ကင်မရွန်းနိုင်ငံ

12°E / 6°N 12°E / 6; 12

ကင်မရွန်းနိုင်ငံ၏ ရုံးသုံးအမည်မှာ ကင်မရွန်းသမ္မတနိုင်ငံ ဖြစ်ပြီး အလယ်အာဖရိကတွင် တည်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ချဒ်နိုင်ငံ၊ တောင်ဘက်တွင် အီကွေတာဂီနီနိုင်ငံဂါဘွန်နိုင်ငံနှင့် ကွန်ဂိုသမ္မတနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ ကင်မရွန်းနိုင်ငံ၏ ကမ်းရိုးတန်းသည် အတွင်းဟိုက်ပင်လယ်ကွေ့ တစ်ခု ဖြစ်သော ဘွန်နီပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ၎င်းမှာ ဂီနီပင်လယ်ကွေ့နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏ တစိတ်တဒေသ ဖြစ်သည်။ နိုင်ငံအတွင်းတွင် ပထဝီဝင်အနေအထားပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ ရောနှောလျက် ရှိနေသောကြောင့် ကင်မရွန်းနိုင်ငံကို အာဖရိကတိုက်ငယ်ကလေး ဟုလည်း တင်စားခေါ်ဆိုကြသည်။ သဘာဝ ပထဝီဝင် အနေဖြင့် အပန်းဖြေကမ်းခြေများ၊ သဲကန္တာရများ၊ တောင်တန်းများ၊ မိုးသစ်တောများ၊ ဆာဗားနားမြက်ခင်းပြင် များအစုံရှိသည်။ အမြင့်ဆုံးတောင်ထွတ်မှာ နိုင်ငံအနောက်တောင်ပိုင်းရှိ ကင်မရွန်းတောင်ထိပ် ဖြစ်သည်။ အကြီးဆုံးမြို့တော်များမှာ ဒူဝါလာ (Douala)၊ ယောင်အွန်ဒေး (Yaoundé) နှင့် ဂရူဝါ (Garoua) တို့ဖြစ်ကြသည်။ ကင်မရွန်းတွင် ဘာသာစကားမျိုးကွဲပေါင်း (၂၀၀) ကျော်ရှိသည်။ ကင်မရွန်းနိုင်ငံသည် သူတို့၏ တစ်မူထူးခြားသည့် makossa နှင့် bikutsi ဂီတအနုပညာများကြောင့်လည်းကောင်း၊ ကင်မရွန်းဘောလုံးအသင်းကြောင့်လည်းကောင်း ကမ္ဘာ့အလယ်တွင် လူသိများထင်ရှားသည်။ နိုင်ငံ၏ တရားဝင် ရုံးသုံးဘာသာစကား အနေဖြင့် အင်္ဂလိပ် နှင့် ပြင်သစ်ဘာသာစကားများကို သတ်မှတ်ထားသည်။

ကင်မရွန်း သမ္မတနိုင်ငံ
Republic of Cameroon

République du Cameroun  (ပြင်သစ်) Renndaandi Kamerun  (ဖူလာ)
ကင်မရွန်းနိုင်ငံ၏ အလံတော်
အလံတော်
ကင်မရွန်းနိုင်ငံ၏ Coat of arms
Coat of arms
ဆောင်ပုဒ်: 
"Paix – Travail – Patrie" (ပြင်သစ်)
"Peace – Work – Fatherland"
နိုင်ငံတော် သီချင်း: <
Ô Cameroun, Berceau de nos Ancêtres  (ပြင်သစ်)
(အင်္ဂလိပ်: "O Cameroon, Cradle of our Forefathers")
Location of Cameroon on the globe.
မြို့တော်ယောင်အွန်ဒေးမြို့
3°52′N 11°31′E / 3.867°N 11.517°E / 3.867; 11.517
အကြီးဆုံးမြို့ယောင်အွန်ဒေးမြို့ (city proper) ဒူအာလာမြို့ (metropolitan area)
ရုံးသုံး ဘာသာစကားများ
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ
လူမျိုးစု
ကိုးကွယ်မှု
DemonymCameroonian
အစိုးရပြည်ထောင်စု တစ်ပါတီ သမ္မတတစ်ပိုင်း ဖွဲ့စည်းပုံသမ္မတစနစ်
• President
ပေါလ် ဘီယာ
• ဝန်ကြီးချုပ်
ဂျိုးဆက် အန်ဂူတီ
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်
အမျိုးသားလွှတ်တော်
ပြင်သစ်နှင့် ယူနိုက်တက် ကင်းဒမ်းမှ လွတ်လပ်ရေးရ
• ကြေညာခဲ့
၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်
• ယခင်ဗြိတိသျှကင်းမရွန်းနှင့်
ပေါင်းစည်းခြင်း
၁၉၆၁ ခုနှစ် အောက်တိုဘာလ ၁ ရက်
ဧရိယာ
• စုစုပေါင်း
၄၇၅,၄၄၂ km2 (၁၈၃,၅၆၉ sq mi) (အဆင့်: ၅၃)
• ရေထု (%)
၀.၅၇
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
Neutral increase၂၆,၅၄၅,၈၆၄ (အဆင့် - ၅၁)
• ၂၀၀၅ သန်းခေါင်စာရင်း
၁၇,၄၆၃,၈၃၆
• သိပ်သည်းမှု
၃၉.၇/km2 (၁၀၂.၈/sq mi) (အဆင့် - ၁၆၇)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase$၁၀၁.၉၅၀ ဘီလီယံ (အဆင့် - ၉၄)
• Per capita
Increase$၃,၇၄၅ (အဆင့် - ၁၅၁)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase$၄၄.၈၉၃ ဘီလီယံ (အဆင့် - ၈၉)
• Per capita
Increase$၁,၆၄၉ (အဆင့် - ၁၅၀)
Gini (၂၀၁၄)၄၆.၆
မြင့်
HDI (၂၀၁၉)Steady ၀.၅၆၃
အလယ် · ၁၅၃
ငွေကြေးဗဟိုအာဖရိက CFA ဖရန့် (XAF)
အချိန်ဇုန်WAT (UTC+1)
ရက်စွဲပုံစံdd/mm/yyyy
yyyy/mm/dd
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+237
Internet TLD.cm
  1. These are the titles as given in the Constitution of the Republic of Cameroon, Article X (English at the Wayback Machine (archived 28 February 2006) and French at the Wayback Machine (archived 28 February 2006) versions). 18 January 1996. The French version of the song is sometimes called Chant de Ralliement, as in Swarovski Orchestra (2004). National Anthems of the World. Koch International Classics; and the English version "O Cameroon, Cradle of Our Forefathers", as in DeLancey and DeLancey 61.

အစောပိုင်း လူနေမှုများမှာ ချဒ်ရေကန် ကြီးဝန်းကျင်ရှိ ဆောင် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၊ အရှေ့တောင်ပိုင်း မိုးသစ်တောအတွင်းရှိ ဘာကာ မုဆိုးရွာများ ဖြစ်ကြသည်။ ထိုဒေသ ကမ်းရိုးတန်းသို့ ၁၅ ရာစုနှစ်တွင် ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူတို့ ရောက်ရှိလာကြပြီး ရိုင်ယိုဒေါ့စ်ကင်မရိုးစ် (Rio dos Camarões) ဟု အမည်ပေးခဲ့ကြသည်။ အဓိပ္ပာယ်မှာ ပုစွန်မြစ် ဟု ဖြစ်သည်။ ထိုအမည်မှတဆင့် ယခုခေါ်တွင်နေသော ကင်မရွန်းအမည် ဖြစ်ပေါ်လာသည်။ ၁၉ ရာစုနှစ်က နိုင်ငံမြောက်ပိုင်းတွင် ဖူလာနီ စစ်သားများက အာဒါမဝါစော်ဘွားနိုင်ငံ ကို တည်ထောင်ခဲ့သည်။ နိုင်ငံအနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အမျိုးမျိုးသော လူမျိုးစု နိုင်ငံငယ်များ ရှိခဲ့သည်။ ၎င်းနိုင်ငံငယ်များကို chiefdoms သို့မဟုတ် fondoms များဟုခေါ်ဆိုသည်။ ၁၈၈၄တွင် ဂျာမနီနိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သည်။

ပထမကမ္ဘာစစ်ကြီးအပြီးတွင် နိုင်ငံပေါင်းချုပ် အသင်းကြီး ၏ ဆုံးဖြတ်ချက်အရ ပြင်သစ် နှင့် ဗြိတိန် တို့၏ နှစ်ပိုင်းခွဲခြမ်း သိမ်းပိုက်ခြင်းခံရပြန်သည်။ ကင်မရွန်းပြည်သူ့သမဂ္ဂပါတီ က ဦးဆောင်၍ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ၁၉၅၀ တွင် ပြင်သစ်တို့က လက်မခံသဖြင့် ပြင်သစ်နှင့် တိုင်းရင်းသား စစ်တပ်များကြား ၁၉၇၁ အထိ စစ်မက်ဖြစ်ပွားခဲ့သည်။ ၁၉၆၀ တွင် ပြင်သစ်တို့အုပ်ချုပ်သော ကင်မရွန်းအပိုင်းသည် လွတ်လပ်ရေးရရှိလာပြီး အမာဒူအဟစ်ဂျို က သမ္မတအဖြစ် ဦးဆောင်ခဲ့သည်။ ၁၉၆၁ တွင် ဗြိတိသျှတို့အုပ်ချုပ်သော တောင်ပိုင်းကင်မရွန်းနှင့် ပေါင်းစပ်ပြီး ကင်မရွန်းဖက်ဒရယ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ ၁၉၇၂ တွင် ကင်မရွန်း ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်လည်းကောင်း၊ ၁၉၈၄ တွင် ကင်မရွန်းသမ္မတနိုင်ငံအဖြစ်လည်းကောင်း အမည်ပြောင်းလဲခဲ့သည်။

အခြားသော အာဖရိကနိုင်ငံများနှင့်နှိုင်းစာလျှင် ကင်မရွန်းသည် နိုင်ငံရေး၊ လူမှုရေး အတော်ပင် တည်ငြိမ်သည်။ သို့ဖြစ်၍ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မီးရထားလမ်းများ၊ ရေနံနှင့် စက်မှုလုပ်ငန်းကြီးများ အများအပြားထွန်းကားလာခဲ့သည်။ သို့သော်လည်း ကင်မရွန်းနိုင်ငံသားအများစုမှာ ဆင်းရဲလျှက်ပင်ရှိနေသေးသည်။ အဘယ်ကြောင့် ဆိုသော် လယ်သမား အများစုဖြစ်သောကြောင့် ဖြစ်သည်။ အာဏာသည် သမ္မတ ပေါလ်ဘီယာ နှင့် ကင်မရွန်းပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ ၏ လက်ထဲတွင် ၁၉၈၂ ခုနှစ်မှစတင်၍ ခိုင်မြဲလျက် ရှိသည်။ အင်္ဂလိပ်စကားပြောသော ကင်မရွန်းတောင်ပိုင်းမှ နိုင်ငံရေးသမား များသည် ဗဟိုအစိုးရမှ ချုပ်ကိုင်မှုများကို လျှော့ချပေးရန် မှသည် တောင်ပိုင်းကို သီးခြားခွဲထွက်ရန် တောင်းဆိုသည်အထိ ပဋိပက္ခသဘောများ တိုးပွားလာလျက် ရှိသည်။

သမိုင်းကြောင်း

ကင်မရွန်းနိုင်ငံ 
ဘာမွန်စာ

ယနေ့ခေတ် ကင်မရွန်းနိုင်ငံ တည်ရှိရာဒေသသည် ကျောက်ခေတ်သစ် အချိန်ကပင် လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။ အချိန်ကာလ ကြာမြင့်စွာပင် အစဉ်တစိုက် နေထိုင်ခဲ့ကြသူများမှ ဘာကာ ဟုခေါ်သော ပစ်ဂမီ လူပုလေးများ ဖြစ်သည်။ ထို့နောက် ဘန်တူ လူမျိုးတို့၏ ရွှေ့ပြောင်း နေထိုင်မှုသည် လွန်ခဲ့သော နှစ် နှစ်ထောင် ခန့်ကပင် စတင်ခဲ့သည်ဟု ယုံကြည်ရသည်။ ဆောင်ယဉ်ကျေးမှုမှာ အေဒီ ၅၀၀ ခန့်တွင် ချဒ်ရေကန် ဝန်းကျင် ဒေသ၌ ဖွံ့ဖြိုးလာခဲ့ပြီး ထိုမှ တဆင့် ကနန် အင်ပိုင်ယာနှင့် ၎င်းတို့ကို ဆက်ခံသော ဘော်နု အင်ပိုင်ယာတို့ ဖြစ်ပေါ်လာခဲ့သည်။ အနောက်ဘက်တွင်မူ ကင်းဒမ်းများ၊ ဖောင်ဒမ်းများ နှင့် ချိဖ်ဒမ်းများ အဖြစ် အုပ်ချုပ်နေထိုင်ကြလေသည်။

၁၄၇၂ ခုနှစ်တွင် ပေါ်တူဂီ သင်္ဘောသားတို့ ကမ်းရိုးတန်းဒေသသို့ စတင် ရောက်ရှိခဲ့ကြသည်။ ထိုသူတို့မှ ဝေါ်ရီမြစ် အတွင်း များပြားလှသော ပုစွန်များကို သတိပြုမိခဲ့ကြပြီး ထိုမြစ်ကို ပေါ်တူဂီ ဘာသာဖြင့် ပုစွန်မြစ် (ရိုင်ယို ဒေါ့စ် ကင်မရော့စ်) ဟု ခေါ်ဆိုခဲ့ရာမှ အင်္ဂလိပ် ဘာသာဖြင့် ကင်မရွန်းနိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။ နောက် ရာစုနှစ်များတွင် ဥရောပသားတို့က ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများ နှင့် ပုံမှန် ကုန်သွယ်မှု ပြုခဲ့ကြပြီး ခရစ်ယာန် သာသနာပြုများကမူ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

၁၉ ရာစု အစောပိုင်းတွင် မိုဒီဘို အဒါမာက ဖူလာနီ စစ်သားတို့ကို ဦးဆောင်၍ မြောက်ပိုင်းဒေသရှိ မွတ်ဆလင် မဟုတ်သူများနှင့် မွတ်ဆလင် တစ်စိတ်တစ်ပိုင်း လူမျိုးများ ပေါ်တွင် ဂျီဟတ်ဒ်စစ်ပွဲ ဆင်နွှဲခဲ့ပြီး အဒါမာဝါ စော်ဘွားနိုင်ငံကို တည်ထောင်ခဲ့သည်။ ဖူလာနီတို့၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသော အခြေချ နေထိုင်သူတို့မှာ အဓိက ပျံ့နှံ့သွားသော လူမျိုးများပင် ဖြစ်သည်။ ကင်မရွန်းနိုင်ငံ မြောက်ပိုင်းသည် အာရပ် ကျွန်ရောင်းဝယ်ရေး ကွန်ယက်၏ အဓိက နေရာ တစ်ခု ဖြစ်ခဲ့သည်။

