စက်မှုအတတ်ပညာ (engineer) ဆိုသည်မှာ စက်မှုအတတ်နည်းပညာ (engineering) တစ်ခုခုဖြင့် အသက်မွေးဝမ်းကြောင်းပြုသူကို ဆိုသည်။ စက်မှုအတတ်ပညာရှင်များသည် သင်္ချာ နှင့် သိပ္ပံ အသိပညာ များကိုသုံး၍ နည်းပညာ အခက်အခဲများကို ကျော်လွှားကာ ကုန်ကျစရိတ် သက်သာပြီး အန္တရာယ် ကင်းသော ဖြေရှင်းချက်များကို ဖော်ထွင်းကာ လက်တွေ့ ပြဿနာများကို ဖော်ထွင်းသည်။ ထို့ကြောင့် စက်မှုအတတ်ပညာရှင်များ၏ အလုပ်သည် လူ့အဖွဲအစည်း နှင့် စီးပွားဖြစ် ထုတ်ကုန်လုပ်ငန်းတို့ကို ဆက်စပ်ပေးသူဖြစ်သည်။ အချို့သူများသည် စက်မှုအတတ်ပညာရှင်ကို အနုပညာနှင့် သင်္ချာပညာကို ပေါင်းစပ်ပေးသူဟုလည်း မြင်ကြသည်။
စက်မှုအတတ်ပညာရှင်များသည် စက်ဒီဇိုင်း၊ သုသေသန နှင့် စက်ထုတ်လုပ်ခြင်းများသာမက ကုန်ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများတွင်ပါ ပါဝင်သည်။ စက်မှုအတတ်ပညာရှင်များသည် မည်သည့်အတွက်ကြောင့် စက်ပျက်သည်များကိုလည်းကောင်း၊ ကုန်ထုတ်လုပ်ခြင်းများတွင် အရည်အသွေးမီရန် ကြီးကြပ်ကွပ်ကဲခြင်းများတွင်လည်းကောင်း၊ စက်အသစ်များကို စမ်းသပ်ခြင်းတွင်လည်းကောင်း အဓိက ပါဝင်ကြသည်။ စက်မှုအတတ်ပညာရှင်များသည် လုပ်ငန်းတစ်ခုအတွက် မည်မျှကြာမည်၊ မည်မျှကုန်ကျမည်ကိုလည်း တွက်ချက်ပေးကြသည်။ အချို့သည် အုပ်ချုပ်ရေးနှင့် အရောင်းဌာနများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်ကြသည်။ အရောင်းဌာနတွင် စက်မှုအတတ်ပညာရှင်များသည် ဝယ်ယူသူတို့အတွက် နည်းပညာ၊ ကြိုတင်ခန့်မှန်းခြင်း၊ တပ်ဆင်ခြင်း နှင့် အသုံးပြုခြင်းတို့တွင် ပါဝင် ဆွေးနွေးသည်။
မြို့ပြအင်ဂျင်နီယာဆိုသည်မှာ ဆောက်လုပ်ရေး လုပ်ငန်းအမျိုးမျိုးနှင့် ယင်းတို့အား ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း (ဥပမာ အဆောက်အဦးများ၊ လမ်းများ၊ တံတားများ၊ ဥမင်လှိုဏ်ခေါင်းများ၊ လေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်းများ၊ ဆည်မြောင်း တာတမံများ၊ တူးမြောင်းများ၊ မိလ္လာမြောင်းများ၊ ဆိပ်ကမ်းများ) စသည်တို့အား အဓိက တာဝန်တစ်ရပ်အနေဖြင့် လုပ်ကိုင်နေကြသော အင်ဂျင်နီယာများ ဖြစ်သည်။
မြို့ပြလုပ်ငန်းခွင်တစ်ခုတွင် စီမံကိန်းချမှတ်ခြင်း (Planning)၊ ဆောက်လုပ်ခြင်း (Construction)၊ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) စသည့် အခြေခံ အချက်များ ပါဝင်သည်။ မြို့ပြ အင်ဂျင်နီယာများသည် နည်းပညာကိုသာမက စီမံခန့်ခွဲမှုနှင့် ကြီးကြပ် ဆောင်ရွက်မှုများကိုလဲ နိုင်နင်းစွာ လုပ်ကိုင်တတ်ရန် လိုအပ်ပါသည်။
