ယနေ့ခေတ်အခါတွင် ဆက်သွယ်ရေးလုပ်ငန်းသည် စီးပွားရေးအတွက်သာမက လူမှုဆက်သွယ်ရေးအရပါ တိုင်းပြည်တိုင်းတွင် အရေးပါသော အခန်းကဏ္ဍအဖြစ်ရှိနေပါသည်။ နိုင်ငံတကာဆက်သွယ်နိုင်သော ဆက်သွယ်ရေးလုပ်ငန်းများသည် တိုင်းပြည်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်များက တယ်လီဖုန်းဆက်သွယ်ရေးမှာ ကြိုးဖုန်း(လိုင်းဖုန်း)များဖြစ်ခဲ့သည်။ ကြိုးဖုန်းများသည် တပ်ဆင်ခနှင့် အသုံးပြုခ ဈေးကြီးသည်ဟုဆိုရပေမည်။ ဧရိယာအကွာအဝေးနေရာများကြောင့် ကြိုးဖုန်းဆက်သွယ်ရေးလုပ်ငန်းများမှာ တိုးပွားလာသော လူဦးရေများအတွက် လွယ်ကူအဆင်ပြေမှု ရာနှုန်းပြည့် မရှိနိုင်ခဲ့ပေ။
မကြာသေးသည့်နှစ်အနည်းငယ်ခန့်က တိုးတက်ဖွံ့ဖြိုးလာသော ကြိုးမဲ့နည်းပညာကြောင့် ကြိုးမဲ့ မိုဘိုင်းလ်ဖုန်းများသည် လူဦးရေအားလုံးထံရောက်ရှိနိုင်သည့် အခွင့်အလမ်းဖြစ်ခဲ့သည်။ ထို့အပြင် ဆက်သွယ်မှု မြန်ဆန်ခြင်း၊ ကြိုးဖုန်းထက် အဖိုးနှုန်းသက်သာခြင်းစသည့် အားသာချက်တို့ရှိသည်။ ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာတွင် မိုဘိုင်းလ်ဖုန်းများ၊ Wi-Fi ၊ WiMAX နှင့် meshed wireless networks တို့ပါဝင်သည်။ ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်းသည် လူဦးရေအားလုံးအတွက် အဆင်ပြေလွယ်ကူမှု ရှိသည်ဆိုသော်လည်း အာရှပစိဖိတ်ဒေသနေရာများတွင် အင်္ဂလိပ်ဘာသာစကားက အခက်အခဲအတားအဆီးအနည်းငယ်ဖြစ်နေသည်။ ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေကြသူများက ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် services နှင့် applications များကို အောင်မြင်စေပြီးဆက်သွယ်မှုအဆောင်အအုံအောင်မြင်စေရန် ကြိုးပမ်းလျက်ရှိကြသည်။
ယနေ့ခေတ်အချိန်တွင် အသုံးပြုနေကြသော ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာများမှာ Near Field Communications (NFC)၊ Bluetooth ၊ DECT၊ mobile phones ၊ Wi-Fi ၊ WiMAX ၊ High Altitude Platforms နှင့် satellite telephone networks စသည်ဖြင့် အမျိုးမျိုးရှိလေသည်။ တစ်မျိုးစီသည် သတ်မှတ်ထားသောဈေးကွက်အတွက် ဒီဇိုင်းထုတ်လုပ်ထားသည်။ တိုးတက်ခေတ်မီလာသော ခေတ်ကာလတွင် လူသားတိုင်း၏ လိုအပ်ချက်များအားလုံးကို ပြည့်မီနိုင်ရန်အတွက် တစ်မျိုးတည်းသောနည်းပညာဖြင့် မလုံလောက်နိုင်ပေ။ လိုအပ်ချက်အပေါ်မူတည်ပြီး အသင့်လျော်ဆုံးသော နည်းပညာများကို ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင်မြင်မှုများ ရရှိပေသည်။ ဥပမာအားဖြင့်ဆိုလျှင် Bluetooth က ကြိုးဖြင့်ဆက်သွယ်ခြင်းကို အစားထိုးပစ်လိုက်နိုင်သော်လည်း အဖိုးနှုန်းပမာဏမှာ များလှသည်။ အဖိုးနှုန်းများသည့်အပြင် တိုတောင်းသည့် အကွာအဝေးနေရာကိုသာ ထောက်ပံ့ပေးနိုင်ပြီး data rate ဒေတာပို့နှုန်းမှာလည်း အသင့်အတင့်သာ ရှိသည်။ ဂြိုဟ်တုစံနစ် satellite systemသည် တပ်ဆင်ခ ကုန်ကျစရိတ် များသော်လည်း ကြီးမားကျယ်ပြန့်လှသောအကွာအဝေးအတွက် အကောင်းဆုံးနည်းပညာဖြစ်သည်။
