သမ္မာအာဇီဝ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အသက်မွေးခြင်း” ဟု အဓိပ္ပာယ်ရသည်။ သမ္မာအာဇီဝ (၄) ပါးရှိ၏။ အာဇီဝပါရိသုဒ္ဓိသီလလည်း ကြည့်ပါ။
သမ္မာအာဇီဝ (၄) ပါးတို့မှာ - (၁) ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ၊
(၂) အနေသနမိစ္ဆာဇီဝဝိရတိ၊
(၃) ကုဟနာဒိမိစ္ဆာဇီဝ ဝိရတိ
(၄) တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ တို့ဖြစ်ကြသည်။
ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ ပါဏာတိပါတ အစရှိသော ကာယဒုစ္စရိုက်သုံးပါး, မုသာဝါဒအစရှိသော ဝစီဒုစ္စရိုက်လေးပါးတို့တွင် တစ်ပါးပါးသော ဒုစ္စရိုက်မှုနှင့် ပစ္စည်းဥစ္စာရှာကြံ၍ အသက်မွေးခြင်းသည် ဒုစ္စရိတမိစ္ဆာဇီဝ မည်၏။ [မရောင်းအပ်သော ကုန်မျိုးငါးပါးတို့ကို ရောင်းချ၍ အသက်မွေးခြင်းကိုလည်း ဤမိစ္ဆာဇီဝ၌ သင်္ဂြိုဟ်ရေတွက်အပ်၏။] ထိုဒုစ္စရိတမိစ္ဆာဇီဝမှ ကြဉ်ရှောင်ခြင်းသည် “ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ” မည်၏။
အနေသနာမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်း စသော ၂၁ ပါးသော အနေသနမှုတို့ဖြင့် ပစ္စည်းလာဘ်လာဘကို ဖြစ်စေ၍ ရသေ့ရဟန်းတို့၏ အသက်မွေးမှုသည် အနေသန မိစ္ဆာဇီဝမည်၏။ ထိုမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် “အနေသနမိစ္ဆာဇီဝဝိရတိ” မည်၏။
ကုဟနာဒိမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ ကုဟန, လပန, နိမိတ္တ, နိပ္ပေသန, လာဘေန လာဘနိဇိဝီသန ဟူ၍ မိစ္ဆာဇီဝဝတ္ထုငါးပါး ရှိ၏။
ကုဟန ဆိုသည်မှာ အံ့ဖွယ်သရဲဖြစ်အောင် လုပ်ကြံစဉ်းလဲမှု ဖြစ်သည်၊ သီလမရှိဘဲလျက် သီလရှိသည်ဟု ထင်မှတ်ရအောင် ဟန်ဆောင်ခြင်း အစရှိသည်ဖြင့် မိမိ၌မရှိသော အံ့ဖွယ်သရဲ ထူးကဲလွန်မြတ်သော ဂုဏ်တို့ကို မိမိ၌ရှိသည်ဟု ထင်မှတ်ရအောင် ကြံဆောင်စဉ်းလဲ၍ လာဘ်လာဘကို ဖြစ်စေမှု ဆိုလိုသည်။
လပန ဆိုသည်မှာ ပစ္စည်း လာဘ်လာဘနှင့် စပ်လျဉ်း၍ အပြောအဆို ရဲရင့်ခြင်း ဖြစ်သည်။
နိမိတ္တ ဆိုသည်မှာ မိမိအား ပစ္စည်း ဝတ္ထုလှူဒါန်းစေရန် အရိပ်နိမိတ်ကို ပြခြင်း ဖြစ်သည်။
နိပ္ပေသန ဆိုသည်မှာ မလှူဘဲမနေသာအောင်စကားဖြင့် ကြိတ်ခြင်း နှိပ်ခြင်း ဖြစ်သည်။
လာဘေန လာဘ နိဇီဝိသန ဆိုသည်မှာ တစ်အိမ်၌ တစ်မတ်တန်ရပြီးသော လာဘ်ကို တစ်အိမ်၌ပေး၍ ထိုအိမ်မှ တစ်ကျပ်တန် လာဘ်ရအောင် ပြုခြင်းဖြစ်သည်။
တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ အင်္ဂဝိဇ္ဇာအတတ်, လက္ခဏဝိဇ္ဇာအတတ် အစရှိသော လောကီအတတ်ပညာမျိုးသည် ရသေ့ရဟန်းတို့၏ ပဋိပတ္တိဓမ္မနှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်မျိုးဖြစ်၍ တိရစ္ဆာနဝိဇ္ဇာမည်၏၊ ထိုအတတ်ပညာဖြင့် အင်္ဂါလက္ခဏာ စသည်တို့ကို ကြည့်ရှု၍ အကျိုးအပြစ်ကို ဟောကြားလျက် အသက်မွေးမှုသည် ရသေ့ ရဟန်းတို့မှာ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝ မည်၏။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် “တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ” မည်၏။
This article uses material from the Wikipedia မြန်မာဘာသာ article သမ္မာအာဇီဝ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.