ဘတ်စကက်ဘော (အင်္ဂလိပ်: Basketball) အားကစားသည် ဘောလုံးကို လက်ဖြင့်ပုတ်၍သော်လည်းကောင်း၊ ပစ်၍သော်လည်းကောင်း ဂိုးသွင်းကာ အဖွဲ့နှင့် ယှဉ်ပြိုင်ကစားရသည့် ကစားနည်းဖြစ်သည်။ ကစားရုံတွင်း၌ဖြစ်စေ၊ ကွင်းပြင်၌ဖြစ်စေ ကစားနိုင်သော ကစားနည်းမျိုးလည်း ဖြစ်သည်။ သံကွင်းတွင် တတ်ထားသည့် ခြင်းကဲ့သို့ ကြိုးဖြင့်ခက်ထားသော ပိုင်ထဲသို့ ဘောလုံးကို ပစ်သွင်းကစားခြင်းဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် ဘက်စကတ်(ခြင်း) ဘော (ဘောလုံး)ကစားခြင်းဟုတွင်သည်။
ဘတ်စကက်ဘောပွဲ တစ်ခု | |
စီမံကြီးကြပ်သည့် အမြင့်ဆုံးအဖွဲ့အစည်း | FIBA |
---|---|
ပထမဆုံးကစားခဲ့ | ဒီဇင်ဘာ ၂၁၊ ၁၈၉၁စပရင်းဖီး၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု | ။
ဝိသေသလက္ခဏာများ | |
ထိတွေ့မှု | ကန့်သတ်ချက်ဖြင့် |
အသင်း အဖွဲ့ဝင်များ | တစ်ဖက်လျှင် ၅ ဦးစီ |
ကျားမ ရောနှော | မှန်၊ ပြိုင်ပွဲများ သီးခြားစီ ကျင်းပသည်။ |
ကဏ္ဍ | အသင်းလိုက် အားကစား၊ ဘောလုံးအသုံးပြုသော ကစားနည်း |
ကိရိယာ | ဘတ်စကက်ဘော (ဘောလုံး) |
ကျင်းပကွင်း | မိုးလုံလေလုံ အားကစားရုံ (အဓိက) သို့မဟုတ် လဟာပြင် အားကစားရုံ (လမ်းပေါ်) |
အိုလံပစ် | မှန် |
မသန်မစွမ်းအိုလံပစ် | မှန် |
ဘက်စကတ်ဘော ကစားနည်းကို ၁၈၉၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မက်ဆချူးဆက်ပြည်နယ် စပရင်းဖီ:မြို့ရှိ ဝိုင်၊ အမ်၊ စီ၊ အေ ကောလိပ်မှ ကာယပညာ နည်းပြ ဆရာ ဒေါက်တာ ဂျိမ်းနေစမစ် ဆိုသူက စတင်တီထွင်ခဲ့သည်။ ၁၆ ရာစုနှစ်လောက်က မက္ကဆီကို ပြည်နယ်တွင် မာယာ လူမျိုးတို့သည် ယခုခေတ် ဘက်စကတ်ဘောနည်းနှင့် ခပ်ဆင်ဆင် ကစားနည်းမျိုးကို ကစားခဲ့ဘူးသည်ဆိုသော်လည်း ဒေါက်တာ နေးစမစ် တီထွင်သော ကစားနည်းမျိုးလောက် စံနစ်ကျခဲ့ဟန် မတူချေ။ ဘက်စကတ်ဘော ကစားခြင်းသည် ဘောလုံးကန်ခြင်းကဲ့သို့ လဟာပြင်၌သာ ကစားနိုင်သော လူအများနှင့် ကစားနည်းမျိုးကို မကစားနိုင်သည့်ရာသီတွင် ကစားရုံတွင်း၌ လူအများနှင့် ကစားနိုင်၍ ကစားရာတွင် ကိုယ်လက်လှုပ်ရှားမှုရှိသလောက် ကြမ်းတမ်းမှု၊ ထိခိုက်ဒဏ်ရာရစေမှု မရှိနိုင်သော ကစားနည်းကို စဉ်းစားတီထွင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းကစားနည်းကို စတင်တီထွင်စက လူမည်မျှပါဝင် ကစားရမည်ဟု အကန့်အသတ်မရှိ၊ ဘောလုံး အရွယ်အစား အလေးချိန်ကိုလည်း သတ်မှတ်ခြင်းမရှိချေ။ ၁၉၂၈ ခုနှစ်တွင်မှ ဝိုင်၊ အမ်၊ စီ၊ အေ အသင်းက ပထမဆုံးသော ဘက်စကတ်ဘော စည်းမျဉ်း ဥပဒေ ၁၃ချက်ကို ချမှတ်ပြဋ္ဌာန်းလိုက်သည်။ ယင်းကစားနည်းများကို ဝိုင်၊ အမ်၊ စီ၊ အေ အတွင်းရေးမှူးများက ကမ္ဘာအနှံ့ ပျံ့နှံ့အောင် ဖြန့်လိုက်ရာ မြှော်လင့်သည်ထက် လူကြိုက်များသည်ကို တွေ့ရသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ လူပေါင်း သန်း ၂၀ကျော် ခန့် ကစားနေသော ကစားနည်းတစ်ခုဖြစ်နေလေသည်။ ကစားရုံကလေးအတွင်း လူတစု အပျင်းပြေကစားရန် ရည်မှန်းချက်ထားခဲ့သော ကစားနည်းသည် ကမ္ဘာသို့ ပျံ့နှံ့၍ လူများစု ပျော်ရွင်စွာ လက်ခံကစားလာသော ကစားနည်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုမျှသာမက ယခုအခါ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲများ၌ ပါဝင်လာပြီဖြစ်သော ကစားနည်းတစ်မျိုးပင် ဖြစ်နေလေပြီ။ ၁၉၃၆ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသော အိုလံပစ် ပြိုင်ပွဲတွင် ယင်းကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ရာ နိုင်ငံပေါင်း ၂၀နိုင်ငံမှ ယှဉ်ပြိုင်ကစားကြ၍ ပထမဆုကို အမေရိကန်ပြည်ထောင်စုက ရရှိလေသည်။
မြန်မာနိုင်ငံသို့ ဘက်စကတ်ဘော ကစားနည်းသည် ၁၉၁၅-၁၆ ခုနှစ်များတွင် စတင်ရောက်ရှိလာသည်။ ပထမဆုံး ဘက်စကတ်ဘော ကစားကွင်ဖွင့်ပွဲသို့ ယခု ယူနီယန် ခရစ်ယာန် အထက်တန်းကျောင်း (ယခင် ကူရှင်အထက်တန်းကျောင်း)နှင့် တွဲလျက် ရှိသော ဂျပ်ဆင် ကောလိပ်ကျောင်းဟောင်းကြီးတွင် ကျင်းပခဲ့သည်။ ထိုဖွင့်ပွဲတွင် ပညာမင်းကြီးဟောင်း ဦးချိုကိုယ်တိုင် ကစားသူတစ်ဦးအဖြစ် ပါဝင်ကစားခဲ့သည်။ ဘက်စကတ်ဘော ကစားနည်းကို တဖြည်းဖြည်း အထက်တန်းကျောင်းများ၊ ရဲအုပ်အတတ်သင် ကျောင်းများတွင် ကစားနည်းတစ်ရပ်အဖြစ် သင်ကြားပေးရာမှ စ၍ မြန်မာနိုင်ငံ ကျောင်းများ၌လည်း