ငရဲဆိုသည်မှာ ပါဠိဘာသာ နိရယ ပုဒ်ကလာသည်။
`နိရယ´ကို `နိ+အယ´ဟု ပုဒ်ခွဲရသည်။
နိ = မရှိ ဟု အနက်ရသည်။
အယ = ချမ်းသာ ဟု အနက်ရသည်။
`နိ+အယ´ နှစ်ပုဒ်ကိုပေါင်းလျှင် = ချမ်းသာမရှိသည့်နေရာ ဟု အဓိပ္ပာယ်ရသည်။ `နိရယ´ပုဒ်ကို ရှေးမြန်မာများက `ဆိုငြယ်´ဟုလည်း ရေးကြသည်၊ `နိရဲ´ဟုလည်း ရေးကြသည်၊ အဓိပ္ပာယ်က အတူတူဖြစ်သည်။ နိရဲမှ`ငရဲ´ ဖြစ်လာသည်ဟု ဆိုသည်။
ငရဲဘုံသည် သိဉ္ဇိုဝ်းငရဲ-စသော ငရဲကြီး (၈) ထပ်၊ ပြာပူငရဲ-စသော ဥဿဒငရဲငယ် (၁၆)ထပ် ရှိသည်။
လေး ထောင့်ပုံသဏ္ဌာန်ဖြစ်၏၊ အလျားယူဇနာ ၁၀၀, အနံယူဇနာ ၁၀၀-ရှိ၏။ တံခါး လေး ပေါက်ရှိသည်။ သံမြေထုပေါ်၌ သံနံရံ ,သံ အမိုးအကာတို့ဖြင့် မိုးကာထားသည်။ နံရံထု တစ်ခုတစ်ခုသည် ၉-ယူဇနာရှိ၏။ အရှေ့ ဖက်မှထလာသော မီးတောက်မီးလျှံသည် အနောက်နံရံထုကို ဖောက်ထွက်၍ ယူဇနာ ၁၀၀-တိုင်တိုင် ပြေးသွားသည်။ အရပ်မျက်နှာအားလုံးနည်းတူပင်။ မီးတောက်မီးလျှံသည် အလျားအနံအားဖြင့် ၃၁၈-ယူဇနာစီရှိ၍ အဝန်းအဝိုင်းအားဖြင့် ၉၅၄-ယူဇနာရှိသည်။
(မှတ်ချက်) အရှေ့နံရံပြင်ဖက် ယူဇနာ ၁၀၀, အရှေ့နံရံထု ၉-ယူဇနာ, အလယ်ယူဇနာ ၁၀၀, အနောက်နံရံထု ၉-ယူဇနာ, အနောက် နံရံပြင်ဖက် ယူဇနာ ၁၀၀ ပေါင်း ၃၁၈-ယူဇနာဖြစ်သည်။ ၃-ဆတက်လျှင် အဝန်း အဝိုင်း ၉၅၄-ယူဇနာဖြစ်သည်။ ဥဿဒငရဲ ငယ်နှင့်တကွ အားလုံးယူသော် ယူဇနာ ၁၀၀၀၀ (တစ်သောင်း) အထိရှိသည်။
`ဥဿဒ´ဆိုသည်မှာ `အများအပြား´ဟု အဓိပ္ပာယ်ရသည်။
ငရဲကြီးတွေ၏ အရပ်လေးမျက်နှာမှာ အများအပြား ဝန်းရံတည်ရှိနေတဲ့ ငရဲများဟု ဆိုလို သည်။
ငရဲကြီး (၈) ထပ်တို့တွင် အထပ် တစ်ထပ်၌ ၄-မျက်နှာစီရှိရာ တစ်မျက်နှာ တစ်မျက်နှာလျှင်
ဘင်, ပြာ, လက်, သန်၊ အစဉ်ရံ၊ လေးတန်ဥဿဒါ။ ပရမတ္ထသံခိပ်။ ၂၄၆-ပိုဒ်။
ဥပရိပဏ္ဏာသ၊ ဒေဝဒူတသုတ် ၌ ခါရောဒကာနဒီ = ခါးသောရေရှိသော ကြိမ်ပိုက်မြစ် (ချောင်း) ငရဲ တစ်မျိုးပါထည့်သွင်း၍ တစ်မျက်နှာ တစ်မျက်နှာ၌ ဥဿဒငရဲငယ် ၅-ခု စီရှိကြောင်းကို ပြဆိုထားရာ ယင်းအလို ဥဿဒငရဲငယ် ၂၀-ခုရှိကြောင်းလည်း မှတ်သားရာ၏။
