နာရဒဘုရားရှင်၏ သာသနာကွယ်ခဲ့ပြီးနောက် နာရဒဘုရားရှင်အပါအဝင် ဘုရားသုံးဆူပွင့်တော်မူရာ ဝရကမ္ဘာသည် ပျက်ခဲ့လေသည်။ ထိုကမ္လာမှနောက် မရေမတွက်နိုင်အောင် များပြားသော ဘုရားမပွင့်သည့် သုညကမ္ဘာတစ်သင်္ချေကို လွန်ပြီးမှ ဘုရားတစ်ဆူသာ ပွင့်သော သာရကမ္ဘာတွင် ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူခဲ့သည်။ ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သော် ကမ္ဘာတစ်သိန်းအထက်၌ ဖြစ်ခဲ့၏။
ပဒုမုတ္တရဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည့် အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုရားဖြစ်ချိန်တန်ပြီဖြစ်၍ လူပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေနေတော်မူရန်တောင်းပန်ခဲ့ကြသည်။ နတ်ဗြဟ္မာတို့ တောင်းပန်မှုကို ဝန်ခံတော်မူ၍ တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည် ဟံသာဝတီနေပြည်တော် အာနန္ဒမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုဇာတာမိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ကိန်းအောင်းတော်မူခဲ့သည်။ ဆယ်လလွန်မြောက်သောအခါ မိဖုရားကြီးသည် အလောင်းတော်မင်းသားကို ဟံသာဝတီမင်္ဂလာဥယျာဉ်တော်ကြီးအတွင်း၌ ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်မင်းသား ဖွားမြင်သော နေ့၌ ပဒုမာကြာပန်းမိုး ရွာသွန်းသောကြောင့် အလောင်းတော်မင်းသားကို ပဒုမုတ္တရမင်းသားဟု အမည်မဲ့ခေါ်ခဲ့ကြကုန်၏။
အလောင်းတော် ပဒုမုတ္တရမင်းသားသည် အရွယ်သို့ရောက်သောအခါ ဝသုဒတ္တာဒေဝီမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ ရာသီနှင့်လိုက်အောင် ဆောက်လုပ်သော နရဝာဟနရွှေနန်းဆောင်၊ ယသဝါဟန ရွှေနန်းဆောင်၊ ဝသဝတီရွှေနန်းဆောင် သုံးဆောင်တို့၌ မိဖုရားအမှူးရှိသော ရံရွေတော် တစ်သိန်းနှစ်သောင်းတို့၏ အလုက်အကျွေးကို ခံယူလျက် နှစ်ပေါင်း တစ်သောင်းကာလပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ သားတော်မှ ဥတ္တရမင်းသားဖြစ်သည်။
အလောင်းတော် ပဒုမုတ္တရမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားတော်မူနေစဉ် ဝသုဒတ္တာမိဖုရားကြီးမှ သားတော် ဥတ္တရမင်းသားကို ဖွားမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး သတိသံဝေဂ ကြီးစွာဖြစ်ခဲ့၏။ ထိုအခါ မြတ်သော တောထွက်ခြင်းအမှု ငါပြုတော့အံ့ ဟု ကြံစည်တော်မူသည်နှင့် တပြိုင်နက် ဝသဝတီ ရွှေနန်းပြာသာဒ်သည် အိုးထိန်းစက်ပမာ ချာချာလည်၍ ကောင်းကင်းသို့ ပျံတက်ခဲ့၏။ နန်းပြာသာဒ်သည် ကောင်းကင်အပြင်ဖြင့် အစဉ်အတိုင်းသွား၍ မဟာဗောဓိပင်ကို အလယ်ဗဟိုပြုကာ မြေပြင်သို့ ဆင်းသက်ခဲ့၏။ အလောင်းတော်သည် ပြာသာဒ်တော်မှ ဆင်းသက်၍ ဗြဟ္မာကြီး လှူဒါန်းသည့် ကြာသင်္ကန်းကို ဆင်မြန်းကာ ရဟန်းပြုတော်မူခဲ့၏။ ပြာသာဒ်တော်သည် တိုင်းပြည်သို့ ပြန်သွား၍ ၎င်းမူလတည်နေရာတွင် တည်လေသည်။ ဘုရားလောင်းနှင့် အတူ ပါလာခဲ့ကြသည့် ယောက်ျားအားလုံးတို့သည် ရဟန်းပြုခဲ့ကြသည်။ ပဒုမုတ္တရဘုရားအလောင်းတော်သည် ခုနှစ်ရက်ပတ်လုံး ဒုက္ကရစရိယာ အကျင့်မြတ်ကို ကျင့်တော်မူခဲ့၏။ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့တွင် ဥဇ္ဇေနီနိဂုံး၌ ရုစာနဒ္ဒသူဌေးသမီး လှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီး ထိုအရပ်ရှိ အင်ကြင်းတော၌ ထိုင်တော်မူခဲ့သည်။
