။ နောက်အယူအဆတစ်ခုမှာ အချိန်ကာလသည် အချိန်ကာလဖြစ်သည်။ ဘုရားသခင်နှင့် အနေသာကြီးဖြစ်သည်။ သို့ကြောင့် မကောင်းမှုလုပ်ရပ်များက ဘုရားသခင်ကို မထိခိုက်နိုင်ဟူသော အယူအဆရှိကြသည်။၃
အချို့မိစ္ဆာဆရာများက ခန္ဓာကိုယ်သည် ဖောက်ပြန်ခြင်းသဘောရှိသည်။ အကျင့်ကောင်းကျင့်ခြင်း၊ မိမိကိုယ်ကို ငြင်းပယ်ခြင်းဖြင့် ဝိညာဉ်ရေးရာတိုးတက်ဖို့ မဖြစ်နိုင်။ အချည်းနှီးဖြစ်သည်ဟုဆိုသည်။ အချို့ကမူ ရုပ်ခန္ဓာသည် ထိတွေ့နိုင် သောအရာဖြစ်၍ ဝိညာဉ်သည်မထိတွေ့နိုင်သော နာမ်တရားဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်ညစ်ညမ်းခြင်းနှင့် စိတ်ဝိညာဉ် သန့်ရှင်းခြင်းမဆိုင်ဟု ဆိုကြသည်။
ကောလောသဲအသင်းတော်တွင် ထိုအယူအဆ နှစ်မျိုးစလုံးရှိသည်။ ထိုအယူအဆသည် ယုဒဘာသာနှင့် ကျေးဇူးတော် တစ်မျိုးတည်း အားကိုးခြင်းဝါဒကို ဆန့်ကျင်သည်။ ကျေးဇူးတော်တစ်မျိုးတည်း အားကိုးခြင်းဆိုသည်မှာ ကျေးဇူးတော်အောက်ရှိ လူသည် မိမိကိုယ်ကို ထိန်းချုပ်ရန်မလို၊ ဘုရားပေးထားသော ကျေးဇူးတော်ကို စိတ်ကြိုက်ခံစားနိုင်သည့် အယူဝါဒဖြစ်သည်။ ဓမ္မဟောင်း ယုဒအယူဝါဒမှာ ဝတ်ပြုပွဲဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်ဟူသော အယူဝါဒဖြစ်သည်။ ကောလောသဲအမှားမျိုးကို ယနေ့ကာလတွင် တွေ့နေရဆဲဖြစ်သည်။ မိစ္ဆာအယူအဆသည် ခရစ်ယာန်သိပ္ပံ အဖွဲ့တွင် ပြန်လည်ပေါ်ထွန်း ခေတ်စားလာပြန်သည်။ Theosophy, Mormonism, Jehovah’s Witnesses, Unity နှင့် အခြားအဖွဲ့များတွင် တွေ့ရသည်။ Antinomianism အယူဝါဒီက ယနေ့လူသားများသည် ကျေးဇူးတော်အောက်မှာ ဖြစ်သောကြောင့် စိတ်ရှိတိုင်း ပျော်ရွှင်သာယာရသည်ဟူ၍လည်းကောင်း၊ ယုဒအယူဝါဒသည် ဘာသာရေး၏အစမူလဖြစ်၍ ထိုဘာသာရေးကျင့်စဉ်အတိုင်း ဝိနည်းသျှတ္တရကျင့်ကြံမှသာလျှင် ဘုရားတော် ဖူးမြင်နိုင်သည်ဟူ၍လည်းကောင်း ခံယူကြသည်။ ဤအယူအဆ နှစ်ခုသည်လည်း စိတ်ခံယူချက်ကို ဦးစားပေးသောအယူအဆဖြစ်၍ ဝိညာဉ်ရေးရာမေ့လျော့နေကြသည်။ ယနေ့ခေတ်ကာလတွင် လူသည် မိမိယုံကြည်ကိုးကွယ်ရာအတိုင်း ဘုရားသခင်နှင့် ဖူးတွေ့နိုင်သည်ဟု သွန်သင်ကြသည်။ မိမိအပြစ်ကို ဝန်ခံနောင်တ ရ၍ ဘုရားရှင်သို့ အသက်တာပြောင်းလဲခြင်းဖြင့်သာ ကယ်တင်ခြင်းရရှိနိုင်ကြောင်း မသိကြပါ။