ဘင်, ပြာ, လက်, သန်၊ မြစ်အရံ၊ ငါးတန်တနည်းမှာ။ ပရမတ္ထသံခိပ်။ ၂၄၇-ပိုဒ်။)
ဥဿဒငရဲငယ်ပေါင်း ၁၂၈-ခု ယင်းသို့ ငရဲကြီးတစ်ထပ်တစ်ထပ်လျှင် ဥဿဒငရဲ ငယ် ၁၆-ခုစီရှိရကား ငရဲကြီး(၈) ထပ်တို့၌ ဥဿဒငရဲငယ်ပေါင်း ၁၂၈-ခုရှိသည်။ ငရဲကြီး (၈) ထပ်ပါ ထည့်သွင်းရေတွက်သော် ငရဲ အားလုံးပေါင်း ၁၃၆-ခုရှိ၏။
တံခါး ၄-ပေါက်တို့၌ ဝေမာတိကပြိတ္တာဘုရင် ခေါ် ယမမင်းတစ်ယောက်စီရှိ၏။
တို့ ဖြစ်သည်။
ငရဲငယ် တစ်ခုနှင့် တစ်ခု ယူဇနာ တစ်ထောင့်ငါးရာစီ ဝေးကွာကြသည်။
'ထိုပြိနောက်မှ၊ ဥဒဿ၏၊ ပြင်ကပတ်ခြံ၊ စပ်ကာရံသား၊ ဆူလျှံပွပွ၊ ပွက်ပွက်ထလျက်၊ ကြွကြွ တက်ဝေ၊ ကြေးသံရေနှင့်၊ မသေမသက်၊ သိပ်သိပ်နက်ဖြင့်၊ ကျွက်ကျွက်အုတ်အုတ်၊ တရုတ်ရုတ်လျှင်၊ ချက်ဖြုတ် ဘွားဘွား၊ သားငါးချဉ်ချို၊ ဟင်းဒယ်ကျို၍၊ ကြိုကြိုကြားကြား၊ ရှောင်ရှားထွက်ခွာ၊ လွတ်ရာမရ၊ ကြောက်ဖွယ်စွလျှင်၊ လောဟကုမ္ဘီ၊ ကြေးနီအိုးကြီး၊ ညီးညီးပူကဲ၊ ငရဲတစ်ခွင်၊ ရဲချင်ချင်နှင့်၊ ထိလျှင်ရှစူး၊ သင်ဓုန်းဦးသို့၊အဆူးရှည်လံ၊ ဝင်းဝင်းလျှံသည်၊ လက်ပံငံငရဲ၊ လွန်ကဲချက်ချက်၊ ထက်ထက်မြသား၊ သန်လျက်လက်သည်း၊ အော်မြည်ကြည်းလျက်၊ လန့်ကျည်းပြင်းစွာ၊ ကုတ်ကျစ်ကာလျှင်၊ ခံရာမချိ၊ ကြောက်ဘွယ်တိဖြင့်၊ အသိနိနခ၊ မည်ရမလွဲ၊ ငရဲတစ်တန်၊ စီးဟန်သက်သက်၊ ဆူကြွက်ကြွက်နှင့်၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဟု၊ ပူထွေလွန်မော၊ တမ္ဗောဒက၊ မည်ရမလွဲ၊ ငရဲတစ်ထွေ၊ သံတွေညီးညီး၊ အရှိန်ကြီးလျက်၊ မီးကြီးအလျှံ၊ တောက်ပျံပူလော၊ အယောဂုဠုဠ၊ အမည်ရသား၊ နာမခေါ်မြဲ၊ ငရဲတစ်ချက်၊ ကြောက်မက်စဖွယ်၊ ကြီးကျယ်ဖြိုးမြင့်၊ မိုးနှင့်တမျှ၊ မီးလျှံထလျက်၊ သေလပဗ္ဗတ၊ မည်ရပြောင်ပြောင်၊ သံမီးရောင်နှင့်၊ ကျောက်တောင်တစ်ခဲ၊ ငရဲတစ်ဆစ်၊ ပူအစ်ထန်ပြင်း၊ စပါးဖျင်းသို့၊ စီးဆင်းလျှံခြောင်း၊ ခိုးထောင်းထောင်းနှင့်၊ မြစ်ချောင်းတူလှ၊ ဆူပွက်ထသား၊ ဘုသုသနဒီ သညီမှတ်စွဲ၊ ငရဲတစ်မျိုး၊ လျှံခိုးမရှိန်၊ မထိန်မတောက်၊ မနောက်မခဲ၊ မရဲမချဉ်၊ မီးလွတ်စင်လည်း၊ ရိုးခြင်ဆီတွင်း၊ အကုန်ချင်းအောင်၊ ထွင်း၍ဧကျဉ်၊ ရေအယဉ်သို့၊ ရှောင်ကြဉ်မဖြစ်၊ ဆင်းရဲနစ်သား၊ မြစ်ပမာဏ၊ သီတီတနဒီီ၊ ဤလည်းလွန်ကဲ၊ ငရဲတစ်သီး၊ ကျားကြီးဆင်ပေါက်၊ လောဟီကျောက်သို့၊ လန့်ကြောက်ဖွယ်လိ၊ မျက်စိချင်းချင်း၊ စွယ်ဝင်းဝင်းနှင့်၊ ကောက်ချင်းရှက်ထွေး၊ တောင်ပြေးမြောက်ရစ်၊ အော်ဟစ်မြူးခုန်၊ သဲသဲတုန်အောင်၊ ဝိုင်းကုန်အုန်းအင်း၊ ဗြုန်းဗြင်းဆူဝေ၊ မြင်ရုံသေမျှ၊ ခွေးရွှေခွေးနက်၊ ကျားထက်ဆိုးကျူး၊ ခွေးဘီလူးတို့၊ ရှူးရှူးရှင်ရှင်၊ ရွတ်ရွတ်ငင်၍၊ လျှင်လျှင်ကြွက်ကြွက်၊ ပြေးမလွတ်အောင်၊ ကျွတ်ကျွတ်မျိုဝါး၊ ဟပ်စားကိုက်ခဲ၊ ခွေးငရဲဟု၊ ခေါ်မြဲတစ်ရပ်၊ ကြံညှပ်ယန္တယား၊ စက်အလားသို့၊ ထွားထွားညက်ကြိတ်၊ မည်ကျိတ်ကျိတ်နှင့်၊ ကြောက်ထိပ်ဖွယ်ကြီး၊ တတီးတီးတည့်၊ ယိုစီးအယဉ်၊ ညီးညီးပျဉ်၍၊ မစဉ်တစ်ရစ်၊ ကိုယ်လုံးနစ်မျှ၊ သွေးချောင်းကျသား၊ ယန္တပ္တပါသာ၊ သညာမည်စွဲ၊ ငရဲတစ်ပုံ၊ လုံးစုံဖော်ပြ၊ ယမလောကီ၊ တွင်ညီခေါ်ရိုး၊ ဤဆယ်မျိုးလည်း၊ ကြောက်စိုးလန့်ဘွယ်။
အဗ္ဗုဒရဲ, နိရဗ္ဗုဒငရဲ-စသည်ဖြင့် သင်္ချာအမည်နှင့်လာသော ငရဲများ လည်းရှိသေးသည်။
အပါယ, ဒုဂ္ဂတိ, ဝိနိပါတသဒ္ဒါတို့သည် နိရယ-သဒ္ဒါ၏ ပရိယာယ်သဒ္ဒါများ ဖြစ်သည်။ နိရယ သဒ္ဒါဖြင့် အဝီစိငရဲ-စသော များစွာသောငရဲတို့ကို ပြဆိုသည်။
အဝီစိငရဲသည် မြေကြီး၏အတွင်း၌ တည်ရှိ၏။ (ဇာ၊ဋ္ဌ၊၅၊၂၇၈။)
လောဟကုမ္ဘီငရဲသည် သာဝတ္ထိပြည်၏အနီး၌ တည်ရှိ၏။
ဥဿဒငရဲသည် သမုဒ္ဒရာမြစ်အနီး၌ တည်ရှိ၏။
ငရဲ၌ ခံရသူတို့၏ ခန္ဓာကိုယ်အတ္တဘောသည် အချို့တစ်ဂါဝုတ်, အချို့ ယူဇနာခွဲ, အချို့ ၃-ဂါဝုတ်အထိ အသီးသီးရှိ၏။
ငရဲဘုံ၌ ဩပပါတိက ယောနိတစ်မျိုးသာ ရှိ၏။
ငရဲ၌ ခံရသောအချိန်လည်း အချို့ တစ်ကမ္ဘာတိုင်တိုင်
အချို့ အနှစ်ထောင်ပေါင်းများစွာ
အချို့ အနှစ် ရှစ်သောင်း
အချို့တစ်ဆူသော ဘုရားရှင်နှင့် တစ်ဆူသောဘုရားရှင်တို့၏ အကြား
အချို့ အနှစ် ကုဋေသိန်းပေါင်းများစွာ