အသံဖြင့် ဆက်သွယ်နိုင်သော မိုဘိုင်းလ်ဖုန်းများနှင့် Wi-Fi LAN systems အင်တာနက်လုပ်ငန်းသည် များပြားလှသော လူဦးရေအတွင်း ပျံ့နှံ့လျက်ရှိသည်။ ယခင်နှစ်များကပင် မိုဘိုင်းလ်ဖုန်းများသည် ကမ္ဘာပေါ်တွင် ခေတ်အစားဆုံးဖြစ်နေသည်။ ၂၀၀၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက် ၂.၂ ဘီလျံရှိပြီး ကြိုးဖုန်းအသုံးပြုသူမှာ ၁.၂၆ ဘီလျံရှိသည်။ သည်နှုန်းထားအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နောက်လာမည့် နှစ်များတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုသူအရေအတွက်မှာ ကြိုးဖုန်းအသုံးပြုသူများအရေအတွက်ထက် ပိုမိုများပြားလာမည်ဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးပြီး တိုင်းပြည်များတွင်သာမက နည်းပညာအသုံးပြုနိုင်သော၂၁၃ နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းအော်ပရောတာလုပ်ငန်းများ ၆၉၀ကျော်ရှိနေသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်တိုးတက်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများထက် မိုဘိုင်းလ်ဖုန်းလုပ်ငန်း ကြီးထွားမှု မြန်ဆန်သည်။
ဖုန်းအသုံးပြုခ အခွန်ဆောင်ခြင်းနှင့် အသုံးပြုသူ မှန် မမှန် စစ်ဆေးခြင်းများအတွက် မိုဘိုင်းဖုန်းသုံးစွဲသူသည် သက်ဆိုင်ရာမိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုလုပ်ငန်းတွင် မှတ်ပုံတင်ခြင်းဖြင့် အကျုံးဝင်သော ကျယ်ပြန့်လှသော ကမ္ဘာအဝှမ်းနေရာများသို့ ဆက်သွယ်နိုင်သည်။ မိုဘိုင်းလ်ဖုန်းစနစ်သည် ဆက်သွယ်ရေးစနစ်များတွင် လွယ်ကူအသက်သာဆုံးဖြစ်ပြီး လုံခြုံမှုရှိသည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည် သူတို့၏ မိုဘိုင်းလ်ဖုန်းများကို စိတ်အချရဆုံးသော ကိုင်ပိုင်ဆက်သွယ်ရေးပစ္စည်းအဖြစ် ခံယူထားကြကာ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုပမာဏသည် ကမ္ဘာနှင့်အဝှမ်းတွင် ဟုန်းကနဲ တိုးတက်ကြီးမားလျက်ရှိသည်။ မိုဘိုင်းလ်ဖုန်းများကို အချင်းဝက်အားဖြင့် ကီလိုမိီတာများစွာ အကွာအဝေးထိ ထောက်ပံ့ပေးနိုင်သော base stations နှင့် ဆော့ဖ်ဝဲရ်ဆက်သွယ်မှုရှိသည့် နေရာများတွင်အသုံးပြုနိုင်သည်။ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများသည် base station နှင့် အနီးဆုံးဖြစ်ရန် လိုအပ်လှပေသည်။
မူလအစကမူ ချမ်းသာကြွယ်ဝသူများသာ မိုဘိုင်းလ်ဖုန်းများကို အသုံးပြုနိုင်ခဲ့ကြသော်လည်း ယနေ့ခေတ်အခါတွင်မူ လူဦးရေအားလုံးနီးပါးက တတ်နိုင်သည့် အဖိုးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများသည်ဈေးကွက်သို့ရောက်ရှိနေပြီ ဖြစ်ပေသည်။ ယခုချိန်ခါတွင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်းများသည် အသေတပ်ဆင်ထားသော ကြိုးဖုန်းများ၏ နေရာကို ဝင်ရောက်နေရာယူနေကြောင်း ထင်ရှားလှပေသည်။