ဘာမွန် လူမျိုးများတွင် ဘာမွန်စာ သို့မဟုတ် ရှူးမန် ဟုခေါ်သော မူလ စာရေးသားခြင်း စနစ် ရှိသည်။ ထိုစာကို စူလ်တန် ဘုရင် အီဘရာဟင် အန်ဂျိုယာ က ၁၈၉၆ တွင် တီထွင် ခဲ့ပြီး ကင်မရွန်းနိုင်ငံတွင် ဘာမွန်စာ နှင့် မော်ကွန်း စီမံကိန်း အဖြစ် သင်ကြားခဲ့သည်။ ဂျာမန် အင်ပိုင်ယာမှ ၁၈၈၄ တွင် ကင်မရွန်း နိုင်ငံအား ကာမယ်ဝန် ကိုလိုနီဒေသ အဖြစ် သိမ်းပိုက်ခဲ့ပြီး အတွင်းပိုင်းသို့ တစ်စတစ်စ ချင်းနင်း ဝင်ရောက်ခဲ့သည်။ ဂျာမန်တို့က ကိုလိုနီ အခြေခံ အဆောက်အအုံကို အဓမ္မ ခိုင်းစေခြင်း စနစ် အသုံးပြု၍ တိုးတက်အောင် ပြုလုပ်ခဲ့ကြသည်။

ဂျာမန်တို့ ပထမ ကမ္ဘာစစ်တွင် ရှုံးနိမ့်ခဲ့ကြပြီးနောက် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကြီးစိုးခွင့် အရ ထိုနယ်မြေကို ပြင်သစ် ကင်မရွန်း နှင့် ဗြိတိသျှ ကင်မရွန်း ဟူ၍ ၁၉၁၉ တွင် နှစ်ပိုင်း ခွဲခြား ခဲ့သည်။ ပြင်သစ်တို့က ကင်မရွန်း၏ စီးပွားရေးကို ပြင်သစ် စီးပွားရေး နှင့် ပေါင်းစပ်ခဲ့ကြပြီး အခြေခံ အဆောက်အအုံများကို တိုးတက်အောင် ငွေပင်ငွေရင်း နှင့် ကျွမ်းကျင် လုပ်သားများကို အသုံးပြု လုပ်ဆောင်ခဲ့သော်လည်း အဓမ္မ ခိုင်းစေသည့် စနစ်ကို ဆက်လက် ကျင့်သုံးခဲ့ကြသည်။

ဗြိတိသျှ တို့ကမူ ၎င်းတို့၏ နယ်မြေကို အိမ်နီးချင်းနိုင်ငံ ဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံ မှ တဆင့် အုပ်ချုပ်ခဲ့ကြသည်။ ဒေသခံတို့ကမူ ထိုသို့ ပြုလုပ်မှုကြောင့် အမေ့လျော့ခံ ကိုလိုနီ၏ ကိုလိုနီ ဖြစ်ခဲ့သည်ဟု စောဒက တက်ကြသည်။ နိုင်ဂျီးရီးယား အလုပ်သမားတို့ ကင်မရွန်းတောင်ပိုင်းကို အလုံးအရင်း ပြောင်းရွှေ့ကြသဖြင့် အဓမ္မ စေခိုင်းမှု ပျောက်ကွယ်ခဲ့သော်လည်း မူရင်းနေထိုင်သူများကို ဒေါသဖြစ်စေခဲ့သည်။ ၁၉၄၆ တွင် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကြီးစိုးခွင့် မှ ကုလသမ္မဂ္ဂ အပ်နှင်းခံ ကောင်စီ အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ လွတ်လပ်ရေး နှင့် သက်ဆိုင်သော ကိစ္စမှာ ပြင်သစ် ကင်မရွန်းတွင် အရေးပါသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ပြင်သစ်တို့က တော်လှန်ရေးစိတ် အပြင်းဆုံး နိုင်ငံရေး ပါတီ ဖြစ်သော ကင်မရွန်းပြည်သူ့သမ္မဂ္ဂ ပါတီကို ၁၉၅၅ ဇူလိုင်လ ၁၃ တွင် တရားမဝင် ကြေညာခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကာလရှည် ပြောက်ကျားစစ် ဖြစ်ပွားခဲ့ပြီး ပါတီခေါင်းဆောင် ဖြစ်သော ရူဘင် အမ် နျိုဘီ မှာ လုပ်ကြံခံခဲ့ရသည်။ ဗြိတိသျှ ကင်မရွန်း အတွက် မေးခွန်းမှာမူ ပြင်သစ် ကင်မရွန်းနှင့် ပြန်လည် ပေါင်းစည်းမည်လော သို့မဟုတ် နိုင်ဂျီးရီးယားနှင့် ပေါင်းစပ်မည်လော ဟူသည့် မေးခွန်းပင် ဖြစ်သည်။

လွတ်လပ်ရေးရခြင်း (၁၉၆၀)

ကင်မရွန်းနိုင်ငံ 
ယခင် သမ္မတ အာမာဒို အာဟီဒဂျို သည် ၁၉၆၀ မှ ၁၉၈၂ ခုနှစ် အထိ အုပ်ချုပ်ခဲ့သည်။

၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြင်သစ်ကင်မရွန်းသည် သမ္မတ အာမာဒို အာဟီဒဂျို၏ အုပ်ချုပ်မှု အောက်သို့ လွှဲပြောင်း၍ လွတ်လပ်ရေး ရခဲ့သည်။ ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ယခင် ဗြိတိသျှ ကင်မရွန်း တောင်ပိုင်းသည် ပြင်သစ် ကင်မရွန်းနှင့် ပူးပေါင်း၍ ကင်မရွန်း ဖက်ဒရယ် သမ္မတ နိုင်ငံကို တည်ထောင်ခဲ့သည်။ အာဟီဒဂျိုသည် ယူပီစီ နှင့် ဖြစ်ပွားနေသော စစ်ပွဲကို အကြောင်းပြု၍ သူ၏ သမ္မတ အာဏာကို ခိုင်မြဲအောင် ပြုလုပ်ခဲ့ပြီး ၁၉၇၁ ခုနှစ် ယူပီစီအား အပြီးသတ် ချေမှုန်း ပြီးသော်လည်း ဆက်လက်၍ ထိုအတိုင်းပင် ဆက်လက် အုပ်ချုပ်ခဲ့သည်။

ကင်မရွန်းနိုင်ငံ 
ပေါလ်ဘီယာသည် ကင်မရွန်းအား ၁၉၈၂ ခုနှစ်မှ စတင် အုပ်ချုပ်ခဲ့သည်။

သူ၏ နိုင်ငံရေး ပါတီဖြစ်သော ကင်မရွန်း အမျိုးသား သမ္မဂ္ဂ (စီအင်န်ယူ)သည် ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှစ၍ တခုတည်းသော တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဖက်ဒရယ် အစိုးရ စနစ်ကို ဖျက်သိမ်း၍ ယောင်အွန်ဒေး မြို့မှ ဦးစီးအုပ်ချုပ်သော ညီညွတ်သော ကင်မရွန်း သမ္မတ နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။ အဟီဒိုဂျိုသည် စီးပွားရေး ပေါ်လစီအားဖြင့် စီမံကိန်း လစ်ဘရယ် စနစ်ကို ကျင့်သုံးခဲ့ပြီး ငွေရမည့် သီးနှံများနှင့် ရေနံ ရှာဖွေရေးတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ အစိုးရသည် ရေနံမှ ရသော ငွေကြေးကို အသုံးပြု၍ နိုင်ငံဆိုင်ရာ အရံငွေကြေးကို တည်ဆောက်ကာ လယ်သမားများကို ပေးကမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဓိက စီမံကိန်းများကို ထောက်ပံ့ခဲ့သည်။ သို့သော်လည်း အာဟီဒိုဂျို အနေနှင့် လုပ်ငန်း မကျွမ်းကျင်သော သူနှင့် ရင်းနှီးကျွမ်းဝင်သူများကို ခန့်အပ်ကာ ညွှန်ကြားစေသဖြင့် စီမံကိန်း အများအပြားမှာ မအောင်မြင်ခဲ့ပေ။


အာဟီဒိုဂျိုသည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၄ ရက် တွင် ရာထူးမှု နုတ်ထွက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူ့အား ဆက်ခံမည့်သူ ပေါလ်ဘီယာ အား အာဏာလွှဲအပ်ခဲ့သည်။ သို့သော်လည်း အာဟီဒိုဂျိုသည် စီအင်န်ယူ ပါတီကို ချုပ်ကိုင်ပြီး နိုင်ငံအား နောက်ကွယ်မှ အုပ်ချုပ်ရန် ကြိုးစားခဲ့သည်မှာ ဘီယာ နှင့် သူ၏ မဟာမိတ်များမှ သူ့အား အာဏာကို လုံးဝ စွန့်လွှတ်ရန် ဖိအားပေးချိန် အထိ ပင် ဖြစ်သည်။ ဘီယာသည် သူ၏ အုပ်ချုပ်ရေးအား ဒီမိုကရေစီ နည်းလမ်း ပိုကျသော အုပ်ချုပ်ရေး စနစ် အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှု ပြီးနောက်တွင် သူ၏ ရှေ့ဆောင် လမ်းပြ ဖြစ်သော အာဟီဒိုဂျို၏ ပုံစံသို့ ပြောင်းလဲ သွားခဲ့သည်။

၁၉၈၀ ခုနှစ်များ၏ အလယ်ပိုင်းနှင့် ၁၉၉၀ ခုနှစ် နှောင်းပိုင်းတို့တွင် ကမ္ဘာ့စီးပွားရေး အခြေအနေများ၊ မိုးခေါင်ခြင်း၊ ဓာတ်ဆီဈေး ကျဆင်းခြင်း၊ နှစ်ပေါင်းများစွာ အကျင့်ပျက် ခြစားခြင်း၊ အုပ်ချုပ်မှု ညံ့ဖျင်းခြင်း နှင့် ခရိုနီ စနစ် တို့ကြောင့် ကင်မရွန်းတွင် စီးပွားပျက်ကပ် ဖြစ်ခဲ့သည်။ ကင်မရွန်းသည် နိုင်ငံခြားမှ အကူအညီများ ရယူခဲ့ပြီး အစိုးရ၏ အသုံးစရိတ်ကို လျှော့ချကာ စီးပွားရေး လုပ်ငန်းများအား ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၉၀ ဒီဇင်ဘာတွင် ပါတီစုံ စနစ်ကို ပြန်လည် မိတ်ဆက်ခဲ့ပြီးနောက် ယခင် ဗြိတိသျှ ကင်မရွန်တောင်ပိုင်းမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိရန် တောင်းဆိုခဲ့ကာ တောင်ပိုင်း ကင်မရွန် အမျိုးသား ကောင်စီမှ အန်ဘာဇိုးနီးယား သမ္မတ နိုင်ငံ အဖြစ် ခွဲထွက်ရန် ထောက်ခံ အားပေးခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကင်မရွန်းသည် ၁၅ နှစ် အတွင်း အဆိုးရွားဆုံးသော အကြမ်းဖက် ဆန္ဒပြမှုနှင့် ရင်ဆိုင်ရပြီး ဒူဝါလာ ပို့ဆောင်ရေး သမ္မဂ္ဂ ဆန္ဒပြမှု မှ တဆင့် စည်ပင်သာယာ နယ်နိမိတ် ၃၁ ခုတွင် အကြမ်းဖက် ဆန္ဒပြမှုများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။

၂၀၁၄ ခုနှစ် မေလတွင် ချီဘော့ခ် ကျောင်းသူများ ပြန်ပေးဆွဲမှု အပြီးနောက်တွင် ကင်မရွန်း သမ္မတ ပေါလ် ဘီယာ နှင့် ချဒ်မှ အီဒရစ် ဒက်ဘီ တို့မှ ဘိုကို ဟာရမ် သူပုန်တို့အား တိုက်ခိုက်ရန် ကြေညာခဲ့ပြီး နိုင်ဂျီးရီးယား နယ်စပ်တွင် တပ်များ ချထားခဲ့ကြသည်။

အစိုးရနှင့် နိုင်ငံရေး

ကင်မရွန်းနိုင်ငံ 
သမ္မတ နေထိုင်ရာ ယူနတီ နန်းတော်

ကင်မရွန်း သမ္မတသည် အရွေးချယ်ခံ တစ်ဦး ဖြစ်ပြီး ပေါ်လစီများ ဖန်တီးရန်၊ အစိုးရ အေဂျင်စီများကို အုပ်ချုပ်ရန်၊ စစ်တပ်ကို အမိန့်ပေးရန်၊ စာချုပ် စာတမ်းများကို ညှိနှိုင်း အတည်ပြုရန် နှင့် အရေးပေါ် အခြေအနေ ကြေညာရန် လွှတ်တော်နှင့် တိုင်ပင် လုပ်ဆောင်ရသည်။ သမ္မတသည် အစိုးရ အရာရှိများကို အဆင့်အမျိုးမျိုးတွင် ခန့်အပ် တာဝန်ပေးရပြီး ဝန်ကြီးချုပ် ( အစိုးရ၏ တရားဝင် ဦးစီးပြုသူ) မှ စ၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ နှင့် တိုင်းဒေသ အရာရှိ များ အထိ ပါဝင်သည်။ သမ္မတသည် ခုနစ်နှစ် တစ်ကြိမ် မဲဆန္ဒဖြင့် ရွေးချယ် တင်မြောက်ရသည်။

အမျိုးသား လွှတ်တော်သည် ဥပဒေများကို ပြဋ္ဌာန်းရေးဆွဲသည်။ အမျိုးသား လွှတ်တော်တွင် အမတ် ၁၈၀ ပါဝင်ပြီး ၅ နှစ် သက်တမ်း အတွက် ရွေးချယ်ကာ တစ်နှစ်လျှင် သုံးကြိမ် တွေ့ဆုံ ဆွေးနွေးကြသည်။ ဥပဒေများကို မဲဆန္ဒများသည့် အပေါ် မူတည်၍ ပြဋ္ဌာန်းကြသည်။ သမ္မတက တင်ပြသော ဥပဒေကို ပြင်ဆင်ခြင်း တားမြစ်ခြင်းသည် ကင်မရွန်း လွှတ်တော်တွင် အလွန် တွေ့ရခဲသည်။

၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ လွှတ်တော်ဖြစ်သည့် အမတ် ၁၀၀ ပါဝင်သော ဆီးနိတ် လွှတ်တော်အား ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့သည်။ ဆီးနိတ်လွှတ်တော်အား ဆီးနိတ် ဥက္ကဋ္ဌမှ ဦးဆောင်၍ ဆီးနိတ်ဥက္ကဋ္ဌမှာ အရေးပေါ် သမ္မတ နေရာ လစ်လပ် သွားခဲ့လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဆက်ခံမည့်သူ ဖြစ်သည်။ အစိုးရသည် ရိုးရာ အကြီးအကဲများ၊ ဖောင် နှင့် လာမီဒိုခေါ် အုပ်ချုပ်သူများ၏ ဒေသ ဆိုင်ရာ အုပ်ချုပ်မှုကို အသိအမှတ်ပြုပြီး ဥပဒေ နှင့် မငြိစွန်းပါက ၎င်းတို့၏ အငြင်းပွားမှု ဖြေရှင်းချက်တို့ကို လက်ခံပေးသည်။

ကင်မရွန်း တရားစီရင်ရေး စနစ်သည် ပြင်သစ် တရားမဥပဒေစနစ် အပေါ်တွင် များစွာ အခြေခံထားပြီး စီရင်ထုံး ဥပဒေ စနစ်၏ လွှမ်းမိုးမှုလည်း ရှိသည်။ ပုံမှန်အားဖြင့် တရားစီရင်ရေး စနစ်မှာ လွတ်လပ်စွာ တည်ရှိသော်လည်း တရားစီရင်ရေး ဝန်ကြီးဌာန၏ အာဏာ သက်ရောက်မှု ရှိသည်။

သမ္မတသည် တရားသူကြီး အဆင့်အမျိုးမျိုးကို ခန့်အပ်လေ့ ရှိသည်။ တရားရုံးများကို ခုံရုံး၊ အယူခံရုံး နှင့် တရားလွှတ်တော် ဟူ၍ တရားဝင် ခွဲခြား ထားသည်။ အကယ်၍ အစိုးရ အဖွဲ့ဝင် တစ်ဦးဦးမှ နိုင်ငံတော် သစ္စာဖောက်မှု သို့မဟုတ် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးစေမှု တို့ဖြင့် တရားစွဲဆိုခြင်း ခံရပါက ဆုံးဖြတ်ရန် အဖွဲ့ဝင် ကိုးဦး ပါဝင်သော တရားရုံးချုပ်ကို အမျိုးသား လွှတ်တော်မှ ရွေးချယ်တင်မြှောက်သည်။

နိုင်ငံရေး ပုံစံ

ကင်မရွန်းနိုင်ငံသည် အစိုးရ၏ အဆင့်အမျိုးမျိုးတွင် ခြစားမှုများဖြင့် ပြည့်နှက်နေသော နိုင်ငံ အဖြစ် ရှုမြင်ကြသည်။ ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးဌာန ၂၉ ခု၌ ခြစားမှု တိုက်ဖျက်ရေး အဖွဲ့များကို ဖွဲ့စည်းခဲ့သော်လည်း ၂၅% မျှသာ အလုပ်လုပ်ကြသည်။ ၂၀၁၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့က နိုင်ငံပေါင်း ၁၇၆ နိုင်ငံအား ခြစားမှု အနည်းဆုံးမှ အများဆုံး အထိ အဆင့်သတ်မှတ် ဖော်ပြရာတွင် ကင်မရွန်းနိုင်ငံအား အဆင့် ၁၄၄ တွင် ဖော်ပြခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် သမ္မတ ဘီယာ က အမျိုးသား ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့် အဖွဲ့၏ လမ်းညွှန်မှုဖြင့် ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်ရန် အစပျိုး ခဲ့သည်။ ကင်မရွန်းနိုင်ငံတွင် အကြီးအကျယ် ခြစားမှု ရှိနိုင်သော နေရာများ ရှိပြီး ဥပမာ အားဖြင့် အကောက်ခွန်ဌာန၊ အများပြည်သူ ဆိုင်ရာ ကျန်းမာရေး ဌာန နှင့် အစိုးရ ဝယ်ယူရေး ဌာန တို့တွင် ဖြစ်သည်။

ကင်မရွန်းနိုင်ငံ 
ကင်မရွန်း အနောက်ပိုင်း ဘာနာရှိ ချိဖ်၏ ရုပ်တု

လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများက ရဲနှင့် စစ်တပ်တို့အား မှုခင်းဆိုင်ရာ မသင်္ကာသူများ၊ လူနည်းစု လူမျိုးများ၊ လိင်တူ ချစ်သူများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား အကြမ်းဖက် ကိုင်တွယ်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့ အတွက် စွပ်စွဲခဲ့ကြသည်။

အကျဉ်းထောင်များမှာ ပြည့်သိပ်နေပြီး လုံလောက်သော အစားအစာ နှင့် ဆေးဝါးများကို ရရှိရန် အလွန်ခက်ခဲသည်။ ထို့ပြင် ရိုးရာ အုပ်ချုပ်သူများ ဦးစီးသော မြောက်ဘက်ပိုင်းရှိ အကျဉ်းထောင်များတွင် အစိုးရ ကိုယ်စား နိုင်ငံရေး ပြိုင်ဘက်များကို ထိန်းသိမ်းထားသည်ဟု စွပ်စွဲကြသည်။ သို့သော်လည်း ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်မှ စ၍ ရဲများအား မသင့်လျော်သော စီမံခန့်ခွဲမှုများ အတွက် တရားစွဲဆိုခြင်းများ ပိုမို၍ များပြားလာသည်ကို တွေ့ရသည်။

၁၉၉၀ ဒီဇင်ဘာလ အထိ သမ္မတ ဘီယာ၏ ကင်မရွန်း ပြည်သူ့ ဒီမိုကရက်တစ် လှုပ်ရှားမှု (စီပီဒီအမ်) ပါတီသည် တစ်ခုတည်းသော တရားဝင် ပါတီ ဖြစ်သည်။ ထို့နောက်တွင် ဒေသတွင်း နိုင်ငံရေး အဖွဲ့အစည်းများ ပေါ်ပေါက် လာခဲ့သည်။ အဓိက အတိုက်အခံမှာ ဆိုရှယ် ဒီမိုကရက်တစ် တပ်ဦးဖြစ်ပြီး အန်ဂလိုဖုန်း ဒေသတွင် အများဆုံး အခြေစိုက်က ဂျွန်ဖရူနဒီမှ ဦးဆောင်သည်။

ဘီယာနှင့် ၎င်း၏ ပါတီသည် သမ္မတရာထူးနှင့် အမျိုးသား လွှတ်တော်ကို တစ်နိုင်ငံလုံး ဆိုင်ရာ ရွေးကောက်ပွဲများ၌ ချုပ်ထိန်းထားနိုင်ဆဲ ဖြစ်ပြီး ပြိုင်ဘက်များကမူ ထိုရွေးကောက်ပွဲများမှာ တရားမျှတမှု မရှိဟု အခိုင်အမာ ပြောကြသည်။ လူ့အခွင့်အရေး အဖွဲ့စည်းများက အစိုးရသည် ဆန္ဒပြမှုများကို တားမြစ်ခြင်း၊ အစည်းအဝေးများတွင် ဝင်ရောက် နှောက်ယှက်ခြင်း၊ အတိုက်အခံ ခေါင်းဆောင်များ နှင့် သတင်းစာသမားများကို ဖမ်းဆီးခြင်းအားဖြင့် အတိုက်အခံ အဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ဖိနှိပ်သည်ဟု စွပ်စွဲကြသည်။ ဖရီးဒမ်း ဟောက်စ် မှ ကင်မရွန်းအား နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး နှင့် ပြည်သူ့ လွတ်လပ်မှုများတွင် "လွတ်လပ်မှု မရှိ" အဆင့်ဖြင့် သတ်မှတ်ကြသည်။ ကင်မရွန်းနိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပခဲ့သည်။

နိုင်ငံခြား ဆက်ဆံရေး

ကင်မရွန်းနိုင်ငံသည် ဓနသဟာယ နိုင်ငံများ အဖွဲ့ နှင့် လာ ဖရန်ကိုဖိုနီ အဖွဲ့တို့၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်။ ၎င်း၏ နိုင်ငံခြားရေး ပေါ်လစီသည် အဓိက မဟာမိတ်နိုင်ငံ ဖြစ်ပြီး ယခင်က ကိုလိုနီ အုပ်ချုပ်သူ ဖြစ်ခဲ့သော ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီနှင့် နီးကပ်စွာ တူညီသည်။ ကင်မရွန်းနိုင်ငံ၏ စစ် အသုံးစရိတ်မှာ အခြားသော ဌာနများ၏ အသုံးစရိတ်နှင့် ယှဉ်လျှင် အလွန်များပြား သော်လည်း ကာကွယ်ရေး ကိစ္စများ အတွက် ပြင်သစ်ကို များစွာ အားကိုးသည်။, သမ္မတ ဘီယာသည် ရေနံ ပေါကြွယ်ဝသော ဘာကာစီ ကျွန်းဆွယ် ကိစ္စနှင့် ပတ်သက်၍ နိုင်ဂျီးရီးယားနိုင်ငံ နှင့် အငြင်းပွားမှု ဖြစ်ခဲ့ပြီး (သို့သော် ထိုအငြင်းပွားမှုကို ဂရင်းထရီး သဘောတူညီချက်ဖြင့် ပြေလည်မှု ရခဲ့သည်။) ဂါဘွန်းနိုင်ငံ သမ္မတ အယ်လ် ဟတ်ဒ် အိုမာ ဘွန်ဂို နှင့် ကိုယ်ရေးကိုယ်တာ ပြိုင်ဆိုင်မှုများ ကြောင့် အငြင်းပွားခဲ့ဖူးသည်။

အုပ်ချုပ်ရေး ဒေသများ

ကင်မရွန်းနိုင်ငံ 
ကင်မရွန်းနိုင်ငံကို ဒေသ ၁၀ ခု အဖြစ် ခွဲခြားထားသည်။

ကင်မရွန်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကင်မရွန်းနိုင်ငံအား တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၁၀ ခုဖြင့် ဖွဲ့စည်းထားပြီး ဒေသ တစ်ခုချင်းစီတွင် ရွေးကောက်တင်မြှောက်ထားသော ဒေသဆိုင်ရာ ကောင်စီ ရှိသည်။ ဒေသတစ်ခုချင်းစီအား သမ္မတမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး တစ်ဦးစီမှ အုပ်ချုပ်သည်။

ထိုခေါင်းဆောင်များသည် သမ္မတ၏ ဆန္ဒကို အကောင်အထည် ဖော်ပေးခြင်း၊ ဒေသဆိုင်ရာ အထွေထွေ အခြေအနေ နှင့် အနေအထားများကို ပြန်လည် သတင်းပို့ရခြင်း၊ အစိုးရ ရုံးလုပ်ငန်းများကို အုပ်ချုပ်ရခြင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်း ရခြင်း နှင့် ပိုမို၍ သေးငယ်သော အုပ်ချုပ်ရေး ယူနစ်များကို စောင့်ကြပ်ကြည့်ရှု ရခြင်းတို့ကို ပြုလုပ်ရသည်။ အုပ်ချုပ်ရေးမှူးများတွင် ကျယ်ပြန့်သော အာဏာစက် ရှိကြပြီး သူတို့၏ နယ်တွင် ဝါဒဖြန့်ဖြင်း ဆောင်ရွက်နိုင်သည့် အပြင် စစ်တပ်၊ ရဲ နှင့် ဂျန်ဒါမီ ရဲတို့ကို လိုအပ်ပါက ခေါ်သုံးနိုင်သည်။ အားလုံးသော ဒေသဆိုင်ရာ အစိုးရ အရာရှိများမှာ ဗဟိုအစိုးရ၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဝန်ကြီး ဌာနမှ ဝန်ထမ်းများ ဖြစ်ကြပြီး ဒေသဆိုင်ရာ အစိုးရများ အနေနှင့်လည်း ထိုဝန်ကြီးဌာနမှ ဘတ်ဂျက် အများဆုံးကို ရရှိကြသည်။

ဒေသများကို တိုင်း ၅၈ တိုင်း အဖြစ် ဆက်လက် ခွဲခြားထားပြီး ထိုတိုင်းများကို သမ္မတမှ ခန့်အပ်ထားသော တိုင်းဒေသဆိုင်ရာ အရာရှိများက ဦးဆောင်ကြသည်။ ထိုတိုင်းများကို တိုင်းငယ်များ အဖြစ် ဆက်လက် ခွဲခြားထားပြီး ထိုတိုင်းငယ်များကို လက်ထောက် တိုင်းဒေသဆိုင်ရာ အရာရှိများက အုပ်ချုပ်ကြသည်။ ခရိုင်မှူးမှ အုပ်ချုပ်သော ခရိုင်များမှာ အသေးဆုံးသော အုပ်ချုပ်ရေး ဆိုင်ရာ ယူနစ်များ ဖြစ်သည်။

မြောက်ဘက် အကျဆုံး ဒေသ ၃ ခုမှာ မြောက်ဖျား ဒေသ၊ မြောက်ပိုင်း ဒေသ နှင့် အဒါမဝါ ဒေသ တို့ဖြစ်သည်။ ၎င်းတို့၏ တောင်ဘက်တွင် အလယ်ပိုင်းဒေသ နှင့် အရှေ့ပိုင်း ဒေသတို့ ရှိသည်။ တောင်ပိုင်း ဒေသသည် ဂီနီပင်လယ်အော်ပေါ်တွင် တည်ရှိပြီး တောင်ဘက် နယ်နိမိတ်လည်း ဖြစ်သည်။ ကင်မရွန်း၏ အနောက်ဘက်ပိုင်းကို ဒေသ ၎ ခု ခွဲခြား ထားသည်။ လစ်တော်ရယ် ဒေသ နှင့် အနောက်တောင်ပိုင်း ဒေသ တို့မှာ ကမ်းရိုးတန်းပေါ်တွင် တည်ရှိကြကာ အနောက်မြောက်ပိုင်း ဒေသ နှင့် အနောက်ပိုင်း ဒေသတို့မှာ အနောက်ပိုင်း မြက်ခင်းပြင် ဒေသများတွင် တည်ရှိကြသည်။

