ကလီယို ပတ်ထရာ (Cleopatra) သည် ရှေးခေတ် ကမ္ဘာ့ သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ် ဘုရင်မ ဖြစ်သည်။ ထူးခြားစွာ လှပသော အဆင်းအင်္ဂါနှင့် ပြည့်စုံသူဖြစ်သဖြင့် ထိုခေတ်က တန်ခိုးအာဏာ အကြီးမားဆုံး ပုဂ္ဂိုလ်နှစ်ဦးအား သူမ၏ ရူပါရုံ ကျော့ကွင်းအတွင်း သက်ဆင်းစေ၍ သူလိုသမျှကို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေအနေရောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကလီယို ပတ်ထရာအား “နိုင်းမြစ်ဒေသမှ မြွေဟောက်မ” ဟူ၍ ခေါ်ကြလေသည်။
ကလီယို ပတ်ထရာ Cleopatra VII Philopator | |||||
---|---|---|---|---|---|
Queen of Ptolemaic Kingdom | |||||
Reign | ၅၁ – ၁၀ သို့ ၁၂ ဩဂုတ် ဘီစီ ၃၀ (၂၁ နှစ်) | ||||
ရှေ့မင်းဆက် | Ptolemy XII Auletes | ||||
နောက်မင်းဆက် | Caesarion | ||||
Co-rulers | Ptolemy XII Auletes Ptolemy XIII Theos Philopator Ptolemy XIV Ptolemy XV Caesarion | ||||
မွေးဖွား | ဘီစီ ၆၉ အလက်ဇန်းဒြီးယား၊ အီဂျစ် | ||||
ကွယ်လွန် | ၁၀ သို့ ၁၂ ဩဂုတ်၊ ဘီစီ ၃၀ (အသက် ၃၉) အလက်ဇန်းဒြီးယား၊ အီဂျစ် | ||||
အိမ်ထောင်ဖက် | Ptolemy XIII Theos Philopator Ptolemy XIV Mark Antony | ||||
သားသမီးများ | Caesarion, Ptolemy XV Philopator Philometor Caesar Alexander Helios Cleopatra Selene, Queen of Mauretania Ptolemy XVI Philadelphus | ||||
| |||||
ခမည်းတော် | တော်လမီ (၁၂) | ||||
မယ်တော် | မသိရှိရ၊ Cleopatra VI Tryphaena ဟု ယူဆ |
ကလီယို ပတ်ထရာသည် အီဂျစ်သွေးမပါ၊ မက်ဆီဒိုးနီးယန်းနှင့် ဂရိသွေးနှောရာ အဆက်အနွယ်ပင် ဖြစ်သည်။ မဟာအလက်ဇန္ဒား ၏ နိုင်ငံတော်ကို ခွဲဝေအုပ်ချုပ်ကြသော စစ်ဗိုလ်ချုပ်ကြီးများအနက် တော်လမီအမည်ရှိ ဗိုလ်ချုပ်ကြီးသည် အီဂျစ်နိုင်ငံကို ဝေစုယူ၍ ဘုရင်အဖြစ် အုပ်စိုးခဲ့သည်။ ထိုဘုရင်မှစ၍ စိုးစံခဲ့သော တော်လမီ ဘုရင်များတွင် ကလီယို ပတ်ထရာ၏ ခမည်းတော်မှာ (၁၂) ဆက်မြောက် တော်လမီ ဘုရင်ဖြစ်သည်။ ဘီစီ (၅၁) ခုနှစ်တွင် ထိုဘုရင်ကြီး ကံကုန်သောအခါ (၁၈) နှစ်အရွယ်ရှိ သမီးတော် ကလီယို ပတ်ထရာနှင့် (၁၂) နှစ်အရွယ်ရှိ သားတော် (၁၃) ဆက်မြောက် တော်လမီ မင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။ ဘုရင်ကြီး နတ်ရွာစံ၍ (၃) နှစ်မျှ ကြာသောအခါ မောင်တော် ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယို ပတ်ထရာအား နန်းချ၍ တိုက်ထုတ်လိုက်ကြလေသည်။ ထိုအချိန်တွင် ရောမ ဗိုလ်ချုပ်ကြီး ဂျူးလိယက်ဆီဇာ သည် ပွန်ပီအား လိုက်လံတိုက်ခိုက်ယင်း အီဂျစ်နိုင်ငံ အလက်ဇန္ဒရီးယားမြို့သို့ ရောက်ရှိလာခိုက် ဖြစ်သည်။