မိုဘိုင်းလ်ဖုန်းမျိုးဆက်ကို ၃ ပိုင်းခွဲခြားကြည့်မည်ဆိုလျှင် မိုဘိုင်းလ်ဖုန်းစံနစ် ပထမမျိုးဆက်ကို ၁၉၇၈ ခုနှစ်တွင် ရှီကာဂိုမြို့၊ AT&T Bell Labs မှ စတင်ကာမိတ်ဆက်ပေးခဲ့သည်။ ထို့နောက် မိုဘိုင်းလ်ဖုန်းစနစ်သည် စီးပွားရေးဆက်သွယ်မှုကွန်ရက်တွင် အောင်မြင်မှုများ ရရှိခဲ့သည်။ ဒုတိယမျိုးဆက်ဖြစ်သော မိုဘိုင်းလ်ဖုန်းစနစ်သည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုထားပြီးများစွာ တိုးတက်လာသည်။ အသံအပြင် General Packet Radio Service (GPRS)၊ Short Message Service (SMS) များကိုပါ အသုံးပြုလာနိုင်သည်။ GPRS သည် ဖုန်းနှင့် phone network တို့အကြား ဒေတာဆက်သွယ်မှုဖြစ်ပြီး ထို့နောက် အင်တာနက်ဆက်သွယ်မှုဖြစ်သည်။ ၂၀ မှ ၄၀ kbps အထိသာ data rate ရှိခြင်းနှင့် အဖိုးနှုန်းကြီးမားခြင်းတို့ကြောင့် GPRS ကိုလူကြိုက်မများလှပေ။GPRS အသုံးပြုမှုမှာ အနည်းငယ်သာ အောင်မြင်မှုရှိသော်လည်း SMS အသုံးပြုမှုသည် မပြောပနိုင်လောက်အောင်ကို အောင်မြင်မှုများ ရရှိခဲ့သည်။ စာလုံးရေ ၁၆၀ ထိရေးပို့နိုင်ပြီး အဖိုးနှုန်းသက်သာလှသော SMS စာသားပေးပို့ ဆက်သွယ်ခြင်းသည် လူငယ်၊ လူရွယ်များအတွင်းတွင် အလွန်ရေပန်းစား လူကြိုက်များလှသည်။ တတိတမျိုးဆက်ဖြစ်သော မိုဘိုင်းလ်ဖုန်းစနစ်သည် မိုဘိုင်းလ်ဖုန်းစနစ် ဒုတိယမျိုးဆက်ကို ပိုမိုကျော်လွန်အောင်မြင်သည့် ဒစ်ဂျစ်တယ်ဆယ်သွယ်ရေးစနစ်ဖြစ်သည်။ multimedia applicationsများကို ထောက်ပံ့ပေးနိုင်ခြင်းကအောင်မြင်သည့် အဓိကသော့ချက်ဖြစ်သည်။ တတ်နိုင်သော ဈေးနှုန်းဖြင့် သုံးစွဲသူတို့ လက်ဝယ်ရောက်နိုင်ခြင်း၊ အသံဖိုင်လ်ပေးပို့ ဆက်သွယ်မှုမှာ ဒုတိယမျိုးဆက်စနစ်ထက်အဖိုးနှုန်းသက်သာခြင်းတို့ကလည်း အောင်မြင်မှုအကြောင်းပင်ဖြစ်သည်။ မိုဘိုင်းဖုန်းလ်စနစ် အောင်မြင်ခြင်းမှာ player များ၏ ကြိုးပမ်းမှုကြောင့် ဖြစ်သည်။
player များတွင် အရည်အသွေးကောင်းမွန်လှသောGSM နည်းပညာကို တီထွင်နိုင်ခဲ့သည် European Telecommunications Standards Institute (ETSI) လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာအဝှမ်းရှိ မိုဘိုင်းလ်ဖုန်းအော်ပရေတာများနှင့်ရေဒီယိုလှိုင်းအလျားကို ထိန်းညှိကာ စံသတ်မှတ်ပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးသော International Telecommunications Union (ITU) သည်လည်း မိုဘိုင်းလ်ဖုန်းတတိယစနစ်တိုးတက်ဖွံ့ဖြိုးလာခြင်း၏ အဓိက player ဖြစ်သည်။ လွယ်ကူအဆင်ပြေခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် တတိယမျိုးဆက် မိုဘိုင်းလ်ဖုန်းစနစ်သည် ဈေးကွက်ပြိုင်ဆိုင်မှုများကို ထိုးဖောက်ကာ သုံးစွဲသူများလက်ဝယ်ရောက်ရှိနေပေပြီ။ နိုင်ငံတကာ ရေဒီယိုလှိုင်းအလျားများကို ညှိနှိုင်းထားခြင်းကြောင့် handset တစ်ခုမှနေ၍ နိုင်ငံတကာသို့ ဆက်သွယ်နိုင်ခြင်းမှာ တတိယမျိုးဆက်၏ အားသာချက်တစ်ခု ဖြစ်သည်။
