စာဖတ်ခြင်း

မိဖတို့သည် သားသမီးများ စကားပြောတတ်သည့် အရွယ်သို့ ရောက်လျှင်ပင် စာရေးတတ် ဖတ်တတ်လေအောင် ကျောင်းသို့ စေလွှတ်၍ စာသင်စေသည်။ ကလေးများ ကျောင်းသို့ ရောက်သောအခါ ဆရာဆရာမတို့သည် ထိုကလေးများကို စာရေးတတ် ဖတ်တတ်ကြစေရန်၊ ပထမဦးဆုံး ဗျည်းအက္ခရာများမှစ၍ စာကြီးပေကြီးများအထိ သင်ကြားပို့ချ ကြလေသည်။ ဤသို့ ငယ်စဉ်က အစပြု၍ မိဖဆရာသမားတို့က စာဖတ်တတ်အောင် သင်ကြားပေးကြသည်မှာ စာဖတ်တတ်ခြင်းအားဖြင့် ကလေးများသည် သူတို့၏ အနာဂတ် ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။

စာဖတ်ခြင်း
စေတနာ့ဝန်ထမ်းတစ်ဦးမှ မိန်းကလေးတစ်ဦးအား စာဖတ်ပြနေပုံ


စာဖတ်ရာတွင် ပညာဗဟုသုတ တိုးပွားရန် နှင့် အတွေးအခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ ပညာဗဟုသုတ မရှိလျှင် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့ ခဲယဉ်းပေးလိမ့်မည်။ စိတ်ကူးဉာဏ် အတွေးအခေါ် ရင့်သန်ခြင်း မရှိပါလျှင်လည်း လူ့လောကတွင် တိုးတက်ရန်ခဲယဉ်းပေလိမ့်မည်။ ထိုကြောင့် လိမ္မာရေးခြား ဗဟုသုတ ကြွယ်ဝစေရန်အတွက် စာဖတ်ခြင်း အလေ့သည် အလွန်အရေးပါ အရာရောက်ပေသည်။ ယခုခေတ်၌ စာဖတ်ခြင်းကို အထောက်အပံ့ဖြစ်စေသော သတင်းစာဂျာနယ်မဂ္ဂဇင်းစာအုပ် ဟူသည်တို့သည် အမြောက်အမြား ထွက်ပေါ်လျက်ရှိ၏။


ထိုကဲ့သို့သော ပုံနှိပ်စာများ မပေါ်မီက ပညာဗဟုသုတ ဆည်းပူးရန်ကိစ္စသည် များစွာ ခဲယဉ်းလှပေသည်။ အရေးအားဟူ၍ မရှိသေးသော ခေတ်တွင် လူတို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသမျှသော ပညာဗဟုသုတတို့ကို နှုတ်ငုံဆောင်ကြရသည်။ ထိုနောက် ရွှံ့ပြား၊ ကျောက်ပြားများပေါ်တွင် ရေးကြ၊ ထွင်းကြသော အရေးအသားများ ပေါ်လာသည်တို့ကို လူတို့သည် ကြည့်ရှု မှတ်သားကြရသည်။ ထိုနောက် ပေရွက်၊ ကျူရွက်၊ ပုရပိုက် စသည်တို့အပေါ်တွင် ရေးမှတ်ထားသည်ကို လူတို့ဖြတ်ကြရသည်။ စက္ကူနှင့် ပုံနှိပ်စက်ခေတ်သို့ ရောက်လာသောအခါ လူအများ၌ စာဖတ်ခြင်း အလေ့အထသည် ပိုမို ပြန့်ပွားလာလေသည်။


