ဆိုဖီယာ ကိုဗေးစကိုင်း (ရုရှား: Со́фья Васи́льевна Ковале́вская), မွေးအမည် Sofia Vasilyevna Korvin-Krukovskaya (၁၈၅၀–၁၈၉၁) သည် ရုရှား သင်္ချာပညာရှင်တစ်ဦး ဖြစ်သည်။ သူမသည် ပထမဆုံး နာမည်ကျော် ရုရှားအမျိုးသမီးသင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ အမျိုးသမီးသင်္ချာပညာရှင်များ၏ ရှေ့ဆောင်တစ်ဦး ဖြစ်သည်။ သူမသည် မြောက်ဥရောပတွင် ပါမောက္ခအဖြစ် ခန့်အပ်ခံရသည့် ပထမဆုံး အမျိုးသမီးဖြစ်ခဲ့ပြီး သိပ္ပံဂျာနယ်တစ်ခုတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သော ပထမဆုံး အမျိုးသမီးများထဲတွင်လည်း အပါအဝင်ဖြစ်ခဲ့သည်။
ဆိုဖီယာ ကိုဗေးစကိုင်း Sofia Kovalevskaya | |
---|---|
၁၈၈၀ ခုနှစ်က တွေ့ရသော ဆိုဖီယာ ကိုဗေးစကိုင်း | |
မွေးဖွား | မော်စကိုမြို့၊ ရုရှားအင်ပါယာ | ၁၅ ဇန်နဝါရီ၊ ၁၈၅၀
ဆုံးပါး | ၁၀ ဖေဖော်ဝါရီ၊ ၁၈၉၁ စတော့ဟုမ်းမြို့၊ ဆွီဒင်နိုင်ငံ | (အသက် ၄၁)
နယ်ပယ် | သင်္ချာ၊ မက္ကင်းနစ် |
အဖွဲ့အစည်းဌာန | စတော့ဟုမ်းတက္ကသိုလ် ရုရှားသိပ္ပံအကယ်ဒမီ |
မိခင်ကျောင်း | University of Göttingen (PhD; ၁၈၇၄) |
ပါရဂူဘွဲ့ ကြီးကြပ်သူ | Karl Weierstrass |
ကျော်ကြားမှုအရင်းခံ | Cauchy–Kowalevski theorem |
သူမ၏ အမည်ကို အမျိုးမျိုးခေါ်ဆိုခဲ့ကြပြီး သူမအနေဖြင့် ပညာရပ်ဆိုင်ရာထုတ်ဝေမှုများတွင် Sophie Kowalevski (တစ်ခါတစ်ရံ Kowalevsky) ဟု သုံးစွဲခဲ့သည်။ ဆွီဒင်သို့ ပြောင်းရွှေ့ပြီးနောက် Sonya အမည်ကို အသုံးပြုခဲ့သည်။
ဆိုဖီယာကို ၁၈၅၀ ခုနှစ်တွင် မော်စကိုမြို့မှာ မွေးဖွားခဲ့ပြီး၊ ဖခင်မှာ ရုရှားလူမျိုးအကြီးအကဲ ဖြစ်ကာ၊ မိခင်မှာ ထင်ရှားကျော်ကြားသော သင်္ချာပညာရှင်၏ သမီး ဖြစ်သည်။ စိန့်ပီတာစဘတ်မြို့အနီးတွင် ခြံဝန်းကျယ် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ခဲ့သည်။ မိဘများသည် စည်းကမ်းအလွန် တင်းကြပ်သည်။ သူ့ကို မိဘများက မချစ်ဟု ထင်ပြီး၊ သူ့ဘဝ၌ ဖြစ်သမျှကို အလုံးစုံ မှတ်မိနေခဲ့သည်။