ဘုရားအလောင်းတော်သည် အင်ကြင်းတော၌ ထိုင်တော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံရဟန်းတို့ကို စွန့်ခွာခဲ့ပြီး ဗောဓိပင်ရှိရာ အရပ်သို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ လမ်းခရီးအကြားတွင် သုမိတ္တတက္ကတွန်း လှူဒါန်းသော မြက်ရှစ်ဆုပ်ကို အလှူခံတော်မူခဲ့၍ မဟာဗောဓိ ထင်ရှူးပင်အရင်း၌ ဖြန့်ခင်းလျှင် သုံးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင် ပေါ်တော်မူလာခဲ့သည်။ ထိုပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပြီး အင်္ဂါလေးပါရှိသော ဝီရိယတော်ကို ဆောက်တည်တော်မူသည်။ ထို့နေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို ပယ်နှင်အောင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက် နေအရုဏ်တက်သည့်အချိန်၌ အာသဝက္ခယ ဉာဏ်တော်ကို ရရှိတော်မူပြီ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဘုရားဖြစ်သည်နှင့် တပြိုင်နက် စကြဝဠာ တိုက်တစ်သောင်းအတွင်းပဒုမာကြာပန်းမိုး ရွာသွန်းဖြိုးခဲ့ပြန်သည်။
ပဒုမုတ္တရ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်အနီးမှာပင် သတ္တသတ္တာဟ လေးဆယ့်ကိုးရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာဖြင့် စံနေတော်မူ၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှုကို လက်ခံတော်မူ၍ တရားဟောရန် သတ္တလောကကို ဒိဗ္ဗစက္ခုဖြင့် ကြည့်တော်မူလေလျှင် ကိုယ်တော်မြတ်နှင့် မိကွဲဖတူ ဒေဝလမင်းသားနှင့် သုဇာတမင်းသား အဂ္ဂသာဝက အလောင်းလျာတို့ကို မြင်တော်မူခဲ့သည်။ ထိုအခါ ဘုရားရှင်သည် ထိုမင်းသားနှစ်ပါးနေထိုင်ရာ မိတ္ထီလာမြို့တော် ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် တခဏချင်း ကြွတော်မူခဲ့သည်။ ထိုသို့ရောက်လျှင် ဥယျာဉ်မှူးကို စေလွှတ်ကာမင်းသားနှစ်ယောက်တို့ကို ခေါ်စေ၏။ ထိုမင်းသား နှစ်ပါးတို့သည် အခြံအရံများနှင့် တကွ ပဒုမုတ္တရ ဘုရားရှင်ကို ချဉ်းကပ်၍ အရိုအသေပြုကာ သင့်တော်သည့် နေရာအရပ်၌ ထိုင်ကြကုန်၏။ ဘုရားရှင်သည် လာရောက်ကုန်သော နတ်လူဗြဟ္မာ သတ္တဝါတို့အား ရှေးရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ထိုအခါ ကုဋေ တစ်သိန်းသော နတ်လူဗြဟ္မာတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်လေသည်။
ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ပစ္စည်းဥစ္စာကြွယ်ဝသော ဇဋိလ မည်သည့် သူဌေးတစ်ဦးဖြစ်ပြီး ဘုရားအမှူးရှိသော တပည့်သံဃာတော်တို့အား ဆွမ်းဘောဇဉ်နှင့်တကွ သင်္ကန်းလျာ အဝတ်ပုဆိုးတို့ကို ပေးလှူတော်မူခဲ့၏။ ဘုရားရှင်သည် အလောင်းတော် ဇဋိလသူဌေးကြီးအား နောင်အခါ ကမ္ဘာတစ်သိန်းအထက်၌ ဂေါတမမည်သော ဘုရားဖြစ်လတ္တံ့"ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူသည်တွင် သူဌေးကြီးသည် ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားရတော်မူသောအခါ လွန်မင်းစွာ ရွှင်လန်းဝမ်းမြောက်တော်မူလေသည်။
