ဗောဓိအလောင်းအလျာ အာဇာနည် ပုဂ္ဂိုလ်ကြီးတို့သည် မိမိတို့ရည်သန် ပန်ဆင်အပ်သည့် ဗောဓိဉာဏ်အလိုက် ထိုက်သည် အားလျော်စွာ ပါရမီဖြည့်ကျင့်တော်မူကြပြီးလျှင် နောက်ဆုံးပစ္ဆိမဘဝ၌ ဝိသုဒ္ဓိ ၇-ပါး ယာဉ်ရထားဖြင့် အဆင့်ဆင့်တက်ကာအထွတ် အထိပ်ဖြစ်သည့် ဗောဓိဉာဏ်သို့ ရောက်တော်မူကြသည်၊
နောက်ဆုံးပစ္ဆိမဘဝဝယ် ဗောဓိအလျာ ပုဂ္ဂိုလ်သူမြတ်ကြီးတို့သည် သူ့အသက် သတ်မှုမှ ရှောင်ကြဉ်ခြင်းစသော ပါတိမောက္ခသံဝရသီလ,
ဣန္ဒြေ ၆-ပါး တံခါး ၆ ပေါက်တို့၌ အကုသိုလ်တရားတို့ မဝင်လာရအောင် စောင့်စည်းပိတ်ဆို့ခြင်း, ဣန္ဒြိယသံဝရသီလ,
အသက်မွေးမှု၏ စင်ကြယ်ခြင်းအာဇီဝပါရိသုဒ္ဓိသီလ,
ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း ၄-ပါးတို့ကို ဉာဏ်နှင့်ယှဉ်ကာ ဆင်ခြင်သုံးစွဲခြင်း ပစ္စယသန္နိဿိတသီလ ဟူသော စတုပါရိသုဒ္ဓိသီလကို ခရုသင်းပွတ်သစ် ပုလဲနှစ်အသွင် စင်ကြယ်အောင် ကျင့်သုံးတော်မူကြသည်။
ယင်းသို့ ကျင့်သုံး၍ သီလဝိသုဒ္ဓိ ဖြစ်ပြီးနောက် သမထကမ္မဋ္ဌာန်းကို အားထုတ်တော်မူကြပြီးလျှင် မဟဂ္ဂုတ် အပ္ပနာဈာန်သို့သော်လည်းကောင်း အပ္ပနာဈာန်၏အနီး ဥပစာရသို့သော်လည်းကောင်း ရောက်စေကာ သမာဓိကို ထူထောင်တော်မူကြသည်၊ ဥပစာရသမာဓိ အပ္ပနာသမာဓိကိုရ၍ စိတ္တဝိသုဒ္ဓိဖြစ်ပြီးသောအခါ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် နာမ် ရုပ်တရားတို့ကို ဤကားရုပ် ဤကားနာမ်ဟု အဖန်ဖန် သိမ်းဆည်းဆင်ခြင်တော်မူကြသည်။ ယင်းသို့ သိမ်းဆည်းဆင်ခြင်သော နာမရူပပရိဂ္ဂဟဉာဏ်ကို အတ္တဒိဋ္ဌိမှ စင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိ ဟု ခေါ်သည်။
ထို့နောက်တဖန် ဆက်လက်၍ ဤနာမ် ရုပ်တရားတို့သည် ပဋိသန္ဓေအခါဝယ် အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံဟူသော အတိတ်အကြောင်းများကြောင့်ဖြစ်၍ ပဝတ္တိအခါဝယ် ရုပ်သည် ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း ၄-ပါး ကြောင့်၎င်း နာမ်သည် စက္ခုပသာဒ ရူပါရုံစသော အကြောင်းများကြောင့်၎င်း ဖြစ်ပေါ်နေသည်ဤသို့ နာမ်ရုပ်တရားတို့၏ အကြောင်းကို သိမ်းဆည်းဆင်ခြင်တော်မူကြသည်။ ယင်းသို့ သိမ်းဆည်းဆင်ခြင်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ၁၆-ပါးသော ယုံမှားခြင်းမှ လွန်မြောက်၍ စင်ကြယ်သောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိဟု ခေါ်သည်၊ ဤကင်္ခါဝိတရဏဝိသုဒ္ဓိတိုင်အောင် ဝိပဿနာဉာဏ် အမြင် မပါဝင်သေးပေ။
ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ တက်လှမ်းပြီးနောက် ဉာဏ်ဖြင့် သိမ်းဆည်းဆင်ခြင်ခဲ့ပြီး ဖြစ်သည့် နာမ်ရုပ်တရားတို့၌ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် သုံးသပ်ဆင်ခြင်တော်မူကြသည်။ ထိုသို့ သုံးသပ်ဆင်ခြင်သောဉာဏ်ကို သမ္မသနဉာဏ် ဟု ခေါ်သည်။ (ဤသို့ ဝိပဿနာရှုကြသော ပုဂ္ဂိုလ်တို့ကား ဈာန်အဘိညာဉ် မရသည့် သုက္ခဝိပဿကပုဂ္ဂိုလ်, ဈာန်အဘိညာဉ်ရသည့် ပကတိသာဝက, မဟာသာဝက, အဂ္ဂသာဝက, ပစ္စေကဗုဒ္ဓါ, သမ္မာသမ္ဗုဒ္ဓဘုရားအလောင်းဟု ၆-မျိုးရှိရာ သုက္ခဝိပဿကပုဂ္ဂိုလ်တို့သည် မိမိတို့ လိုလားအပ်တိုင်းသော နာမ်ရုပ်တရားကို ဝိပဿနာရှုခြင်းငှါ မစွမ်းနိုင်ကြပေ၊ နာမ်ရုပ် အများတွင် နာမရူပပရိဂ္ဂဟဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းဆင်ခြင်အပ်ပြီး နာမ်ရုပ်တရား တပါးပါးကိုသာ ဝိပဿနာရှုစွမ်းနိုင်ကြသည်။ ဈာန်အဘိညာဉ်ရပြီး ပကတိသာဝကပုဂ္ဂိုလ်ကြီးတို့ကား နာမရူပပရိဂ္ဂဟဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းဆင်ခြင်အပ်ပြီး နာမ်ရုပ်တရားမှတပါး အခြားနာမ်ရုပ်တရားကိုလည်း တိုးချဲ့ကာ ဝိပဿနာရှုနိုင်ကြသည်၊ မဟာသာဝက, အဂ္ဂသာဝက, ပစ္စေကဗုဒ္ဓါအလောင်းအလျာတို့ကား ဆုတောင်းခြင်း အဘိနီဟာရ အားလျော်စွာ အဆင့်ဆင့် သာလွန်ကာ အထူးပင် ဝိပဿနာရှုမြင်တော်မူနိုင်ကြသည်။ သမ္မာသမ္ဗုဒ္ဓဘုရားအလောင်းတော်တို့ကား မဖောက်မပြန် ကောင်းမွန်စွာ ဖြည့်ကျင့်ဆည်းပူးအပ်သည့် ပညာပါရမီတော်ဖြင့် ထုံမွှမ်းအပ်သော သဗ္ဗညုတဉာဏ်ကို ရယူဖို့ရန် လျော်ကန်သောအားဖြင့် အလွန်အကြူးအထူးပင် ရှုမြင်တော်မူနိုင်ကြပါပေသည်။ ။
ဘုရားအလောင်းတော်တို့သည် သမ္မသနဉာဏ်ဖြင့် နာမ်ရုပ်တရားတို့ကို သုံးသပ်ဆင်ခြင်တော်မူကြသောအခါ အာဏာခေတ်ဟုခေါ်သည့် စကြဝဠာကုဋေတသိန်းအတွင်းရှိ နာမ် ရုပ် တရားတို့ကို သုံးသပ်ဆင်ခြင်တော်မူကြသည်။ စကြဝဠာတစ်ခုအတွင်းဝယ် သတ္တဝါတွေ မည်မျှပင် များပြားစေကာမူ ပရမတ္ထသဘာဝ အစစ် တရားအနှစ်ကို ညှစ်ထုတ်လိုက်သော် အဝိဇ္ဇာအစ ဇရာ-မရဏအဆုံးရှိသည့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး တရားသားတို့သာ ရှိကြပေသည်။ ဤသို့ စကြဝဠာတစ်ခုလျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးစီအားဖြင့် စကြဝဠာ ကုဋေတသိန်းအတွင်းဝယ် ပဋိစ္စသမုပ္ပါဒ် အင်္ဂါတသန်းနှစ်သိန်း တွေ့မြင်တော်မူကြရာ ယင်းအင်္ဂါတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု သုံးသပ်ဆင်ခြင်တော်မူကြသည်၊ ထိုကြောင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါတသန်းနှစ်သိန်းကို အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုမြင်သော ဝိပဿနာဉာဏ် ၃-ပါးဖြင့် မြှောက်ပွား၍ အလောင်းဘုရားတို့ သန္တာန်ဝယ် ကုဋေသုံးသန်း ခြောက်သိန်းမျှသော သမ္မသနဉာဏ်တို့ ဖြစ်ပွားခဲ့ကြသည်ကို ကြည်ညိုသိရှိရပေသည်၊ ဤသမ္မသနဉာဏ်ကို မဟာဝဇိရဉာဏ်ဟု ခေါ်ဆိုလေသည်။ ယင်း မဟာဝဇိရဉာဏ်ကို ကျမ်းဂန်တို့၌ အမျိုးမျိုးမိန့်ဆိုလျက်ရှိရာ- တို့၌ ကြည့်။)
အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံဟူသော အတိတ်အကြောင်းများနှင့် စိတ် ဥတု အာဟာရစသော ပစ္စုပ္ပန်အကြောင်းများကြောင့် နာမ် ရုပ်တရားတို့ ဖြစ်ပွားနေကြသည်၊ ယင်းအကြောင်းများ ချုပ်ငြိမ်းသွားလျှင် နာမ် ရုပ်တရားတို့ ချုပ်ငြိမ်းသွားကြပေမည်၊ ဤသို့ အကြောင်းနှင့်စပ်၍ အဖြစ်အပျက်ကို ရှုသော အလောင်းတော်တို့အား၎င်း အကြောင်းတရားမဖက် နာမ်ရုပ်တရားတို့၏ အဖြစ်အပျက်သဘော လက္ခဏာသက်သက်ကိုသာ ရှုသော အလောင်းတော်တို့အား၎င်း ဥဒယဗ္ဗယဉာဏ် ရင့်သန်တိုးတက်လာပေသည်၊ ထိုဥဒယဗ္ဗယဉာဏ်ဖြင့် နာမ်ရုပ်တရားတို့၏ ဖြစ်ပျက်ဟန်ကို သန်သန်ကြီး ရှုတော်မူကြစဉ် အလောင်းတော်တို့၏ သန္တာန်ဝယ် ဩဘာသ (= ကိုယ်ရောင်ကိုယ်ဝါ) စသော ဝိပဿနာညစ်ညူးကြောင်း ဘေးရန်တို့ ဖြစ်ပေါ်လာကြသည်။ ထိုအခါ “ဩဘာသစသည်တို့သည် တဏှာ, မာန, ဒိဋ္ဌိတို့၏ အကြောင်းဖြစ်၍ အရိယမဂ်သို့ ရောက်ကြောင်း လမ်းကောင်း လမ်းမှန်မဟုတ်ကြပေ၊ စင်စစ်သော်ကား ဝိပဿနာ၏ ညစ်ညူးကြောင်း ဘေးရန်တို့သာ ဖြစ်ချေသည်၊ ထိုညစ်ညူးကြောင်း ဘေးရန်တို့မှ လွတ်သည့် ဝိပဿနာဉာဏ်သည်သာ အရိယမဂ်သို့ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ဖြစ်ပေသည်” ဟု ပိုင်းခြားဆင်ခြင်တော်မူကြသည်၊ ယင်းသို့ မဂ်ဟုတ်သည် မဟုတ်သည်ကို ပိုင်းခြားဆင် ခြင်မှုကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်။
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုစခန်းသို့ တက်လှန်းပြီးနောက် ဆက်လက်တဖန် အားထုတ် ပြန်သော အလောင်းတော်တို့အား ၉-ပါးသော ဝိပဿနာဉာဏ်တို အဆင့်ဆင့် တက် ကာ ဖြစ်ပေါ်လာကြပေသည်၊ ယင်းကား--
(၁) အဖြစ်အပျက်ကို ရှုမြင်သော ဥဒယဗ္ဗယဉာဏ်၊
(၂) အဖြစ်ကိုလွှတ်၍ အပျက်ကိုသာ ရှုမြင်သော ဘင်္ဂဉာဏ်၊
(၃) နာမ်ရုပ် တရားတို့ကို ခြင်္သေ့ သစ် ကျားပမာ ကြောက် မက်ဖွယ်ရာ ဘေးကြီးအဖြစ်ဖြင့် ရှုမြင်သော ဘယဉာဏ်၊
(၄) ယင်းသို့ ရှုမြင်အပ်သော နာမ်ရုပ်တရားတို့ကို အလျှံတပြောင်ပြောင် တောက်လောင်နေသော အိမ်ကြီးပမာ အပြစ်အစုသာဖြစ်ကြောင်း ရှုမြင်သော အာဒီနဝဉာဏ်၊
(၅) အပြစ်မြင်အပ်ပြီး နာမ်ရုပ်တရားတို့၌ ငြီးငွေ့သည်၏အစွမ်းဖြင့်ဖြစ်သော နိဗ္ဗိဒါဉာဏ်၊
(၆) နာမ် ရုပ် ၂-ပါး သင်္ခါရတရားတို့ကို စွန့်လွှတ်ပယ်ရှားလိုသော မုစ္စိတုကမျတာဉာဏ်၊