လုပ်ငန်းခွင်တစ်ခုအား စီမံကိန်းချရန်နှင့် ဒီဇိုင်းလုပ်ရန်အတွက် အင်ဂျင်နီယာသည် လုပ်ငန်းခွင်နေရာကို လက်တွေ့လေ့လာဖို့လိုသည် (ဥပမာ- လုပ်ငန်း ဆောက်လုပ်မည့်နေရာ၏ မြေအမျိုးအစား၊ ဆောက်လုပ်မည့် လုပ်ငန်းအတွက် လိုအပ်သော အရင်းအမြစ်၊ အသုံးပြုမည့် ပစ္စည်းများ ရရှိနိုင်မည့် နေရာ၊ စသည်..)။ ယင်းလေ့လာချက်များအပေါ် မူတည်ပြီး စီမံကိန်းကို မှန်ကန်လျင်မြန်စွာ အတည်ပြု ဆုံးဖြတ်ချက် ချရမည်။ သို့မှသာ လုပ်ငန်း လိုအပ်ချက်များနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် အကောင်းဆုံး ပြင်ဆင် ဆောင်ရွက်နိုင်ပေမည်။ ထို့အပြင် အရေးပါသော အခြားလိုအပ်ချက်တစ်ခုမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တို့၏ ညွှန်ကြားချက်ကို လိုက်နာရန်ဖြစ်ပြီး စီမံကိန်း ခွင့်ပြုချက် ရယူထားရမည်။ ၎င်းအပြင် စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်မှုနှင့် လုပ်ငန်းခွင် ရည်မှန်းချက်၊ ပြီးစီးမှု အခြေအနေများအား ဂရုပြု မှတ်တမ်းတင်ရမည်။
စီမံကိန်း လုပ်ငန်းခွင်များအား အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် မြို့ပြအင်ဂျင်နီယာများသည် မြို့ပြအင်ဂျင်နီယာ ဘာသာခွဲများဖြစ်သည့် ဒီဇိုင်းအင်ဂျင်နီယာများ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ ရေအရင်းအမြစ် ဆိုင်ရာ အင်ဂျင်နီယာများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အင်ဂျင်နီယာများ၊ ဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာများ ကဏ္ဍအလိုက် စုဖွဲ့ပြီး ဆောင်ရွက်သကဲ့သို့၊ အခြား သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရသည်။
မြို့ပြလုပ်ငန်းခွင်သည် လူထုအတွက် သက်သာချောင်ချိစေရန်နှင့် ဘေးအန္တရာယ် ကင်းဝေးစေရန် အလုံးစုံတာဝန်ယူမှု ရှိရမည်။ မြို့ပြအင်ဂျင်နီယာများ၏ လက်ဆွဲထားသည့် လုပ်ငန်းခွင် ဆောင်ပုဒ်မှာ အန္တရာယ် ကင်းရှင်းရေးသည် ပထမ (safety first) ဖြစ်သည်။ မြို့ပြလုပ်ငန်းခွင်တိုင်းတွင် လိုအပ်သော ကြိုတင် ကာကွယ်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိရမည် (လူနေအဆောက်အဦး ဆောက်လုပ်ရေးအတွက် လိုအပ်သော စည်းကမ်းများ၊ လမ်းဖောက်လုပ်ရေးတွင် လိုအပ်သော စည်းကမ်းများ၊ ဆည်လုပ်ငန်းအတွက် လိုအပ်သော စည်းကမ်းများ စသည်....)။
မြို့ပြ အင်ဂျင်နီယာများအနေဖြင့် ပတ်ဝန်းကျင် အတားအဆီးများ၊ လုပ်ငန်းခွင် အခက်အခဲများ၊ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် ကြိုတင်စဉ်းစား ကာကွယ်ထားရမည်။ ထို့အပြင် မထင်မှတ်သော သဘာဝ အန္တရာယ်များကိုလည်း မျှော်မှန်း ကာကွယ်ထားရမည် ( ဥပမာ-မိုးသည်းထန်မှု၊ လေမုန်တိုင်း၊ ငလျင်စသည်)
မြို့ပြ အင်ဂျင်နီယာတိုင်းသည် မည်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ပင်ဖြစ်စေ အန္တရာယ် ကင်းရှင်းရေး ဦးစားပေး လုပ်ဆောင်ရမည့် အပြင် လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေရေး၊ ရေရှည်ခိုင်ခံ့ရေး၊ ကုန်ကျစရိတ် သက်သာရေး စသည့်တို့အားလည်း အလေးပေး ဆောင်ရွက်ရမည်။ သို့မှာသာ မြို့ပြအင်ဂျင်နီယာကောင်း တစ်ယောက်ပီသ နိုင်ပေမည်။
This article uses material from the Wikipedia မြန်မာဘာသာ article အင်ဂျင်နီယာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.