တိုင်းပြည်တစ်ခု၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကိုထိန်းညှိသူများသည် ထိုတိုင်းပြည်၏ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုလုပ်ငန်းများကို များစွာ သက်ရောက်မှုရှိနေသည်။ ထိန်းညှိမှုများက playerများ၏ ဈေးကွက်ပြိုင်ဆိုင်မှုများကို သက်ရောက်မှုရှိနေသဖြင့် လုံလောက်သော ဈေးကွက်ပြိုင်ဆိုင်မှုများ မရှိပါလျှင် မိုဘိုင်းလ်ဖုန်းသုံးစွဲသူများသည် ငွေကုန်ပြီး အကျိုးကျေးဇူးမခံစားရခြင်းဖြင့်သာ အဆုံးသတ်ဖွယ်ရှိပေသည်။ တိုင်းပြည်တစ်ခုစီအပေါ်မူတည်ပြီး ရေဒီယိုလှိုင်းအလျားအတွက် ကုန်ကျစရိတ်မှာ ကွဲပြားသွားသည်။ အချို့တိုင်းပြည်များတွင် အစိုးရသောသူများက telecommunication ဖွ့ံဖြိုးတိုးတက်မှုသည် အဓိကလိုအပ်ချက်အဖြစ် ရှုမြင်ကြပြီး အဖိုးနှုန်းချိုသာသက်သာအောင် ဆောင်ရွက်ပေးလျက်ရှိပြီး အချို့တိုင်းပြည်များတွင်မူ စရိတ်ကြီးမားလှသည်။ ထိန်းညှိသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းအော်ပရေတာနှင့် ကြိုးဖုန်းအော်ပရေတာများအကြား ထင်ရှားရှင်းလင်းသည့် စည်းမျဉ်းဥပဒေများထားရှိပေးရန်လိုအပ်ပြီး ထိန်းညှိသူသည် ဈေးကွက်ပြိုင်ဆိုင်မှုနယ်ပယ်များအတွက် မည်သည့်ဈေးကွက်သည် သုံးစွဲသူပြည်သူအတွက် အကျိုးရှိထိရောက်မှုရှိသည်ကို ရည်ညွှန်းပေးနိုင်ရပေမည်။
မိုဘိုင်းလ်ဖုန်းစံနစ်တိုးတက်မှုအတွက် အရေးကြီးသည့် အခြား playerတစ်ဦးမှာ GSM Association (GSMA)ဖြစ်သည်။ ၎င်းသည် မိုဘိုင်းလ်ဖုန်းအော်ပရေတာ ၆၉၀ကျော်နှင့် မိုဘိုင်းလ်ဖုန်း ကိရိယာတန်ဆာပလာများထုတ်လုပ်ပံ့ပိုးမှုပေါင်း ၁၈၀ ကျော် ၏ ကိုယ်စားလှယ်ဖြစ်သည်။ GSMA၏ မူလပန်းတိုင်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာထိ မိုဘိုင်းလ်ဖုန်းသုံးစွဲရေး နှင့် Emerging Market Handset Programme' (EMH) ဒီဇိုင်းထုတ်လုပ်ရေးဖြစ်သည်။ ထိုအစီအစဉ်မှာ handset တစ်စုံလျှင် ယူအက်စ်ဒေါ်လာ ၃၀ အောက် နှုန်းထားဖြင့် ရောင်းချပေးနိုင်ရန်ဖြစ်သည်။ ထိုအဖိုးနှုန်းပမာဏမှာ ယခုဈေးကွက်တွင်ရှိနေသော handset များထက် များစွာ အဖိုးနှုန်းချိုသာလှပေသည်။ EMH handset များသည် ပူးပေါင်းပါဝင်သော အော်ပရေတာ ၁၀ ခုတွင်ပါဝင်သော အိန္ဒိယ၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုဒီမိုကရက်တစ်ရီပါ့ဘလစ်၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ယက်မန်၊ သီရိလင်္ကာ၊ ကင်ညာနိုင်ငံများသို့ ရောက်ရှိနေပြီးဖြစ်သည်။ အခြားအရေးကြီးသည့် အကြောင်းအရာတစ်ခုမှာ အခွန်အခ သက်သာခြင်းဖြစ်သည်။
မိုဘိုင်းလ်ဖုန်း ပတ်ဝန်းကျင်တိုးတက်မှုအတွက် မိုဘိုင်းလ်ဖုန်းအော်ပရတောများသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိနေသည်။ ဈေးကွက်ကြီးမားမှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်မှာ handset များ ထောက်ပံ့ပေးခြင်း၊ ကြိုတင်ငွေချေစံနစ်ဝန်ဆောင်မှုများရှိခြင်း၊ Caller-Party-Pays (CPP) အစီအစဉ်များ၊ ဈေးနှုန်းလျော့ချပေးမှုများ၊ အခမဲ့ခေါ်ဆိုမှုအစီအစဉ်များ ပြုလုပ်ပေးနိုင်ခြင်းတို့ဖြစ်သည်။
GSMA လေ့လာမှုများအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် handset ဈေးနှုန်းမှာ မိုဘိုင်းလ်ဖုန်း တွင်ကျယ်စွာအသုံးပြုရေးအကောင်အထည်ဖော်ရာတွင် အဓိကအကြောင်းခြင်းရာဖြစ်နေသည်ကို တွေ့ရှိရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article မိုဘိုင်းလ်ဖုန်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.