ပညာရေး နှင့် ကျန်းမာရေး

ကင်မရွန်းနိုင်ငံ 
ကင်မရွန်းရှိ ကျောင်းသား ကလေးများ

၂၀၁၀ ခုနှစ်တွင် ကင်မရွန်းနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၇၁.၃ % (အမျိုးသား ၇၈.၃ %၊ အမျိုးသမီး ၆၄.၈%)မျှ ရှိမည်ဟု ခန့်မှန်းရသည်။ ကလေး အများစုမှာ ကိုင်ပိုင် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများထက် အဖိုးနှုန်းထား သက်သာသော အစိုးရ ကျောင်းများတွင် စာသင်ကြားကြသည်။ ပညာရေး စနစ်မှာ ပြင်သစ် နှင့် ဗြိတိသျှတို့၏ ပညာရေး စနစ်ကို ရောနှော ဆက်ခံထားခြင်း ဖြစ်ပြီး သင်ကြားရာတွင် အင်္ဂလိပ်ဘာသာ နှင့် ပြင်သစ်ဘာသာတို့ကို အသုံးပြု၍ သင်ကြားကြသည်။

ကင်မရွန်းနိုင်ငံသည် အာဖရိကရှိ ကျောင်းတက်မှု အများဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မိန်းကလေးများမှာ ယောက်ျားလေးများ နှင့် ယှဉ်လျှင် ကျောင်းပုံမှန် တက်ရောက်မှု မရှိပေ။ အကြောင်းမှာ ရိုးရာ ယဉ်ကျေးမှု အစွဲအလမ်းများ၊ အိမ်မှုကိစ္စများ၊ စောစီးစွာ အိမ်ထောင်ပြုခြင်းများ၊ ပဋိသန္ဓေ တည်ရှိခြင်းများ နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် ဖြစ်သည်။ တောင်ဘက်ပိုင်းတွင် ကျောင်းတက်ရောက်မှု ပိုများသဖြင့် ဆရာ ဆရာမများ အများအပြား တောင်ဘက်ပိုင်းတွင် တာဝန်ထမ်းဆောင်ကြခြင်းကြောင့် မြောက်ဘက်ပိုင်းရှိ ကျောင်းများတွင် ဆရာ ဆရာမ ဦးရေ မလုံလောက်ပေ။

ကျောင်းတက်ရောက်မှု နည်းပါးခြင်း၏ အကြောင်းရင်း နောက်တစ်ခုမှာ ကလေး အလုပ်သမား များပြားခြင်းကြောင့် ဖြစ်သည်။ အမေရိကန် အလုပ်သမားဝန်ကြီးဌာန၏ အဆိုးရွားဆုံး ကလေး အလုပ်သမား အစီရင်ခံစာ အရ အသက် ၅ နှစ်မှ ၁၄ နှစ် အထိ ကလေး သူငယ်၏ ၅၆% မှာ အလုပ်လုပ်နေသော ကလေးများ ဖြစ်ပြီး အသက် ၇ နှစ် မှ ၁၄ နှစ် အထိ ကလေးသူငယ်များ၏ ၅၃% မှာ ကျောင်းတက်ရင်း အလုပ်လုပ်နေရသော ကလေးများ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နိုင်ငံတကာ အလုပ်သမားရေးရာ ဗျူရို မှ ထုတ်ပြန်သော ကလေးသူငယ်များ သို့မဟုတ် အဓမ္မ ခိုင်းစေခြင်း ခံရသူများ ထုတ်လုပ်သော ပစ္စည်းများ စာရင်းတွင် ကင်မရွန်းနိုင်ငံသည် ကိုကိုး ထုတ်လုပ်ရာတွင် ကလေး အလုပ်သမားများကို အသုံးပြုကြောင်း ဖော်ပြထားသည်။

ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးမှာလည်း ပုံမှန်အားဖြင့် နိမ့်ကျသည်။ ကင်မရွန်းနိုင်ငံတွင် လူ ၅,၀၀၀ အတွက် ဆရာဝန်တစ်ဦးနှုန်းသာ ရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုသည်။ ကျန်းမာရေး စောင့်ရှောက်မှု စနစ် အတွင်း ဘဏ္ဍာငွေ နည်းပါးမှုကြောင့် ပရော်ဖက်ရှင်နယ် အနည်းငယ်မျှသာ ရှိသည်။ ကင်မရွန်းနိုင်ငံ အတွင်း လေ့ကျင့်သင်ကြားထားသော ဆရာဝန် နှင့် သူနာပြု အများစုမှာ အလုပ်များ၍ လုပ်ခနည်းပါးသောကြောင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားကြသည်။ သူနာပြု လိုအပ်သော်လည်း အလုပ်မရှိသော သူနာပြု အများအပြား ရှိသည်။ အချို့မှာ သူတို့၏ ကျွမ်းကျင်မှုများ လျော့ကျမသွားစေရန် အခမဲ့ အကူအညီ ပေးကြသည်။ အဓိက မြို့ကြီးများ၏ အပြင်ဘက်ရှိ ဆေးရုံဆေးခန်းများမှာ အများအားဖြင့် ညစ်ပတ်နေတတ်ပြီး ပစ္စည်းကိရိယာလည်း အစုံအလင် မရှိတတ်ပေ။

၂၀၁၂ ခုနှစ် ခန့်မှန်းချက်အရ မွေးစမှ ပျမ်းမျှသက်တမ်းကို ၅၄.၇၁ နှစ် သတ်မှတ်သဖြင့် ကမ္ဘာ့ ပျမ်းမျှသက်တမ်း အနိမ့်ဆုံး နိုင်ငံများတွင် ပါဝင်သည်။ ပုံမှန် တွေ့ရလေ့ ရှိသော ရောဂါများမှာ သွေးလွန်တုပ်ကွေး ၊ ဖီလာရီယာသန်စွဲနာ၊ လီရှမာနီယာပိုးစွဲနာ၊ ငှက်ဖျားရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါ၊ ရှစ်စတိုဆိုမာသန်စွဲနာ ၊ အာဖရိကန် ထရစ်ပနိုစိုမီရေးစစ် တို့ ဖြစ်သည်။ အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် တွေ့ရှိမှုနှုန်းမှာ ၅.၄ ရာခိုင်နှုန်း ဖြစ်သော်လည်း ထိုရောဂါနှင့် ပတ်သက်၍ လူမှုရေးအရ ရှက်ကြောက်၍ ထုတ်မပြောကြသောကြောင့် နည်းပါးခြင်း ဖြစ်သည်။ ကင်မရွန်းနိုင်ငံတွင် ကျင့်သုံးလေ့ ရှိသော ရိုးရာ အလေ့အထ တစ်ခုဖြစ်သည့် အပျိုဖော်ဝင်စ အမျိုးသမီးတို့၏ ရင်သားကို မာကျောသော အရာဝတ္ထု သို့မဟုတ် အပူပေးထားသော အရာဝတ္ထုဖြင့် ပျောက်ပျက်သေးငယ်အောင် လုပ်ခြင်းသည်လည်း အမျိုးသမီးတို့၏ ကျန်းမာရေးကို ထိခိုက်စေသည်။ အမျိုးသမီးတို့၏ မအင်္ဂါစေ့ကို ဖြတ်တောက်သည့် အလေ့အထမှာလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသော်လည်း လူဦးရေ တစိတ်တပိုင်းတွင် ကျင့်သုံးလျက် ရှိသည်ဟု ၂၀၁၃ ခုနှစ် ယူနီဆက်ဖ်၏ အစီရင်ခံစာ အရ သိရပြီး ကင်မရွန်း အမျိုးသမီးထု၏ ၁ ရာခိုင်နှုန်းမှာ မအင်္ဂါစေ့ ဖြတ်တောက်ထားခြင်း ခံရသည်။ ရိုးရာ တိုင်းရင်းဆေးမှာလည်း အနောက်တိုင်းဆေးပညာအပြင် အခြား ရွေးချယ်စရာ တစ်ခု အဖြစ် လူကြိုက်များဆဲပင် ဖြစ်သည်။

ပထဝီဝင်

ကင်မရွန်းနိုင်ငံ 
မြောက်ဖျားဒေသ ရွမ်းစီးကီးရှိ မီးတောင်အဆို့ မြင်ကွင်း

ကင်မရွန်းနိုင်ငံသည် ၁၈၃,၅၆၉ စတုရန်းမိုင် (၄၇၅,၄၄၂ စတုရန်းကီလိုမီတာ) မျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် ၅၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ ဆွီဒင်နိုင်ငံထက် အနည်းငယ်မျှ ပို၍ ကြီးမားပြီး ပါပူဝါနယူးဂီနီနိုင်ငံ နှင့် အရွယ်အစားတူမျှ ဖြစ်သည်။ ကင်မရွန်းနိုင်ငံသည် အလယ်အာဖရိကနှင့် အနောက်အာဖရိကရှိ ဘွန်နီပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ဂီနီပင်လယ်ကွေ့ နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏ တစိတ်တဒေသ ဖြစ်သည်။ မြောက်လတ္တီကျု ၁ ဒီဂရီမှ ၁၃ ဒီဂရီ အတွင်း အရှေ့လောင်ဂျီကျု ၈ ဒီဂရီမှ ၁၇ ဒီဂရီ အတွင်းတွင် တည်ရှိသည်။

ကမ္ဘာလှည့် ခရီးသွားစာပေများတွင် ကင်မရွန်းနိုင်ငံအား အာဖရိကတိုက် အသေးစားလေးဟု ဖော်ပြလေ့ ရှိပြီး အကြောင်းမှာ ကင်မရွန်းနိုင်ငံ အတွင်း အာဖရိက၏ အဓိက ရာသီဥတုများ နှင့် သဘာဝပေါက်ပင်များ အားလုံး ရှိပြီး ကမ်းရိုးတန်း၊ ကန္တာရ၊ တောင်ကုန်းများ၊ မိုးသစ်တောများ နှင့် ဆာဗားနား မြက်ခင်းပြင်များ အားလုံး ရှိသောကြောင့် ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများမှာ အနောက်ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ချဒ်နိုင်ငံ၊ အရှေ့ဘက်တွင် ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ တောင်ဘက်တွင် အီကွေတာဂီနီနိုင်ငံ၊ ဂါဘွန်နိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံ တို့ ဖြစ်ကြသည်။

ကင်မရွန်းနိုင်ငံအား အဓိက ပထဝီဝင်ဇုန်ကြီး ၅ ဇုန် အဖြစ်ခွဲခြားထားပြီး ၎င်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် လည်းကောင်း၊ ရာသီဥတု အားဖြင့် လည်းကောင်း၊ သဘာဝ ပေါက်ပင်အားဖြင့် လည်းကောင်း အသွင် ကွဲပြားခြားနားသည်။ ကမ်းရိုးတန်း လွင်ပြင်သည် ဂီနီ ပင်လယ်ကွေ့မှ အတွင်းပိုင်းသို့ ၉ မိုင်မှ ၉၃မိုင် (၁၅ ကီလိုမီတာမှ ၁၅၀ ကီလိုမီတာ) အထိ ထိုးဖောက်ဝင်ရောက်သွားပြီး ပျမ်းမျှ အမြင့်အားဖြင့် ၂၉၅ပေ (၉၀ မီတာ) မျှ ရှိသည်။ ထိုဒေသမှာ အလွန်ပူ၍ စွတ်စိုထိုင်းမှိုင်းပြီး တိုတောင်းသော ခြောက်သွေ့ရာသီ ရှိကာ ထိုရပ်ဝန်းဒေသသည် သစ်တောထူထပ်စွာ ပေါက်ရောက်နေပြီး ကမ္ဘာပေါ်တွင် အစိုစွတ်ဆုံး ဒေသ အများအပြား ပါဝင်ကာ ခရော့စ် ဆာနာဂါ ဘိုင်အိုကို ကမ်းရိုးတန်း သစ်တော ဒေသ၏ တစိတ်တပိုင်း ဖြစ်သည်။

တောင်ပိုင်း ကင်မရွန်း ကုန်းမြေမြင့်ဒေသသည် ကမ်းရိုးတန်း လွင်ပြင်မှ ပျမ်းမျှ အမြင့် ၂,၁၃၃ ပေ (၆၅၀ မီတာ) အထိ မြင့်တက်သွားသည်။ ထိုဒေသတွင် အီကွေတာ မိုးသစ်တောများ အဓိက တည်ရှိပြီး စိုစွတ်သော ရာသီဥတုနှင့် ခြောက်သွေ့သော ရာသီဥတု အပြောင်းလဲ ရှိခြင်းကြောင့် ကမ်းရိုးတန်းဒေသထက် စိုထိုင်းမှု ပိုနည်းသည်။ ထိုဒေသသည် အတ္တလန္တိတ် အီကွေတာ ကမ်းရိုးတန်းသစ်တော ဇီဝရပ်ဝန်း၏ တစိတ်တဒေသ ဖြစ်သည်။

ကင်မရွန်းနိုင်ငံ 
ကင်မရွန်းနိုင်ငံ အဒါမဝါ ဒေသရှိ နျုန်းဒယ် အနီး ကျေးလက်မြင်ကွင်း

ကင်မရွန်းတောင်တန်း ဟုခေါ်သည့် ပုံသဏ္ဍန်မှန်သော တောင်ကုန်းများ၊ တောင်တန်းများ နှင့် ကုန်းမြေမြင့်များသည် ကမ်းရိုးတန်းရှိ ကင်မရွန်းတောင်မှ မြောက်ဘက်ပိုင်း ကင်မရွန်းနယ်စပ် လတ္တီကျု ၁၃ ဒီဂရီ ၅ မိနစ် ချဒ်ရေကန် အထိ ရှည်လျားစွာ တည်ရှိပြီး ကင်မရွန်းတောင်မှာ ၁၃,၄၃၅ ပေ( ၄,၀၉၅ ပေ) ဖြင့် အမြင့်ဆုံး ဖြစ်သည်။ ထိုဒေသတွင် မိုးရွာကျမှု များသော်လည်း ပြင်းထန်သော ရာသီဥတု ရှိကာ အထူးသဖြင့် အနောက်ဘက် ကုန်းမြေမြင့် တွင် ဖြစ်သည်။ ထိုဒေသရှိ မြေကြီးများအား ထွန်ယက်စိုက်ပျိုးရန် အကောင်းဆုံးသော မြေများ ဖြစ်ပြီး အထူးသဖြင့် မီးတောင်ဒေသဖြစ်သော ကင်မရွန်းတောင် ပတ်ဝန်းကျင်တွင် ဖြစ်သည်။ မီးတောင်ကြောင့် မီးတောင်ထိပ်ဝရေကန်များ ဖြစ်ပေါ်လျက် ရှိသည်။ ၁၉၈၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် ထိုသို့သော ရေကန်တစ်ခု ဖြစ်သည့် နျိုရေကန်မှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့များ ထုတ်လွှတ်သဖြင့် လူ ၁,၇၀၀ မှ ၂,၀၀၀ ကြား သေဆုံး ခဲ့ရသည်။ ထိုဒေသအား ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့မှ ကင်မရွန်းကုန်းမြင့်သစ်တော ဇီဝ ရပ်ဝန်းဒေသအဖြစ် သတ်မှတ် ဖော်ပြထားသည်။