ကလီယို ပတ်ထရာသည် ထိုအခွင့်ကောင်းကို လက်မလွတ်စေပဲ မိမိ၏ ကိုယ်ကို ကော်ဇောတွင် ထည့်၍ လိပ်စေပြီးနောက် ဆီဇာ၏ ရှေ့မှောက်သို့ ရောက်အောင် ဝင်လေသည်။ ထိုစဉ်က အသက် (၂၀) ခန့်သာ ရှိသေး၍ အလှသွေး တက်ကြွနေသော ကလီယို ပတ်ထရာသည် ထီးနန်းပြန်ရရေးတွင် ကူညီဖေးမရန် ဆီဇာအား ဖြားယောင်း တောင်းပန်လေသည်။ အသက် (၅၂) နှစ်အရွယ် ဂျူးလိယက်ဆီဇာသည် ကလီယို ပတ်ထရာ၏ ညွတ်ကွင်းမှ လွတ်ကင်းအောင် မရှောင်တိမ်းနိုင်ပဲ လိုသမျှကို ဆောင်ရွက်ပေးရလေသည်။
ဆီဇာသည် ကလီယို ပတ်ထရာအား အီဂျစ်နိုင်ငံ၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် ပြန်လည်ရရှိအောင် ကလီယို ပတ်ထရာ၏ ရန်သူများကို တိုက်ခိုက် သုတ်သင်ပေးခဲ့သည်။ ကလီယိုပတ်ထရာသည် ဆီဇာနှင့် ပေါင်းသင်းသည်တွင် ဆီဇာရွန်း (ဆီဇာလေး) အမည်ရှိ သားတစ်ယောက် ရ၏။ ဘီစီ (၄၆) ခုနှစ်တွင် ဆီဇာ ရောမသို့ ပြန်သွားသောအခါ ကလီယို ပတ်ထရာလည်း လိုက်သွားလေသည်။ ဘီစီ (၄၄) ခုနှစ်တွင် ဆီဇာ လုပ်ကြံ ခံရသောအခါ ကလီယိုပတ်ထရာသည် အီဂျစ်နိုင်ငံသို့ ပြန်လာခဲ့သည်။ ဆီဇာကွယ်လွန်ပြီးနောက် ရောမတွင် အာဏာလုသည့် စစ်ပွဲများ ဖြစ်ပွားနေရာ ကလီယိုပတ်ထရာသည် မည်သည့်ဘက်ကိုမျှ အားပေးခြင်း မပြုပဲ နေခဲ့လေသည်။
ကလီယိုပတ်ထရာ၏ ရူပါရုံကျော့ကွင်းအတွင်းသို့ ဒုတိယမ္ပိ သက်ဆင်းမိသည့် ရောမသူရဲကောင်းမှာ မက်ခ် အန်တိုနီဖြစ်သည်။ ဆီဇာကွယ်လွန်ပြီးနောက် မတ်အန်တိုနီနှင့် နောင်တွင်ဩဂတ်စတက်ဆီဇာ ဘွဲ့ဖြင့်ရောမအင်ပါယာကို အုပ်စိုးသူ ဖြစ်လာမည့် ဆီဇာ၏ တူတော် အော့တေးဗီးယန်းတို့သည် ရောမနိုင်ငံတော်ကြီးကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။ မက်ခ် အန်တိုနီသည် ရန်သူများကို နှိမ်နင်း တိုက်ခိုက်ယင်း အရှေ့ဘက်နိုင်ငံများသို့ ရောက်ရှိလာ၏။ တားဆပ်မြို့သို့ ရောက်သောအခါ ကလီယို ပတ်ထရာအား ရန်သူအားပေးအဖြစ် စွပ်စွဲ၍ ထိုအကြောင်းကို ရှင်းလင်းချေပရန် ဆင့်ခေါ်လိုက်လေသည်။ ရောမနိုင်ငံတော်ကြီးကို ဆီဇာ၏ မိဖုရားအဖြစ် မစိုးစံခဲ့ရစေကာမူ မက်ခ်အန်တိုနီ၏ အကူအညီဖြင့် မြေထဲပင်လယ် အရှေ့တလွှားတွင် ဂရိနိုင်ငံတော်သစ်ကို တည်ထောင်၍ အုပ်စိုးရန်စိတ်ကူး ကြံစည်ထားသော ကလီယို ပတ်ထရာသည် ဗီးနပ်စ် နတ်သမီးကဲ့သို့ လှပစွာ ဝတ်စား ဆင်ယင်ပြီး မတ်အန်တိုနီထံသို့ ဝင်ရောက်လေသည်။ ကလီယို ပတ်ထရာ၏ အလှဒဏ်ကို မခံနိုင်သော မက်ခ် အန်တိုနီသည် အပြစ်သဘောဖြင့် စစ်ကြောရန်ကိုပင် မေ့ပျောက်လျက် ကလီယို ပတ်ထရာ၏ နောက်သို့ အလက်ဇန္ဒြီးယားမြို့သို့ အရောက် လိုက်ပါသွားလေသည်။
