မေဓင်္ကရာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားလေးဆူပွင့် တော်မူရာ ထိုသာရမဏ္ဍ ကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း၊ အနှစ်ကိုးသောင်း တမ်းမှ တဖြည်းဖြည်း ဆုတ် ယုတ်၍ ဆယ်နှစ်သက် တမ်း၊ ထိုမှတစ်ဖန် တိုးတက်ပြန်ရာ အသင်္ချေယျတမ်း၊ အသင်္ချေယျတမ်းမှ တစ်ဖန် ဆုတ်ပြန်ရာ အနှစ်ကိုးသောင်းတမ်းသို့ ရောက်လေလျှင် သရဏင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။
သရဏင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော် မူစဉ် နတ်ဗြဟ္မာ တို့က အလောင်းတော်နတ်သားအား ဘုံသုံးပါတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ ကြကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံ တော် မူပြီးနောက်တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ဝိပုလမြို့တော် သုမင်္ဂလမင်းကြီး၏ တောင်ညာစံဒေဝီ၊ အဂ္ဂမဟေသီ ယသဝတီမိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော်ကို မီးရှူး သန့်စင် ဖွားမြင်တော် မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသောအခါတို့၌ ပုဗ္ဗနိမိတ်ကြီးများထင်ခဲ့ သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ် လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြ ကုန်၏။
အလောင်းတော် သရဏင်္ကရာမင်းသားသည် အရွယ်တော်သို့ရောက်သော အခါ နန်းရပ်ထီးဖြူ စိုးစံ တော်မူခဲ့သည်။ ကြင်ရာတော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူကာ နှစ်ပေါင်းခုနစ် ထောင်တို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။
ဘုရားအလောင်းတော် သရဏင်္ကရာမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ဖန်ဆင်း ပြသခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင် တော်မူခဲ့၍ ကြီးစွာသော သံဝေဂ ဖြစ်ကာတောထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသော မြတ်သော အကျင့် တော်မြတ်ကို တစ်လမျှ ကျင့်တော်မူပြီးနောက် မဟာ ဗောဓိ မဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ သခွတ်ပင်ရင်း အပရာဇိတပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော် မူ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော် မူခဲ့သည်။
ဂေါတမဘုရားအလောင်းတော်သည် သရဏင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ ခဲ့ရပြီး ထိုဘုရားရှင်အထံ တော်၌ လွန်လွန်ကဲကဲဖြစ်သော ကုသိုလ်ကောင်းမှု ကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် သရဏင်္ကရာ ဘုရားရှင်က ဧကန်ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမ ဘုရား အလောင်းတော်သည် သရဏင်္ကရာ ဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကို ရတော်မမူဘဲ ထိုဘဝမှ စုတေသော် နတ်ပြည်၌ ဖြစ်ခဲ့လေ သည်။
သရဏင်္ကရာဘုရားရှင်သည် လူတို့၏အသက်တမ်း အနှစ်ကိုးသောင်း တမ်း၌ ပွင့်တော် မူခဲ့၏။ ထိုအနှစ်ကိုးသောင်း အာယုကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာရေအလျဉ်မှ ကယ်တင်တော်မူခဲ့၏။ ဘုရားရှင်မှန်သမျှ ပြုလုပ်မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက်လေ့ရှိသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက် တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေ သည်။
This article uses material from the Wikipedia မြန်မာဘာသာ article သရဏင်္ကရာဘုရား, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.