ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာဇာတိ ဖြစ်သည်။ အဖ ပွဲစားကြီးဦးဘမြ အမိ ဒေါ်ခင်စီတို့မှ သက္ကရာဇ် ၁၂၆၈ (၁၉၀၆ ) ခုနှစ်တွင် ဖွားမြင်သည်။ ငယ်နာမည် မရွှေပု ဖြစ်သည်။ ၁၂၈၈-ခုနှစ်တွင် စိန်ရွှေကုန်သည် ဦးစံလှနှင့် အိမ်ထောင်ကျသည်။ ပျဉ်းမနားသို့ ရွှေ့ပြောင်း၍ စိန်ရွှေရတနာရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းဖြင့် နေထိုင်ခဲ့သည်။ ဒေါ်ပုသည် စိန်ရွှေရတနာ လုပ်ငန်း၌ကျွမ်းကျင်သည်။ ရတနာများကိုမြင်လျှင် အရည်အသွေးအဆင့်အတန်းကို ချက်ချင်းမှန်ကန်တိကျစွာ အကဲဖြတ်နိုင်စွမ်း ရှိသည်။
ဒေါ်ပုသည် ဆက်ဆံမှုပြေပြစ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ချယုံကြည်ရခြင်းတို့ကြောင့် ရတနာရောင်းဝယ်မှုတွင် အများကအားကိုး အားထားပြုကြသည်။ ဒေါ်ပုကို ပျဉ်းမနားမြို့သူ မြို့သားများက စိန်ရွှေရတနာလုပ်ငန်းတွင် ကျွမ်းကျင်သောကြောင့် စိန်မပုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။
ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ဖွဲ့စည်းစဉ် ရဲဘော်သုံးကျိပ် ဝင်များမှ အရာရှိအရာခံ အကြပ်တပ်သားများသည် ဒေါ်ပု နှင့် အကျွမ်းတဝင်ရှိကြသည်။ မိခင်ပမာ အမေပုဟု ခေါ်ကြသည်။ ဒေါ်ပုသည် ပျဉ်းမနားမြို့နယ် အာရှလူငယ်အစည်းအရုံး၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ပျဉ်းမနား၌ ရှိနေစဉ်ကာလ၌ တပ်မတော်အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ အကူအညီပေးခဲ့သည်။
၁၉၄၇-ခုနှစ်တွင် ခင်ပွန်းဖြစ်သည် ဦးစံလှ ကွယ်လွန်ပြီးနောက် ပျဉ်းမနား မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး အနောက် ဘက်တန်း ၌ ထွန်းနေရောင် ကုမ္ပဏီကို တည်ထောင်သည်။ ၁၉၆၁ မှ ၁၉၆၈ ခုနှစ်အထိ ဘုရင်မ နိုင်လွန်ဇာ နှင့် အထည်စက်ရုံ တစ်ရုံ တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ဒေါ်ပုသည်၁၉၅၁ ခုနှစ်တွင် ဟဂျ်ပြုလုပ်ခဲ့သည်။
၁၉၇၂-ခုနှစ်တွင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ အစ္စလာမ့်ရှေ့ဆောင်ကျောင်း ကလေးရိပ်သာများအတွက် ငွေကျပ်(၈)သိန်းကျော် လှူဒါန်းသည်။ ထို့အပြင် ဗလီဝတ်ကျောင်းအတွက် လည်းကောင်း၊ ရန်ကုန်မြို့ဇီဝကလမ်း (ဇဖရ်ရှားလမ်း)ဇဖရ်ရှားဒရ်ဂါဝတ်ကျောင်းတော် နှင့် အမျိုးသမီးဝတ်ပြုဆောင်ကိုလည်းကောင်း၊ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မွတ်စလင် အမျိုးသမီး ရိပ်သာနှင့် ကျောင်းဆောင်အတွက် လိုအပ်သော မွမ်းမံပြင်ဆင်မှုများကိုလည်းကောင်း ပြုလုပ်လှူဒါန်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါအထူးကု ဆေးရုံဝင်းအတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါအထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့သည်။
ထို့အပြင် ၁၉၈၀-ပြည့်နှစ် ဩဂုတ်လ ၁၄ ရက်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆေးရုံဝင်းအတွင်းတွင် သိန်း(၂၀)တန် အထွေထွေ အရေပြားနှင့် ကာလသားရောဂါကုဌာန အဆောက်အအုံကို ပန္နရိုက်အုတ်မြစ်ချ လှူဒါန်းခဲ့သည်။ ထို့အပြင် ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း၌ သိန်း ၅ဝ တန် လေးထပ်တိုက် အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံအတွက်လည်း သိန်း ၂ဝ လှူဒါန်းခဲ့သည်။
ဒေါ်ပုသည် ပျဉ်းမနားမြို့နယ်အသင်း၏ နာယကကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည် ကြီးများအသင်း (Burmese Chamber of Commerce)တွင် အမှုဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ နိုင်ငံခြားသို့ စီးပွားရေးမစ်ရှင်စေလွှတ်ရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။
၁၉၈၀-ပြည့်နှစ် ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသည့် အစ္စလာမ်မစ်ဒအ်ဝတ်ညီလာခံသို့ ဆရာချယ်၊ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင်တို့နှင့်အတူ တက်ရောက်ခဲ့သည်။
၁၉၈၁-ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်က ပထမဆုံးအကြိမ်ချီးမြှင့်သည့် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သည်။ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံအကျိုးပြု လုပ်ငန်းများတွင် ဓနအင်အားဖြင့် များစွာပါဝင်လှူဒါန်းခဲ့သူ ဖြစ်သည်။
ဟာဂျီမဒေါ်ပုသည် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် နာယက၊ အီးဒ်ဆွလာသ်ဗဟိုကော်မတီ နာယက၊ ဟစ်ဂျရီ ၁၅ ရာစု ကြိုဆိုရေးဗဟိုကော်မတီ (အ-ဟ-က) နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၈၂-ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ရေးသားသူ ...မောင်သန်းဝင်း(မြန်မာစာ)
This article uses material from the Wikipedia မြန်မာဘာသာ article ပု၊ ဒေါ် (ဟာဂျီမ) ပျဉ်းမနား, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.