ကြာအောင် ခံရကြောင်းပြဆိုသည်။ ငရဲဘုံ၌ ရံဖန်ရံခါသာ ကာမာဝစရကုသိုလ်စိတ် ဖြစ်ခွင့်ရှိသည်။
မကောင်းမှု (အကုသိုလ်) ဒုစရိုက်ကံကြောင့်သာ ငရဲ၌ကျ ရောက်ရသည်။
ယမမင်း ဆိုသည်မှာ ပါဠိဘာသာ`ယမ´၊ မြန်မာစကား`မင်း´ကို ပေါင်းပြီးခေါ်ခြင်း ဖြစ်သည်။ အကုသိုလ်ကံ အလျောက် ငရဲထိန်း တို့ ဆောင်ယူပို့လာသော သတ္တဝါတွေကို ဒေဝဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်တွေကို အောက်မေ့စေတတ်၊ အမှတ်ရစေတတ်သောကြောင့် `ယမမင်း´မည်သည်။ ငရဲမင်းကြီး(ယမမင်း) များသည် အပြစ်ကြီးကြီးနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုပေ၊ အပြစ်နဲနဲနှင့် ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန်ဖြစ်သည်။ ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖြိုဖျက်သူ၊ မိစ္ဆာဒိဋ္ဌိ အယူရှိသူ စသောအပြစ်ကြီးသော ငရဲသားများကို တစ်ခါတည်း ငရဲချ၏။ အကုသိ်ုလ်နည်းပါးသူများ အတွက် ငရဲမှ လွတ်လ်ိုလွတ်ငြား ယမမင်းက စစ်ဆေးခြင်း ဖြစ်သဖြင့် ယမမင်းများကို မင်းကောင်းမင်းမြတ်များဟု သတ်မှတ်ကြသည်။ ငရဲတစ်ထပ်စီတွင် ငရဲမင်းကြီး(ယမမင်း) (၄)ဦးစီ ရှိသည်။ အရှေ့ဘက်တံခါးမုခ် တွင်တစ်ယောက်၊ အနောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ မြောက်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ တောင်ဘက်တံခါးမုခ် တွင်တစ်ယောက်၊ ပေါင်း(၄)ယောက် ရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီး(ယမမင်း) ပေါင်း(၃၂)ယောက် ရှိသည်။ ငရဲငယ်(၁၂၈)ခုမှာ ငရဲမင်းကြီး(ယမမင်း) များမရှိပါ။ ငရဲမင်းကြီး(ယမမင်း) များ၏ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ `ဝေမာနိက ပြိတ္တာ´ များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ `မဟိဒ္ဓိက ပြိတ္တာ´ မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ)ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။
