ဘုရားရှင် ကုရုနိုင်ငံ ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးတော်မူနေစဉ်-မြတ်စွာဘုရား ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် နက်နဲလှပါ၏။ နက်နဲသော အသွင်ရှိပါ၏။ သို့သော်လည်း တပည့်တော်၏ဉာဏ်၌ ပေါ်လွင်ထင်ရှား ပေါ်လွင်ထင်ရှားသော အသွင်ရှိပါ၏ဟု အရှင်အာနန္ဒာ၏လျှောက်ထားမှုကို အကြောင်းပြု၍ “မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ-ဟု တားမြစ်တော်မူပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် နက်နဲလည်း နက်နဲလှပေ၏။ နက်နဲသောအသွင်အပြင်လည်းရှိပေ၏။ ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို လျော်စွာမသိခြင်း၊ ထိုးထွင်း၍မသိခြင်းကြောင့် သတ္တဝါတို့သည် ချည်ခင်ထွေး၊ စာပေါင်းသိုက်၊ ဖြူဆံမြက်၊ ပြိန်းမြက်တို့ကဲ့သို့ဖြစ်နေကြပြီး မကောင်းသောလားရာ စည်းစိမ်ဥစ္စာ အင်္ဂါခြေလက် ဖရိုဖရဲပျက်စီးလျက် မိမိတို့အလို အာသာကင်းလျက် ကျရောက်ရာ အပါယ်လေးဘုံ၊ သံသရာတို့မှ မလွတ်မြောက်နိုင်ပုံ ဟောတော်မူပါသည်။
ဇရာမရဏသည် ဇာတိကြောင့်ဖြစ်ပုံမှ အစပြု၍ အဆင့်ဆင့် ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ၊ နာမ်ရုပ်ကြောင့် ဝိညာဉ်ဖြစ်ပုံအထိ အကျိုးတရား၏ အကြောင်း တရားကို အသီးအသီးဟောကြားတော်မူပြီး နာမ်ရုပ်ကြောင့် ဝိညာဉ်ဖြစ်ပုံ၊ နာမ်ရုပ်ကြောင့် ဖဿဖြစ်ပုံ၊ ဖဿကြောင့် ဝေဒနာဖြစ်ပုံမှ အစပြု၍-သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ-ဟူသော ဒုက္ခအစုအဝေးဖြစ်ပုံ ပဋိစ္စသမုပ္ပါဒ အနုလောမ ဒေသနာတော်ကို ဟောတော်မူပါသည်။
ဇာတိကြောင့် ဇရာမရဏ၊ ဘဝကြောင့် ဇာတိ၊ ဥပါဒါန်ကြောင့် ဘဝ၊ တဏှာကြောင့် ဥပါဒါန်၊ ဝေဒနာကြောင့် တဏှာဖြစ်ပုံတို့ဆက်စပ်၍ တစ်ပါးစီ တစ်ပါးစီ-ဇာတိ၊ ဘဝ၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာသရုပ်တို့ကို အကျယ်ထုတ်၍ ဟောတော်မူပါသည်။
ဝေဒနာကိုအကြောင်းပြု၍ တဏှာ၊ တဏှာကိုအကြောင်းပြု၍ ပရိယေသနာ၊ ပရိယေသနာကိုအကြောင်းပြု၍ လာဘ၊ လာဘကိုအကြောင်းပြု၍ ဝိနိစ္ဆယ၊ ဝိနိစ္ဆယ ကိုအကြောင်းပြု၍ ဆန္ဒရာဂ၊ ဆန္ဒရာဂကိုအကြောင်းပြု၍ အဇ္ဈောသာန၊ အဇ္ဈောသာန ကိုအကြောင်းပြု၍ ပရိဂ္ဂဟ၊ ပရိဂ္ဂဟကိုအကြောင်းပြု၍ မစ္ဆရိယ၊ မစ္ဆရိယကိုအကြောင်း ပြု၍ အာရက္ခ၊ အာရက္ခကိုအကြောင်းပြု၍ ဒဏ္ဍာဒါန၊ သတ္ထာဒါန၊ ကလဟ၊ ဝိဂ္ဂဟ၊ ဝိဝါဒ၊ တုဝံတုဝံ-ပေသုည-မုသာဝါဒ-ဟူသော များစွာသောအကုသိုလ်တရားတို့ဖြစ်ပုံ ဥဒ္ဒေသကိုဟောကြားတော်မူပြီး ယင်းဥဒ္ဒေသတစ်ပါးစီ တစ်ပါးစီ၏ နိဒ္ဒေသကိုဝေဖန်၍ ဟောကြားတော်မူပါသည်။
ဖဿပစ္စယာ ဝေဒနာ၊ နာမရူပပစ္စယာ ဖဿ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဝိညာဏံ-တို့ကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ဟောတော်မူပါသည်။