ပဒုမုတ္တရ ဘုရားရှင်၏ အဂ္ဂသာဝက တပည့်မြတ်တို့မှာ အရှင် ဒေဝလမထေရ်နှင့် အရှင်သုဇာတမထေရ် တို့ ဖြစ်ကြပြီး အလုပ်အကျွေး ရဟန်းတော်မှာ အရှင်သုမနမထေရ်ဖြစ်သည်။ တပည့်မ အစုံတို့မှာ အရှင်မအမိတာထေရီနှင့် အရှင်မအသမာထေရီတို့ဖြစ်ကြသည်။ အလုပ်အကျွေးဒါယကာတို့မှာ ဝိတိဏ္ဏသူဌေးနှင့် တိဿသူဌေးတို့ ဖြစ်ကြပြီး အလုပ်အကျွေးဒါယိကာမတို့မှာ အဋ္ဌာဥပါသိကာမနှင့် ဝိစိတ္တာဥပါသိကာမတို့ ဖြစ်ကြသည်။ ပဒုမုတ္တရ ဘုရားရှင်၏ အရပ်တော်မှာ ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၍ သုံးဆယ်နှစ်ပါသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်မှ ထွက်သော ရောင်ခြည်တော်သည် ကျောက်တောင်စသည်တို့ ပိတ်ပင်တားဆီးမှု မပြုနိုင်ဘဲ အထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာအတွင်း ထွန်းလင်းပျံ့နှံ့တော်မူခဲ့၏။
ပဒုမုတ္တရ ဘုရားရှင်၏ မိတ္ထီလာမြို့တော် ဥယျာဉ်အတွင်း၌ လူနတ်ဗြဟ္မာသတ္တဝါတို့အား ဓမ္မစကြာ တရားဦးဟောတော်မူသော တရားပွဲသည် ရှေးဦးစွာသော ဓမ္မာဘိသမယ တရားပွဲကြီး ဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်းသော နတ်လူတို့ မဂ်ဖိုလ်တရား ရကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ ပဒုမုတ္တရ ဘုရားရှင်သည် သရဒရသေ့၏ အယူဝါဒတူမျှသော ပုဂ္ဂိုလ်တို့ စည်းဝေးရာ အစည်းအဝေးသို့ ကြွတော်မူ၍ ငရဲကျမည့်ဘေးကိုပြတော်မူကာ တရားဟောတော်မူခဲ့၏။ ထိုတရားပွဲသည် ဒုတိယအကြိမ်မြောက် တရားပွဲကြီးဖြစ်ပြီး သရဒရ ရသေ့၏ တပည့်များနှင့်တကွ နတ်လူဗြဟ္မာ သုံးသန်းခုနှစ်သိန်း မဂ်ဖိုလ်တရားထူးရကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ 'အခါတပါး၌ ခမည်းတော် အာနန္ဒမင်းကြီးသည် အမတ်နှစ်ဆယ်၊ မင်းချင်းယောက်ျားနှစ်သောင်းတို့နှင့်အတူ ပဒုမုတ္တရ ဘုရားရှင်ရှိတော်မူရာ မိထိလာမြို့သို့ စေလွှတ်၍ ဘုရားရှင်အား မင်းကြီးနန်းတော်တည်ရှိရာ ဟံသာဝတီမြို့သို့ ကြွရောက်ချီးမြှောက်တော်မူစေရန်အတွက် ပင့်ဖိတ်ရန် စေလွှတ်ခဲ့သည်။ အမတ်များနှင့် မင်းချင်းယောက်ျားများ ဘုရားရှင်ထံရောက်သောအခါ ဘုရားရှင်က တရားဟောတော်မူပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုပေးတော်မူခဲ့သည်။ ထိုရဟန်းအပေါင်းခြံရံလျက် ဘုရားရှင်သည်ဟံသာဝတီမြို့တော်သို့ ကြွတော်မူကာ ခမည်းတော်မင်းကြီးအား ချီးမြှောက်လို၍ ထိုမြို့မှာပင် သီတင်းသုံးနေတော်မူခဲ့၏။ ဆွေတော်မျိုးတော်တို့ စုံညီအစည်းအဝေးတွင် ကောင်းကင်၌ ရတနာစင်္ကြံတော်ကို ဖန်ဆင်းကာ စင်္ကြံကြွတော်မူလျက် ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောတော်မူခဲ့၏။ ထိုတရားပွဲသည် တတိယအကြိမ်မြောက် တရာပွဲကြီးဖြစ်ကာ နတ်လူဗြဟ္မာ ငါးသန်းတို့ မဂ်ဖိုလ်တရားရကြကာ ကျွတ်တမ်းဝင်ကြကုန်သည်။
အစည်းအဝေးကြီးများ
This article uses material from the Wikipedia မြန်မာဘာသာ article ပဒုမုတ္တရဘုရား, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.