မုတ္တမ သည် မြန်မာနိုင်ငံ မွန်ပြည်နယ် သထုံခရိုင်၌ တည်ရှိသော မြို့တစ်ခုဖြစ်သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၏ အနောက်မြောက်၊ နှစ်မိုင်နီးပါးခန့်အကွာတွင် တည်ရှိပြီး သံလွင်မြစ်ကခြားထားသော ကျေးရွာတစ်ရွာဖြစ်သည်။
Mottama မုတ္တမ | |
---|---|
Location in Burma | |
ကိုဩဒိနိတ်: 16°32′N 97°36′E / 16.533°N 97.600°E | |
နိုင်ငံ | မြန်မာ |
ပြယ်နယ် | မွန်ပြည်နယ် |
ခရိုင် | သထုံခရိုင် |
လူဦးရေ | |
• လူမျိုး | မွန်, ဗမာ, ကရင် |
• ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
အချိန်ဇုန် | MST (UTC+6:30) |
မုတ္တမသည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ့သော မဂဒူးမင်းဆက် (ခ)ဝါရီရူမင်းဆက်ခေါ် ဟံသာဝတီပဲခူး မင်းဆက်စတင်တည်ထောင်သူ ဗညားဝါရူး (ခေါ်) ဝါရီရူးမင်း (ခရစ်နှစ် ၁၂၅၃-၁၃၀၇)(မြန်မာသက္ကရာဇ် ၆၁၄ - ၆၆၈) အုပ်စိုးခဲ့သော မင်းနေပြည်တော် ဖြစ်ခဲ့လေသည်။
ထို့အပြင် မုတ္တမသည် မြစ်ကမ်းဒေသဖြစ်သည့်အားလျော်စွာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့လည်းဖြစ်ခဲ့သည်။ ဒါကြောင့် အနောက်နိုင်ငံသားတို့ ရောင်းဝယ်ဖောက်ကား ကျက်စားရာလည်း ဖြစ်ခဲ့ပေသည်။
မုတ္တမ စဉ့်အိုးကြီးများသည် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမတြားကျွန်းတို့အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ထိုနိုင်ငံတို့ရှိ အမျိုးသားပြတိုက်တို့တွင် မုတ္တမစဉ့်အိုးများကို ပြသထားရှိကြသည်ကို တွေ့ရသည်။
ရန်ကုန်မြို့မှ မိုင်ပေါင်း ၁၆၉ မိုင်အကွာ ရန်ကုန် - မော်လမြိုင် ကားလမ်းဘေး၌ တည်ရှိသော မြို့တစ်ခုဖြစ်သည်။ မုတ္တမမြို့တွင် နယ်မြေရဲစခန်း၊ တီလီဖုန်းအိတ်ချိန်းရုံး၊ စာတိုက်ခွဲ၊ တိုက်နယ်ဆေးရုံ၊ ကွန်ကရစ်ဇလီဖားတုံးစက်ရုံ၊ နိုင်ငံတော်အစိုးရအထက်တန်းကျောင်းနှစ်ကျောင်းရှိသည်။ မော်လမြိုင်မြို့သို့ သံလွင်တံတားမှ ဆက်သွယ်ပေးထား၍ ကုန်သွယ်စီးဆင်းမှု မြန်ဆန်လာသလို သွားလာရေးသည်လည်း ကောင်းမွန်သောမြို့တစ်ခုဖြစ်သည်။ တောင်စဉ်တောင်တန်းတို့ ပေါများသည့်အလျောက် သဘာဝတောတောင်ကောင်းမွန်သည့် မြို့တစ်ခုလည်း ဖြစ်သည်။ မုတ္တမမြို့သည် ရေအရင်းအမြစ်ကောင်းမွန်သော ဒေသလည်းဖြစ်သည်။ မုတ္တမမြို့သည် မင်းနေပြည်တော်ဖြစ်ခဲ့သည့်အလျောက် ထင်ရှားသော စေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုများ တည်ရှိနေသော ပထဝီဖြစ်သည်။
ရာမညတိုင်းမွန် ၃ ရပ်တွင် အထင်ရှားဆုံး ဖြစ်ခဲ့သော မုတ္တမ မဏ္ဍလဟုခေါ်သည့် မုတ္တမမြို့၏ မူလအမည်ရင်းမှာ မောတမော ဟု ရာဇာဓိရာဇ် အရေးတော်ပုံတွင် ဆိုသည်။ မော့တမော့ ဟုလည်း အချို့ ဆိုကြသည်။ ကျောက်ကို တမော့၊ ကျောက်ညွန့် ကျောက်ဖျာကို မော့တမော့၊ ကျောက်ဖျာ ကျောက်ညွန့်တွင် တည်ထားသောကြောင့် မော့တမော့မြို့ ဟု မွန်တို့ခေါ်သည်ဟု ဆိုသည်။ နောက်မှ မုတ္တမဟု တွင်သည်။
မုတ္တမမြို့ကို လွန်ခဲ့သော နှစ်ပေါင်း ၁,၄ဝဝ ခန့်လောက်က မွန်ဘုရင်တစ်ပါး တည်ထောင်ခဲ့ရာ၊ သက္ကရာဇ် ၄၁၈ - ၄၁၉ခုနှစ်တွင် အနော်ရထာစော တိုက်ခိုက်သိမ်းယူသည်ကစ၍ နှစ်ပေါင်း ၂ဝဝ ကျော်ကျော် မြန်မာ့လက်နက်နိုင်ငံဖြစ်ခဲ့ရသည်။