ခေတ်စားလာခဲ့သည်။ ၁၉၄၈ခုနှစ်တွင် မြန်မာနိုင်ငံ ပျော်တမ်း ဘက်စကတ်ဘော အဖွဲ့ချုပ်ကို တည်ထောင်ပြီး အပြည်ပြည်ဆိုင်ရာ ဘက်စကတ်ဘော အဖွဲ့ချုပ်နှင့် ဆက်သွယ်ထားသည်။ မြန်မာနိုင်ငံ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ ကလည်း ဘက်စကတ်ဘော အထူအစည်းရုံးရေးမှူး ခန့်ကာ မြန်မာတနိုင်ငံလုံး၌ ဘက်စကတ်ဘော တိုးတက်လာအောင် ဆောင်ရွက်လျက် ရှိသည်။
အမျိုးသား ဘက်စကတ်ဘော စည်းမျဉ်းဥပဒေဆိုင်ရာကော်မတီက သတ်မှတ်ထားသော ဘက်စကတ်ဘော ကစားကွင်း အကျယ်အဝန်းမှာ အကြီ:ဆုံး ၉၄ ပေနှင့် ပေ ၅၀ ရှိ၍ အငယ်ဆုံး ၇၄ပေနှင့် ၄၂ပေ ရှိရပေမည်။ သို့ရာတွင် ထိုထက်ငယ်သော ကစားကွင်း၌လည်း ကစားနိုင်ပေသည်။ ကစားကွင်း၏ ထိပ်၂ဖက် အလယ်တည့်တည့်၌ မြေကြီးမှ ၉ပေ အမြင့်တွင် ထောင့်မှန်စတုဂံပုံ ပျဉ်ပြားကြီးတစ်ခုကို တိုင်စိုက် ရိုက်ကပ်ပြီး ထောင်ထားရသည်။ သို့မဟုတ် နံရံတွင်ရိုက်၍သော် လည်းကောင်း၊ မျက်နှာကြက်၏ ထောင့်တန်းများအားဖြင့် ချိတ်ဆွဲ၍သော်လည်းကောင်း ထောင်ထားရသည်။ ယင်းပျဉ်ပြားကြီးသည် အလျား ၆ပေ အနံ ၄ပေ ရှိသည်။ အချင်း ၁၈လက်မရှိသော သံခွေကို ယင်းပျဉ်ပြားကြီးအလယ်မှ ၆လက်မ အပြင်ထုတ်၍ မြဲမြံစွာ တပ်ထားရသည်။ ထိုသံခွေတွင် ကြိုးခိုင်ခိုင်ဖြင့် ခတ်ထားသော ပိုက်တခုစီစွပ်ထားရသည်။ ယင်းပိုက်သည် အထက်အောက်အပွင့် ဖြစ်၍ ပိုက်အဖျားသည် မြေကြီးမှ ၁၀ပေ ကွာရသည်။
ကစားရာ၌ သုံးသော ဘောလုံးသည် ဘောလုံးကန်ရာ၌ သုံးသော ဘောလုံးကဲ့သို့ အတွင်းလေလုံရော်ဘာ ဘောလုံးဖြစ်ပြီးလျှင် အပြင်က သားရေဖြင့် ပတ်ချုပ်ထားသည်။ ဘောလုံးအဝန်းမှာ ၂၉လက်မမှ လက်မ ၃၀ အထိရှိ၍ အလေးချိန်အားဖြင့် အောင်စ ၂၀မှ ၂၂အောင်စ အထိရှိသည်။ ဘောလုံးထဲသို့ လေချိန် ၁၃ပေါင်ထိုးရသည်။
ကစားပွဲတစ်ပွဲတွင် အဖွဲ့ ၂ဖွဲ့ ယှဉ်ပြိုင်ကစားနိုင်၍ တဖက်၅ယောက်စီ ကစားရသည်။ ကွင်းလယ်ရှိ ဗဟိုစည်းဝိုင်းတွင် တယောက်စီ၊ ဂိုးစောင့် ၂ယောက်စီနှင့် ရှေ့တန်း ၂ယောက် ကစားရသည်။ အဖွဲ့တဖွဲ့တွင် ပါဝင်ကစားနေသူ ၅ယောက်အပြင် အရံလူ ၇ယောက်စီ ထားနိုင်၍ အလဲအလှယ်ဝင်ကစားနိုင်သည်။ ပါဝင်ကစားသူသည် ဘောလုံးကို သယ်ဆောင်မပြေးရချေ။ အဖွဲ့ဝင် အချင်းချင်းထံသို့ ဘောလုံးရောက်အောင် ပစ်ပေးခြင်း၊ ပြေးရင်း ပုတ်၍ ပုတ်၍ ပို့ပေးခြင်း၊ လှိမ့်ပေးခြင်း ပြုရသည်။ လူချင်းတွန်းထိုး တိုက်ခိုက်ခြင်း လုံးဝမရှိအောင် ကစားရသည်။