အချင်းချင်းကျေးဇူးပြုသော ဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် သတ္တဝါသည်ဖြစ်လည်း ဖြစ်ပေါ်ရာ၏။ အိုမူလည်း အိုရာ၏။ သေလည်း သေရာ၏။ စုတေမူလည်း စုတေရာ၏။ အဖန်ဖန်ဖြစ်သူလည်း ဖြစ်ရာ၏။ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် အမည်ဖြစ်ခြင်း၏အကြောင်းသည်ဖြစ်၏။ သဒ္ဒါ ဖြစ်ခြင်း၏အကြောင်းသည်ဖြစ်၏။ ပညတ်ဖြစ်ခြင်း၏အကြောင်းသည်ဖြစ်၏။ ပညတ်၏ ကျက်စားရာဖြစ်၏။ ဝဋ်သုံးပါးလည်၏။ ဤခန္ဓာငါးပါးသည်လည်း ခေါ်ဝေါ်ပညတ် ခြင်းငှာဖြစ်၏။
(၁) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်ပုံ၊
(၂) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်ပုံ၊
(၃) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်ပုံ၊
(၄) ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်ပုံ-လေးမျိုး၏ အကျယ်ကိုလည်း တစ်မျိုးစီ တစ်မျိုးစီ ရှင်းလင်းဟောကြားတော်မူပါသည်။
အတ္တတို့ကို ရုပ်ရှိ၊ ရုပ်မရှိ၊ အပိုင်းအခြားရှိ/မရှိ မပညတ်ပုံလေးမျိုးတို့ကိုလည်း အကျယ်အားဖြင့် ဟောကြားတော်မူပါသည်။
ဝေဒနာကို အတ္တဟုရှုမြင်ပုံ၊ မရှုမြင်ပုံ။ အတ္တသည် ဝေဒနာမဟုတ်၊ အတ္တသည် ခံစားတတ်၊ ခံစားခြင်းသဘောရှိ၏-ဟု အတ္တကို ရှုမြင်သူသုံးယောက်ကို အကျယ်ဝေဖန်၍ ဟောကြားတော်မူပါသည်။
ထိုသုံးမျိုးကို မရှုသောသူသည် လောက၌တစ်စုံတစ်ခုကိုမျှ မစွဲလမ်း၊ မတပ် မက်မောတော့ပုံ၊ ငြိမ်းအေးသွားတော့ပုံ၊ ရဟန္တာဖြစ်သွားပုံ၊ ရဟန္တာဖြစ်ပြီးသောပုဂ္ဂိုလ်သည် “ဟောတိ တထာဂတော ပရံ မရဏာ” အစရှိသော မိစ္ဆာအယူ မရှိတော့ပုံ ကိလသာမှလွတ်မြောက်ပုံ “မသိမမြင်သောပုဂ္ဂိုလ် ဤသို့သောအယူရှိသော ပုဂ္ဂိုလ်”ဟု မဆိုနိုင်တော့ပုံ ဟောတော်မူပါသည်။
ဝိညာဏဋ္ဌိတိ ခုနစ်ပါးနှင့် ဝိမောက္ခရှစ်ပါးအကျယ်ကို ဟောတော်မူပြီး ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိုလ်ထက် မြင့်မြတ်မွန်မြတ်သောပုဂ္ဂိုလ်မရှိတော့ပြီဟု နိဂုံးချုပ် ဟောတော်မူပါသည်။
ဤဒေသနာတော်ကို အရှင်အာနန္ဒာအား အမေး-အဖြေအနေအားဖြင့် တဖြည်းဖြည်း ရှင်းလင်းဟောကြားတော်မူပါသည်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များစွာရှိပါသည်။
မဟာနိဒါနသုတ်တွင် ပဋိစ္စသမုပ္ပါဒ်တရားအကြောင်း အသေးစိတ် ဆွေးနွေးထားရုံမျှမက အတ္တအကြောင်း၊ ပုဂ္ဂိုလ်ခုနစ်ဦးအကြောင်း၊ ဝိမောက္ခရှစ်ပါးအကြောင်းတို့ကိုလည်း အကျယ်တဝင့် ဖော်ပြထားသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ တို့၏ အကြောင်းရင်းဖြစ်သည့် အဝိဇ္ဇာတရားအကြောင်းကိုလည်း ရှင်းလင်းထားသည်။ ပိဋကတလျှောက်လုံးတွင် ပဋိစ္စသမုပ္ပါဒ်တရား အကြောင်းကို ဤသုတ်၌ အပြည့်စုံဆုံး ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article မဟာနိဒါနသုတ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.