ငယ်စဉ်ကတည်းက သင်္ချာကို သဘောကျပြီး၊ ၁၁ နှစ်သမီးအရွယ်တွင် အိမ်နံရံပေါ်၌ သင်္ချာမှတ်စုများကို ကပ်သည်။ ရူပဗေဒပညာကို သင်ယူသည်။ ဆိုဖီယာကို စိန့်ပီတာစဘတ်တွင် သင်္ချာဘာသာ သင်ယူသင့်သည်ဟု အကြံပြုရာ ဖခင်က သဘောတူသည်။ အသက် ၁၅ နှစ်တွင် မိခင်၊ အစ်မတို့နှင့်အတူ ပညာသင်ရန် စိန့်ပီတာစဘတ်သို့ သွားသည်။
သမီးနှစ်ယောက်လုံးက ကျောင်းတက်ချင်ကြသော်ငြား၊ ရုရှား တက္ကသိုလ်များက အမျိုးသမီးများကို လက်မခံသကဲ့သို့ ဖခင်ကလည်း နိုင်ငံခြားလွှတ်ပညာသင်ခြင်းကို ခွင့်မပြုချေ။ ထိုအခါ ဆိုဖီယာအစ်မက သူတို့ထဲက တစ်ယောက်သည် ကျောင်းသား တယောက်ကို လက်ထပ်ပြီး ပညာသင်ရန် စိတ်ကူးကို အကြံပြုသည်။ သို့သော်လည်း တစ်ယောက်မျှ အိမ်ထောင်ပြုရန် စိတ်မဝင်စား၊ ဂရုမစိုက်ခဲ့ချေ။ ဗလာဒီမာကိုဗေးစကိုင်း ဆိုသော ကျောင်းသားက သဘောတူပြီး၊ ဂျာမနီတွင် ပညာသင်ရန် ခေါ်မည်ဟု ကတိပေးသော်လည်း၊ အမှန်မှာ ဆိုဖီယာသည် ထိုသူကို မကြိုက်ချေ။
လက်ထပ်ရန် ဖခင်က ခွင့်မပြု။ ထိုခေတ်က အစ်မများ လက်မထပ်ရသေးခင် ညီမများ ဘယ်သောခါမှ လက်ထပ်ခွင့် မရှိသော်လည်း ကျောင်းအလွန် တက်ချင်နေ၍ ဖခင်အတွက် စာတစ်စောင် ထားခဲ့ကာ ဆိုဖီယာသည် ကိုဗေးစကိုင်း အခန်းကို သွားသည်။ ထိုခေတ်က မိန်းကလေးများသည် လူငယ်များနှင့် နှစ်ကိုယ်တည်း အချိန်ဖြုန်းခွင့် မရှိချေ။ မျိုးရိုးဂုဏ်ကို စောင့်ထိန်းရန် ဖခင်က သဘောတူလိုက်ရသည်။
နှစ်ဦးသား ဂျာမနီသို့ သွားပြီး၊ ဆိုဖီယာက သင်္ချာဘာသာ ကျောင်းသူ ဖြစ်လာသည်။ အနေဝေးသဖြင့် တစ်ဦးနှင့် တစ်ဦး တွေ့ရန်ပင် ခဲယဉ်းသည်။ သင်္ချာကို တစ်ဦးတည်းပင် လေ့လာပြီး၊ ၁၈၇၁ တွင် နာမည်ကြီး သင်္ချာပညာရှင်ဆီတွင် ပညာသင်ရင်း အလုပ်လုပ်ရန် ဘာလင်သို့ သွားသည်။
ဘာလင်တက္ကသိုလ်တွင် အမျိုးသမီးများ တက်ခွင့် မရှိ။ သင်္ချာပညာရှင်သည် ဆိုဖီယာက ပညာသင်ပေးရန် ပြောလာသောအခါ အံ့အားသင့်ပြီး၊ သူ၏ ထူးချွန်ကျောင်းသားများပင် မဖြေရှင်းနိုင်သည့် ပုစ္ဆာများကို ပေးလိုက်ရာ ဆိုဖီယာသည် ချက်ချင်း ဖြေရှင်းပြနိုင်၍ လက်ခံလိုက်သည်။ သုံးနှစ်ပြည့်သော် ဆိုဖီယာ ကိုဗေးစကိုင်းသည် သင်္ချာဘာသာဖြင့် ဘွဲ့ရသည်။