တောင်ဘက် ကုန်းမြေမြင့်မှာ မညီညာ၍ မြက်ခင်းထူထပ်သော အဒါမဝါ ကုန်းမြေမြင့် ဆီသို့ မြင့်တက်သွားသည်။ ထို မြေမျက်နှာသွင်ပြင်သည် အနောက်ဘက် တောင်ကုန်းဒေသသို့ ဆန့်တန်းသွားပြီး နိုင်ငံ၏ မြောက်ပိုင်းနှင့်တောင်ပိုင်းကြား အရံအတား အဖြစ်ကာဆီးလျက် ရှိသည်။ ၎င်း၏ ပျမ်းမျှ အမြင့်ပေမှာ ၃,၆၀၉ပေ (၁,၁၀၀ မီတာ) ဖြစ်ပြီး။ ပျမ်းမျှ အပူချိန်မှာ ၂၂ ဒီဂရီ စင်တီဂရိတ် မှ ၂၅ ဒီဂရီ စင်တီဂရိတ် အထိ ဖြစ်သည်။ ဧပြီလနှင့် အောက်တိုဘာလကြား မိုးအများဆုံး ရွာကျပြီး မိုးရေချိန် အမြင့်ဆုံးမှာ ဇူလိုင်လ နှင့် ဩဂုတ်လ တို့ ဖြစ်ကြသည်။ မြောက်ပိုင်းမြေနိမ့်ဒေသမှ အဒါမဝါ၏ အစွန်းမှ ချဒ်ရေကန်အထိ သွယ်တန်းလျက် ရှိပြီး ပျမ်းမျှ အမြင့်ပေမှာ ၉၈၄ ပေ မှ ၁,၁၄၈ပေ (၃၀၀ မီတာ မှ ၃၅၀ မီတာ) အထိ ဖြစ်သည်။. ၎င်းတွင် တွေ့ရသော သဘာဝပေါက်ပင်များမှာ ဆာဗားနား ချုံထနောင်းတော နှင့် မြက်ခင်းများ ဖြစ်သည်။ ထိုဒေသမှာ မိုးခေါင်သော ဒေသဖြစ်ပြီး မိုးကွက်ကျား ရွာကျကာ ပျမ်းမျှ အပူချိန် မြင့်မားသည်။

ကင်မရွန်းနိုင်ငံတွင် ရေဆင်းစနစ် ၄ မျိုးရှိသည်။ တောင်ဘက်ရှိ အဓိကမြစ်များမှာ အန်တမ်မြစ် ၊ နျောင်မြစ် ၊ ဆာနာဂါမြစ် နှင့် ဝူရီ မြစ်တို့ ဖြစ်ကြသည်။ ထိုမြစ်များမှာ အနောက်တောင်ပိုင်း နှင့် အနောက်ပိုင်းသို့ စီးဆင်းသွားကြပြီး ဂီနီပင်လယ်ကွေ့ အတွင်းသို့ စီးဝင်သည်။ ဂျာမြစ် နှင့် ကဒဲမြစ်တို့မှာ အရှေ့တောင်ပိုင်းရှိ ကွန်ဂိုမြစ် အတွင်းသို့ စီးဝင်ကြသည်။ ကင်မရွန်းမြောက်ပိုင်းတွင်မူ ဘန်နောင်းမြစ်သည် မြောက်ဘက် နှင့် အနောက်ဘက်သို့ စီးဆင်းသွားပြီး နိုင်ဂျာမြစ်အတွင်းသို့ စီးဝင်သည်။ လိုဂုန်းမြစ်မှာမူ မြောက်ဘက်သို့ စီးဆင်းသွားပြီး ချဒ်ရေကန် အတွင်းသို့ စီးဝင်သည်။ ကင်မရွန်းသည် ချဒ်ရေကန်အား အိမ်နီးချင်း ၃ နိုင်ငံ နှင့် အတူ ဝေမျှ ပိုင်ဆိုင်သည်။

စီးပွားရေး နှင့် အခြေခံ အဆောက်အအုံ

ကင်မရွန်းနိုင်ငံ 
ကင်မရွန်းနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်ဿော ဒူဝါလာမြို့
ကင်မရွန်းနိုင်ငံ 
လင်းဘေးမြို့မှ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာ
ကင်မရွန်းနိုင်ငံ 
ယောင်အွန်ဒေးမြို့မှ အားကစားနန်းတော်

ကင်မရွန်းနိုင်ငံ၏ လူတစ်ဦးချင်း ဂျီဒီပီ (ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း အပါအဝင်) သည် အမေရိကန် ဒေါ်လာ ၂၃၀၀ မျှ ရှိမည်ဟု ခန့်မှန်းရပြီး အာဖရိက တောင်ပိုင်းနိုင်ငံများထဲတွင် အဆင့် ၁ မှ ၁၀ အတွင်း ရှိသည်။ အဓိက ကုန်ပစ္စည်းတင်ပို့ ရောင်းချသော နိုင်ငံများမှာ ပြင်သစ်၊ အီတလီ၊ တောင်ကိုရီးယား၊ စပိန် နှင့် ယူနိုက်တက် ကင်းဒမ်းတို့ ဖြစ်ကြသည်။ ကင်မရွန်းသည် ၂၀၃၅ တွင် အရေးပါသော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန် ရည်မှန်းထားသည်။

ကင်မရွန်းနိုင်ငံသည် ဆယ်စုနှစ် တစ်ခုစာမျှ စီးပွားရေး တိုးတက်မှု ကောင်းမွန်ခဲ့ပြီး တစ်နှစ်လျှင် ဂျီဒီပီ ၄ ရာခိုင်နှုန်းမျှ တိုးမြင့်လာခဲ့သည်။ ၂၀၀၄ မှ ၂၀၀၈ အတွင်း အများပြည်သူ ဆိုင်ရာ ချေးငွေသည် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းကျော်မှ ၁၀ ရာခိုင်နှုန်းကျော် အထိ လျော့ကျသွားခဲ့ပြီး နိုင်ငံ၏ အရန်ငွေကြေးမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ အထိ ၄ ဆမျှ မြင့်တက်သွားခဲ့သည်။ ကင်မရွန်းနိုင်ငံများသည် အာဖရိကအလယ်ပိုင်းနိုင်ငံများ၏ ဘဏ် အဖွဲ့ ၊အလယ်အာဖရိက နိုင်ငံများ၏ အကောက်ခွန် နှင့် စီးပွားရေး သမဂ္ဂ အဖွဲ့၊ အာဖရိကနိုင်ငံများ၏ စီးပွားရေး ဥပဒေ ညီညွတ်ရေး အဖွဲ့တို့၏ တစိတ်တဒေသ ဖြစ်သည်။ ကင်မရွန်းနိုင်ငံ၏ငွေကြေးမှာ စီအက်ဖ်အေ ဖရန့် ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်းမှာ ၃၀ ရာခိုင်နှုန်းမျှ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ နိုင်ငံတကာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်း ဖြစ်သော တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁.၂၅ အောက်တွင် ရှင်သန်နေထိုင်ကြသည်။ ၁၉၈၀ ခုနှစ်များ၏ နောက်ပိုင်းမှ အစပြု၍ ကင်မရွန်းနိုင်ငံသည် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ စီးပွားရေး လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြောင်းလဲရေး နှင့် စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်ရေး တို့အတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့တို့ အကြံပေးထားသော အစီအစဉ်များ ကို လိုက်နာဆောင်ရွက်ခဲ့သည်။ အစိုးရသည် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးသည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်။

ကင်မရွန်းနိုင်ငံ၏ သဘာဝ အရင်းအမြစ်များမှာ စိုက်ပျိုးမွေးမြူရေး နှင့် သစ်ပင်စိုက်ပျိုးရေး အတွက် အထူး သင့်လျော်သည်။ ခန့်မှန်းခြေအားဖြင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေး ပြုလုပ်ကြပြီး ၂၀၀၉ ခုနှစ် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်တွင် စိုက်ပျိုးမွေးမြူရေးမှာ ၁၉.၈ ရာခိုင်နှုန်းမျှ ပါဝင်သည်။ စိုက်ပျိုးရေး လုပ်ငန်း အများစုကို ဒေသခံ လယ်သမားများက ဝမ်းစာဖူလုံရုံမျှ အတွက် ရိုးရှင်းသော ကိရိယာများကို အသုံးပြု၍ လုပ်ဆောင်ကြသည်။ သူတို့သည် ပိုလျှံသော ထွက်ကုန်များကို ရောင်းချကြပြီး အချို့မှာ စီးပွားရေးအတွက် လယ်ကွင်းသီးသန့်များကို ထိန်းသိမ်း စိုက်ပျိုးကြသည်။ မြို့ပြများက ၎င်းတို့၏ အစားအစာအတွက် လယ်သမားတို့၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားကိုး အားထား ပြုရသည်။ ကမ်းရိုးတန်းဒေသရှိ မြေသားများနှင့် ရာသီဥတုတို့က ငှက်ပျော၊ ကိုကိုး၊ ဆီအုန်း၊ ရာဘာ နှင့် လက်ဖက်တို့ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ရန်အတွက် အထောက်အပံ့ပေးသည်။ ကုန်းတွင်းပိုင်းရှိ တောင်ပိုင်း ကင်မရွန်းကုန်းမြင့်ဒေသတွင် ဝင်ငွေရရှိနိုင်သော ကော်ဖီ၊ သကြား နှင့် ဆေးရွက်ကြီးတို့ကို စိုက်ပျိုးကြသည်။ အနောက်ဘက် ကုန်းမြင့်ဒေသရှိ အဓိကဝင်ငွေရ သီးနှံမှာ ကော်ဖီ ဖြစ်ပြီး မြောက်ပိုင်းတွင် ဝါ၊ မြေပဲ နှင့် စပါးတို့ကို သဘာဝအလျောက် စိုက်ပျိုးထုတ်လုပ်နိုင်သည်။ ပြည်ပထွက်ကုန်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားထားသောကြောင့် ကင်မရွန်းအနေနှင့် ၎င်းတို့၏ ဈေးနှုန်းများကို ပြောင်းလဲရန် အတွက် အန္တရာယ်ကြီးမားသည်။

ကင်မရွန်းနိုင်ငံ 
ကင်မရွန်းမြောက်ပိုင်းတွင် ဖူလာ နွားကျောင်းသမားက သူ၏ နွားများကို မောင်းနှင်နေပုံ။

တိရစ္ဆာန်များကို နိုင်ငံအနှံ့တွင် မွေးမြူကြသည်။ ငါးဖမ်းခြင်း မှ လူပေါင်း ၅,၀၀၀ ကျော်ကို အလုပ်ပေးထားပြီး နှစ်စဉ်နှစ်တိုင်းတွင် ပင်လယ်စာ ၁၀၀,၀၀၀ တန် ကျော်ကို ပံ့ပိုးပေးနိုင်သည်။ ယခင်က ကျေးလက်နေ ကင်မရွန်းပြည်သူမျာအတွက် ပင်မ အစားအစာ ဖြစ်ခဲ့သော တောကောင်သားများမှာ ယခု အခါတွင် နိုင်ငံရှိ မြို့ပြကြီးများအတွက် အထူးအစားအစာ ဖြစ်လာခဲ့သည်။ တောင်ကောင်သားများကို စီးပွားဖြစ် ရောင်းဝယ်ခြင်းသည် ကင်မရွန်းရှိ တောရိုင်းတိရစ္ဆာန်များအတွက် ခြိမ်းခြောက်မှု အနေဖြင့် သစ်တောပြုန်းတီးခြင်းကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

တောင်ပိုင်း မိုးသစ်တောများတွင် အလွန်များပြားသော သစ်ထုတ်လုပ်ရန် သစ်များရှိပြီး ကင်မရွန်းနိုင်ငံ စုစုပေါင်း ကုန်းမြေ ဧရိယာ၏ ၃၇% မျှ ရှိသည်။ သို့သော်လည်း သစ်တော နေရာ အတော်များများကို ရောက်ရှိရန် ခက်ခဲသည်။ သစ်ထုတ်လုပ်ငန်းအား နိုင်ငံခြားပိုင် ကုမ္ပဏီများမှ အများဆုံး လုပ်ကိုင်ကြပြီး ၁၉၉၈ ခုနှစ် စာရင်းအရ အစိုးရအား အမေရိကန်ဒေါ်လာ သန်း ၆၀ မျှ အထောက်အပံ့ပေးသည်ကို တွေ့ရသည်။ ဥပဒေအရ သစ်ထုတ်လုပ်ရာတွင် အန္တရာယ် ကင်းရှင်းစေရန် နှင့် ရေရှည် ထုတ်လုပ်နိုင်ရန် ပြဋ္ဌာန်းထားသော်လည်း သစ်ထုတ်လုပ်ငန်းသည် ကင်မရွန်းနိုင်ငံတွင် ကြီးကြပ်မှု အနည်းဆုံး လုပ်ငန်း တစ်ခု ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် စက်ရုံလုပ်ငန်းများမှာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၉.၇ ရာခိုင်နှုန်းမျှ ရှိသည်။ ကင်မရွန်းနိုင်ငံ၏ စက်ရုံလုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းမှာ ဒူဝါလာမြို့ နှင့် ဘိုနာဘယ်ရီမြို့ တို့တွင် တည်ရှိကြသည်။ ကင်မရွန်းနိုင်ငံတွင် သတ္တုတွင်းထွက်များ အတော်အတန် ရှိသော်လည်း ထိုတွင်းထွက်များကို ကျယ်ပြန့်စွာ တူးဖော်ခြင်း မပြုကြပေ။ ရေနံ ရှာဖွေမှုမှာ ၁၉၈၆ ခုနှစ်မှ စ၍ ကျဆင်းလာခဲ့သော်လည်း အတော်အသင့် အရေးပါသော ကဏ္ဍ တစ်ခု အဖြစ် ကျန်ရှိနေပြီး ရေနံ ဈေးကျဆင်းပါက နိုင်ငံ့ စီးပွားရေးကို အပြင်းအထန် ရိုက်ခတ်လေ့ ရှိသည်။ ရေမော်များ နှင့် ရေတံခွန်များက တောင်ဘက်ပိုင်းရှိ မြစ်များတွင် အရံအတား များ အဖြစစ် ရှိနေကြသော်လည်း ထိုနေရာများက ရေအားလျှပ်စစ် ထုတ်လုပ်ရန် အခွင့်အလမ်းများ ရရှိစေပြီး ကင်မရွန်းနိုင်ငံ၏ စွမ်းအင် လိုအပ်မှုကို ဖြည့်ဆီးပေးလျက် ရှိသည်။ ဆာနာဂါ မြစ်မှ အီဒီယာရှိ အကြီးဆုံသော ရေအားလျှပ်စစ် စက်ရုံကို စွမ်းအင် ပေးလျက် ရှိသည်။ ကျန်ရှိသော ကင်မရွန်းနိုင်ငံ၏ စွမ်းအင် လိုအပ်မှုများကို ဆီဖြင့်မောင်းနှင်ရသော ဓာတ်အားပေးစက်များမှ ဖြည့်တင်းပေးလျက် ရှိသည်။ သို့သော်လည်း နိုင်ငံ၏ ဒေသ အတော်များများတွင် အားထားရသော လျှပ်စစ်မီး မရှိသေးပေ။