နရပတိစည်သူမင်း ထားခဲ့သော မုတ္တမမြို့စား အလိမ္မာ အမတ်ကို သက္ကရာဇ် ၆၄၃ ခုနှစ်တွင် လုပ်ကြံပြီးလျှင် ဝါရီရူ (မိုပေါ်ကမင်း) အမည်ခံ၍ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။
မုတ္တမ ဝါရီရူမင်းနှင့် ဟံသာဝတီ တရဖျားတို့ အချင်းချင်း သမီးပေး၍ မဟာမိတ်ဆက်ကြသည်။ ထိုနောက် တရဖျား အကောက်ကြံ၍ တိုက်လာသဖြင့် ဝါရီရူသည် တရဖျားကို တိုက်ရာ၊ တရဖျားကို လက်ရဖမ်းမိသည်။ နောက်တရဖျား မသင့်မတင့်သော အကြံအစည်ကို ကြံသည်နှင့် ကွပ်မျက်ရသည်။ ပဲခူးတွင် မြို့စားခန့်ထားလျက် မုတ္တမကနေပြီးလျှင်ရာမညတိုင်းကို ဝါရီရူမင်း အုပ်ချုပ်လေသည်။
မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။ ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။
သက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးသည် ထိုက်ဆင် တစ်ရာ့သုံးဆယ်၊ မြင်း နှစ်ထောင့်တစ်ရာ၊ စစ်သည်သူရဲတစ်သိန်းသုံးသောင်းနှင့် မုတ္တမသို့ချီတက်သည်။ ပူတကေ(ပေါ်တူဂီ)လူမျိုး သေနတ်ကိုင် အမှုထမ်းတို့လည်းပါသည်။ မုတ္တမစား စောဗညားလည်း စစ်သူရဲပေါင်းများစွာဖြင့် မြို့ကို အလုံပြု၍ ခုခံသည်။ မုတ္တမတိုက်ပွဲသည် မြန်မာသက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမစား စောဗညားတို့ဖက်ပြိုင် တိုက်ခိုက်သောတိုက်ပွဲဖြစ်သည်။
အလောင်းမင်းတရား နတ်ရွာစံကြောင်း သိသောအခါ မင်းခေါင်နော်ရထာသည် မြေဒူးမင်းနှင့် စိတ်ဝမ်းကွဲလျက်ရှိသည့် အလျောက် တပ်များကိုမီအောင်မလိုက်ဘဲ တောင်ငူကြောင်းပြန် လေသည်။ မင်းခေါင်နော်ရထာသည် မြေဒူးမင်း၏ နောင်တော် (နောင်တော်ကြီး)ထံ လူလွှတ်၍ မြေဒူးမင်းသည် ဗိုလ်မှူးတပ်မှူး တို့ဖြင့် မုတ္တမ မြသိန်းတန်ဘုရားမှာ သွေးသစ္စာ စည်းကြပ် ကြောင်း၊ နောက်တပ်များကိုလည်း မျိုးရိက္ခာ မပေးမပို့စေရ၊ စစ်တောင်းမြို့သူကြီး ခေါင်းအကြီးတို့ကို ဆင့်ဆိုကြောင်း၊ ဓားတော်ယိမ်းနွဲ့ပါးကိုလည်း သိမ်းယူကြောင်း၊ ထွတ်ချာဒေဝီနှင့် လည်း အပြောအဆိုရှိကြောင်းတို့ကို လျှောက်ထား၏။
မြို့၏အရှေ့ဘက် သံလွင်မြစ်ကမ်းနဖူးပေါ်တွင် မြသိန်းတန်စေတီတော်တည်ရှိပြီး၊ မြို့၏အနောက်ဘက် တောင်တန်းပေါ်၌ကျိုက်ဖျင်ကူစေတီတော်၊ မြို့၏အချက်အချာအလယ်ဗဟိုတည့်တည့်၌ အောင်ချမ်းသာကြီးစေတီတော်တို့ တည်ထားကိုးကွယ်လျက်ရှိပြီး မုတ္တမတောင်ရိုးတန်းတစ်လျှောက်၌ မင်းအဆက်ဆက်တည်ထားကိုးကွယ်ခဲ့သော ဘီလူးတစ်ရာစေတီတော် (ခ) ကျိုက်ကလွန်ပွန်းစေတီတော်နှင့် ထင်ရှားသောစေတီပုထိုးများ၊ မုတ္တမမြို့၏ အဓိပတိဆရာတော်တစ်ပါးဖြစ်သည့် အောင်သိဒ္ဓိကျောင်းဆရာတော်၏ မပုပ်မသိုးသောရုပ်ကလာပ်တော်တို့ကိုလည်း ဖူးမြော်ကြည်ညိုနိုင်မှာပဲ ဖြစ်သည်။
စေတီတော်တို့၏ ဗုဒ္ဓပူဇနိယပွဲတော်တို့ကို ဆင်ယင်ကျင်းပလျက်ရှိပြီး မုတ္တမမြို့၏ အစည်ကားဆုံးဖြစ်သည့် အောင်ချမ်းသာကြီးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ခူးလဆန်း (၁၀) ရက်မှ လဆုတ် (၅) ရပ်နေ့အထိ ပြုလုပ်ကျင်းပလျက်ရှိသည်။
This article uses material from the Wikipedia မြန်မာဘာသာ article မုတ္တမမြို့, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.