တိဘက်အယူအဆအရ ယမမင်းက ကျွဲခေါင်းနဲ့လို့ ယူဆပါသည်။ ဘေးက သူ့ နှမပါ။ ယမမင်း၏ လက်ယာဘက်မှာ အရိုးနှင်တံကိုကိုင်ထားပြီး လက်ဝဲဘက်မှာ မိစ္ဆာတွေကို ဖမ်းဆီးရန် ကျော့ကွင်းကို ကိုင်ထားသည်။ တိဘက်တွေက ယမမင်းသည် ဗုဒ္ဓဘာသာကို စောင့်ရှောက်သော နတ်မင်းတစ်ပါးဟု ယူဆကြသည်။
ငရဲထိန်း ဆိုသည်မှာ အကုသိုလ်နည်းနည်းနှင့်ရောက်လာသော ငရဲသားများကို ငရဲမင်းကြီး(ယမမင်း) ထံသို့ ပို့ဆောင်ပေးရခြင်း၊ ငရဲကျသည့် ငရဲသားများကို အမျိုးမျိုးညှဉ်းဆဲ သတ်ဖြတ်ရခြင်း များကို လုပ်ဆောင်ရသောသူကို ခေါ်သည်။ ငရဲထိန်းများသည် ငရဲကြီးရှစ်ထပ်တွင် မရှိပါ။ ငရဲငယ်(၁၂၈)ခုမှာသာ ငရဲထိန်းများရှိကြသည်။ ငရဲထိန်းတို့သည် စတုမဟာဇာရ်နတ်မျိုး အပါအဝင် နတ်ဘီလူး၊ နတ်ရက္ခိုသ်များ ဖြစ်ကြသည်။ `ဝေမာနိက ပြိတ္တာ´မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ(မိဿက ကုသိုလ်ကံ) ကြောင့် ငရဲထိန်း ဖြစ်လာသည်။
သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲပြီး ရလာသောပစ္စည်းများနှင့် အလှူဒါနပြုခဲ့ခြင်း၊ သူတစ်ပါးကို ညှင်းဆဲပါရစေ ဟုဆုတောင်းခဲ့ခြင်း တို့ကြောင့် ရလာသည့် ကုသိုလ်ကံ ကိုခေါ်သည်။ လှူသောပစ္စည်း မသန့်စင်၍ ရလာသောကုသိုလ်မှာလည်း အကုသိုလ်နှင့် ရောနေသည်။ ငရဲမင်းကြီး(ယမမင်း) နှင့် ငရဲထိန်းတို့သည် ထိုကုသိုလ်ကံကြောင့် စတုမဟာဇာရ်နတ်ပြည်ကိုရောက်သော်လည်း ငရဲပြည်တွင် လာရောက် တာဝန်ထမ်းဆောင်နေရသည်။
ငရဲသား ဆိုသည်မှာ အကုသိုလ် မကောင်းမှုကို ကျူးလွန်၍ ငရဲပြည်၌ အပြစ်ကျခံရသူကို ခေါ်သည်။ ငရဲသား၏ ဦးခေါင်းမှာ ငါးဦးခေါင်းနှင့်တူသည်။ ခြေလက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့သည် လူသားတို့၏သဏ္ဌာန်နှင့် တူသည်။ ငရဲသား၏ ကိုယ်ခန္ဓာ ပမာဏမှာ သုံးဂါဝုတ်မျှ ကြီးမားသည်။ ငရဲသားများသည် ဥပစ္ဆေဒကံနှင့် မသေကြရပေ။ ငရဲဘဝ ခံရမည့် အကုသိုလ်ကံကုန်မှ သေကြရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ငရဲ (၃၁-ဘုံ), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.