(၇) တဖန် နာမ်ရုပ်တရားတို့ကို သုံးသပ်ဆင်ခြင်သော ပဋိသင်္ခါဉာဏ်၊
(၈) စွန့်လွှတ်အပ်ပြီးမယား၌ အပြစ်မပြု လျစ်လျူရှုသော ယောက်ျားကဲ့သို့ အပြစ်မြင်အပ်ပြီးသော နာမ်ရုပ်တရားတို့၌ လျစ်လျူရှု သင်္ခါရုပေက္ခာဉာဏ်၊
(၉) မဂ္ဂဝီထိတွင်ပါဝင်သည့် ပရိကံ ဥပစာ အနုလုံ၌ယှဉ်သော အနုလောမဉာဏ်တို့ဖြစ်သည်၊ ဤဝိပဿနာဉာဏ် ၉-ပါးကို ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်။ သမ္မသနဉာဏ်မှ စ၍ အနုလောမဉာဏ် တိုင်အောင် ဖော်ပြပြီး ဉာဏ်၁၀-ပါးကို ဝိပဿနာဉာဏ်စဉ် ၁၀-ပါးဟု ခေါ်ဆိုကြလေသည်။
ဝိပဿနာဉာဏ်စဉ် ၁၀-ပါးတွင် ၉-ခု မြောက် သင်္ခါရုပေက္ခာဉာဏ် ရင့်သန်လာသောအခါ နာမ်ရုပ်တရား အများတွင် တပါးပါးသော နာမ် ရုပ်တရားသည် အလောင်းတော်တို့၏ မနောဒွါရဝယ် ရှေးရှုထင်လာသည်။ ယင်းသို့ "ထင်လာမှုကြောင့် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ-ဟု ဘဝင် ၂-ကြိမ် ဖြစ်၍ ချုပ်ကာ ဘဝင်အယဉ် ပြတ်သွားလေသည်။ ထိုအခါ ထင်လာသော နာမ်ရုပ်တရား တပါးပါးကို အာရုံပြု၍ ပရိကံ, ဥပစာ, အနုလုံ ဟူသော ဝိပဿနာဇောတို့ တစ်ကြိမ်စီ စောကြသည်၊ ထို့နောက် ဆက်လက်၍ သန္တိသုခနိဗ္ဗာနဓာတ်ကို အာရုံပြုသော ဂေါတြဘူတစ်ကြိမ် မဂ်ဇောတစ်ကြိမ် ဖိုလ်ဇော ၂-ကြိမ်စော၍ ဘဝင်ကျလေတော့သည်၊ ဤစိတ်အစဉ်ကို မဂ်ကျသော စိတ်အစဉ်ဖြစ်သောကြောင့် မဂ္ဂဝီထိ ဟု ခေါ်သည်၊ ယင်းမဂ္ဂဝီထိတွင် ပါဝင်သော ပရိကံ ဥပစာ အနုလုံ၌ယှဉ်သော ဉာဏ်ကို အနုလောမဉာဏ်ဟု ခေါ်သည်၊ ဤသို့ မဂ္ဂဝီထိ ကျပြီးနောက် မဂ်, ဖိုလ်, နိဗ္ဗာန်, ပယ်အပ်ပြီးသော ကိလေသာ, မပယ်ရသေးပဲ ကြွင်းကျန် နေသော ကိလေသာတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိတို့ ဖြစ်ကြပြန်သည်။ ယင်း ပစ္စဝေက္ခဏာဝီထိ၌ယှဉ်သော ဉာဏ်ကို ပစ္စဝေက္ခဏာဉာဏ်ဟု ခေါ်သည်၊ ပြဆိုခဲ့ပြီးအတိုင်းသောတာပတ္တိမဂ်, သကဒါဂါမ်မဂ်, အနာဂါမိမဂ်တိုင်အောင် ၃-ကြိမ် ၃ ဆင့်တက်ပြီးနောက် ၄-ဆင့်မြောက် အရဟတ္တမဂ်သို့ ရောက်သောအခါ ဆည်းပူးအပ်ပြီးသော ပါရမီတော်အလျောက် ဗောဓိဉာဏ် ပေါက်တော်မူကြလေသည်။ ဤသို့ သီလဝိသုဒ္ဓိမှစ၍ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိတိုင်အောင် ဝိသုဒ္ဓိ ၆-ပါးဖြင့် အဆင့်ဆင့်တက်ကာ ရရှိအပ်သော မဂ်ဉာဏ် ၄-ပါးကို စင်ကြယ်သော ဉာဏ်အမြင်ဖြစ်သောကြောင့် ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်ဆိုလေသည်။
ဝိပဿနာ
ဗောဓိဉာဏ်
ဉာဏ်ပညာ
ဝိပဿနာဉာဏ်
This article uses material from the Wikipedia မြန်မာဘာသာ article ဉာဏ်စဉ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.