အလက်ဇန္ဒြီးယားမြို့တွင် အန်တိုနီသည် ကလီယို ပတ်ထရာနှင့်အတူ တစ်နှစ်ခန့် ပျော်ရွှင်စွာ နေထိုင်ပြီးနောက် ရောမသို့ ပြန်သွားခဲ့သည်။ ရောမသို့ ရောက်သောအခါ အန်တိုနီသည် တွဲဖက် အုပ်ချုပ်သူ အော့တေးဗီးယန်းနှင့် ပိုမိုစည်းလုံးမိစေရန် အော့တေးဗီးယန်း၏ နှမနှင့် လက်ထပ်လိုက်လေသည်။ ထိုအတွင်း ကလီယို ပတ်ထရာသည် အန်တိုနီ၏ သွေးကလေးများ ဖြစ်သော အမြွာမောင်နှမကို မွေးဖွားခဲ့သည်။ ရောမတွင် လေးနှစ်ခန့် နေထိုင်ပြီး အန်တိုနီသည် အီဂျစ်နိုင်ငံသို့ ပြန်လာ၍ ကလီယို ပတ်ထရာနှင့်သာ အချိန်ဖြုန်းနေလေသည်။ အော့တေးဗီးယန်းသည် နှမတော်အား အန်တိုနီက စွန့်ပစ်သွားသည်ကို လက်စားချေလိုသည်က တစ်ကြောင်း၊ ဆီဇာရွန်း ခေါ် ဆီဇာလေး၏ ရန်စူးရန်ငြောင့်ကို ရှင်းလင်းလိုသည်က တစ်ကြောင်း တို့ကြောင့် ဆီးနိတ်လွှတ်တော်အား မက်ခ် အန်တိုနီအပေါ် စစ်ကြေညာရန် တိုက်တွန်းလေတော့သည်။
ဘီစီ (၃၁) တွင် အက်တီယမ် ရေကြောင်းတိုက်ပွဲ၌ အန်တိုနီနှင့် ကလီယို ပတ်ထရာတို့၏ တပ်များသည် အော့တေးဗီးယန်း၏ တပ်များကို မယှဉ်နိုင်ပဲ အရေးနိမ့်ခဲ့ရလေသည်။ ကလီယို ပတ်ထရာသည် သူ၏ သင်္ဘောတပ်ကို ရုပ်သိမ်း၍ အလက်ဇန္ဒြီးယားသို့ ပြန်ပြေးလေသည်။ နောက်ပါအခြံအရံ ကင်းမဲ့နေသော အန်တိုနီလည်း ကလီယို ပတ်ထရာနောက်သို့ လိုက်ခဲ့ရလေသည်။ အလက်ဇန္ဒြီးယားသို့ ရောက်သောအခါ ကလီယို ပတ်ထရာ သေဆုံးပြီဟူသော သတင်းကို ကြားသဖြင့် အန်တိုနီသည် မိမိကိုယ်ကို ဓားဖြင့် သတ်သေလိုက်လေသည်။ သို့သော် လှည့်စားထားသော သတင်းဖြစ်ကြောင်း မသေခင် သိရလေသဖြင့် ကလီယို ပတ်ထရာထံသို့ ပို့ဆောင်စေရာ ကလီယို ပတ်ထရာ၏ လက်ပေါ်တွင်ပင် အသက်ပျောက်လေသည်။ ကလီယို ပတ်ထရာသည် အော့တေးဗီးယန်းအား မိမိ၏ ရူပါရုံဖြင့် သိမ်းသွင်းရန် ကြိုးစားသေးသည်။ သို့သော် အော့တေးဗီးယန်းမှာ ဆီဇာနှင့် အန်တိုနီတို့ကဲ့သို့ ဆွဲဆောင်ရာသို့ မပါရုံမျှမက သံကြိုးနှင့် ချည်နှောင်ကာ ရောမ လူပုံအလယ်တွင် အရှက်ခွဲမည်ကို သိမြင်သောကြောင့် ကလီယို ပတ်ထရာသည် မိမိကိုယ်တွင် ဆောင်ထားသော မြွေပွေးငယ်အား မိမိကိုယ်ကို ကိုက်စေပြီး အဆုံးစီရင်ခဲ့လေသည်။ ကလီယို ပတ်ထရာ သေဆုံးပြီး မကြာမီတွင် အော့တေးဗီးယန်းသည် ဆီဇာရွန်း ခေါ် ဆီဇာလေး အား ကွပ်မျက်ခဲ့လေသည်။
Ptolemy V Epiphanes | Cleopatra I Syra | ||||||||||||||||||||||||
Ptolemy VI Philometor | Cleopatra II | ||||||||||||||||||||||||
Ptolemy VIII Physcon | Cleopatra III | ||||||||||||||||||||||||
Cleopatra Selene of Syria | Ptolemy IX Lathyros | Cleopatra IV | |||||||||||||||||||||||
Ptolemy X Alexander I | Berenice III | ||||||||||||||||||||||||
Cleopatra V Tryphaena | Ptolemy XII Auletes | ||||||||||||||||||||||||
Cleopatra VII | |||||||||||||||||||||||||
This article uses material from the Wikipedia မြန်မာဘာသာ article ကလီယို ပတ်ထရာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.