စဉ့်ကူးမင်း (မြန်မာနှစ် ၁၁၁၈–၁၁၄၃) သည် ကုန်းဘောင်မင်းဆက်၏ စတုတ္ထမင်း ဖြစ်သည်။ ရတနာပူရမြို့တည် မြေဒူးမင်း (ဆင်ဖြူရှင်) မင်းတရားကြီးနှင့် မိဖုရားခေါင်တွင် မြင်သည့်သားတော်ဖြစ်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း(၁၂)ရက် (ခရစ် ၁၇၅၆ ခု၊ မေလ ၁ဝ ရက်) တနင်္လာနေ့ နံနက် (၄) ချက်တီးကျော် မိဿတွင် ဗုဒ္ဓဟူး၊ ပြိဿတွင် တနင်္ဂနွေ၊ မေထုန်တွင် လဂ်နှင့်သောကြာ၊ ကရကဋ်တွင် အင်္ဂါ၊ သိဟ်တွင် ရာဟု၊ ကန်တွင် စန်းနှင့်ကြာသပတေး ကြိုက်၍ ဖွားတော်မူသည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် အလောင်းမင်းတရားကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် ဗဒုံမင်း) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။
စဉ့်ကူးမင်း | |||||
---|---|---|---|---|---|
ဘုရင် စဉ့်ကူးမင်းသား | |||||
နန်းသက် | ၁၀ ဇူလိုင် ၁၇၇၆ – ၅ ဖေဖော်ဝါရီ ၁၇၈၂ (နန်းကျ) | ||||
နန်းတက်ချိန် | ၂၃ ဒီဇင်ဘာ ၁၇၇၆ | ||||
ရှေ့မင်းဆက် | ဆင်ဖြူရှင်မင်း | ||||
ဆက်ခံသူ | ဖောင်းကားစား မောင်မောင် | ||||
မွေးဖွား | အင်းဝ | ၁၀ မေ၊ ၁၇၅၆||||
ကွယ်လွန် | ၁၄ ဖေဖော်ဝါရီ၊ ၁၇၈၂ အင်းဝ | (အသက် ၂၅)||||
ကြင်ရာတော် | ရှင်မင်း စုစုပေါင်း မိဖုရား ၁၃ ဦး | ||||
သားသမီးများ | သားတော် ၆ ဦး၊ သမီးတော် ၆ ဦး | ||||
| |||||
စံအိမ် | ကုန်းဘောင် | ||||
ခမည်းတော် | ဆင်ဖြူရှင်မင်း | ||||
မယ်တော် | မယ်လှ | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ခမည်းတော် ဆင်ဖြူရှင်မင်းတရားသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။ ၎င်းနှစ် ပြာသိုလဆန်း(၁၅)ရက်၊ တနင်္လာနေ့ နံတော်၏ ဂဟပတိအရပ် ဖြစ်သော ရွှေနန်းတော်၏ အနောက် ငါးရာဖျားသနပ်ခြံဝယ် မဟာသင်္ကြန်တော်ကြီး ခေါ်တော်မူပြီးလျှင် ထီးဆောင်းမင်္ဂလာ မဟာဦးကင်းသ ဖွင့်တော်မူကာ ရာဇဘိသေကခံ၍ မဟာဓမ္မရာဇာဓိရာဇာ တံဆိပ်နာမတော်ကို ခံယူတော်မူသည်။ မင်းစည်းစိမ်(၅)နှစ်နှင့် (၈)လ၊ သက်တော်(၂၅)နှစ် (၈)လ ရောက်လတ်သော် အာစရဝိပ္ပတ္တိဖြင့် နန်းကျ၍ သက္ကရာဇ် ၁၁၄၃ ခု၊ တပေါင်းလဆန်း (၄)ရက်နေ့တွင် ဆဒ္ဒါဆင်မင်း သခင် (ဘိုးတော်ဘုရား)မင်းတရားကြီးက ရေမှာဖျောက်တော်မူသည်။
စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ဘုရားဖူးထွက်စဉ်တွင် အစ်ကိုဝမ်းကွဲတော်သူ နောင်တော်ကြီးမင်း၏ သား ဖောင်းကားစား မောင်မောင်က ဘုရင် အယောင်ဆောင်ပြီး နန်းတွင်းသို့ ဝင်ရောက်ကာ နန်းလုခဲ့သဖြင့် နန်းကျရသည်။ ၇ ရက်အကြာတွင် မောင်မောင်အား ဘိုးတော်ဘုရား လုပ်ကြံနန်းချပြီးနောက်တွင် ဖမ်းမိပြီး ကွပ်မျက်ခဲ့သည့်အတွက် စဉ့်ကူးမင်း ကံကုန်သည်။ ထိုမင်းနန်းကျလိုသော် တောင်အရပ်က လိပ်ပြာ မိုးလုံးပြည့်မျှ ပျံလာ၍ မြစ်မြောက်ဘက်သို့ ကူး၏။ မြို့ရိုးတံခါးတွင် ဆင်ရိုင်းကျ၍ သေ၏။ တံခွန်ပြ၏။ တစ်မိုးလုံး သွေးပေါက်ကဲ့သို့ ခြင်းခြင်းနီ၏။ မြို့ရိုးပတ်လည် အစိတ်စိတ်ကွဲ၏။ ပင်းယ ရွှေစည်းခုံပြို၏။
စဉ့်ကူးမင်း၏ မိဖုရားခေါင်ကြီးကား မြင်းစုကြီးဝန်သမီး စစ်ကိုင်းမြို့စား သီရိနန္ဒာဒေဝီဘွဲ့ခံ ရှင်ဘွားနှင့် ကျီဝန်အတွင်းဝန်မင်းကြီး နန္ဒကျော်ထင်ဘွဲ့ခံ မောင်ထွန်းတို့ သင့်မြတ်ရာတွင် သက္ကရာဇ် ၁၁၂ဝပြည့်နှစ်တွင်မြင်သည့် သမီးတော် ရှင်မင်း ဖြစ်သည်။ ၁၁၃၈ ခု မဟာရတနာစန္ဒာဒေဝီအမည်နှင့် ဘိသိက်ခံတော်မူသည်။ ထိုမိဖုရားသည် သက္ကရာဇ် ၁၁၃၉ ခု၊ တပေါင်းလဆန်း (၁၅)ရက်၊ ကြာသပတေးနေ့၊ စစ်ကိုင်းဘက် ဝတ်ချက်ရွာအောက်၊ အာလိန်ငါးဆင့်နှင့်တကွ ဧရာဝတီမြစ်နား ကျောက်စံကတော်ကျောင်းရာဟောင်းတွင် ဆန်းကြယ်လှပသော သုံးထပ်ဇေတဝန် ကျောင်းတော်ကို ဆောက်၍ ရတနာစံလွတ်သမုတ်ပြီးလျှင် မင်းဘူးဆရာတော် ရှင်ကလျာဏအား တင်လှူသည်။ မောင်တော် စဉ့်ကူးမင်း ရေဖျောက်ခံရပြီးနောက် ဘိုးတော်ဘုရားမင်းတရားကြီးက အသည်ဝန်ကြီးကတော် မယ်တလိုင်းထံအပ်၍ ဆင်းရဲကြီးစွာဖြင့် ကံကုန်ခဲ့ရလေသည်။ ယင်းမိဖုရားခေါင်ကြီးမှ သမီးတော် မင်းရွှေနှစ် မြင်ခဲ့သည်။ ခမည်းတော် အထွတ်အမြတ်ရောက်စဉ်က ပင်းယမြို့ကို ကံကျွေးခံသည်။ နောက် ခမည်းတော် စဉ့်ကူးမင်းနှင့် အတူ ရေမှာ ဖျောက်ခံရလေသည်။