ကင်မရွန်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးမှာ အများအားဖြင့် ခက်ခဲသည်။ အဓိက မြို့ကြီးများကို ဆက်သွယ်ပေးထားသော အခြားလမ်းများနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သော အခကြေးငွေကောက်ခံသည့် လမ်းများ (အားလုံးမှာ ကားတစ်စင်းသာ မောင်းနိုင်သည်။)သာ ရှိပြီး ထိုလမ်းများမှာလည်း ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် ဖြစ်ပြီး ၁၀% မျှသာ ကတ္တရာ ခင်းထားသဖြင့် ဆိုးရွားသော ရာသီဥတုရှိလျှင် သွားလာ မရပေ။ လမ်းတွင်ရှိသော စစ်ဆေးရေးဂိတ်များမှာလည်း ရဲများ နှင့် ဂျန်ဒါမီ ရဲများ အတွက် ခရီးသွားများ ထံမှ ငွေညှစ်ရုံမှ အပ အခြားကောင်းမွန်သော ရည်ရွယ်ချက် မရှိပေ။ လမ်းဓားပြတိုက်ခြင်းကလည်း အရှေ့ဘက် နှင့် အနောက်ဘက် နယ်စပ်များရှိ သယ်ယူပို့ဆောင်ရေးကို အဟန့်အတား ဖြစ်စေပြီး ၂၀၀၅ ခုနှစ်မှ စ၍ ဗဟိုအာဖရိကသမ္မတနိုင်ငံ မတည်မငြိမ် ဖြစ်မှုကြောင့် ပြဿနာမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ပုဂ္ဂလိက ကုမ္ပဏီများမှ ဆောင်ရွက်သော မြို့အချင်းချင်း ဆက်သွယ်သည့် အဝေးပြေး ကားလိုင်းများမှ အဓိကမြို့ကြီးများကို ဆက်သွယ်ပေးထားသည်။ အဝေးပြေးကားမှာ လူသုံးအများဆုံး သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုဖြစ်ပြီး ကမ်ရေးလ် ဟုခေါ်သော ကင်မရွန်း ရထားမှာ ဒုတိယမြောက် လူသုံးအများဆုံး ဖြစ်သည်။ ရထားပို့ဆောင်ရေးမှာ အနောက်ဘက်ပိုင်းရှိ ကွန်းဘာ မှ အရှေ့ဘက်ပိုင်းရှိ ဘဲလဘူမြို့သို့လည်းကောင်း၊ မြောက်ဘက်ရှိ ညောင်ဒရေသို့လည်းကောင်း အသီးသီး ဖြစ်ကြသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှာ ဒူဝါလာမြို့ နှင့် ယောင်အွန်ဒေးမြို့များတွင် တည်ရှိကြပြီး တတိယမြောက်လေဆိပ်ဖြစ်သော မာအူယာ လေဆိပ်မှာ တည်ဆောက်ဆဲ ဖြစ်သည်။ ဒူဝါလာမြို့မှာ နိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့ ဖြစ်သည်။ မြောက်ဘက်ပိုင်းတွင်မူ ဘီနိုရေမြစ်ကို အသုံးပြု၍ ဂါအူယာမှ နိုင်ဂျီးရီးယားနိုင်ငံသို့ အချို့သော ရာသီများတွင် သွားလာနိုင်သည်။

၂၁ရာစု၏ ပထမ ဆယ်စုနှစ်မှစ၍ သတင်းစာ လွတ်လပ်ခွင့် တိုးတက်လာသော်လည်း စာနယ်ဇင်းများမှာ ခြစားမှုများရှိ၍ နိုင်ငံရေး အစုအဖွဲ့များနှင့် အချို့သော ကိစ္စများကိုသာ ဦးတည်ရေးသားလေ့ ရှိသည်။ သတင်းစာများမှာ အစိုးရ၏ တုံ့ပြန်မှုကို ရှောင်ကွင်းရန် အတွက် မိမိဘာသာ ထိန်းသိမ်း ရေးသားကြသည်။ အဓိက ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းများကို အစိုးရက ဆောင်ရွက်ပြီး အခြားသော ဆက်သွယ်ရေး စနစ်များ ဖြစ်ကြသည့် ဖုန်းလိုင်းများ နှင့် ကြေးနန်း ဆက်သွယ်ရေးတို့မှာ အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်။ သို့သော်လည်း ဆယ်လူလာ တယ်လီဖုန်းကွန်ယက် များနှင့် အင်တာနက် ဝန်ဆောင်မှုပြုသူများမှာ ၂၁ရာစု ပထမ ဆယ်စုနှစ် မှစ၍ သိသိသာသာ တိုးတက်လာခဲ့ပြီး ဥပဒေနှင့် ထိန်းချုပ်မှု မရှိသလောက်ပင် ဖြစ်သည်။

လူဦးရေ ပျံ့နှံ့နေထိုင်ပုံ

ကင်မရွန်းနိုင်ငံ 
ယောင်အွန်ဒေးမြို့၏ မြင်ကွင်းကျယ်
ကင်မရွန်းနိုင်ငံ၏ လူဦးရေ
ခုနှစ် သန်းပေါင်း
၁၉၇၁ ၇.၀
၁၉၇၀ ၁၂.၂
၂၀၀၉ ၁၉.၅
Source: OECD/ကမ္ဘာ့ဘဏ်

ကင်မရွန်းနိုင်ငံ၏ လူဦးရေမှာ ၂၀၁၁တွင် ၂၀,၀၃၃၀,၃၆၂ ဦး ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ပျမ်းမျှသက်တမ်းမှာ ၅၃.၆၉ နှစ် ဖြစ်ပြီး အမျိုးသားများအတွက် ၅၂.၈၉ နှစ် အမျိုးသမီးများ အတွက် ၅၄.၅၂ နှစ် ဖြစ်သည်။

ကင်မရွန်းနိုင်ငံတွင် မြို့ပြနေထိုင်သူ နှင့် ကျေးလက်နေထိုင်သူ တစ်ဝက်စီ ရှိသည်။ လူဦးရေ သိပ်သည်းမှုမှာ မြို့ပြများ၊ အနောက်ဘက် ကုန်းမြေမြင့် ဒေသနှင့် အရှေ့မြောက် လွင်ပြင်ဒေသတို့တွင် အများဆုံး ဖြစ်သည်။ ဒူဝါလာမြို့၊ ယောင်အွန်ဒေးမြို့နှင့် ဂါရူဝါမြို့တို့မှာ အကြီးဆုံး မြို့များဖြစ်သည်။ အခြားတစ်ဖက်တွင် အဒါမဝါ ကုန်းမြေမြင့်၊ အရှေ့တောင်ပိုင်း ဘီနိုရေး ချိုင့်ဝှမ်း နှင့် တောင်ဘက်ပိုင်း ကင်မရွန်း ကုန်းမြေမြင့် ဒေသတို့တွင် လူဦးရေ ကျဲပါးစွာ တည်ရှိသည်။

ကင်မရွန်း အစိုးရ၏ အဆိုအရ ၂၀၀၅ ခုနှစ် သန္ဓေအောင်နှုန်းမှာ ၅.၀ ဖြစ်သည်။

လူဦးရေ အဆမတန် လွန်ကဲနေသော အနောက်ဘက် ကုန်းမြင့်ဒေသနှင့် ဖွံ့ဖြိုးမှု နောက်ကျသော မြောက်ဘက်ပိုင်းတို့မှ လူများသည် ကမ်းရိုးတန်း စိုက်ပျိုးရာဒေသနှင့် မြို့ပြဒေသများသို့ အလုပ်ရရှိရန် ရွှေ့ပြောင်းလာခဲ့ကြသည်။ ထို့ပြင် အရှေ့ဘက်နှင့် မြောက်ဘက် ဒေသများရှိ သစ်စက်များ နှင့် စိုက်ပျိုးရာဒေသများသို့ လူများ အလုပ်ရှာရန် အတွက် အနည်းငယ် ပြောင်းရွှေ့ခြင်းများလည်း ရှိသည်။ နိုင်ငံတစ်နိုင်ငံလုံး အနေနှင့် တိုင်းတာလျှင် ကျားမ အချိုးမှာ ညီတူမျှတူ ရှိသော်လည်း ထိုသို့ ရွှေ့ပြောင်းကြသူ အများစုမှာ အမျိုးသားများ ဖြစ်သဖြင့် အချို့သော ဒေသများတွင် ကျားမအချိုးမညီမျှမှုများ ဖြစ်ပေါ်စေသည်။

ကင်မရွန်းနိုင်ငံ 
မြောက်ဖျားပိုင်း ဒေသရှိမတ်စ်ဂမ်တို့၏ အိမ်များမှာ မြေကြီးနှင့် မြက်တို့ဖြင့် တည်ဆောက်ထားသည်။

တစ်လင်တစ်မယား စနစ်အပြင် အိမ်ထောင်ဖက် အများအပြားရှိသော စနစ်ကိုလည်း ကျင့်သုံးကြပြီး ပုံမှန် ကင်မရွန်းမိသားစုများမှာ ကြီးမားပြီး ကျယ်ပြန့်သည်။ မြောက်ပိုင်းဒေသများတွင် အမျိုးသမီးများက အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ကြပြီး အမျိုးသားများက တိရစ္ဆာန်များကို ကျောင်းခြင်း သို့မဟုတ် လယ်သမားလုပ်ခြင်းဖြင့် အသက်မွေးကြသည်။ တောင်ပိုင်းဒေသများတွင်မူ အမျိုးသမီးများက မိသားစု စားရန် သီးနှံများကို စိုက်ပျိုးကြပြီး အမျိုးသားများက သားငါးများကို ရှာဖွေခြင်း ငွေရသည့် သီးနှံများကို စိုက်ပျိုးခြင်းတို့ လုပ်ဆောင်ကြသည်။ လူ့အဖွဲ့အစည်း အများစု နည်းတူပင် ကင်မရွန်း လူ့အဖွဲ့အစည်းသည် အမျိုးသားများက ဦးဆောင်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုတို့ကို နေရာအနှံ့ တွေ့ရသည်။.

ကင်မရွန်းနိုင်ငံတွင် လူမျိုးနှင့် ဘာသာစကား ၂၃၀ မှ ၂၈၂ ခု အထိ ရှိမည်ဟု ခန့်မှန်းရသည်။ အဒါမဝါ ကုန်းမြေမြင့်သည် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို ကျယ်ပြန့်စွာ ပိုင်းခြားထားသည်။ မြောက်ဘက်ပိုင်းရှိ လူများမှာ အလယ်ပိုင်း ကုန်းမြင့်ဒေသနှင့် မြောက်ပိုင်း မြေနိမ့်ဒေသများတွင် နေထိုင်ကြသော ဆူဒန် လူမျိုးစုများ နှင့် ကင်မရွန်းမြောက်ပိုင်း အနှံ့ ပျံ့နှံ့နေထိုင်ကြသော ဖူလာနီ လူမျိုးစုများ ဖြစ်ကြသည်။ ချဒ်ရေကန် အနီးတွင် ရှူဝါ အာရပ်လူမျိုး အနည်းငယ် နေထိုင်ကြသည်။ ကင်မရွန်း တောင်ပိုင်း ဒေသများတွင်မူ ဘန်တူ စကား နှင့် ဘန်တူစကား ရောစပ်ထားသော ဘာသာစကားကို ပြောကြားသော လူမျိုးများ နေထိုင်ကြသည်။ ဘန်တူစကား ပြောသော လူမျိုးစု အဖွဲ့များမှာ ကမ်းရိုးတန်း ဒေသနှင့် အီကွေတာ ဒေသများတွင် နေထိုင်ကြပြီး ဘန်တူစကား ရောစပ်ထားသော စကားကို ပြောဆိုသော လူမျိုးစုများမှာ အနောက်ပိုင်း မြက်ခင်းပြင် ဒေသများတွင် နေထိုင်ကြသည်။ ဂိုင်းလီ လူမျိုး ၅၀၀၀ ခန့်နှင့် ဘာကာ ပစ်ဂမီ လူမျိုးစုများမှဦ အရှေ့တောင်ပိုင်း နှင့် ကမ်းရိုးတန်း ဒေသရှိ မိုးသစ်တောများ အတွင်း လှည့်လည် နေထိုင်ကြပြီး အချို့မှာ လမ်းဘေးတွင် နေထိုင်ကြသည်။ နိုင်ငံခြားသားများတွင် အများဆုံးမှာ နိုင်ဂျီးရီးယား လူမျိုးများ ဖြစ်သည်။


ကင်မရွန်းနိုင်ငံ 
ဝါဇာ အမျိုးသား ဥယျာဉ် အတွင်းမှ ဆင်များ

ဒုက္ခသည်များ

၂၀၀၇ ခုနှစ်တွင် ကင်မရွန်းနိုင်ငံ အတွင်း ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူပေါင်း ၉၇,၄၀၀ ဦး ခန့်မျှ ရှိသည်။ ထိုသူများထဲတွင် ၄၉,၃၀၀ ဦးမှာ ဗဟိုအာဖရိက သမ္မတနိုင်ငံမှ ဖြစ်ပြီး (အများစုမှာ စစ်ကြောင့် အနောက်ဘက်သို့ ထွက်ပြေးလာသူများ ဖြစ်ကြသည်။) ၄၁,၆၀၀ ဦးမှာ ချဒ်သမ္မတနိုင်ငံမှ ဖြစ်ကာ ၂,၉၀၀ဦးမှာ နိုင်ဂျီးရီးယားနိုင်ငံမှ ဖြစ်သည်။ ကင်မရွန်းနိုင်ငံသားများအား ဗဟိုအာဖရိကနိုင်ငံမှ ဓားပြများ ပြန်ပေးဆွဲခြင်းမှာ ၂၀၀၅ ခုနှစ်မှစတင်၍ ပိုမိုများပြား လာခဲ့သည်။

၂၀၁၄ ခုနှစ်၏ အစပိုင်း လများတွင် ဗဟို အာဖရိက သမ္မတနိုင်ငံ မှ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်များ ထောင်နှင့်ချီ၍ ကင်မရွန်းနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လ ၁၄ရက် သတိပေးကွန်ယက် (AlertNet) ၏ သတင်းအရ