ထိုနှစ်များအတွင်း ဆိုဖီယာ တစ်ဦးတည်း အလုပ်များ ပြီးအောင် ဆောင်ရွက်သည်။ လူမှုရေးဟူသည် မရှိ။ ခင်ပွန်းက ဘာလင်မှာ လာနေသော်လည်း စိမ်းလျက်ပင် ရှိသေးသည်။ မိတ်ဆွေအဖြစ် ငါးနှစ် ကြာပြီး ၁၈၇၈ ကျမှ သူတို့ ချစ်ကြိုက်သည်။ ကလေး တစ်ဦး ရလာချိန်တွင် မိခင်ကောင်း ဖြစ်ချင်၍ ဆိုဖီယာသည် လေ့လာခြင်းကို ရပ်ပြီး၊ ပျော်ရွှင်စွာ နေထိုင်သည်။
ဗလာဒီမာက မော်စကိုတက္ကသိုလ်တွင် စာပို့ချသည်။ နောက် ထိုအလုပ်ကို စွန့်ခဲ့ရပြီး ဝမ်းနည်းဖွယ်ကောင်းအောင် ငွေများ ဆုံးရှုံးပြီးနောက် ဗလာဒီမာ ကိုယ့်ကိုယ်ကို သတ်သေသည်။ ဆိုဖီယာ ယူကျုံးမရ ဖြစ်သည်။
ဆွီဒင်သင်္ချာပညာရှင်တဦးက ဆိုဖီယာကို သင်္ချာပါမောက္ခ ဖြစ်အောင် ကူညီပေးသည်။ ဥရောပတိုက်၊ အီတလီနိုင်ငံတွင် အမျိုးသမီးပါမောက္ခဟူ၍ သူ တစ်ဦးတည်းသာ ရှိသောကြောင့် ကျော်ကြားလာသည်။ ၁၈၈၈ တွင် စနေဂြိုဟ်ကွင်းများကို ဖြေရှင်းပြသသောအခါ အမြင့်ဆုံး သင်္ချာဆု ဖြစ်သည့် "ပရစ်ဘိုဒင်ဆု"ကို ရသည်။ သိပ္ပံပညာရပ် ဆိုင်ရာ ပြင်သစ်အကယ်ဒမီအဖွဲ့က ဆုရသူကို ကြေညာသည့်အခါ အမျိုးသမီး ဖြစ်နေ၍ လူတိုင်း အံဩကုန်သည်။ သိပ္ပံပညာရပ်အတွက် အရေးပါသော ပြဿနာကို ဖြေရှင်းနိုင်သည့်အတွက် အဖွဲ့ကြီးက ပုံမှန်ပေးနေကျထက် နှစ်ဆပိုပြီး၊ ဆိုဖီယာကိုဗေးစကိုင်းကို ချီးမြှင့်သည်။
၁၈၉၀ တွင် စိန့်ပီတာစဘတ်မြို့ရှိ သိပ္ပံပညာဆိုင်ရာ အကယ်ဒမီအဖွဲ့တွင် ရွေးကောက်ခံရပြီး ပထမဆုံး တင်မြှောက်ခံရသော အမျိုးသမီး ဖြစ်လာသည်။ ကံကြမ္မာ မျက်နှာသာ မပေး၍ ဒီဇင်ဘာလတွင် အအေးမိရောဂါ ခံစားရပြီးနောက် ၁၀ ဖေဖော်ဝါရီ ၁၈၉၁ တွင် အသက် ၄၁ အရွယ်၌ ကွယ်လွန်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဆိုဖီယာ ကိုဗေးစကိုင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.