ဘက်စကတ်ဘော ကစားသည့်အခါ တပွဲလျှင် မိနစ် ၄၀ကစားရသည်။ ပထမ မိနစ် ၂၀ ပြီးလျှင် ၁၀မိနစ်နားပြီး နောက်ဖက်ပြောင်း၍ နောက်ထပ် မိနစ် ၂၀ ကစားရသည်။ ဤကား အပြည်ပြည်ဆိုင်ရာ ဘက်စကတ်ဘော စည်းမျဉ်း ဥပဒေအရဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၌ကား ၁၀မိနစ်လျှင် တစ်ခါ ၄ကြိမ်နား၍ ကစားလေ့ရှိသည်။
ကစားနည်းမှာ ကွင်းအလယ်ရှိ လူ၂ယောက်ကြားမှ နေ၍ ဒိုင်လူကြီးလုပ်သူက ဘောလုံးကို အပေါ်သို့ ၂ကိုက်သာသာခန့် မြှောက်၍ ပေးသည်။ ကျလာသော ဘောလုံးကို အလယ်လူ ၂ဦးက သူရ ကိုယ်ရ ခုန်ဖမ်း၍ ဘောလုံးရသူက မိမိဂိုးရှိရာဖက်နေ မိမိအဖွဲ့ဝင်ထံ ရောက်အောင် ပို့ပေးရသည်။ ဘောလုံးရနေသည့်ဖက်က ဂိုးသွင်းနိုင်အောင် ကြိုးစားသကဲသို့ ကျန်အဖွဲ့ဝင်ထံ ရောက်အောင် ပို့ရသည်။ ဂိုးသွင်းသည် ဆိုသည်မှာ ပိုက်တပ်ထားသော သံကွင်းထဲသို့ ဘောလုံးကို ပစ်သွင်း၍ ပိုက်ပေါက်မှ ဘောလုံးကျလာအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ တဖက်နှင့်တဖက် ယှဉ်ပြိုင်ကစားရာ၌ ဂိုးအရေအတွက်၊ သို့မဟုတ် အမှတ်အများဆုံးရသော အဖွဲ့က အနိုင်ရသည်။ ရိုးရိုး ဂိုးသွင်လျှင် ၂မှတ်ရ၍ ပြစ်မှုကြောင့်ပေးသည့် အသားလွတ်သွင်းရသော ဂိုးအတွက် ၁မှတ်ရသည်။
ဘက်စကတ်ဘောကစားရာတွင် အခြေခံ တတ်မြောက်အပ်သော ပညာရပ်များရှိသည်။ ယင်းတို့မှာ (၁) ဘောလုံးပေးခြင်း နည်းအမျိုးမျိုး၊ (၂) ဘောလုံးဖမ်းခြင်း နည်းအမျိုးမျိုး (၃) ဘောလုံးပုတ်ခြင်း နည်းအမျိုးမျိုး (၄) ဂိုးသွင်းနည်း အမျိုးမျိုးတို့ဖြစ်သည်။
ဘက်စကတ်ဘော ကစားခြင်းသည် လျင်မြန်ဖျတ်လတ်ခြင်း၊ သန်မာကြံ့ခိုင်ခြင်း၊ ဇွဲရှိခြင်း၊ ပါးနပ်လိမ္မာခြင်း၊ အချိန်အဆ ကောင်းခြင်း စသော အကျိုးကျေးဇူးများ ခံစားရသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဘတ်စကက်ဘော, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.