ဒီဇင်ဘာလမှ စတင်၍ လူပေါင်း ၉၀,၀၀၀ ခန့် ကင်မရွန်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြပြီး တစ်ပတ်လျှင် ၂,၀၀၀ ခန့် အထိ ရှိသည်။ အများအားဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ပြီး ယခုတိုင် နယ်စပ်ကို ဖြတ်ကျော်နေဆဲဟု ကုလသမ္မဂ္ဂမှ ဆိုသည်။

"အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ကင်မရွန်းကို ဆိုးဆိုးရွားရွား အခြေအနေတွေနဲ့ ရောက်ရှိလာကြတယ်။ ရက်သတ္တပါတ် ပေါင်း များစွာ တစ်ခါတစ်လေ ဆိုရင် လပေါင်းများစွာ လမ်းပေါ်မှာ အချိန်ကုန်ခဲ့ပြီး အစားအစာကို ရှာခဲ့ရတယ်။" ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ အမှုဆောင် ဒါရိုက်တာ အာသရင်း ကာစင်က ပြောဆိုခဲ့သည်။

ဘာသာစကား

ကိုလိုနီခေတ်ကာလ အတွင်း ဥရောပ ဘာသာစကားများကို စတင်အသုံးပြုခဲ့သောကြောင့် အနောက်မြောက်ဘက် နှင့် အနောက်တောင်ဘက်ဒေသများရှိ လူမျိုးများနှင့် ပြင်သစ်စကား ပြောကြားသော နိုင်ငံ၏ ကျန်ရှိသော အစိတ်အပိုင်းမှ လူများအကြား ဘာသာစကား ကွဲပြားမှုကို ဖြစ်ခေါ်စေခဲ့သည်။ အင်္ဂလိပ် ဘာသာစကား နှင့် ပြင်သစ်ဘာသာစကား နှစ်မျိုးစလုံးမှာ ရုံးသုံးဘာသာစကားများ ဖြစ်ကြသော်လည်း ပြင်သစ်ဘာသာစကားသည် လူများ နားအလည်ဆုံး ဘာသာစကား ဖြစ်ကာ ၈၀ ရာနှုန်းကျော်မျှ နားလည်ကြသည်။

ရှေးဦးစွာ ကိုလိုနီ စနစ်ကျင့်သုံးခဲ့သော ဂျာမန်တို့၏ ဘာသာစကား သည် ပြင်သစ်ဘာသာ နှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် အစာထိုး အသုံးပြုခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကင်မရွန်း အင်္ဂလိပ် ကပြား ဘာသာစကားမှာ ယခင်က ဗြိတိသျှ တို့ အုပ်ချုပ်သော နယ်မြေများတွင် အများသုံး ဘာသာစကား ဖြစ်သည်။ အင်္ဂလိပ်ဘာသာ၊ ပြင်သစ် ဘာသာနှင့် ကပြားစကားတို့ ရောနှောထားသော ဖရန့်အန်းဂလိပ် ဟုခေါ်သည့် ဘာသာစကားမှာ ၁၉၇၀ ခုနှစ်များ၏ အလယ်ကတည်းက မြို့ပြဒေသများတွင် လူကြိုက်များ ထင်ရှားလာခဲ့သည်။

ကိုးကွယ်ယုံကြည်မှု

ကင်မရွန်းနိုင်ငံအတွင်း ကိုးကွယ်ယုံကြည်မှု (ပျူးသုတေသန)
ကိုးကွယ်သည့်ဘာသာ ရာခိုင်နှုန်း
ကက်သလစ်
  
40%
ပရိုတက်စတင့်
  
30%
မွတ်စလင်
  
18%
ဘာသာမဲ့
  
6%
ရိုးရာ
  
3%
အခြား
  
3%

ကင်မရွန်းနိုင်ငံတွင် ဘာသာတရား ကိုးကွယ်မှု အမြောက်အမြား ရှိပြီး ဘာသာရေး လွတ်လပ်ခွင့်လည်း မြင့်မားသည်။ အများပြားဆုံး သက်ဝင်ယုံကြည်မှုမှာ ခရစ်ယာန်ဘာသာဖြစ်ပြီး လူဦးရေ၏ သုံးပုံနှစ်ပုံ မျှ ကိုးကွယ်ကြသည်။ အစ္စလာမ် ဘာသာမှာ လူနည်းစု ကိုးကွယ်သည့် ဘာသာတရား ဖြစ်ပြီး လူဦးရေ၏ ၅ ပုံ ၁ပုံမျှသာ ရှိသည်။ ထို့ပြင် ရိုးရာ ဘာသာတရားများကိုလည်း ကျင့်သုံးသူ အမြောက်အမြား ရှိသည်။ မွတ်စလင်များမှာ မြောက်ပိုင်းဒေသများတွင် များပြားကြပြီး ခရစ်ယာန်များမှာ အဓိက အားဖြင့် တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် အများဆုံး ရှိသည်။ သို့သော် ဘာသာတရား ၂မျိုးစလုံးအား ကိုးကွယ်သူ အများအပြားကို တစ်နိုင်ငံလုံးတွင် တွေ့ရသည်။ မြို့ကြီးများတွင် ဘာသာတရား နှစ်မျိုးစလုံးမှ ကိုးကွယ်သူ သိသာစွာ များပြားသည်။ ကင်မရွန်းနိုင်ငံရှိ မွတ်စလင်များကို ဆွန်နီ၊ ရှီယာ့၊ အာမာဒစ်စ်၊ ဆူဖီ၊ မူဝါဟစ် မွတ်စလင် နှင့် သီးခြားအစုဖွဲ့ မဖော်ပြထားသော မွတ်စလင် ဟူ၍ အုပ်စုကွဲနေကြသည်။

အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းခရိုင်တွင် နေထိုင်သူများမှာ ပရိုတက်စတင့် အများစု ဖြစ်ပြီး ပြင်သစ်စကား ပြောကြသော တောင်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် နေထိုင်ကြသူများမှာမူ ကက်သလစ် များ ဖြစ်ကြသည်။ တောင်ပိုင်းရှိ တိုင်းရင်းသားများမှာ ခရစ်ယာန် ဘာသာ သို့မဟုတ် ရိုးရာ အာဖရိက နတ် များကို ကိုးကွယ်ကြပြီး အချို့မှာ နှစ်မျိုးကို ရောထွေး ကိုးကွယ်ကြသည်။ လူအများစုမှာ စုန်း အတတ် ကို ယုံကြည်ကြပြီး အစိုးရမှာ စုန်း အတတ်ကို ဥပဒေနှင့် ကန့်သတ်ထားသည်။ စုန်း ဟု ယူဆ ရသောသူများမှာ အုပ်စုဖွဲ့ အကြမ်းဖက်ခြင်းကို ခံရလေ့ ရှိသည်။ အစ္စလာမ် ဂျီဟတ် အဖွဲ့ ဘိုကို ဟာရမ် သူပုန်များမှာ ကင်မရွန်းနိုင်ငံ မြောက်ပိုင်းတွင် လှည့်လည် ကျက်စားနေသည်ဟု ကြားသိရသည်။

မြောက်ပိုင်း ဒေသများတွင် ဒေသခံ အများအပြား ရှိသော ဖူလာနီ တိုင်းရင်းသားများမှာ မွတ်စလင် အများစု ဖြစ်ကြပြီ လူဦးရေ အများစုကို ခြုံကြည့်လျှင် မွတ်စလင်၊ ခရစ်ယာန် နှင့် ရိုးရာ ကိုးကွယ်မှု ပြုသူများမှာ အညီအမျှ ရှိသည်။ အနောက်ပိုင်း ဒေသရှိ ဘာမွန် တိုင်းရင်းသား များမှာ မွတ်စလင် အများစု ဖြစ်သည်။ ဒေသတွင်း ကျင်သုံးသော ရိုးရာ ဘာသာတရားများကို ကျေးလက်ဒေသများတွင် ဆက်လက် ကိုးကွယ်ကြပြီး မြို့ကြီးများတွင်မူ ပြောင်ပြောင်တင်းတင်း ကိုးကွယ်မှု မပြုကြပေ။ ထိုသို့ ပြုရခြင်း၏ အကြောင်းရင်း တစ်ခုမှာ ရိုးရာ ဘာသာတရားများမှာ ဒေသအတွင်းတွင်သာ ကိုးကွယ်လေ့ ရှိသောကြောင့် ဖြစ်သည်။

ယဉ်ကျေးမှု

ဂီတ နှင့် အက

ကင်မရွန်းနိုင်ငံ 
အရှေ့ပိုင်းဒေသတွင် ကချေသည်များမှ ဧည့်သည်များကို နှုတ်ဆက်နေပုံ

ဂီတနှင့် အကတို့မှာ ကင်မရွန်းနိုင်ငံ ရှိ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ လူမှုရေး ဆိုင်ရာ တွေ့ဆုံပွဲများနှင့် ပုံပြောပွဲများတွင် အဓိက အစိတ်အပိုင်း ဖြစ်သည်။ ရိုးရာ အကများ မှာ စနစ်တကျ အကွက်ချ စီစဉ်ထားပြီး အမျိုးသား နှင့် အမျိုးသမီးကို သီးသန့် ခွဲထားခြင်း သို့မဟုတ် လိင်တစ်ခုခုကို ပါဝင်မှု မပြုအောင် တားမြစ်ထားခြင်းများ ရှိသည်။ အကများ၏ ရည်ရွယ်ချက်မှာ ဖျော်ဖြေရေး သက်သက်မှ စ၍ ဘာသာရေး ဝတ်ပြုခြင်း အထိ အကြောင်း အချက် အမျိုးမျိုး ရှိသည်။ ရိုးရာအားဖြင့် သီချင်းများကို ပါးစပ်ဖြင့်သာ လွှဲပြောင်း ပေးအပ်ခြင်းမျိုး ရှိသည်။ ပုံမှန် ဖျော်ဖြေမှုတွင် ဖျော်ဖြေသူ၏ သီဆိုမှုကို သီချင်း သီဆိုသူ အများအပြားက လိုက်လံ သီဆိုလေ့ ရှိကြသည်။

ဂီတနှင့် တွဲဖက်တင်ဆက်ရာတွင် လက်ခုပ်တီးခြင်း နှင့် ခြေဆောင့်ခြင်း အစရှိသည့် ရိုးရှင်းသည့် သံစဉ်ဖန်တီးမှုများမှ အစပြု၍ ရိုးရာ တူရိယာများတွင် ကချေသည်များ ဝတ်ဆင်သည့် ခေါင်းလောင်းများ၊ သစ်သားလက်ခုပ်များ၊ ဗုံများ၊ တော့ကင်းဗုံများ၊ ပုလွေများ၊ ခရာများ၊ ဂျောက်ဂျက်များ၊ စခရက်ပါများ၊ ကြိုးတပ် တူရိယာများ၊ လေမှုတ်တူရိယာများ နှင့် ပတ္တလားများ ပါဝင်သည်။ တူရိယာများ ပေါင်းစပ်မှုမှာ လူမျိုးစုနှင့် ဒေသ အပေါ်တွင် မူတည်၍ ကွဲပြား ခြားနားသည်။ အချို့သော ဖျော်ဖြေသူများမှာ စောင်းနှင့်တူသော တူရိယာနှင့် အတူ သီချင်းတစ်ပုဒ်လုံး အစအဆုံး တစ်ဦးတည်း သီဆိုဖျော်ဖြေကြသည်။

လူကြိုက်များသော ဂီတ စတိုင်လ်များတွင် ကမ်းရိုးတန်း ဒေသမှ အမ်ဘာဆီ ဘေး စတိုင်လ်၊ ဘာဆာဒေသမှ အက်ဆီကို စတိုင်လ်၊ ဘန်ဂန်တေးမှ မန်ဂန်ဘူး စတိုင်၊ ဘာမီလီကီ ဒေသမှ ဆာမာဆီ စတိုင်လ်တို့ ပါဝင်သည်။ နိုင်ဂျီးရီးယား ဂီတသည် ကင်မရွန်းမှ အင်္ဂလိပ်ဘာသာဖြင့် ဖျော်ဖြေသူများ အပေါ် လွှမ်းမိုးမှု ရှိပြီး ပရင့်စ်နီကိုဘာဂါ၏ ဆွိမားသား အမည်ရသော တေးစီးရီးမှာ သမိုင်းတွင် အရောင်းရဆုံး အာဖရိက တေးစီးရီး ဖြစ်သည်။

လူကြိုက်အများဆုံးသော စတိုင်လ် နှစ်ခုမှာ မာကိုဆာ နှင့် ဘီကူဆီတို့ ဖြစ်ကြသည်။ မာကိုဆာမှာ ဒူဝါလာမြို့မှ မြစ်ဖျားခံ ပေါ်ပေါက်လာခဲ့သော စတိုင်လ် ဖြစ်ပြီး ကျေးလက်ရိုးရာ ဂီတ၊ ဟိုက်လိုက် ဂီတ၊ ဆိုးလ်ဂီတ နှင့် ကွန်ဂို ဂီတတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ မာနူ ဒီဘန်ဂို၊ ဖရန်စစ် ဘီဘေး၊ မိုနီ ဘီလေးနှင့် ပတိပေး အစရှိသော ဖျော်ဖြေသူများက ၁၉၇၀ ခုနှစ် များ နှင့် ၁၉၈၀ ခုနှစ်များတွင် တကမ္ဘာလုံးသို့ ပျံ့နှံ့ ရောက်ရရှိစေခဲ့သည်။ အန်းမာရီ ဇီး အစရှိသော အနုပညာရှင်များက ၁၉၄၀ ခုနှစ်မှ စ၍ လူကြိုက်များသော အက အဖြစ် ဖော်ဆောင်ခဲ့ပြီး မာမာ အိုဟန်ဂျာ နှင့် လက်စ် တေးတက်စ် ဘရူလီ အစရှိသူတို့က ၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေ ခဲ့သည်။

စားသောက်ဖွယ်ရာ

ကင်မရွန်းနိုင်ငံ 
လစ်တိုရယ်ဒေသ အော့ဆာ ရေကန်အနီးတွင် အမျိုးသမီးတစ်ဦး ခြင်းတောင်းရက်နေပုံ။ ကင်မရွန်းနိုင်ငံတွင် နေထိုင်သူများသည် နိုင်ငံတဝှမ်းလုံး ထိုသို့သော လက်မှုပညာများကို လုပ်ကိုင်ကြသည်။