သို့ကြောင့် ကောလောသဲတွင် တမန်တော်ကြီးရှင်ပေါလု ကြီးမှူးလျှက် မှားယွင်းသောအယူဝါဒများကို ယေရှု ခရစ်တော်၏ အမှုတော်လက်နက်ဖြင့် တန်ပြန်တိုက်စစ်ဆင်နွှဲချေမှုန်းကြသည်။
ဤဩဝါဒစာသည် ဧဖက်ဩဝါဒစာနှင့် အလွန်ဆင်သည်။ သို့သော် ထပ်ကြော့ခြင်း မဟုတ်ပါ။ ဆင်တူခြင်းသာ ဖြစ်သည်။ ဧဖက်သားများအမြင်တွင် ယုံကြည်သူများသည် ယေရှုနှင့်အတူ ကောင်းကင်ဘုံတွင် စိုးစံခွင့်ရှိသည်။ ကောလောသဲ များအမြင်တွင် ယုံကြည်သူများသည် လောကတွင်ရှိပြီး ဦးခေါင်းဖြစ်သော ခရစ်တော်သည် ကောင်းကင်တွင် ရှိသည်။ ဧဖက်သားများသည် ခရစ်တော်ထဲတွင် တည်နေသည်။ ကောလောသဲများမှာမူ ယုံကြည်သူများထဲတွင် ယေရှုပါရှိခြင်းကြောင့် မျှော်လင့်ချက်ရှိသည်။ ဧဖက်သားများက အသင်းတော်ကို ခရစ်တော်၏ခန္ဓာကိုယ် ”ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်” (ဧ ၁:၂၃) ဟုဆိုသည်။ ခရစ်တော်၏ခန္ဓာကိုယ်၌ တလုံးတဝတည်းဖြစ်ခြင်းကို ဖော်ညွှန်းသည်။ ကောလောသဲတွင်မူ ခရစ်တော်၏ ဦးဆောင်မှုကို အဓိကထားသည်။ ”ဦးခေါင်းတော်မှ တကိုယ်လုံးဝင်သည်” (၂:၁၉) ဟုဆိုသည်။ ဧဖက်ကျမ်းစာမှ (၅၄)ပိုဒ်သည် ကောလောသဲကျမ်းတွင် ဆင်တူရိုးမှား ပြန်လည်ထင်ဟပ်စေသည်။
ပါဝင်သည့်အချက်များ
၁။ ခရစ်တော်ကြွရောက်လာလုဆဲ အယူဝါဒများ (အခန်း ၁–၂)
(က) နှုတ်ခွန်းဆက်ခြင်း (၁:၁-၂)
(ခ) ယုံကြည်သူများအားချီးမွမ်းခြင်းနှင့် ဆုတောင်းပေးခြင်း (၁:၃-၁၄)
(ဂ) အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်၏ဘုန်းတန်ခိုး (၁:၁၅-၂၃)
(ဃ) ရှင်ပေါလုအား အမှုတော်ဆောင်အဖြစ် ခွဲခန့်ခြင်း (၁:၂၄-၂၉)
(င) ဒဿနိကဗေဒ၊ မူဝါဒ အံ့ဖွယ်လက္ခဏာနှင့် တောထွက်တရားကျင့်ခြင်းများ
ခရစ်တော်နှင့်ဆန့်ကျင်ခြင်း (၂:၁-၂၃)
၂။ ခရစ်တော်ကြွလာအံ့ထဲကာလတွင် ယုံကြည်သူ၏တာဝန် (အခန်း ၃:၄)
(က) ယုံကြည်သူ၏ အသက်တာအသစ် အဟောင်းကိုချွတ်၍ အသစ်ဆင်မြန်းခြင်း (၃:၁-၁၇)
(ခ) ခရစ်ယာန်အိမ်ထောင်မိသားစု၏ အမှုအကျင့် (၃:၁၈-၄:၁)
(ဂ) ယုံကြည်သူ၏ဆုတောင်းခြင်းအသက်တာ၊ အသက်တာနှင့် နှုတ်အမူအရာဖြင့် သက်သေခံခြင်း (၄:၂-၆)
(ဃ) ပေါလု၏အပေါင်းအဖော်များ အချို့ပြောင်းလဲခြင်း (၄:၇-၁၄)
(င) နှုတ်ဆက်ခြင်းနှင့် ညွှန်ကြားချက် (၄:၁၅-၁၈)
TAGS: ကောလောသဲဩဝါဒစာ
This article uses material from the Wikipedia မြန်မာဘာသာ article ကောလောသဲဩဝါဒစာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.