ယခုခေတ်၌ မျက်မမြင်များအတွက်ပင်လျှင် လက်ဖြင့် စမ်း၍ဖတ်ရသော အပိမ့်အဖု အမှတ်အသားများ ဖြစ်သည့် ဗရေးလ စံနစ်သည် ထွန်းကားလျက် ရှိပြီ။ စာအုပ်သည် စာဖတ်သူ၏ မိတ်ဆွေကောင်း မည်ပေသည်။ စာအုပ်များမှာ ပညာဗဟုသုတ အမျိုးမျိုးကို ပေးသော ပညာ ပဒေသာပင်များ ဖြစ်သည်။ စာဖတ်၍ ပညာဗဟုသုတ ကြွယ်ဝသောအခါ စာဖတ်သူသည် မိမိ၏စိတ်ကို မိမိ ဆုံးမပဲ့ပြင်လာတတ်၏။ အမှားအမှန်ကို ပိုင်းခြား ဝေဖန်လာတတ်၏။ နေ့စဉ်ကြုံတွေ့ရသော ပြဿနာတို့ကို ဖြေရှင်းနိုင်တတ်၏။ အတွေးအခေါ် ရင့်သန်လာသည် နှင့်အမျှ မိမိပြုမူ ပြောဆို လုပ်ကိုင်သော အကြောင်းအခြင်းရာတို့သည် လူ့လောကနှင့် ဝင်ဆံ့လာတတ်၏။ ဤအချက်ကို သိမြင်သော ခေတ်မှီနိုင်ငံတို့သည် လူတိုင်း စာဖတ်သော အလေ့အထ ပြန့်ပွားလာအောင် တိုက်တွန်း နှိုးဆော်ပေးကြ၏။ ထို့ကြောင့်လည်း နိုင်ငံတကာတွင် စာကြည့်တိုက်များ အဓွန့်ရှည်စွာတည်တံ့အောင် ထူထောင်ခြင်း အလုပ်ကို အလေးဂရုပြု၍ လုပ်ဆောင်ကြခြင်းဖြစ်၏။


သို့ရာတွင် စာဖတ်ခြင်းမှ အကျိုးများ ပြည့်ပြည့်ဝဝ ရနိုင်ရန်မှာ စာဖတ်ရာတွင် နည်းစံနစ်ကျဖို့ လိုပေသည်။ ဦးစွာ၌ စာအုပ်ကောင်းများကို မိတ်ဆွေကောင်းအား ရွေးချယ်ရသကဲ့သို့ ရွေးချယ်ရပေလိမ့်မည်။ စာအုပ်များ၌ မိမိစိတ်ကို ဖြေဖျော်ပေးသည့် စာအုပ်ကတစ်မျိုး၊ မိမိအား ဉာဏ်ပညာ ဗဟုသုတ အတွေးအခေါ် ရင့်သန်အောင် သွန်သင်ပေးသည့် စာအုပ်က တစ်မျိုးဟူ၍ ရှိလေသည်။ အခါကာလ အားလျော်စွာ မိမိစိတ်ကြိုက်လည်းဖြစ်၍ မိမိအားလည်း အကျိုးတရား ပွားများစေသော စာအုပ်ကို ရွေးချယ်တတ်ရမည်။

သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ

စာဖတ်ခြင်းနည်းကို ပညာရှင် အမျိုးမျိုးတို့ ညွှန်ပြခဲ့ကြသည်တွင် ဂမ္ဘီသာရပျို့လာ၊ ရှင်မဟာရဋ္ဌသာရ၏ 'သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင် လော့၊ စာသင်ပျိုနု၊ အခြေပြုတို့'ဟူသော ဩဝါဒသည် တန်ဖိုးအရှိဆုံး ဖြစ်သည်ဟု ယူဆထိုက်ပေသည်။ ထိုအက္ခရာ ရှစ်လုံးမှာ အကျဉ်းပြသော ပါဠိစကားများ ဖြစ်သည်။ အဓိပ္ပာယ်မှာ−

      • သု သုဏေယျ (ကြားနာရာ၏။)
      • စိ စိန္တေယျ၊ (ကြံစည်ရာ၏။)
      • ပု ပုစ္ဆေယျ၊ (မေးမြန်းရာ၏။)
      • ဘာ ဘာသေယျ၊ (ပြောဆိုရာ၏။)
      • ဝိ ဝိစာရေယျ၊ (ဆင်ခြင်ရာ၏။)
      • လိ လိခေယျ၊ (ရေးသားရာ၏။)
      • သိ သိက္ခေယျ၊ (လေ့ကျင့်ရာ၏။)
      • ဓာ ဓာရေယျ၊ (နှုတ်ငုံဆောင်ရာ၏။) ဟူလေသည်။