ကင်မရွန်းနိုင်ငံ၏ စားသောက်ဖွယ်ရာများသည် ဒေသအလိုက်ကွဲပြား ခြားနားကြသော်လည်း ကြီးမားပြီး တစ်မျိုးတည်းဖြစ်သော ညနေစာကို နိုင်ငံတဝှမ်းလုံးတွင် စားသုံးလေ့ရှိကြသည်။ ပုံမှန်အားဖြင့် အစားအသောက်များမှာ သစ်ဥသစ်ဖု၊ ပြောင်း၊ ပီလောပီနံမှုန့်၊ ကောက်နှံ၊ ငှက်ပျော၊ အာလူး၊ ဆန် နှင့် မျောက်ဥတို့ကို အခြေခံ စားသောက်လေ့ ရှိပြီး တစ်ခါတစ်ရံတွင် ထုထောင်း၍ ဂျုံမှုန့်ညက်နှင့် တူသော ဖူးဖူး ဟူသော အစားအစာမျိုးအဖြစ် စားသုံးကြသည်။ ၎င်းတို့ကို မြေပဲ၊ စားအုန်းဆီနှင့် အခြား ဟင်းခပ် အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားသော ဆော့စ်၊ ဟင်းရည်၊ ပြုတ်ရည် အစရှိသည်တို့နှင့် တွဲဖက် စားသုံးလေ့ ရှိကြသည်။ အသား နှင့် ငါးတို့မှာ လူကြိုက်များသော်လည်း ဈေးကြီးသော အဆာပလာများ ဖြစ်သည်။ ဟင်းလျာများမှာ အမြဲလိုလို ပူနွေးပြီး ဆား၊ ငရုတ်ကောင်း၊ မက်ဂီ စသည်တို့ဖြင့် ဟင်းခတ် အမွှေးအကြိုင် ထည့်သွင်းလေ့ ရှိကြသည်။

ရေ၊ အုန်းသီးဝိုင်၊ ကောက်နှံ ဘီယာတို့မှာ အစားအသောက်နှင့် တွဲဖက် သောက်သုံးသော ရိုးရာ အဖျော်ယမကာ များ ဖြစ်ကြပြီး ဘီယာ၊ ဆိုဒါ နှင့် ဝိုင်တို့မှာ လူကြိုက်များလာကြသည်။ ငွေထည်အသုံးအဆောင်များကို အသုံးများပြီး အစားအသောက်ကို ညာလက်ဖြင့် ကိုင်တွယ်လေ့ ရှိကြသည်။ နံနက်စာတွင် ကျန်ရှိနေသော ပေါင်မုန့်နှင့် သစ်သီးများကို ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ဖြင့် တွဲဖက် သောက်သုံးကြသည်။ ယေဘုယျအားဖြင့် နံနက်စာကို ဂျုံမှုန်ဖြင့် ပြုလုပ်ထားသော ပါ့ဖ်ပါ့ဖန် (ဒိုးနပ်)၊ ငှက်ပျောသီးမှ ပြုလုပ်ထားသော အက်ခရာ ငှက်ပျော၊ ပဲကိတ် နှင့် အခြား စားဖွယ်ရာ အမြောက်အမြား ရှိသည်။ မုန့်ပဲ သွားရည်စာများမှာ အထူးသဖြင့် မြို့ကြီးများတွင် စားသုံးကြပြီး လမ်းဘေးဈေးသည်များထံမှ ဝယ်ယူစားသုံးလေ့ ရှိကြသည်။

ပြည်တွင်း အနုပညာ နှင့် လက်မှုပညာ

ရိုးရာ အနုပညာနှင့် လက်မှုပညာတို့သည် နိုင်ငံတဝှမ်းလုံးတွင် တည်ရှိနေပြီး စီးပွားရေး၊ ဘာသာရေး နှင့် အလှဆင်ရန် ရည်ရွယ်ပြုလုပ်ကြသည်။ သစ်သားကို ထွင်းထုခြင်းနှင့် ပန်းပုတို့မှာ အထူးသဖြင့် ထင်ရှားသည်။ အနောက်ဘက် ကုန်းမြင့်ဒေသမှ ကွာလတီမြင့် ရွှံ့များကို အိုးလုပ်ရန်နှင့် ကြွေထည်ပြုလုပ်ရန် အသုံးပြုကြသည်။ အခြားသော လက်မှုပညာများတွင် ခြင်းတောင်း ရက်လုပ်ခြင်း၊ ပုတီးစေ့ ပြုလုပ်ခြင်း၊ ကြေးဝါနှင့် ကြေးထည် လုပ်ငန်း၊ ကာလာဘက်ရှ်သီးများကို ထွင်းထုခြင်း နှင့် ဆေးခြယ်ခြင်း၊ ပန်းထိုးခြင်း နှင့် သားရေလုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။ ရိုးရာအိမ်များမှာ ဒေသအတွင်း ရရှိနနိုင်သော ပစ္စည်းများ အပေါ်တွင် မူတည်၍ ဆောက်လုပ်ကြပြီး သစ်သားနှင့် သစ်ရွက်တို့ဖြင့် ယာယီဆောက်လုပ်သော လှည့်လည်သွားလာသူတို့၏ ဘိုရိုရို အိမ်များမှ စ၍ လေးထောင့်ပုံ ရွှံ့နှင့် သက်ကယ်တို့ကို အသုံးပြု ဆောက်လုပ်ကြသော တောင်ပိုင်းသားများ၏ အိမ်များ အထိ ပုံစံ အမျိုးမျိုး ကွဲပြားနေသည်။ ခဲမဖြူနှင့် ကွန်ကရစ်တို့ကို အသုံးပြု၍ နေအိမ်ဆောက်လုပ်ခြင်းမှာလည်း ထင်ရှားလာသည်။ ခေတ်ပြိုင် အနုပညာများကို သီးသန့် ရပ်တည်နေသည့် အဖွဲ့အစည်းများ ဖြစ်သည့် ဒေါင်ရယ် အနုပညာ၊ အာဖရီးခရီးယား နှင့် အနုပညာ သည်များက ပျိုးထောင်ထားသည့် အတ်ဝပ်ရှိ၊ အပ်တဲလီးယား ဗိုက်ကင်း၊ အပ် ဘိတ်ကာရီ အစရှိသော အဖွဲ့အစည်းများက အဓိက မြှင့်တင် ဆောင်ရွက်နေကြသည်။

ရုပ်ရှင်နှင့် စာပေ

ကင်မရွန်းနိုင်ငံ 
ကင်မရွန်းအသင်းမှ ဂျာမနီအသင်းနှင့် လိုက်ပ်ဇစ် ဘောလုံးကွင်းတွင် ရင်ဆိုင်တွေ့နေပုံ၊ ၂၀၀၃ ခုနှစ် ဧပြီလ ၂၇ရက်

ကင်မရွန်းစာပေ နှင့် ရုပ်ရှင်တို့သည် ဥရောပ နှင့် အာဖရိက အာဘော် နှစ်ခုစလုံး အပေါ်တွင် အခြေခံ ထားသည်။ ကိုလိုနီခေတ် စာရေးဆရာများ ဖြစ်ကြသော လူးဝစ်မေရီ ပေါ်ကာ နှင့် ဆန်ကီး မေမို စသူတို့မှာ ဥရောပ သာသနာပြု အဖွဲ့အစည်းများတွင် ပညာတတ်မြောက်ခဲ့ခြင်း ဖြစ်ပြီး ဥရောပ ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်အောင် ထောက်ခံ ရေးသား ပေးခြင်း အားဖြင့် ကင်မရွန်းအား ခေတ်သစ် ကမ္ဘာ အတွင်းသို့ ဆွဲသွင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် အပြီး စာရေးဆရာများ ဖြစ်ကြသော မွန်ဂိုး ဘက်တီ နှင့် ဖာဒီနန် အိုယိုနိုတို့မှာမူ ကိုလိုနီ စနစ်ကို ခွဲခြမ်း စိတ်ဖြာ၍ ဝေဖန်ခဲ့ကြပြီး သဟဇာတဖြစ်အောင် ပြုပြင်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။

လွတ်လပ်ရေး ရပြီးနောက် များမကြာမီတွင် ရုပ်ရှင် ဖန်တီးသူများ ဖြစ်ကြသော ယန်းပေါလ် ဂက်ဆာ နှင့် သရေဆာ ဆီတာ ဘဲလ တို့က အလားတူ အာဘော်များကို ထပ်မံ ဖော်ထုတ် ခဲ့ကြပြန်သည်။ ၁၉၆၀ ခုနှစ်များတွင် မွန်ဂိုး ဘက်တီ နှင့် အခြားသော စာရေးဆရာများက ကိုလိုနီခေတ်လွန် ဝါဒကို ဖော်ထုတ်ခဲ့ကြပြီး အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး နှင့် အာဖရိကသားတို့၏ မူလ ပုံရိပ်များကို ပြန်လည် ဖော်ထုတ်ရေး တို့ဖြစ်သည်။ ၁၉၇၀ ပြည်နှစ်များ၏ အလယ်ပိုင်းလောက်တွင်မူ ရုပ်ရှင် ဖန်တီးသူများ ဖြစ်ကြသည့် ဂျင်းပီးယာ့ ဒီကွန်ဂေး ပီပါ နှင့် ဒန်နီယယ် ကမ်ဝါတို့က ရိုးရာ နှင့် ကိုလိုနီခေတ်လွန် လူ့အဖွဲ့အစည်းတို့ အကြား ပဋိပက္ခများကို တင်ပြခဲ့ကြသည်။ နောင် ဆယ်စုနှစ် ၂ ခုတွင်မူ စာပေ နှင့် ရုပ်ရှင်တို့သည် ကင်မရွန်းဆိုင်ရာ အကြောင်းအရာ သက်သက်ကိုသာ အာရုံစိုက် ဖန်တီးခဲ့ကြသည်။

အားကစား

ကင်မရွန်းနိုင်ငံ၏ ပေါ်လစီမှ အားကစား ပုံစံမျိုးစုံကို အားပေးသည်။ ရိုးရာ အားကစားများတွင် ကနူးလေပြိုင်ပွဲ နှင့် နပန်းသတ်ခြင်းတို့ ပါဝင်ပြီး အပြေးသမား ရာပေါင်းများစွာတို့က နှစ်စဉ်နှစ်တိုင်း ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီး ဖြစ်သော ကင်မရွန်းတောင် မျှော်လင့်ခြင်း အပြေးပြိုင်ပွဲတွင် ပါဝင် ဆင်နွှဲလေ့ ရှိကြသည်။ ကင်မရွန်းသည် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော အပူပိုင်း ဒေသ နိုင်ငံ အနည်းငယ်တွင် အပါအဝင် ဖြစ်သည်။ ကင်မရွန်းနိုင်ငံ၏ အားကစားများတွင် ဘောလုံး ကစားနည်းမှာ ထင်ရှားလူကြိုက်များသည်။ အပျော်တမ်း ဘောလုံးကလပ်များကို လူမျိုးစု အလိုက် လည်းကောင်း၊ ကုမ္ပဏီများ၏ ပံ့ပိုးမှုဖြင့် လည်းကောင်း ဖွဲ့စည်းလေ့ ရှိကြသည်။ ကင်မရွန်း အမျိုးသား ဘောလုံး အသင်းသည် ၁၉၉၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကောင်းစွာ ကစားပြနိုင်ခဲ့သဖြင့် အာဖရိကတွင် အအောင်မြင်ဆုံး ဘောလုံး အသင်းများတွင် တစ်သင်း အပါအဝင် ဖြစ်ခဲ့သည်။ ကင်မရွန်း ဘောလုံးအသင်းသည် အာဖရိက ဖလားကို ၄ ကြိမ်တိုင် ရရှိခဲ့ပြီး ၂၀၀၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

ကိုးကား

Tags:

ကင်မရွန်းနိုင်ငံ သမိုင်းကြောင်းကင်မရွန်းနိုင်ငံ အစိုးရနှင့် နိုင်ငံရေးကင်မရွန်းနိုင်ငံ ပညာရေး နှင့် ကျန်းမာရေးကင်မရွန်းနိုင်ငံ ပထဝီဝင်ကင်မရွန်းနိုင်ငံ စီးပွားရေး နှင့် အခြေခံ အဆောက်အအုံကင်မရွန်းနိုင်ငံ လူဦးရေ ပျံ့နှံ့နေထိုင်ပုံကင်မရွန်းနိုင်ငံ ယဉ်ကျေးမှုကင်မရွန်းနိုင်ငံ ကိုးကားကင်မရွန်းနိုင်ငံပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

နတ်စစ်တက္ကသိုလ် (ပြင်ဦးလွင်)မိုးကုတ်ဆရာတော်မာရ်ငါးပါးXVideosမြန်မာနိုင်ငံ၏ အလံတော်မန္တလေး နန်းတော်ယူနိုက်တက်ကင်းဒမ်းနိုင်ငံမိုင်တဲလ် မြန်မာဂျူးဘာသာစကားထာငရဲကြီးရှစ်ထပ်မြန်မာပြည် စာတိုက် သင်္ကေတများယောလူမျိုးခင်သီရိသက်မွန်ဘိန်းပီမိုးနင်းသိမ်သရဲဝါထပ်ခြင်းကြွက်နို့အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးစောမွန်လှဇော်ဂျီ (စာရေးဆရာ)မြန်မာသရုပ်ဆောင်များစာရင်းမိုးမြန်မာ့တပ်မတော် သမိုင်းကြောင်းအချိန်၊ မြန်မာ့ရိုးရာဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များမြန်မာတိုင်းရင်းသားမျိုးနွယ်များအရှေ့တောင်အာရှသဗ္ဗမင်္ဂလာဂါထာတော်ကြူကြူလှအာနန္ဒာထေရ်ရာဟုဝင်းဦးခရီးသွားခြင်းချောင်းသာမြို့ကလောမြို့ဒုက္ခအနာဂါမ်ဇော်မင်းထွန်းသစ္စာလေးပါးဉာဏ်စဉ်မဟာစန္ဒာမုနိဘုရားမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းဟန်လင်းမြို့ဟောင်းမောရသုတ်ဗုဒ္ဓဝ လူမျိုးဆီးခုံမို့မို့ကုသိုလ်ကမ္မပထ တရား ဆယ်ပါးမေသက်ခိုင်လေးဖြူဂေါတမဗုဒ္ဓရပ်စောက်မြို့နယ်ဂုဏ်တော်ကွန်ချာစစ်ဆောင်ပန္နားဖိလစ်ပိုင်နိုင်ငံမြို့မငြိမ်းအင်းလေးကန်ဘုရင့်နောင်ပြည်ထောင်စုနေ့မေတ္တသုတ်သင်္ကြန်နှစ်ကျိပ်ရှစ်ဆူလူ၏ အရိုးဖွဲ့စည်းပုံပွေး(ရောဂါ)သင်္ဃန်းညီနောင်ရွာ၊ မြဝတီမြို့နယ်ပြက္ခဒိန်ကျားRဇာနည်ဝိနည်းအမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံသိင်္ဃသူ့သမီးကျောက်စာရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါး🡆 More