စဉ့်ကူးမင်းသည် နန်းရမိဖုရားမှ သားတော်(၅)ပါး၊ သမီးတော်(၃)ပါးမြင်၍ ကိုယ်လုပ်တော် မိဖုရားငယ်များမှ သားတော်(၆)ပါး၊ သမီး(၃)ပါး၊ ပေါင်း သားတော်၊ သမီးတော်(၁၇)ပါး ထွန်းကားခဲ့သည်။
ကောင်းမှုတော်ကား တော်တောင်မိုးထိကျောင်း နေရာဟောင်းတွင် အလျားသံ(၁၂၅)တောင်၊(၁)မိုက်၊ အနံ(၁၀ဝ)အလွန်ရှိသော ဥကင်ရာဇပလ္လင်ဂန္ဓကုဋီကျောင်းဦးပြာသာဒ်၊ လှေကား(၇)စင်း၊ ဘုံ(၅)ဆင့်ရှိသော မဟာမင်္ဂလာရွှေဘုံ ရွှေကျောင်းတော်ကြီးကိုဆောက်လုပ်၍ ထန်းတပင်ဆရာတော် ရှင်နန္ဒမေဓာအား တိပိဋကလင်္ကာရသာမိ မဟာဓမ္မရာဇာဓိရာဇာဂုရု ဟူသောတံဆိပ်နာမံနှင့် တင်လှူတော်မူ၍ ကျောင်းတော်ကိုလည်း’မဟာမင်္ဂလာရွှေဘုံ’ သမုတ်တော်မူသည်။ ထို့ပြင် လောကသရဖူဘုရား အရှေ့ရှေးကျောင်းဟောင်းနေရာတွင်လည်း ကျောင်းဦးပြာသာဒ် နှစ်ဆောင်နှင့်တကွ လေးထပ်ဇေတဝန်ကျောင်းတော် ဆောက်၍ ’ဘုံကျော်ဝေယံ’သမုတ်တော်မူပြီးလျှင် ဆုံတားဆရာတော် ရှင်နန္ဒမာလာအား နရိန္ဒာဘိဓဇဓမ္မရာဇာရဇ ဂုရု ဟူသောတံဆိပ်နာမံနှင့်တကွ လှူတော်မူသည်။ ထိုမှအပအခြား ကုသိုလ်ကောင်းမှု အစုစုကားများပြားလှပေသည်။ ၁၁၄ဝ ပြည့်နှစ်တွင်ရန်ကုန်သို့ဆင်းလာ၍ ရွှေတိဂုံစေတီတော်ကို ရွှေချပြီးလျှင် ယခုအနောက်မြောက် ရာဟုထောင့်တွင်ရှိသော ကြေးချိန်ပိဿာ(၁၅၅၅၅)ရှိသည့် ’မဟာဃဏ္ဍ’ခေါင်းလောင်းကြီး(စဉ့်ကူးမင်း ခေါင်းလောင်းတော်)ကို လှူဒါန်းလေသည်။
စဉ့်ကူးမင်း အကြောင်းကို ရာဇဝင်အစောင်စောင်၌ ဤမင်းလက်ထက် စစ်မဖြစ်။ နိုင်ငံအေးချမ်း သလိုရှိ၏။ သို့သော် စဉ့်ကူးမင်းသည် မှူးငယ်မတ်ငယ် မိဖုရားငယ်တို့နှင့်သာပျော်ပါးနေကြာင်း၊ အရက်သေစာ သောက်စားပျော်ရွှင်နေတတ်၍ အေးချမ်းရာ၌ အံတိုက်၊ ကြက်တိုက်၊ ငါးမျှားနေတတ်ကြောင်းနှင့် ဘုရားပုထိုးများသို့ လှည့်လည်ဖူးမြော်နေတတ်ကြောင်း၊ အရည်အချင်း ညံ့ဖျင်းသောမင်းဟူ၍သာ ဖော်ပြထားလေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article စဉ့်ကူးမင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.