ထိုအင်္ဂါရှစ်ပါးတို့မှာ စာဖတ်ခြင်း၏ အခြေခံဖြစ်လေသည်။

ထိုရှစ်ပါးတို့အနက် စာဖတ်၍ ကြားသိရသော ဗဟုသုတတို့ကို ကြံစည်ကြည့်ပြီးလျှင်၊ မရှင်းမလင်းသည်တို့ကို သူတစ်ပါးအား မေးမြန်း၍ ဆွေးနွေးပြောဆိုရာသည်။ သို့မှသာလျှင် အကောင်း အဆိုးတို့ကို ဆင်ခြင်ဝေခွဲနိုင်မည် ဖြစ်သည်။ ဤသို့ ပိုင်းခြား ဝေဖန်ကြည့်ပြီးသော် စာ၏အမြုတေတို့ကို ရေးမှတ်ခြင်း၊ လေ့ကျင့်ခြင်း၊ အာဂုံဆောင်ခြင်းတို့ကို ပြုလုပ်ရာသည်။

ကိုးကား

Tags:

ဗျည်းအက္ခရာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကလေးမြို့အရေပြားလေးဘက်နာရောဂါနမ့်စန်မြို့မြွေရွှေစာရံ စေတီတော် (မန္တလေး)အစ္စရေးနိုင်ငံလက်ဖက်တဏှာဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သိပ္ပံမောင်ဝအဇာဘိုင်ဂျန်နိုင်ငံအဝလွန်ခြင်းငါးမန်းခင်မောင်တိုးသိန်းစိန် (နိုင်ငံတော်သမ္မတ)မှော်ပညာမယ်နုအုတ်ကျောင်းတရုတ်နှစ်သစ်ကူးရွှေဝါရောင် တော်လှန်ရေးအောင်သူ (ဘောလုံးသမား)ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ကချင်လူမျိုးလား (တိရစ္ဆာန်)လွှမ်းပိုင်အိန္ဒိယနိုင်ငံနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရန်ကုန်ပြည်သူ့ဆေးရုံကြီးဘီလူးပုဂံမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များချင်းမိုင်မြို့တူရကီနိုင်ငံဂုဏ်တော်ကွန်ချာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အင်္ဂလိပ်ဘာသာစကားအားဩစတြေးလျနိုင်ငံမဟာစန္ဒာမုနိဘုရားဆင်ပုစွန်မြင်းစီးခြင်းသခင်ကိုယ်တော်မှိုင်းယောက်ဖခွေးခေါ်ငှက်ရှမ်းဘာသာစကားမြန်မာကျပ်ငွေဂျပန်နိုင်ငံဂုဏ်ဆယ်ပါးရက္ခိုင့်တပ်တော်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းရှေးဟောင်းမြန်မာဘာသာစကားနေပိုးဟပ်၂၄ ပစ္စည်းကြို့ထိုးခြင်းဗိုလ်တစ်ထောင်ဘုရားလူသားတစ်ဦး၏လိင်တံအရွယ်အစားနှစ်ဆန်းတစ်ရက်နေ့နှင်းဆီလများ (အချိန်အတိုင်းအတာ)ပတ္တမြားဂဠုန်လွတ်လပ်ရေးကျောက်တိုင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်မဟာဗန္ဓုလသောတာပန်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမျက်မှန်ခင်သန်းနုဂျပန်ဘာသာစကားမြန်မာယွန်းထည်လုပ်ငန်းကောသလမင်း အိပ်မက် (၁၆)ချက်ရန်ကုန်တိုင်းစစ်ဌာနချုပ်ငှက်ကုလားအုတ်🡆 More